ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စာတတ်ဖို့ခက်နေဆဲ စစ်မက်ဇုန်က မသန်စွမ်းကလေးငယ်တွေ
သံသာသာတေးဖွဲ့လို့ သီဆိုမှာပါ...ဒီကမ္ဘာမှာအပြုံးပန်းနဲ့ကြိုင်လှိုင်စေရာ...
အော်တစ်ဇင်ကလေးတစ်ယောက်ကို ဇာတ်အိမ်တည်ထားတဲ့ "မီချယ်"ရုပ်ရှင်ကြောင့် ဒီကလေးတွေကို လေ့ကျင့်သင်ကြားပေးရင် ထူးချွန်နိုင်တာ မြို့ပြကလူထုအကြားမှာ သိမြင်လာကြပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်နဲ့ အင်တာဗျူးတွေမှာ မိဘတွေရင်ဖွင့်လာတာကြည့်ရင် မြို့ပြမှာတောင် အော်တစ်ဇင်ကလေးတွေကို နားလည်ဖို့၊ လေ့ကျင့်ပေးဖို့နဲ့ ကျောင်းထားဖို့ အခက်အခဲက ရှိနေသေးတာ တွေ့ရပါတယ်။
ဒီလိုဆိုရင် "မီချယ်" ကြည့်ဖို့ ရုပ်ရှင်ရုံမရှိတဲ့ ကျောင်းတွေလေကြောင်းဗုံးကြဲခံနေရတဲ့ စစ်မက်ဇုန်ထဲက အော်တစ်ဇင်အပါအဝင် မသန်စွမ်း ကလေးငယ်တွေအတွက်ဆိုရင်ရော။
သူတို့ရဲ့ စာတတ်မြောက်ရေး ရုန်းကန်ရမှုတွေကို ဘီဘီစီက မေးမြန်းတူးဆွထားပါတယ်။
မိဘကလည်း ကျောင်းထားချင်တာပေါ့၊ ကလေးကလည်းတက်ချင်တယ်
"ထားချင်၊ သွားချင်ရင်တောင် ကျောင်းက ကိုယ့်ကလေးကိုစာတတ်အောင် မသင်ပေးနိုင်ပါဘူး" လို့ ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာနေတဲ့ ဦးစတီဖင်နို(အမည်လွှဲ)က ပြောပါတယ်။
သူ့သမီးလေး မခရစ္စတင်းမိလေး(အမည်လွှဲ)က အသက် ၁၄ နှစ်ရှိနေပေမဲ့ အတန်းပညာ ၂ တန်းအထိသာ ရှိသေးတာပါ။
"စာရေး၊ စာဖတ်မတတ်ပေမဲ့ သူ့ရဲ့ထူးခြားမှုက သီချင်းတွေနားထောင်ပြီးလိုက်ညည်းလေ့ရှိတယ်။ အဆိုအကနဲ့ အလှအပတွေမှာ ဝါသနာပါတယ်" လို့ ဦးစတီးဖင်းနိုက ခရစ္စတင်းမိလေးအကြောင်းကို ပြောပြပါတယ်။
မခရစ္စတင်းမိလေးရဲ့အမူအကျင့်တွေကတော့ သူအမှတ်ရတဲ့ အဖြစ်အပျက်၊ အကြောင်းအရာတစ်ခုကို ထပ်ခါထပ်ခါပြန်ပြောတတ်ခြင်းဖြစ်ပါတယ်။
သူစာဖတ်၊ စာရေးတဲ့အခါမှာ လွဲမှားနေတာကို ထောက်ပြလိုက်ရင်တော့ ဆက်မရေး မဖတ်တော့ဘဲ နေတတ်တာပါ။
ကျောင်းက တခြားကလေးတွေကို သင်ကြားပေးတဲ့ နည်းစနစ်အတိုင်း လိုက်နာသင်ယူဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကလေးရဲ့အာရုံကြောဖွံ့ဖြိုးမှု ပုံမမှန်တဲ့အခြေအနေကို စစ်ဆေးစမ်းသပ်အဖြေရှာဖို့လည်း မိဘတွေဘက်က နားမလည်တာကြောင့် မခရစ္စတင်းမိလေးရဲ့အခြေအနေကို ဆရာဝန်နဲ့ စစ်ဆေးတာ မလုပ်ဖူးပါဘူး။
