ဂျပန်မှာ အလုပ်ရှင်ကိုတရားစွဲတဲ့မြန်မာအမျိုးသမီး ဘယ်လိုအနိုင်ရခဲ့လဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ပထမဆုံးလစာကို တစ်ပြားမှမကျန်အောင်ဖြတ်တောက်လို့ဆိုပြီး မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးက ဂျပန်ကော်ပိုရေးရှင်းတစ်ခုကို တရားစွဲထားတဲ့အမှုကို စက်တင်ဘာ ၁၁ ရက်မှာ အမိန့်ချခဲ့ပါတယ်။

မြန်မာအမျိုးသမီးအနိုင်ရခဲ့တာကြောင့် ပထမဆုံးလမှာ သုညယန်းဖြစ်ခဲ့ရာကနေ တရားရုံးအမိန့်ကြောင့် ယန်း ၁ သန်းကျော် ရတော့မှာပါ။

"နိုင်ငံခြားကနေစရောက်လာတဲ့ အလုပ်သမားကို လစာ သုညဖြစ်အောင် လုပ်တာက အသက်ရှင်သန်နေထိုင်ဖို့အတွက် စိုးရိမ်စရာဖြစ်စေတယ်၊ ဒါက ကုမ္ပဏီမှာ တာဝန်ရှိတယ်လို့ တရားသူကြီးက အမိန့်ချတာ"လို့ မဝိုင်ရဲ့ အမှုကို လိုက်ပါကူညီပေးတဲ့ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်- FWUBC ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။

ဒါဟာ ဂျပန်နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ့်ဘက်က မှန်နေရင် အချက်အလက် ခိုင်ခိုင်မာမာနဲ့ တရားစွဲဆို အနိုင်ရနိုင်တယ်ဆိုတဲ့ စံပြတစ်ခု ဖြစ်လာပါတယ်။

ပထမလစာ ယန်း သုည

မဝိုင် (နာမည်လွှဲ)ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ International Dining Corporation ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Mitsuyado Seimen ခေါက်ဆွဲဆိုင်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကစတင် အလုပ်လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လူငယ်တွေ အလုပ်လုပ်ဖို့ လူဦးရေ သောင်းနဲ့ချီ သွားရောက်တာများတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်းပါဝင်နေတာပါ။

ဂျပန်ကို မလာခင် တစ်နှစ်ခန့်အလိုမှာ ဖခင် ဆုံးပါးသွားခဲ့ပြီး မိခင်နဲ့ အစ်မတွေကို အားထားနေရတဲ့ မိသားစုအခြေအနေကြားကနေ မဝိုင်ဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဂျပန်ကို ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

မဝိုင်ဟာ Mitsuyado Seimen ခေါက်ဆွဲဆိုင်ရဲ့ မီးဖိုချောင်မှာ ဟင်းပွဲပြင်တာတွေ ကူညီပေးရပါတယ်။

အချိန်တိတိကျကျနဲ့ စည်းကမ်းကြီးတဲ့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်ထဲမှာ အသားကျအောင် ကြိုးစားရင်း ပထမဆုံးရတဲ့ လစာထဲကနေ အဆောင်စရိတ်တွေအပါအဝင် တခြားအကြောင်းပြချက်တွေနဲ့ပါ ဖြတ်တောက်ခံရပြီး ရရှိမယ့် လစာ နေရာမှာ သုည ဖြစ်နေပါတယ်။

အခြေခံလစာ ၂ သိန်း ၂ ထောင်ထဲကနေ အိမ်ခန်းစာချုပ်ကြေး၊ အိမ်ခန်းငှားခ၊ စောင်နဲ့လျှပ်စစ်ပစ္စည်းဖိုး၊ လေယာဉ်လက်မှတ်ဖိုး ၊ အခွန်ငွေ၊ အာမခံကြေးတွေ နုတ်ယူထားတာကို လစာဖြတ်ပိုင်းကနေ တွေ့ရပါတယ်။

လစာလုံးဝမရတာကြောင့် သူ့ရဲ့စားဝတ်နေရေးအတွက် ငွေကြေးတချို့ ချေးယူသုံးစွဲခဲ့ရတယ်လို့ ကူညီပေးခဲ့သူတွေထံကနေ သိရပါတယ်။

