သားဖြစ်သူကိုသတ်ချင်ကြောင်း ChatGPT ကိုပြောခဲ့တဲ့ဖခင် ဖမ်းဆီးခံရ

    • ရေးသားသူ, အီအာရာ ဒီနစ်ဇ်
    • ရာထူးတာဝန်, ဘီဘီစီ(ဘရာဇီးဌာန)
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

သတိပေးချက် - ဒီသတင်းမှာ အကြမ်းဖက်မှုနဲ့ သေကြောင်းကြံမှုနဲ့ဆက်နွှယ်တဲ့အကြောင်းတွေ ပါပါတယ်။

"ကျွန်တော်နဲ့ ကျွန်တော့်သားကိုပါ သတ်ဖို့ သူ့ကို ဒေါ်လာ ၅၀,၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ ကလေးပါနေလို့ သူက မလုပ်ဘူး။"

"လူတွေကို သတ်ချင်စိတ်က ဘယ်ကနေ ဖြစ်လာတာလဲဆိုတာ သိချင်ခဲ့တယ်။ တခြားလူတစ်ယောက် ဒုက္ခခံနေရတဲ့ခံစားချက်ကို ကျွန်တော် သဘောကျတယ်။"

ဒီစာသားတွေက ဘရာဇီးနိုင်ငံက လယ်သမားတစ်ဦး နှစ်လနီးပါးကြာအောင် ChatGPT နဲ့ အပါအဝင် စာတွေ အပြန်အလှန်ပေးပို့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဲဒီစာတွေထဲမှာ အသက်ရှစ်နှစ်အရွယ် သူ့သားကို သတ်ဖို့၊ တခြားလူတွေကို တိုက်ခိုက်ဖို့နဲ့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

အဲဒီစာတွေကို ဘီဘီစီ ဘရာဇီးဌာန က တွေ့ရှိခဲ့ပြီး အဲဒီစာတွေကြောင့်ပဲ အဲဒီအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အနည်းငယ်သာရှိတဲ့ ဒီလိုဖြစ်ရပ်အမှုတွေထဲမှာ ဒီဖြစ်စဥ်က အသက် ၃၆ နှစ်အရွယ် အဲဒီလယ်သမားအမျိုးသားကို ဖမ်းဆီးတဲ့အထိဖြစ်ခဲ့ပါတယ်။

ChatGPT ကို ဖန်တီးတဲ့ OpenAI က သူ့ရဲ့ ChatGPT စာတွေကို သံသယဖြစ်ဖွယ်အကြောင်းအရာအဖြစ် သတ်မှတ်ပြီး FBI ကို အကြောင်းကြားခဲ့ပါတယ်။ FBI က တဆင့် ဘရာဇီးအာဏာပိုင်တွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသားရဲ့ရှေ့နေကတော့ သူဟာ chatbot နဲ့ "အဓိပ္ပာယ်မရှိတာတွေ ပြောခဲ့တာပဲ" ဖြစ်ပြီး ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူးလို့ ပြောပါတယ်။

ဒီအမှုက ရဲတပ်ဖွဲ့တွေ၊ တရားရုံးတွေနဲ့ ဉာဏ်ရည်တု (AI) ကုမ္ပဏီတွေအတွက် ပိုမိုကြီးမားလာနေတဲ့စိန်ခေါ်မှုတစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ ရာဇဝတ်မှုတစ်ခု မကျူးလွန်ရသေးခင်မှာပဲ AI chatbot တစ်ခုက အန္တရာယ်ရှိနိုင်တဲ့ခြိမ်းခြောက်မှုတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ရင် ဘာလုပ်သင့်သလဲ။

အချက်အလက်အားလုံးကို ပြန်လည်စစ်ဆေးအတည်ပြုနိုင်ခဲ့

သားဖြစ်သူရဲ့ ကိုယ်ရေးအချက်အလက်ကို ကာကွယ်ပေးဖို့အတွက် ဘီဘီစီ က အဲဒီအမျိုးသားရဲ့ အမည်ကို ဖော်ပြမထားပါဘူး။