မိဘကလည်း မခရစ္စတင်းမိလေးရဲ့ အခြေအနေအပေါ် နားမလည်သလို စာသင်ကြားပေးတဲ့ ဆရာတွေဘက်ကလည်း နားလည်မှုအားနည်းပါတယ်။
ဒါကြောင့် သူအသက် ၁၄ နှစ်ရောက်လာပေမဲ့ စာရေးစာဖတ်မလုပ်နိုင်သေးဘဲ ဒုတိယတန်းအရွယ် ကလေးတွေကြားမှာ လှောင်ပြောင်ခံရတယ်လို့ ဖခင်ဖြစ်သူ ဦးစတီဖင်နိုက ပြောပြပါတယ်။
"ဆရာမက သူစာမရတာကို ငေါက်တာ၊ ရိုက်တာ နှစ်ခါးသုံးခါလောက်ကြုံလာရတော့ ကျောင်းမတက်ချင်တော့ဘူးလို့ ပြောလာတယ်။ ဒါကြောင့်ကျောင်းနုတ်ထားတယ်" လို့ သူက ပြောပါတယ်။
ကျောင်းဘာလို့မတက်ချင်တော့တာလဲလို့ ဖခင်ဖြစ်သူက မေးတဲ့အချိန်မှာ မခရစ္စတင်းမိလေးပြောပြတဲ့ဖြစ်စဥ်ကို ကြားပြီး ဦးစတီဖင်နိုကိုယ်တိုင်လည်း စိတ်ထိခိုက်နေရပါတယ်။
အဲဒီနေ့က အတန်းဖော်ကလေးတွေက မခရစ္စတင်းမိလေးကို သင်္ချာမတွက်တတ်ဘဲ ကျောင်းလာနေသေးတယ်ဆိုပြီး ပြောလိုက်တာပါ။
နောက်တော့ အိမ်သာသွားချင်တာကို သူငယ်ချင်းတွေမလိုက်ပေးတဲ့အတွက် ငိုခဲ့ရသေးတယ်လို့ ဦးစတီဖင်နိုက ပြန်ပြောပြပါတယ်။
"သူငိုတဲ့အချိန် ဆရာမက တခြားကလေးတွေကို "လာ သူ့ကိုထားခဲ့ ငါတို့ပဲသွားကကြမယ်(ကဗျာရွတ်အက)"ဆိုပြီး ခေါ်သွားတယ်။ ကျွန်တော့်သမီးကိုထားခဲ့လို့ ငိုပြီးကျန်ခဲ့တယ်တဲ့" လို့ ဦးစတီးဖင်းနိုက ပြန်ပြောပြပါတယ်။
ဒီလိုခွဲခြားဆက်ဆံခံရတာတွေကြောင့် စာရေးတတ်၊ ဖတ်တတ်မဖြစ်ခင်မှာဘဲ မခရစ္စတင်းမိလေးတစ်ယောက် ကျောင်းထွက်လိုက်ရပါပြီ။
မခရစ္စတင်းမိလေးလိုပဲ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက အသက် ၇ နှစ်အရွယ် မစိမ်းအွယ်လေးကလည်း ကျောင်းဆက်မတက်ဖြစ်တော့ပါဘူး။
အကြားအာရုံမသန်စွမ်းတာကြောင့် စကားမပြောနိုင်တဲ့ မစိမ်းအွယ်လေးက အစပိုင်းမှာတော့ ကျောင်းမှန်မှန်လာတဲ့ ကလေးဖြစ်တယ်လို့ မင်းတပ်မြို့နယ်က ကိုယ်ထူကိုယ်ထကျောင်းဖြစ်မြောက်ရေး ဦးဆောင်သူ ဆလိုင်းတမ်က ပြောပါတယ်။
"သူ့အရွယ်နဲ့ဆို ၂ တန်းတက်ရမှာ။ ဒါပေမဲ့ အတန်းတင်ဖို့က အရမ်းခက်ခဲတယ်လေ။ ကျွန်တော်တို့ ဘက်ကလည်း သူနားလည်အောင် မသင်ပေးနိုင်တဲ့ အားနည်းချက်ရှိတာပေါ့" လို့ ဆလိုင်းတမ်က ပြောပါတယ်။
မစိမ်းအွယ်လေးက ဆရာသင်ကြားနေတာတွေကို နားမလည်တာကြောင့် အတန်းထဲက သူငယ်ချင်းတွေ ရေးတာကို ကြည့်ပြီး လိုက်ကြိုးစားရေးကြည့်ပါသေးတယ်။
