ခရစ်တာ ပိုက်ခ် ရဲ့ ကွပ်မျက်မှု မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ၊ ဘာတွေဖြစ်လာနိုင်လဲ

    • ရေးသားသူ, ဂျိမ်းစ် ဖစ်ဇ်ဂျရယ်လ်
    • ရေးသားသူ, ကေးလာ အက်ပ်စတိန်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန် အကျဥ်းသူ Christa Pike - ခရစ်တာ ပိုက်ခ် ကို တန်နက်ဆီပြည်နယ်မှာ အကျဥ်းထောင်အာဏာပိုင်တွေက အဆိပ်ဆေး နှစ်ကြိမ်ထိုးပြီး ကွပ်မျက်မှု မအောင်မြင်ခဲ့တဲ့ နောက် သူ ဟာ ဆေးရုံမှာ စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေ ဖြစ်နေပါတယ်။

၂၀၂၆ စက်တင်ဘာ ၃၀ ရက်က ကွပ်မျက်ဖို့ ကြိုးပမ်းခဲ့တဲ့ ပိုက် ရဲ့အမှုဟာ အဲဒီမတိုင်ခင်ကတည်းက လူအများအာရုံစိုက်ခဲ့တဲ့ ဥပဒေရေးရာ အငြင်းပွားမှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အခုဖြစ်ရပ်နောက်ပိုင်း ဘာတွေမှားယွင်းခဲ့တာလဲ၊ နောက်ထပ် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတဲ့ မေးခွန်းတွေ အပါအဝင် မေးခွန်းအများအပြား ပေါ်ပေါက်လာပါတယ်။

ဒီဖြစ်ရပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဘေလ်လီ က ပြင်ပအဖွဲ့အစည်းတစ်ခုနဲ့ သီးခြားစစ်ဆေးသုံးသပ်ဖို့ အမိန့်ပေးထားပါတယ်။ ဒါ့အပြင် တန်နက်ဆီပြည်နယ်မှာ ဒီနှစ်ကုန်အထိ ကွပ်မျက်မှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

ကွပ်မျက်မှု ဘာကြောင့် မအောင်မြင်ခဲ့တာလဲ

အခုလက်ရှိ အသက် ၅၀ အရွယ် ပိုက်ခ်ဟာ အသက် ၁၉ နှစ်အရွယ် ကိုလင်း စလမ်မာ ဆိုတဲ့အမျိုးသမီးငယ်ကို ၁၉၉၅ ခုနှစ်မှာ သတ်ဖြတ်ခဲ့မှုနဲ့ ၁၉၉၆ ခုနှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သူရဲ့ကွပ်မျက်မှုက နောက်ဆုံးအချိန်ထိ တရားဥပဒေကြောင်းအရ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။

သေဒဏ်ချမှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အယူခံနဲ့ တရားရေးလုပ်ငန်းစဉ်တွေ နှစ်ပေါင်းများစွာ ဆက်ရှိခဲ့ပါတယ်။ ၂၀၂၀ မှာ ဖက်ဒရယ် အယူခံအဆင့်တွေ ပြီးဆုံးခဲ့ပါတယ်။ ၂၀၂၅ မှာ တန်နက်ဆီတရားရုံးချုပ် က ကွပ်မျက်မယ့်ရက်ကို ၂၀၂၆ စက်တင်ဘာ ၃၀ လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသေဒဏ်အတွက် ပိုက်ခ်ကို ၂၀၂၆ စက်တင်ဘာ ၃၀ ရက် ဗုဒ္ဓဟူးနေ့ည ဒေသစံတော်ချိန်အရ တန်နက်ဆီပြည်နယ်မှာ ကွပ်မျက်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ကွပ်မျက်မှုအတွက် ဆေးထိုးသွင်းဖို့ကိုတော့ အမေရိကန်တရားရုံးချုပ်က နောက်ဆုံးအချိန်မှာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပိုက်ခ်ကို ကွပ်မျက်ရာမှာသုံးတဲ့အဆိပ်ဆေး ပင်တိုဘာဘစ်တယ် ဆေး ကို နှစ်ကြိမ် ထိုးသွင်းခဲ့ပေမဲ့ အဲဒီဆေးနှစ်ကြိမ်စလုံးဟာ သူ့ရဲ့ နှလုံးခုန်ကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ဘူးလို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ပိုက်ခ်ဟာ ဟောက်သံထွက်နေတာကိုလည်း ကြားနေရတယ်လို့ ဆိုပါတယ်။