ဖခင်ဖြစ်တဲ့လယ်သမားကို ဇွန်လ ၁၉ ရက်က ဆာအို ဂါဘရီယယ် ဒါ ပါလျာ ကျေးလက်ဒေသမှာ ဖမ်းဆီးခဲ့ပါတယ်။ ဘရာဇီးတရားရေးဝန်ကြီးဌာနရဲ့ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့က အမှုကို ပြည်နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး သုံးရက်အကြာမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အက်စ်ပီရီတို ဆန်တို ပြည်နယ် ဆိုက်ဘာရာဇဝတ်မှု ရဲစခန်းအကြီးအကဲ ဘရင်နို အန်ဒရာဒီက "အမှုရဲ့အတိမ်အနက်ကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး ဖခင်ဖြစ်သူက သူ့သားကို ၂၀ ရက်နေ့အမီ သတ်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံထားရတာကြောင့်လည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။

အန်ဒရာဒီရဲ့အပြောအရ အဲဒီသံသယရှိသူဟာ ကလေးစရိတ် ပေးတာကလွဲရင် သားဖြစ်သူနဲ့ ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့ပါဘူး။ ကလေးစရိတ်ပေးနေရတာအပေါ် မကျေနပ်မှုကလည်း အဲဒီစွပ်စွဲခံထားရတဲ့အစီအစဉ်ရဲ့ရည်ရွယ်ချက်တစ်ခု ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ရှာဖွေရာမှာ ဘာပစ္စည်းတွေလဲဆိုတာ မသိရသေးတဲ့အရည်တွေထည့်ထားတဲ့ပုလင်းလေးလုံးနဲ့ကြိုးတစ်ချောင်းကို အထုံးချည်ထားတာ တွေ့ရှိခဲ့ပါတယ်။ ဒါတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရည်ရွယ်ထားတာကို ညွှန်ပြတယ်လို့လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။

အဲဒီသံသယရှိသူဟာ ChatGPT နဲ့ စကားပြောရာမှာ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေရှိတဲ့အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။

ဘီဘီစီက တွေ့ရှိခဲ့တဲ့စာတစ်စောင်မှာတော့ "မူးယစ်ဆေးရောင်းတဲ့နေရာတစ်ခုကို သွားပြီး ရာဇဝတ်သားလေးယောက်လောက်ကို သတ်လိုက်ရင် မြို့ထဲမှာ နာမည်ကြီးလာမယ်။ အဲဒီနောက် ရဲ တစ်ယောက်၊ နှစ်ယောက်လောက်ကို သတ်လိုက်ရုံနဲ့ အေးအေးဆေးဆေး သေသွားနိုင်မယ်" လို့ ရေးထားပါတယ်။

နောက်ထပ် စာတစ်စောင်မှာတော့ "သေနတ်တစ်လက်ဝယ်ပြီး ရဲတွေကို ပစ်လိုက်မယ်။ အဲဒါဆို သူတို့က ပြန်တုံ့ပြန်ပြီး ကျွန်တော့်ကို သတ်လိမ့်မယ်။ အဲဒါက ကျွန်တော့်အတွက် ကောင်းမယ်၊ သဘောကျစရာလည်း ဖြစ်မယ်" လို့ ရေးထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့အပြောအရ အဲဒီအမျိုးသားဟာ ရိုင်စင် (ricin) အပါအဝင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေအကြောင်း ရှာဖွေခဲ့သလို မေးခွန်းတွေကို စကားလုံးပြောင်းပြီး မေးခြင်းနဲ့ ChatGPT ရဲ့လုံခြုံရေးကန့်သတ်ချက်တွေကို ကျော်လွှားဖို့လည်း ကြိုးစားခဲ့ပါတယ်။

အန်ဒရာဒီက "ပလက်ဖောင်းကနေ ကျွန်တော်တို့ဆီ ရောက်လာတဲ့အချက်အလက်အားလုံးနဲ့ ရဲတွေအခင်းဖြစ်ရာနေရာကို ရောက်လာတဲ့အချိန်မှာ တွေ့ရှိချက်တွေကို ပြန်လည်စစ်ဆေးပြီး အတည်ပြုနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။

အဲဒီအမျိုးသားကတော့ သားဖြစ်သူကို အန္တရာယ်ပြုဖို့ ရည်ရွယ်ခဲ့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

သူဟာ ထိန်းသိမ်းခံထားရတာ ၅၄ ရက်ကြာပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ နှောင့်နှေးနေတာကြောင့် ဩဂုတ်လ ၁၃ ရက်နေ့မှာ ပြန်လွတ်လာပါတယ်။ အခုအချိန်အထိ စွဲချက်တင်ထားတာ မရှိသေးပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