ဒါပေမဲ့ ပြောနေရေးနေတာတွေကို နားမလည်တဲ့အတွက် ကျောင်းဖွင့်ရာသီအစပိုင်းမှာပဲကျောင်းတက်ခဲ့ပြီး နောက်ပိုင်းတော့ မစိမ်းအွယ် တစ်ယောက်ကျောင်းကို သိပ်မရောက်လာတော့ပါဘူး။
"အဓိက က သင်ပေးနိုင်မယ့် ဆရာ၊ ဆရာမလိုပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်ကလည်းအခက်အခဲရှိတော့ စေတနာ့ဝန်ထမ်းဆရာတွေကိုတောင် လစဥ်ထောက်ပံ့ကြေးပေးဖို့ အနိုင်နိုင်ဖြစ်နေတယ်" လို့ ကိုယ်ထူကိုယ်ထကျောင်းဦးဆောင်သူလည်းဖြစ်တဲ့ ဆလိုင်းတမ်က ဘီဘီစီကိုပြောပါတယ်။
ချင်းနဲ့ ကယား(ကရင်နီ)ပြည်နယ်မှာလိုပဲ ကရင်ပြည်နယ်ဘက်က တိုက်ပွဲဖြစ်ပွားနေဆဲ ဒေသက မသန်စွမ်းကလေးတွေအတွက် ကျောင်းတွေက အခြေခံအဆောက်အဦနဲ့ ဆရာအရည်အသွေးအပိုင်းမှာ အသင့်မဖြစ်သေးဘူးလို့ စေတနာ့ဝန်ထမ်းဆရာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော် ကြုံဖူးတဲ့ မွေးရာပါ အမြင်အာရုံမသန်စွမ်းတဲ့ကလေးဆိုရင် သူ့အဖေကိုယ်တိုင်က ကျောင်းဆရာတစ်ဦးပါ။ ဒါပေမဲ့ ကလေးရဲ့ ပညာရေးနဲ့ပတ်သက်လို့ သင်ကြားသင်ယူပံ့ပိုးမှုတွေ ဆုံးရှုံးနေတုန်းပါပဲ" လို့ စေတနာ့ဝန်ထမ်းဆရာက ပြောပါတယ်။
စစ်မက်ဇုန်က ကျောင်းတွေမှာ မသန်စွမ်းကလေးတွေ အားလုံးအကျုံးဝင်သင်ကြားနိုင်တဲ့ အခြေအနေ ဘာကြောင့်မရှိတာလဲ။
သန်စွမ်းတဲ့ကလေးတွေတောင် ကျောင်းတက်ဖို့ ရုန်းကန်နေရတော့ မသန်စွမ်းကလေးတွေအတွက် ပိုဆိုးတယ်
ကယား(ကရင်နီ)၊ ချင်း၊ ကရင်က ပညာရေးကဏ္ဍမှာ ပါဝင်နေသူတွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနတို့ကို အားလုံးအကျုံးဝင်ပညာရေးကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်တဲ့ အခြေအနေကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
ဒီနယ်မြေတွေဟာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို ရင်ဆိုင်နေရတဲ့ ဒေသတွေ ဖြစ်ပါတယ်။
"မသန်စွမ်းကလေးတွေ ပညာသင်ကြားနိုင်ရေး လုပ်ဆောင်ဖို့က အရေးကြီးမှန်းလည်းသိပေမဲ့ ဒီနေ့နဲ့ မနက်ဖြန်တောင် ဘာဖြစ်မယ်မသိတဲ့ အခြေအနေမှာ မသန်စွမ်း ကလေးတွေ ကျောင်းတက်နိုင်ဖို့ လုပ်ဆောင်ရတာ အခက်အခဲရှိပါတယ်"လို့ ကရင်ပညာရေးနဲ့ ယဥ်ကျေးမှုဌာန KECD ရဲ့ ဆက်သွယ်ရေးနဲ့ အသိပညာပေးရေးတာဝန်ခံ စောသောသီက ပြောပါတယ်။