တန်နက်ဆီပြည်နယ် အကျဉ်းဦးစီးဌာနက သူတို့အသုံးပြုခဲ့တဲ့ ကွပ်မျက်နည်းလမ်းကို ကာကွယ်ပြောဆိုထားပြီး "သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ခဲ့တာတွေထက် ကျော်လွန်ပြီး ထပ်မံလုပ်ဆောင်ဖို့ ခွင့်မပြုထားပါဘူး"လို့ ပြောပါတယ်။

AP သတင်းဌာနရဲ့ ဖော်ပြချက်အရ ပြည်နယ်ရဲ့ ကွပ်မျက်ရေးလုပ်ထုံးလုပ်နည်းမှာ အကျဉ်းသားတစ်ဦးဟာ ဒုတိယအကြိမ် ဆေးထိုးပြီးနောက်မှာတောင် အသက်ရှင်နေဆဲဖြစ်ခဲ့ရင် ဘာဆက်လုပ်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်း မရှိပါဘူး။

ပိုက်ခ်ကို နောက်တစ်ကြိမ် ထပ်မံကွပ်မျက်ဖို့ ကြိုးစားမလားဆိုတာကို အာဏာပိုင်တွေက အခုအချိန်အထိ မပြောသေးပါဘူး။ ပိုက်ခ်ကို ထိုးသွင်းခဲ့တဲ့ ဆေးပမာဏဟာ ဘာကြောင့် အသက်သေဆုံးစေတဲ့အထိ မဖြစ်ခဲ့တာလဲဆိုတာကိုလည်း သူတို့က ရှင်းပြထားခြင်း မရှိသေးပါဘူး။

သေဒဏ်ပေးမှုကို ဆန့်ကျင်သူတွေကတော့ ပိုက်ခ်ရဲ့ ကွပ်မျက်မှုရဲ့ တစ်စိတ်တစ်ပိုင်းကို ကန့်လန့်ကာနောက်ကွယ်မှာ ပြုလုပ်ခဲ့တာကြောင့် ဘာတွေမှားယွင်းခဲ့တယ်ဆိုတာကို သိရှိဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

နိုင်ငံတကာ ဥပဒေရေးရာအဖွဲ့အစည်း Reprieve ရဲ့ အကြီးအကဲ မာရာဖိုရာက "လူတစ်ဦးကို အစိုးရက သေဒဏ်ပေးတဲ့ လုပ်ရပ်ရဲ့ ပြင်းထန်တဲ့ သဘောသဘာဝကို ဖုံးကွယ်ထားနိုင်ဖို့ အဆိပ်ဆေးထိုးပြီး ကွပ်မျက်တဲ့စနစ်ဟာ လုပ်ငန်းစဉ်တစ်လျှောက် လျှို့ဝှက်ထားမှုအပေါ် မှီခိုနေရပါတယ်" လို့ ပြောပါတယ်။