နောက်လတွေမှာလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ လစာဖြတ်တဲ့အပြင် အလုပ်ထွက်ဖို့ ၊ မြန်မာပြည်ကနေ ဂျပန်ကိုလာတဲ့ ကုန်ကျစရိတ်တွေ ပေးလျော်ဖို့အထိ အလုပ်ရှင်က ပြောလာတယ်လို့ ကူညီပေးခဲ့သူတွေထံကနေ သိရပါတယ်။

အဲဒီနောက် ၂၀၂၅ ခုနှစ် မေ မှာ ဂျပန်ရောက်မြန်မာအလုပ်သမားတွေကို လိုက်ပါကူညီပေးနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် - FWUBC ကို ဆက်သွယ်လာတာလို့ ဦးမြင့်ဆွေက ပြောပါတယ်။

"သူ အလုပ်မလုပ်နိုင်တာလည်း မဟုတ်ဘူး။ လုပ်လည်း လုပ်နိုင်တယ်။ သူဌေးနဲ့ လက်ထောက်က သူတို့လာရင် အော်လိုက်၊ ဟောက်လိုက်လုပ်တာ။ အဲဒီသူဌေးက အရင်ကတည်းက ဒီလိုပုံစံတွေ လုပ်ခဲ့ဖူးတယ်ဆိုတဲ့ ကိစ္စတွေကို နောက်ပိုင်းမှ သိလာတာပေါ့" လို့ ဦးမြင့်ဆွေက မဝိုင်ရဲ့ တိုင်ပင်တာအပြင် လုပ်ငန်းနဲ့ပတ်သက်ပြီး သူစုံစမ်းသိရှိရတာကိုလည်း ပြောပြပါတယ်။

ဒါ့ကြောင့် မဝိုင်ကို ချက်ချင်း အလုပ်မထွက်သေးဘဲ လစာဖြတ်တဲ့ အထောက်အထား၊ သူ့ကို သူဌေးနဲ့ လက်ထောက်က ပြောဆိုတဲ့ပုံစံ၊ Line Chat မှာ စာပို့ ပြောဆိုထားတဲ့ အချက်အလက်တွေကို စုစည်း၊ ပြင်ဆင်စေခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချက်အလက်တွေကြောင့်ပဲ တရားရုံးမှာ အနိုင်ရဖို့ အထောက်အပံ့တွေ ဖြစ်ခဲ့တာလို့ ဦးမြင့်ဆွေက ပြောပါတယ်။

မဝိုင်ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာ

မဝိုင် ရဲ့ လုပ်ငန်းခွင်မှာ ကြုံရတဲ့ အထောက်အထားတွေ စုစည်းပြီးတဲ့အခါမှာ FWUBC က လိုက်ပါကူညီပြီး တရားစွဲဖို့ ပြင်ဆင်ချိန်မှာတော့ သူ့မှာ စိုးရွံ့စိတ်တွေ၊ ကြောက်စိတ်တွေ ဖုံးလွှမ်းနေတာကို ဦးမြင့်ဆွေ မြင်တွေ့ရပါတယ်။

သူတရားစွဲရမယ့် Mitsuyado Seimen ဆိုင်တွေ လည်ပတ်တဲ့ International Dining Corporation ကုမ္ပဏီ ဟာ ဂျပန်နိုင်ငံမှာသာမက ဖိလစ်ပိုင်၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေမှာပါ ဆိုင်ခွဲ ဆယ်ချီ ဖွင့်ထားတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်နေပြီး သူလို နိုင်ငံခြားသား အလုပ်သမားအတွက် လွယ်ကူတဲ့လမ်းတော့ မဟုတ်ခဲ့ပါဘူး။

လစာငွေဆုံးရှုံးတာထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေကို မဝိုင်ရင်ဆိုင်ခဲ့ရပါတယ်။ "အဲဒီအကြောင်း ပြောရင် သူမျက်ရည်တွေ ကျလာတယ်၊ အသံတွေ တုန်လာတယ်" လို့ ဦးမြင့်ဆွေက ပြောပါတယ်။

တချို့အချိန်တွေမှာ မဝိုင်ဟာ ဘယ်သူနဲ့မှ စကားမပြောဘဲ ငေးငေးငိုင်ငိုင် ဖြစ်နေတတ်သလို တရားရုံးအမှုအကြောင်း ပြောတဲ့အခါတိုင်း လက်ချင်းပွတ်နေတတ်ပြီး စိတ်မတည်မငြိမ် ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။