KECD ဟာ ကရင်အမျိုးသားအစည်းအရုံးရဲ့ ပညာရေးနဲ့ယဥ်ကျေးမှုဌာနဖြစ်ပြီး KNU ခရိုင် ၇ ခုရဲ့ပညာရေးအတွက် တာဝန်ယူတဲ့ဌာန ဖြစ်ပါတယ်။
KECD ရဲ့မနှစ်က ပညာသင်နှစ်အချက်အလက်တွေအရ ကျောင်းပေါင်း ၁၇၃၈ ကျောင်းဖွင့်ထားပြီး ကျောင်းသားပေါင်း တစ်သိန်းခွဲဝန်းကျင်တက်ရောက်နေပါတယ်။
" လေယာဥ်အဆက်မပြတ်လာနေလို့ ကျောင်းတွေ တစ်ပတ်လုံးနီးပါးဆက်တိုက်ပိတ်ရတာ၊ တောထဲကို ယာယီ ပြောင်းဖွင့်ရတာတွေရှိတယ်" လို့ စောသောသီက ပြောပါတယ်။
ဒီလိုအခြေအနေကို ကယား(ကရင်နီ)၊ ချင်းပြည်နယ်နဲ့ NUG ထိန်းချုပ်ဒေသက ကျောင်းတွေမှာလည်း ကြုံနေရတာပါ။
"မိုးရာသီဆိုရင် လေယာဥ်လာတာကျဲပေမဲ့ နွေနဲ့ဆောင်းဆိုရင် နေ့တိုင်းနီးနီးကို လာတယ်။ တချို့ရက်တွေဆို ၆ ခါလောက်လည်းလာရော ဘယ်လိုမှစိတ်မချရတော့လို့ ကျောင်းပိတ်လိုက်ရတဲ့ရက်တွေ ရှိတယ်" လို့ ကရင်နီက စေတနာ့ဝန်ထမ်းကျောင်းဆရာ ဦးသူရိန်က ပြောပါတယ်။
ဒါက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသက ကျောင်းတွေ၊ ကျောင်းသားတွေ မလွဲမသွေရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပြီး မသန်စွမ်းကျောင်းသားတွေ ကျောင်းရောက်လာဖို့ အကြီးဆုံးအတားအဆီး တစ်ခုလည်း ဖြစ်ပါတယ်။
"မသန်စွမ်းကလေးတွေအတွက် လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခု၊ တာဝန်ယူလုပ်ဆောင်ပေးမယ့်အဖွဲ့ အစည်းတစ်ခု လိုအပ်တယ်" လို့ အကြားအာရုံမသန်စွမ်းတဲ့ ကလေးရဲ့ သင်ကြားရေးကို မဖြည့်ဆည်းပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ မင်းတပ်မြို့နယ်က ကျောင်းတာဝန်ခံ ဆလိုင်းတမ်က ပြောပါတယ်။
ချင်းပြည်နယ်တွင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေရဲ့ ပညာရေးဘုတ်အဖွဲ့တွေရှိပေမဲ့ စီမံခန့်ခွဲမှုသာ လုပ်ပေးနိုင်ပြီး ရန်ပုံငွေနဲ့ တခြားသော အထောက်အပံ့တွေ မပေးနိုင်သေးတာကြောင့် ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထကျောင်းတွေနဲ့ သင်ကြားရေးလုပ်နေကြတာပါ။
ရန်ပုံငွေအခက်အခဲနဲ့ မသန်စွမ်းမှုကိုနားလည်သင်ကြားပေးနိုင်တဲ့ ဆရာအင်အားအခက်အခဲလည်းရှိတယ်လို့ ဆလိုင်းတမ်က ပြောပါတယ်။