နောက်တစ်ဆင့် ဘာဖြစ်လာမလဲ

တန်နက်ဆီပြည်နယ် အကျဉ်းဦးစီးဌာနက ပိုက်ခ်ကို အကျဉ်းထောင်ပြင်ပရှိ ဆေးရုံတစ်ခုကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။ ပိုက်ခ်ရဲ့ ရှေ့နေတစ်ဦးကလည်း ဗုဒ္ဓဟူးနေ့မှာ သူ့ကို ဆေးရုံမှာ "အသက်ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေ'' ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့မှာတော့ ပိုက်ခ်ရဲ့ရှေ့နေ ရန်ဒီ စပိုင်ဗီ က သတင်းထောက်တွေကို "အခုလောလောဆယ် သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ကျွန်တော်တို့ မသိသေးသလို၊ ကျန်းမာရေးအခြေအနေကိုလည်း အသေးစိတ် အပ်ဒိတ်ပေးနိုင်ခြင်း မရှိသေးပါဘူး"လို့ ပြောပါတယ်။

အမ်မရီ ဆေးတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ဂျိုးအယ်လ် ဇီဗော့တ် က ဘီဘီစီ ကို အီးမေးလ်ကနေ ပြောရာမှာတော့ "အသက်ပြန်ကယ်ဆယ်တဲ့ လုပ်ဆောင်မှုကို စတင်ဖို့ နှောင့်နှေးခဲ့တာကြောင့် ပိုက်ခ်ဟာ ဦးနှောက်ထိခိုက်မှု ဖြစ်နိုင်ခြေရှိနေပါတယ်" လို့ ပြောပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေနဲ့ ပတ်သက်တဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဂျွန် မီးလ်စ် ကတော့ သမိုင်းကြောင်းအရ အမေရိကန် တရားရုံးချုပ်ဟာ ကွပ်မျက်မှု မအောင်မြင်ပြီးနောက် ဒုတိယအကြိမ် ကွပ်မျက်ဖို့ ကြိုးပမ်းတာတွေကို ရပ်တန့်ပေးခဲ့တာ မရှိသလောက်ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာလည်း အမေရိကန် တရားရုံးချုပ်က အယ်လ်ဘားမားပြည်နယ် က ကန်နက် ယူဂျင်း စမစ် ကို ဒုတိယအကြိမ် ကွပ်မျက်ခွင့်ပြုခဲ့ပါတယ်။ စမစ်ကို အရင်က အဆိပ်ဆေးထိုးပြီး ကွပ်မျက်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် နှစ်နှစ်အကြာမှာ အောက်ဆီဂျင်မရအောင် ပြုလုပ်တဲ့ စမ်းသပ်ဆဲနည်းလမ်းကို အသုံးပြုပြီး ဒုတိယအကြိမ် ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်က အမေရိကန် တရားရုံးချုပ်ရဲ့ အမှုတစ်ခုမှာလည်း လူဝီစီယားနားပြည်နယ်က အသက်မပြည့်သေးတဲ့ ဝီလီ ဖရန်စစ်ကို လျှပ်စစ်ထိုင်ခုံနဲ့ ကွပ်မျက်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းခွင့်ပြုခဲ့ပါတယ်။ ဖရန်စစ်ဟာ အသက် ၁၇ နှစ်အရွယ်မှာ ပထမအကြိမ် ကွပ်မျက်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

တရားရုံးက ဒုတိယအကြိမ် ကွပ်မျက်တာဟာ လူတစ်ဦးတည်းကို အမှုတစ်ခုတည်းအတွက် နှစ်ကြိမ်တရားစွဲဆိုခြင်းကို တားမြစ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် (double jeopardy) နဲ့ ရက်စက်ပြီး ပုံမှန်မဟုတ်တဲ့ ပြစ်ဒဏ်ပေးခြင်းကို တားမြစ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖရန်စစ်ကို အသက် ၁၈ နှစ်အရွယ်မှာ ကွပ်မျက်ခဲ့ပါတယ်။

ပိုက်ခ်ရဲ့အမှုနဲ့ပတ်သက်ပြီး ဂျွန် မီးလ်စ် ကတော့ "ဖက်ဒရယ်တရားရုံးတွေက ဒုတိယအကြိမ် ကွပ်မျက်ဖို့ ကြိုးပမ်းမှုကို ဝင်ရောက်တားဆီးနိုင်ခြေ ရှိမရှိဆိုရင်တော့ အဖြေက ပြတ်ပြတ်သားသား မရှိဘူးလို့ပဲ ပြောရမှာပါ"လို့ ပြောပါတယ်။