အဲဒီလယ်သမားကို ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်တွေ ချမှတ်ထားပြီး အီလက်ထရောနစ် စောင့်ကြည့်စက်တပ်တာနဲ့ သားဖြစ်သူ ဒါမှမဟုတ် ကလေးရဲ့မိခင်နဲ့ ဆက်သွယ်ခွင့် ပိတ်ပင်ထားတာတွေ ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေက သံသယရှိသူရဲ့မိုဘိုင်းဖုန်းကို စစ်ဆေးနေသလို သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို မှုခင်းဆိုင်ရာစစ်ဆေးမှုရလဒ်တွေကိုလည်း စောင့်ဆိုင်းနေပါတယ်။

ဒါတွေကနေ အဲဒီအမျိုးသားဟာ သူပြောခဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ လက်တွေ့ လုပ်ခဲ့တာတွေ ရှိသလားဆိုတာပါ။

အဲဒီထဲမှာ ChatGPT နဲ့ စကားပြောဆိုရာမှာ သူပြောခဲ့သလို လူငှားပြီး သတ်ခိုင်းဖို့ ကြိုးစားခဲ့သလားဆိုတာလည်း ပါဝင်ပါတယ်။

ဒီလိုသက်သေအထောက်အထားတွေကနေ အဲဒီသံသယရှိသူဟာ ရာဇဝတ်မှုတစ်ခုကို စိတ်ကူးယဉ်စဉ်းစားတာနဲ့ ပြင်ဆင်တာအဆင့်ကနေ လက်တွေ့အကောင်အထည်ဖော်တဲ့အဆင့်ကို ရောက်ခဲ့သလားဆိုတာ ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်။

ဘရာဇီး ရာဇဝတ်ဥပဒေအရ ပုံမှန်အားဖြင့် ရာဇဝတ်မှုတစ်ခုကို လက်တွေ့အကောင်အထည်ဖော်တဲ့အဆင့် ရောက်မှသာ ကျူးလွန်မှုဖြစ်မြောက်တယ်လို့ သတ်မှတ်ပါတယ်။

တရားခံဘက်က ရှေ့နေကတော့ အဲဒီလိုလုပ်ဆောင်ချက်မျိုးမရှိခဲ့ဘူးလို့ ပြောပါတယ်။

တရားခံဘက်က ရှေ့နေ ပက်ဒရို ပေါ်လို ပက်စီက ဘီဘီစီ ဘရာဇီး ကို "AI နဲ့ စကားပြောပြီး အဓိပ္ပာယ်မရှိတာတွေ ပြောတာကို ရာဇဝတ်မှုလို့ သတ်မှတ်မယ်ဆိုရင် လူတိုင်း ထောင်ကျကုန်မှာပေါ့" လို့ ပြောပါတယ်။

သက်သေအထောက်အထားပြဿနာ

AI ကုမ္ပဏီတွေက သုံးစွဲသူတွေရဲ့အကြောင်းကို ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တဲ့ ဖြစ်ရပ်တွေက ရှားပါးတယ်လို့ ယူဆရပါတယ်။

အမေရိကန်မီဒီယာတွေမှာ ဩဂုတ်လတုန်းက ဖော်ပြချက်အရ OpenAI ဟာ အသက် ၂၅ နှစ်အရွယ် ဖလော်ရီဒါပြည်နယ်သားတစ်ဦးက သူ့ရဲ့ရည်းစားဟောင်းကို မုဒိမ်းကျင့်ပြီး သတ်ပစ်ဖို့ အစီအစဉ်တွေကို မျှဝေခဲ့တာကို ထောက်လှမ်းရေးအဖွဲ့ (FBI) ကို အကြောင်းကြားခဲ့ပါတယ်။

အက်စ်ပီရီတို ဆန်တိုပြည်နယ် ရဲတပ်ဖွဲ့က အန်ဒရာဒီကတော့ ဒီလယ်သမားအမှုဟာ ပြည်နယ်မှာ ပထမဆုံးရရှိတဲ့ AI ကနေ အကြောင်းကြားလာတဲ့ ဒီလိုသတိပေးချက်ဖြစ်ပြီး ဘရာဇီးတစ်နိုင်ငံလုံးမှာတော့ ဒီလိုအမှုမျိုး တတိယမြောက်ဖြစ်တယ်လို့ ပြောပါတယ်။