ကယား(ကရင်နီ)ပြည်နယ်က ဆရာဦးသူရိန်ကလည်း ကရင်နီက ကျောင်းတွေမှာ မသန်စွမ်းကလေးတွေကို သင်ကြားပေးဖို့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အဆောက်အဦရော သင်ကြားရေးဆိုင်ရာ နည်းစနစ်ပါ အဆင်သင့်မဖြစ်ဘူးလို့ ပြောပါတယ်။ အဆင်သင့်မဖြစ်တဲ့အထဲ ဆရာ၊ ဆရာမတွေရဲ့ ကလေးစိတ်ပညာအကြောင်း သိနားလည်မှုလည်းပါဝင်တယ် လို့ သူကပြောပါတယ်။
""ဖြစ်သလိုဆောက်ထားရတဲ့ ကျောင်းတွေက ဝှီးချဲသုံးရတဲ့ကျောင်းသားအတွက် ဘယ် အဆင်ပြေမလဲပေါ့နော်။ နောက်တစ်ခုက စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေ များတဲ့အခါကျတော့ တချို့က စိတ်အားထက်သန်ပေမဲ့ တချို့ကအကြောင်းအမျိုးမျိုးကြောင့်လေ့လာမှု အားနည်းတယ်။ ကိုယ့်စာသင်ခန်းမှာ မသန်စွမ်းကလေးရှိနေတာတောင် မသိတာရှိတယ်" လို့ ဦးသူရိန်က ပြောပါတယ်။
မသန်စွမ်းမှုအပေါ် နားမလည်တာကြောင့် စာသင်ခန်းထဲက ကလေးအားလုံးကို ချဥ်းကပ်ပုံ တစ်ခုတည်းနဲ့ သင်တဲ့အခါမှာ မသန်စွမ်းကလေးတွေ အခက်အခဲကြုံကြရတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်မှာတော့ မြင်သာတဲ့ ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုရှိတဲ့ ကျောင်းသားတွေကို KECD က အထောက်အကူပြုပစ္စည်းတွေ ထောက်ပံ့တာ၊ ဆရာ၊ဆရာမတွေက အချိန်ပိုပေးပြီး တစ်ဦးချင်း ဖြည့်စွက်သင်ကြားတာတွေ လုပ်ပေးတယ်လို့ ဆက်သွယ်ရေးနဲ့ အသိပညာပေးရေးတာဝန်ခံ စောသောသီက ပြောပါတယ်။
"ချိုင်းထောက်၊ နားကြားကိရိယာလိုမျိုးတွေထောက်ပံ့ပေးတာလို လိုအပ်ချက်ပေါ်မူတည်ပြီး ချက်ချင်းတုံ့ပြန်ဆောင်ရွက်တာရှိပါတယ်။ ဒါပေမဲ့ အချက်အလက်ကောက်ယူပြီး စနစ်တကျနဲ့ မူဝါဒချမှတ်လုပ်ဆောင်နေတာ နှစ်နှစ်ဝန်းကျင်ပဲရှိသေးတော့ တိုက်ရိုက်အကျိုးရှိနိုင်မယ့် အခြေအနေမရှိသေးဘူးလို့ ပြောလို့ရပါတယ်" လို့ သူကပြောပါတယ်။
နယ်မြေမငြိမ်းချမ်းတာကြောင့် မသန်စွမ်းကလေးဦးရေ၊ ကျောင်းတက်နိုင်တဲ့ဦးရေနဲ့ အတန်းပညာပြီးမြောက်အောင်မြင်တဲ့ဦးရေကို ကောက်ယူတာလည်း လုပ်ဆောင်နေဆဲပဲလို့ KECD ကနေသိရပါတယ်။
ကရင်ပြည်နယ်ထဲက KECD ကျောင်းတွေမှာ ဆရာ၊ ဆရာမထွက်နှုန်းလည်းများတာကြောင့် မသန်စွမ်းကလေးတွေကို သင်ကြားရေးအတွက် လေ့ကျင့်သင်ကြားပေးထားတဲ့ ဆရာဦးရေကလည်း အတည်တကျ မရှိနိုင်ပါဘူး။