သေဒဏ်ကွပ်မျက်ရာမှာ အသုံးပြုတဲ့ pentobarbital ဆိုတာ

Pentobarbital (ပင်တိုဘာဘစ်တယ်) ဟာ အာနိသင်ပြင်းတဲ့ ငြိမ်သက်စေတဲ့ဆေးတစ်မျိုးဖြစ်ပြီး အာရုံကြောစနစ်အပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို နှေးကွေးစေပါတယ်။ ဆရာဝန်တွေက ရောဂါအခြေအနေတချို့ကို ကုသရာမှာ ဒီဆေးကို တစ်ခါတလေ အသုံးပြုကြပေမဲ့ ဆေးပမာဏများများ အသုံးပြုရင်တော့ အသက်သေဆုံးစေတာကြောင့် အဆိပ်ဆေးထိုးကွပ်မျက်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ ပြန်လည်သုံးသပ်မှုတစ်ခုက ဒီဆေးကြောင့် "မလိုအပ်ဘဲ နာကျင်မှုနဲ့ ဒုက္ခခံစားရနိုင်ခြေ"ရှိတယ်လို့ စိုးရိမ်မှုတွေ ထုတ်ဖော်ခဲ့ပြီးနောက် ပင်တိုဘာဘစ်တယ်ကို အဆိပ်ဆေးထိုးကွပ်မျက်ရာမှာ အသုံးပြုမှုနဲ့ပတ်သက်ပြီး ပြန်လည်စိစစ်မှုတွေ ဖြစ်လာခဲ့ပါတယ်။

အဲဒီပြန်လည်သုံးသပ်မှုကို သမ္မတ ဂျိုး ဘိုင်ဒန် အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ဒန်အစိုးရက ဖက်ဒရယ်အဆင့် ကွပ်မျက်မှုတွေအတွက် ပင်တိုဘာဘစ်တယ် အသုံးပြုတာကို တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တန်နက်ဆီလို ပြည်နယ်တွေကိုတော့ အဲဒီတားမြစ်ချက်က သက်ရောက်မှုမရှိပါဘူး။ ပြည်နယ်တစ်ခုချင်းစီက သူတို့ရဲ့ ကွပ်မျက်နည်းလမ်းကို ကိုယ်တိုင်ရွေးချယ်နိုင်တာကြောင့် ဖြစ်ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း ပြည်နယ်တချို့မှာ အဆိပ်ဆေးထိုးကွပ်မျက်ရာမှာ လိုအပ်တဲ့ ဆေးဝါးတချို့ ရရှိဖို့ ပိုမိုခက်ခဲလာပါတယ်။ အကြောင်းကတော့ ဆေးဝါးကုမ္ပဏီတွေက သူတို့ထုတ်လုပ်တဲ့ ဆေးတွေကို ဒီလိုကွပ်မျက်မှုတွေအတွက် အသုံးပြုတာကို ကန့်ကွက်ထားကြလို့ ဖြစ်ပါတယ်။

တန်နက်ဆီပြည်နယ် အကျဉ်းဦးစီးဌာနကတော့ ပိုက်ခ်ရဲ့ ရှေ့နေအဖွဲ့က သူ့ကို ကွပ်မျက်ဖို့ အသုံးပြုခဲ့တဲ့ ပင်တိုဘာဘစ်တယ်ဟာ "အရည်အသွေးကျဆင်းနေတဲ့ဆေး" လို့ စွပ်စွဲထားတာနဲ့ပတ်သက်ပြီး တိတိကျကျ တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ချက်တစ်ခုမှာတော့ ကွပ်မျက်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းဟာ "အမြဲတမ်း ထိရောက်မှုရှိခဲ့ပါတယ်" လို့ ပြောထားပါတယ်။