အန်ဒရာဒီက "လူတွေဟာ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး AI ကို အသုံးပြုပြီး ရှာဖွေလေ့လာခဲ့သလားဆိုတာ ရဲတွေ စုံစမ်းဖော်ထုတ်နိုင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်လာပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ AI ကုမ္ပဏီတွေက ဒီလို အကြောင်းကြားချက်တွေကို စုံစမ်းစစ်ဆေးမှုမှာ ဘယ်လိုအသုံးချသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများအပြား ရှိနေပါတယ်။ အဲဒီထဲမှာ ဒီလို မက်ဆေ့ချ်တွေကို တရားရုံးမှာ သက်သေအထောက်အထားအဖြစ် အသုံးပြုနိုင်မလားဆိုတဲ့ မေးခွန်းလည်း ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောကြားချက်အရ OpenAI က သုံးစွဲသူရဲ့ အချက်အလက်နဲ့ သူပေးပို့ခဲ့တဲ့ မက်ဆေ့ချ်တွေကို ပေးခဲ့ပေမဲ့ ChatGPT က ပြန်လည်ဖြေကြားခဲ့တဲ့ စာတွေကိုတော့ မပေးခဲ့ပါဘူး။

အန်ဒရာဒီက "ကျွန်တော်တို့ဆီကို ပြန်လည်ဖြေကြားခဲ့တဲ့ စာတွေ မရခဲ့ပါဘူး" လို့ ပြောပါတယ်။

ရာဇဝတ်မှုဆိုင်ရာ ရှေ့နေ မိုင်ရာ ဖာနန်ဒက်စ် ကတော့ ဒီအခြေအနေဟာ သက်သေအထောက်အထားဆိုင်ရာ ပြဿနာ ဖြစ်စေတယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ မက်ဆေ့ချ်တွေရဲ့နောက်ခံအကြောင်းအရာက အရေးကြီးလို့ ဖြစ်ပါတယ်။

သူက "အပိုင်းအစလေး တစ်ခုတည်း မဖြစ်ရဘူး၊ တည်းဖြတ်ထားတဲ့ပုံစံလည်း မဖြစ်ရဘူး။ စကားပြောဆိုမှု တစ်ခုလုံး ဖြစ်ရမယ်" လို့ ပြောပါတယ်။

သံသယရှိသူနဲ့ ChatGPT တို့ကြား အပြန်အလှန်ပြောဆိုမှု တစ်ခုလုံးကို ကြည့်ရတာက chatbot ဟာ သုံးစွဲသူပြောတာကိုပဲ ပြန်တုံ့ပြန်ခဲ့တာလား၊ ဒါမှမဟုတ် ဆွေးနွေးမှုကို သူကိုယ်တိုင် တစ်စုံတစ်ရာ ဦးတည်ပေးခဲ့တာလားဆိုတာ ဖော်ထုတ်ရာမှာ အထောက်အကူဖြစ်နိုင်တယ်လို့ မိုင်ရာ ဖာနန်ဒက်စ်က ထပ်ပြောပါတယ်။

ဘီဘီစီဘရာဇီးကို ပေးပို့တဲ့ကြေညာချက်မှာတော့ ကုမ္ပဏီက ChatGPT ရဲ့ ပြန်လည်ဖြေကြားချက်တွေကို ဘာကြောင့် မျှဝေခဲ့တာမရှိလဲဆိုတာ ရှင်းပြဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ "တခြားသူတွေကို ထိခိုက်နစ်နာစေနိုင်တဲ့ယုံကြည်လောက်ဖွယ်နဲ့ မကြာခင်ဖြစ်လာနိုင်တဲ့အန္တရာယ်" ကို တွေ့ရှိတဲ့အခါ ဥပဒေစိုးမိုးရေးအာဏာပိုင်တွေကို အကြောင်းကြားနိုင်တယ်လို့ပဲ ပြောပါတယ်။

ဒီနှစ် ဧပြီလမှာတော့ ဖလော်ရီဒါပြည်နယ်ဟာ OpenAI ရဲ့ ChatGPT နည်းပညာက မနှစ်က ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှာ လူအများအပြားကို ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အတွင်း လူနှစ်ဦး သေဆုံးမှုမှာ တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုရှိခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။

OpenAI ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ChatGPT က အများပြည်သူရရှိနိုင်ပြီးသား အချက်အလက်တွေကိုသာ ပေးခဲ့တာဖြစ်ပြီး တရားမဝင်လုပ်ရပ်တွေကို အားပေးတာ၊ မြှင့်တင်တာ မရှိဘူးလို့ ပြောပါတယ်။