အလုပ်ရှင်ကို တရားစွဲဆိုဖို့ ဆုံးဖြတ်ထားပြီးသည့်နောက်မှာတောင် မဝိုင်ဟာ စိတ်ဖိစီးမှုများလွန်းတာကြောင့် အမှုကို ဆက်မလုပ်ချင်တော့ဘူးလို့ ပြောခဲ့ဖူးတယ်လို့ ဦးမြင့်ဆွေက ဆိုပါတယ်။

"ကျွန်တော်တို့က နောက်ကနေ အမြဲ အားပေးရတယ်။ ဒီကိစ္စက သူတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ နောက်လူတွေလည်း ဒီလို ဆက်ကြုံနေရဦးမှာပဲ၊ ဒါကို ရပ်တန့်ဖို့ တရားစွဲဖို့လိုတယ်" လို့ သူ့ကို အကြိမ်ကြိမ် အားပေးခဲ့ရတယ်လို့ ပြောပါတယ်။

တရားမစွဲခင်မှာလည်း International Dining Corporation ကုမ္ပဏီ ဘက်ကို ရှေ့နေကနေတဆင့် စာပို့ပြီး ညှိနှိုင်းခဲ့ပေမဲ့ သူတို့ဘက်ကလည်းမှန်တယ်ဆိုတဲ့ တုံ့ပြန်ချက်ရှိလာတာကြောင့် ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်မှာ တရားစစွဲခဲ့ပါတယ်။

တရားရုံးမှာ ကုမ္ပဏီဘက်က ရှေ့နေက အသံအောင်အောင်နဲ့ ခပ်ကျယ်ကျယ် မေးခွန်းတွေ မေးတဲ့အခါမှာလည်း မဝိုင်တစ်ယောက် စိတ်လှုပ်ရှားနေပြီး မကြာခဏ ဦးမြင့်ဆွေဘက်ကို အကူအညီတောင်းသလို လှည့်ကြည့်တာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလို စိုးရိမ်ကြောက်ရွံ့မှုတွေကြားကပဲ မဝိုင်ဟာ သူရယူထားတဲ့ အချက်အလက်တွေကြောင့် နောက်ဆုံးမှာတော့ အလုပ်ရှင်ကို အနိုင်ရတဲ့ စီရင်ချက်ကို တရားရုံးမှာ ရရှိခဲ့ပါတယ်။

မဝိုင်ကို ကုမ္ပဏီက ပေးလျော်ရမယ့် ယန်း ၁ သန်းကျော်ကို တစ်လအတွင်း ပေးချေရမှာ ဖြစ်ပေမဲ့ အလုပ်ရှင်ဘက်က အယူခံ ဝင်လာမယ်ဆိုရင်တော့ လျော်ကြေးငွေ ရရှိဖို့ အချိန်ပိုကြာနိုင်တယ်လို့ သိရပါတယ်။

ဒီအမှုကို ဂျပန်မီဒီယာတွေကလည်း အနီးကပ် စောင့်ကြည့်ခဲ့ကြပါတယ်။ စီရင်ချက်ချမှတ်တဲ့နေ့မှာ တီဗွီသတင်းဌာန နှစ်ခုအပါအဝင် သတင်းမီဒီယာတချို့က တရားရုံးသို့ လာရောက် သတင်းယူခဲ့ကြပြီး ကင်မရာရိုက်ကူးခွင့်လည်း ရရှိခဲ့တယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။

"သတင်းသမား ၁၁ ယောက်လောက် လာတယ်။ ဂျပန်မီဒီယာ ဘယ်လောက် စိတ်ဝင်စားမှု ရှိတယ်ဆိုတာက ဒီအမှုရဲ့ အရေးပါမှုကို သိသာစေတာပဲ " လို့ သူက ပြောပါတယ်။

ဒီအမှုဟာ မဝိုင်အတွက် လျော်ကြေးငွေ ရတာထက် ဂျပန်ရောက်စဉ်က ကြုံခဲ့ရတဲ့ မတရားမှုကို ထုတ်ဖော်ပြောဆိုခွင့် ရခဲ့တာ၊ ကိုယ့်အခွင့်အရေးအတွက် ရပ်တည်နိုင်ခဲ့တာကို ပြသခဲ့တာပါ။