ဒီလိုဖြစ်ရပ်မျိုး အရင်က ဖြစ်လား

ပိုက်ခ်ကို ကွပ်မျက်ဖို့ ကြိုးပမ်းခဲ့မှုဟာ ၂၀၂၆ ခုနှစ်အတွင်း တန်နက်ဆီပြည်နယ်မှာ အစီအစဉ်အတိုင်း မဖြစ်မြောက်ခဲ့တဲ့ ပထမဆုံး ကွပ်မျက်မှုတော့ မဟုတ်ပါဘူး။

၁၉၉၄ ခုနှစ်မှာ လူသုံးဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တိုနီ ကာရူးသာစ် ကို မေလမှာ ကွပ်မျက်ဖို့ စီစဉ်ထားပေမဲ့ ကွပ်မျက်ဖို့ လိုအပ်တဲ့ ဆေးကို ထိုးသွင်းနိုင်မယ့် သွေးကြောကို ဝန်ထမ်းတွေက ရှာမတွေ့ခဲ့တာကြောင့် ကွပ်မျက်မှုကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ တန်နက်ဆီပြည်နယ် အုပ်ချုပ်ရေးမှူးက သူ့ရဲ့ကွပ်မျက်မှုကို တစ်နှစ် ဆိုင်းငံ့ပေးခဲ့ပါတယ်။

အမေရိကန်တစ်နိုင်ငံလုံးမှာ ၂၀၂၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ကွပ်မျက်မှုတွေရဲ့ သုံးပုံတစ်ပုံကျော်ဟာ အစီအစဉ်အတိုင်း မဖြစ်မြောက်ခဲ့တာ ဒါမှမဟုတ် ပြဿနာကြီးကြီးမားမားတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ Death Penalty Information Center က ဖော်ပြပါတယ်။

ကိုလင်း စလမ်မာ ဘယ်သူလဲ

ပိုက်ခ်နဲ့ ကိုလင်း စလမ်မာတို့ဟာ ပြဿနာအမျိုးမျိုးရှိတဲ့ ဆယ်ကျော်သက်တွေအတွက် ဖွင့်လှစ်ထားတဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းစခန်းတစ်ခုမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ကိုလင်းကို တွေ့ရှိချိန်မှာတော့ သူ့ရဲ့ ရင်ဘတ်ပေါ်မှာ ပြောင်းပြန်ပင်တာဂရမ် (inverted pentagram) ငါးထောင့်ကြယ်ပုံပြောင်းပြန်ပုံစံ သင်္ကေတ ကို ထွင်းထားခဲ့ပါတယ်။ အဲဒီသင်္ကေတဟာ စာတန်ကိုးကွယ်တဲ့ အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။

ပိုက်ခ်က ကိုလင်းဟာ သူ့ကို စော်ကားပြောဆိုခဲ့သလို အဲဒီအချိန်က သူ့ရဲ့ ချစ်သူဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် တာဒါရယ်လ် ရှစ်ပ် ကိုလည်း လုယူဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဒီသင်တန်းစခန်းမှာ နေထိုင်ခဲ့တဲ့ အခြားလူနှစ်ဦးကလည်း နောက်ပိုင်းမှာ တရားရုံးမှာ သက်သေထွက်ဆိုခဲ့ကြပြီး ပိုက်ခ်ဟာ လူသတ်မှုအကြောင်း ကြွားဝါပြောဆိုခဲ့သလို ကိုလင်းရဲ့ ဦးခေါင်းခွံတစ်စိတ်တစ်ပိုင်းကိုလည်း သူတို့ကို ပြသခဲ့တယ်လို့ ဆိုပါတယ်။