ဥပဒေအရ အရေးယူဆောင်ရွက်ရမယ့် တာဝန်

ဒီဘရာဇီးအမှုမှာ ထိခိုက်ခံရမယ့်သူဟာ ကလေးတစ်ဦး ဖြစ်နေတာကြောင့် အာဏာပိုင်တွေထံ အကြောင်းကြားခဲ့တာကို နားလည်နိုင်တယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။ ဒါပေမဲ့ AI ရဲ့ သုံးသပ်ချက်တစ်ခုတည်းနဲ့ လူတစ်ယောက်ကို စုံစမ်းစစ်ဆေးတာမျိုး ပုံမှန်မဖြစ်သင့်ဘူးလို့ သူက သတိပေးပါတယ်။

"မဟုတ်ရင် AI က ဒီလိုအဓိပ္ပာယ်ကောက်ယူလိုက်တာနဲ့ ဘယ်သူမဆို စုံစမ်းစစ်ဆေးခံရနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

တကယ့်ခြိမ်းခြောက်မှုနဲ့ စိတ်ထဲရှိတာကို ရင်ဖွင့်ပြောတာ၊ စိတ်ကူးယဉ်ပြောတာ၊ ဒါမှမဟုတ် တမင်ရန်စပြီး ပြောတာတွေကို ခွဲခြားနိုင်ဖို့ စည်းမျဉ်းနဲ့ လုံခြုံရေးကန့်သတ်ချက်တွေ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဒစ်ဂျစ်တယ်ဥပဒေ ကျွမ်းကျင်သူနဲ့ ပါမောက္ခဖြစ်တဲ့ ပက်ထရစ်ရှာ ပက်ခ် ကတော့ ဒီအမှုဟာ AI ရဲ့ အခန်းကဏ္ဍ ပြောင်းလဲလာတာကို ပြသနေတယ်လို့ ပြောပါတယ်။

AI ဟာ အကြောင်းအရာတွေ ဖန်တီးပေးတဲ့ ကိရိယာတစ်ခုအဖြစ်ကနေ အခုဆိုရင် "အန္တရာယ်ရှိနိုင်တဲ့ အပြုအမူတွေနဲ့ ဆက်စပ်နေတဲ့ ပုံစံတွေကို ဖော်ထုတ်နိုင်တဲ့" အပြန်အလှန် စကားပြောနိုင်တဲ့ စနစ်တစ်ခု ဖြစ်လာတယ်လို့ ဆိုပါတယ်။

အခြေအနေအချို့မှာ AI ကုမ္ပဏီတွေဟာ အာဏာပိုင်တွေကို အကြောင်းကြားဖို့ ဥပဒေအရ တာဝန်ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

"စကားပြောဆိုမှုတစ်ခုဟာ စိတ်ကူးသက်သက်အနေနဲ့ ပြောတာကနေ ကျော်လွန်ပြီး တကယ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတဲ့အခါ၊ ထိခိုက်ခံရမယ့်သူက ဘယ်သူလဲဆိုတာ သိနိုင်ပြီး လုပ်ဆောင်ဖို့ နည်းလမ်းလည်း ရှိနေကာ မကြာခင် အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုရင် အရေးယူဆောင်ရွက်ဖို့ ကျင့်ဝတ်အရနဲ့ အခြေအနေအချို့မှာ ဥပဒေအရပါ တာဝန်ရှိလာပါတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဖာနန်ဒက်စ်လိုပဲ ဒီလိုအရေးယူတာကို အလွန်အကျွံ မလုပ်သင့်ဘူးလို့ သူက သတိပေးပါတယ်။

"AI ကို ကျင့်ဝတ်နဲ့အညီ အသုံးပြုရာမှာ 'အရာအားလုံးကို စောင့်ကြည့်မယ်' ဆိုတဲ့ ပုံစံမျိုး မဖြစ်သင့်ပါဘူး။ 'အန္တရာယ်က အရေးယူဖို့ လုံလောက်တဲ့အခြေအနေ ရှိမှပဲ ကြားဝင်မယ်' ဆိုတဲ့ ပုံစံမျိုး ဖြစ်သင့်ပါတယ်။

"အရေးယူသင့်တဲ့အချိန်မှာ အရေးမယူဘဲနေမိတာနဲ့ အလွန်အကျွံ စောင့်ကြည့်တာ လို ဒီနှစ်ခုလုံးကို ရှောင်ဖို့က အဓိကစိန်ခေါ်မှု ဖြစ်ပါတယ်။"