ဂျပန်ရောက် မြန်မာလုပ်သားတွေ ဘာတွေ ကြုံနေရသလဲ

မဝိုင်ရဲ့ အမှုဟာ မြန်မာအမျိုးသမီးတစ်ယောက်တည်း တရားရင်ဆိုင်ရတဲ့ ထူးခြားတဲ့ အမှုတစ်မှုဖြစ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ တစ်ကြိမ် မြန်မာအလုပ်သမားတွေ တရားစွဲဆိုမှု အနိုင်ရခဲ့တာ ရှိပေမဲ့ အဖွဲ့လိုက် တရားရင်ဆိုင်ခဲ့ကြတာလို့ မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်- FWUBC ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။

မဝိုင်ရဲ့ အမှုဟာ တစ်ဦးချင်းကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေမဲ့ ဂျပန်ရောက် မြန်မာလုပ်သားတွေ ကြုံနေရတဲ့ အခြေအနေ တချို့ကိုလည်း ထင်ဟပ်စေပါတယ်။

FWUBC ကို လစဉ် ရောက်လာတဲ့ အလုပ်သမားအမှုတွေက ၅၀ ကနေ ၆၀ ကြား ရှိပြီး လူမှုရေးဆိုင်ရာ အမှုတွေအပါအဝင်ဆိုရင် တစ်လကို အမှု ၉၀ ကျော်အထိ ရှိတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းတွေအရ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၈၃,၀၀၀ ကျော် ရှိနေပြီး မြန်မာ အလုပ်သမားဦးရေ ၇၈,၀၀၀ ခန့် ရှိတယ်လို့ FWUBC က ခန့်မှန်းထားပါတယ်။

အဲဒီအထဲက အများစုဟာ စားသောက်ဆိုင်၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံထုတ်လုပ်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။

FWUBC ဥက္ကဋ္ဌ ဦးမြင့်ဆွေရဲ့ အဆိုအရ ဂျပန်ရောက် မြန်မာလုပ်သားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ လုပ်ခလစာ မရတာ၊ အလုပ်ထုတ်ခံရတာ၊ အချိန်ပိုကြေး မရတာ၊ အနိမ့်ဆုံးလုပ်ခလစာအောက် ရောက်နေတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဂျပန်မှာ သက်ကြီးရွယ်အို ဦးရေ မြင့်တက်ပြီး လူငယ်တွေလျော့နည်းလာတာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကို ခေါ်ယူခန့်ထားကြတာပါ။

မြန်မာလူမျိုးတွေက ပြောဆိုရလွယ်တာ၊ အလုပ်ကြိုးစားတာစတဲ့ အကောင်းမြင်တဲ့သူရှိသလို တဖက်မှာလည်း တချို့လုပ်ငန်းခွင်တွေမှာဆိုရင် ဂျပန်နိုင်ငံသားတချို့ရဲ့ လူမှုရေး ခွဲခြားဆက်ဆံမှုတွေ ခံရတာရှိနေတယ်လို့လည်း ဂျပန်ရောက် မြန်မာအလုပ်သမား အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"မတရားရင် ခေါင်းငုံ့မခံပါနဲ့။ ကိုယ့်အခွင့်အရေးကို ကိုယ်ယူဖို့လိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို အကူအညီပေးနိုင်မယ့် သူတွေ ဘယ်သူတွေ ရှိလဲဆိုတာ သိထားဖို့ လိုပါတယ် " လို့ ဦးမြင့်ဆွေက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ကြုံရတဲ့ ပြဿနာတွေကို နေ့စဉ် မှတ်တမ်းတင်ထားဖို့၊ အလုပ်ချိန်၊ စာတို၊ အီးမေးလ်နဲ့ ဆက်သွယ်ပြောဆိုမှုတွေကို သိမ်းထားဖို့လည်း အရေးကြီးတယ်လို့လည်း သူက သတိပေးထားပါတယ်။

လုပ်ငန်းခွင်ထဲမှာ ချိုးဖောက်ခံရတာတွေကို တိတိကျကျ တိုင်ကြားနိုင်ခဲ့တာကြောင့်လို့ မဝိုင်အမှုမှာနိုင်ခဲ့တာလို့ ဦးမြင့်ဆွေက ပြောပါတယ်။

ဒီဆောင်းပါးအတွက် မဝိုင်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ သူက သူ့ရဲ့လုပ်ငန်းခွင်အသစ်မှာ အလုပ်လုပ်နေတဲ့အတွက် အဆက်အသွယ်မရခဲ့ပါဘူး။