ကိုလင်းရဲ့ မိခင် မေ မာတီနက်ဇ် ဟာ ပိုက်ခ်ရဲ့ ကွပ်မျက်မှုကို ကြည့်ရှုဖို့ ခင်ပွန်းဖြစ်သူ ရာအူးလ် နဲ့အတူ ဖလော်ရီဒါပြည်နယ်ကနေ ကားမောင်းပြီး ၁၁ နာရီကြာ ခရီးသွားခဲ့တယ်လို့ Peopleမဂ္ဂဇင်းကို ပြောပါတယ်။

ကိုလင်းရဲ့ မိခင်ဖြစ်သူက "ကိုလင်း ဘယ်သူလဲဆိုတာနဲ့ သူတို့ ဘာလုပ်ခဲ့ကြတယ်ဆိုတာကို ပိုက်ခ် မမေ့အောင် ကျွန်မ ပြောချင်ခဲ့တာပါ။ သူ ဘယ်ကိုပဲသွားသွား အဲဒီအကြောင်းကို ဘယ်တော့မှ မမေ့စေချင်ခဲ့ပါဘူး"လို့ ပြောပါတယ်။

ရှစ်ပ်ကိုတော့ လွတ်ငြိမ်းခွင့် လျှောက်ထားနိုင်တဲ့ အခြေအနေပါဝင်တဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ထားပြီး အခုအချိန်အထိ ထောင်ကျနေဆဲ ဖြစ်ပါတယ်။

ကိုလင်းကို တိုက်ခိုက်သတ်ဖြတ်မှုမှာ ပါဝင်ခဲ့ပေမဲ့ အဲဒီအချိန်က သူဟာ ဥပဒေအရ အရွယ်ရောက်ပြီးသူ မဖြစ်သေးတာကြောင့် သေဒဏ်ကနေ ကင်းလွတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပိုက်ခ်ရဲ့ရှေ့နေတွေက ကွပ်မျက်ဖို့ ကြိုးပမ်းခဲ့စဉ်အတွင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထပ်မံပြောပြခဲ့ပါတယ်။

သူတို့က အဲဒီဖြစ်ရပ်ဟာ လျှို့ဝှက်ထားမှုတွေကြားမှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်စရာအခြေအနေတစ်ရပ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။

"မနေ့ညက ကွပ်မျက်ရေးအဖွဲ့ဟာ အကြောထဲ ဆေးသွင်းဖို့ လမ်းကြောင်း (IV line) ဖော်နိုင်အောင် တစ်နာရီကြာ ကြိုးစားခဲ့ပါတယ်" လို့ စပိုင်ဗီက ပြောပါတယ်။

"သူ့ရဲ့ ဘယ်ဘက်လက်တစ်ဖက်တည်းမှာတင် အပ် အနည်းဆုံး ခုနစ်ချောင်း အသုံးပြုခဲ့တာကို ကျွန်တော် ရေတွက်မိပါတယ်။ အဲဒီထဲက အပ်တစ်ချောင်းကတော့ မအောင်မြင်တဲ့ ကြိုးပမ်းမှုတစ်ခုအပြီး သူ့လက်ထဲကနေ ပြန်ဆွဲထုတ်လိုက်တဲ့အချိန်မှာ ကွေးနေသလို တွေ့ရပါတယ်" လို့ သူက ပြောပါတယ်။

ဒုတိယအကြိမ် အသက်သေဆုံးစေနိုင်တဲ့ ဆေးပမာဏကို ထိုးသွင်းပြီးနောက် မိနစ်အနည်းငယ်အကြာမှာ "မစ္စ ပိုက်ခ်ဟာ အသက်ရှူနေဆဲဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလာခဲ့ပါတယ်" လို့ စပိုင်ဗီက ပြောပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်ရှုနေသူတွေကိုတော့ ကန့်လန့်ကာပိတ်ထားတဲ့ မှောင်မိုက်တဲ့အခန်းထဲမှာ ဆက်လက်ထားရှိခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီကန့်လန့်ကာရဲ့နောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဘယ်အချိန်မှာ စတင်ကူညီခဲ့သလဲ၊ ဒါမှမဟုတ် တကယ်ကူညီခဲ့ကြသလားဆိုတာကိုတောင် ကျွန်တော် မသိခဲ့ပါဘူး" လို့ စပိုင်ဗီက ပြောပါတယ်။

