နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို လာရောက်မယ်လို့ မလေးရှားအစိုးရရဲ့ နိုင်ငံပိုင်သတင်းဌာနက မနေ့ စက်တင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ခရီးစဉ်နဲ့ပတ်သက်လို့ ရက်အတိအကျကိုတော့ နှစ်နိုင်ငံလုံးက ထုတ်ပြောတာ မရှိသေးပေမဲ့ ဒီခရီး အတည်ပြုထွက်ပေါ်လာရင် သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်အတွက် အာဆီယံဒေသတွင်းမှာ ၅ နိုင်ငံမြောက် ခရီးစဥ်ဖြစ်လာမှာပါ။
မလေးရှားရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးဆွေးနွေးဖို့အတွက် ဦးမင်းအောင်လှိုင်ကို မလေးရှားကို တရားဝင်ခရီးဖိတ်ကြားဖို့ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အေဘရာဟင် က ပြောခဲ့ပြီးနောက်မှာပဲ မလေးရှားဘက်က ဒီခရီးစဉ်ကို အတည်ပြုကြေညာလာတာဖြစ်ပါတယ်။
လက်ရှိမှာလည်း မြန်မာကနေ မလေးရှားကို ရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူတွေကို ပြန်လက်ခံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေလုပ်နေတယ်လို့ မလေးရှားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။
မလေးရှားနိုင်ငံကနေ မြန်မာဘက်ကို ပထမအသုတ်အနေနဲ့ လူ ၁,၅၀၀ နီးပါးကို စက်တင်ဘာလကုန်ပိုင်းမှာပဲ သင်္ဘော ၃ စင်းနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ လာမယ့် ဒုတိယအသုတ်မှာလည်း မလေးရှားရောက် မြန်မာ ၃,၅၀၀ ကျော်ကို ပြန်ပို့ဖို့စီစဉ်နေတယ်လို့ မလေးရှားအစိုးရပြောခွင့်ရနဲ့ ဆက်သွယ်ရေးဝန်ကြီး ဖာမီဖတ်ဇီးလ်ရဲ့ပြောကြားချက်ကို မလေးရှားသတင်းဌာနတစ်ခုမှာ ဖော်ပြထားပါတယ်။
တဖက်မှာလည်း မလေးရှား အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းနီးပါးကို လက်ခံထားရတာကြောင့် လူမှုရေးနဲ့ စီးပွားရေးကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ မလေးရှားအစိုးရဘက်က အစောပိုင်းကတည်းက ထုတ်ပြောထားပါတယ်။
အလားတူ မလေးရှားဘက်က လက်ခံထားရတဲ့ ရိုဟင်ဂျာအရေအတွက် အသိအမှတ်မပြုလို့မရဘူးဆိုပြီး မလေးရှား ဝန်ကြီးချုပ်က စက်တင်ဘာလထဲမှာပဲ လူသိရှင်ကြား ထုတ်ပြောထားပါတယ်။
ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) အပါအဝင် အရပ်ဘက်အဖွဲ့တွေက ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးအတွက် မြန်မာကို အတင်းအကျပ်ပြန်ပို့ဆောင်တာကို ရပ်တန့်သင့်ပြီး ခိုလှုံခွင့်လျှောက်ထားသူတွေကို နေထိုင်ခွင့်ပေးပြီး လုံခြုံရေးအာမခံမှုပေးဖို့ တောင်းဆိုတာတွေ ဆက်လုပ်နေကြပါတယ်။