"တတ်နိုင်သမျှလုပ်ပေမဲ့ အများကြီးလိုအပ်နေပါသေးတယ်။ တည်တည်ငြိမ်ငြိမ်ရှိမယ်၊ ရှေ့မှာ ဘာဖြစ်မယ်ဆိုတာသိရင်တော့ မသန်စွမ်းကလေးတွေပညာရေးကို အာရုံစိုက်လုပ်ရတာ ပိုအဆင်ပြေတာပေါ့။ အခုက ကျောင်းတွေပုံမှန်ဖွင့်ဖို့ပဲ မနည်းရုန်းကန်နေရပါတယ်" လို့ KECD က စောသောသီက ပြောပါတယ်။
NUG ပညာရေးဝန်ကြီးဌာနက ဖွင့်ထားတဲ့ ကြားကာလအခြေခံပညာကျောင်းတွေမှာတော့ တစ်ကျောင်းကို အနည်းဆုံးမသန်စွမ်းကျောင်းသား ၂ ဦးတက်ရောက်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အခြေခံပညာပြီးမြောက်အောင်ဖြေဆိုသူကလည်း ၁၃၉ ဦးရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ဖြေပါတယ်။
မသန်စွမ်းကလေးတွေကို သင်ကြားပေးနိုင်တဲ့ Special Education Trainings သင်တန်းဆင်း လက်မှတ်ရ ဆရာ၊ ဆရာမ ၂၆၀၀ ဝန်းကျင်ခန့်ထားတယ်လို့ ဆိုပါတယ်။
NUG က မသန်စွမ်းမှု ပုံစံအမျိုးမျိုးရှိတဲ့ကလေးတွေကို ပုံမှန်ပညာရေး Formal Education ထဲမှာ အကျုံးဝင်ပညာရေးပုံစံနဲ့ ပါဝင်သင်ယူနိုင်အောင်လည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒီလိုအသိပညာပိုင်း လုံလောက်ပေမဲ့ လုံလောက်တဲ့ ငွေကြေးမရှိတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးတာတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့လည်း ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။
စစ်မက်ဇုန်ထဲက မသန်စွမ်းကလေးတွေရဲ့ ပညာသင်ကြားခွင့်အတွက် အခြေအနေ အရပ်ရပ်ကို ခြုံကြည့်ရရင်တော့ ကျောင်းရောက်ဖို့၊ ကျောင်းရောက်ရင်လည်း ပညာတတ်ဖို့က အတားအဆီးတွေ ရှိနေတာကို ပညာရေးကဏ္ဍမှာပါဝင်သူတွေရဲ့အဖြေတွေအရ သိရပါတယ်။
ကယား(ကရင်နီ)ပြည်နယ်က အသက် ၁၄ နှစ်အရွယ် ဒုတိယတန်းကျောင်းသူရဲ့ဖခင်ကတော့
"ဆရာ၊ ဆရာမတွေက သည်းခံနားလည်မှုပေးပြီး ကလေးရဲ့ဥာဏ်ရည်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကျောင်းနေပျော်၊ စာတော်တာ မဟုတ်ရင်တောင် ရေးတတ်၊ ဖတ်တတ်၊ ပေါင်းနုတ်တတ်လေးဖြစ်အောင် သင်ပေးမယ်ဆိုရင် ဆက်ထားချင်ပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့အတွက် အခုကျောင်းနုတ်ထားလိုက်ရပါတယ်" လို့ ပြောပါတယ်။