အခုအချိန်မှာ တန်နက်ဆီပြည်နယ် အုပ်ချုပ်ရေးမှူးအနေနဲ့ ခရစ်စတာ ပိုက်ခ်ရဲ့ သေဒဏ်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးရမယ် လို့ စပိုင်ဗီက ပြောပါတယ်။ အလားတူ တောင်းဆိုမှုကို အရင်ကလည်း တင်ပြခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

ပိုက်ခ်ရဲ့ အခြားရှေ့နေတစ်ဦးဖြစ်တဲ့ စတီဖင် ဖာရယ်လ် ကတော့ တခြားတရားဥပဒေကြောင်းအရ ရွေးချယ်စရာတွေလည်း ရှာဖွေနေတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ ဒီကိစ္စကို သေချာစဉ်းစားချင်ပါတယ်။ ခရစ်စတာ ပြန်လည်ကျန်းမာလာဖို့နဲ့ သူကိုယ်တိုင် ဘာလိုချင်တယ်ဆိုတာမှာ ပါဝင်ဆုံးဖြတ်ခွင့် ရှိဖို့ကိုလည်း သေချာစေချင်ပါတယ်" လို့ သူက ပြောပါတယ်။

ပိုက်ခ်ကို ကွပ်မျက်ခဲ့တဲ့ တန်နက်ဆီပြည်နယ် အကျဉ်းဦးစီးဌာန ကတော့ ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုတဲ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ အကျဉ်းဦးစီးဌာနဟာ "ပြည်နယ်ရှေ့နေချုပ်ရုံးက အတည်ပြုထားတဲ့ ဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့ ကွပ်မျက်ရေးလုပ်ထုံးလုပ်နည်းအတိုင်း အဆင့်တိုင်းကို လိုက်နာဆောင်ရွက်ခဲ့တယ်" လို့ ပြောပါတယ်။

"လုပ်ထုံးလုပ်နည်းမှာ သတ်မှတ်ထားတဲ့ အဆိပ်ဆေးထိုးရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းဟာ အစဉ်အမြဲ ထိရောက်မှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီလုပ်ထုံးလုပ်နည်းအရ ဒီညမှာ ဆောင်ရွက်ခဲ့တာတွေထက် ပိုပြီး ထပ်မံလုပ်ဆောင်ဖို့ ခွင့်ပြုထားခြင်း မရှိပါဘူး" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရားရုံးကို တင်သွင်းထားတဲ့ သူ့ရဲ့ရှေ့နေတွေရဲ့ စာရွက်စာတမ်းတွေအရ ပိုက်ခ်ကို ပထမအကြိမ် ကွပ်မျက်ဖို့ ကြိုးပမ်းမှု မအောင်မြင်တဲ့အခါ ပြည်နယ်ရဲ့ သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း ပင်တိုဘာဘစ်တယ် (pentobarbital) ဆေးပမာဏ နှစ်ကြိမ် ထိုးသွင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာလည်း ပိုက်ခ်ဟာ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။

"ဒီကွပ်မျက်မှုကြောင့် မစ္စ ပိုက်ခ်ဟာ မလိုအပ်ဘဲ ပြင်းထန်တဲ့ နာကျင်မှုနဲ့ ဒုက္ခခံစားနေရပါတယ်။ ဒါဟာ ရက်စက်ပြီး ပုံမှန်မဟုတ်တဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ပြီး ကွပ်မျက်ခံရပိုင်ခွင့်ကို ချိုးဖောက်ပြီး ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်" လို့ သူ့ရဲ့ရှေ့နေတွေက ပြောထားပါတယ်။