တရုတ်စီမံကိန်းများလုံခြုံရေး-ဦးမင်းအောင်လှိုင်ရဲ့ ဘေကျင်းအတွက်အာမခံချက်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

သမ္မတရာထူးယူထားတဲ့ နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဉ်အပြီး ၁၀ ရက်ကျော်အကြာမှာ တရုတ်နိုင်ငံကို သွားရောက်နေပါတယ်။

သမ္မတရှီက မြန်မာက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို လုံခြုံရေးအာမခံချက်နဲ့ အကောင်အထည်ဖော်ဖို့ တွန်းအားပေးခဲ့ပြီး ဦးမင်းအောင်လှိုင်က တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးသွားမယ်လို့ အာမခံခဲ့ပါတယ်။

ဇွန် ၁၆ ရက်က ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်က တွေ့ဆုံမှုအတွင်း မြန်မာမြောက်ပိုင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) နှိမ်နင်းရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးတဲ့နောက် တရုတ်ကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်မှာ နေပြည်တော်ရဲ့ တရုတ်ကို ကတိပြုချက်တွေက ဘာတွေပါလဲ။

ဦးမင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ လက်ရှိအချိန်အထိ တရုတ်ကို ၁၃ ကြိမ် သွားရောက်ထားပါတယ်။

နေပြည်တော်သတင်းရင်းမြစ်တချို့ရဲ့အဆိုအရ ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူးရယူပြီးနောက် ပထမဆုံးပြည်ပခရီးအဖြစ် တရုတ်နိုင်ငံကို သွားရောက်လိုခဲ့ပါတယ်။ ဒါပေမဲ့ ဘေကျင်းဘက်က ဖိတ်ကြားမှု မရှိသေးတာကြောင့် အိန္ဒိယနိုင်ငံကို ဦးစွာသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်ကျော်မှာ နိုင်ငံတကာအသိုင်းအဝိုင်းထဲက နိုင်ငံအတော်များများရဲ့ ဖယ်ကျဉ်ခံထားရတဲ့ စစ်ခေါင်းဆောင်ဟာ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းဖွဲ့စည်းပြီးတဲ့နောက် နိုင်ငံတကာသံတမန်ရေးအသိုင်းအဝိုင်းရဲ့လက်ခံမှုကို ပြန်လည်ရယူဖို့ အားစိုက်ကြိုးပမ်းနေပါတယ်။

နေပြည်တော်ကို အာဆီယံနိုင်ငံတချို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေ သွားရောက်မှုတွေ ရှိနေသလို သီးခြား သံတမန်ရေးလမ်းကြောင်းတွေကတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ အခုတရုတ်ခရီးစဉ်ကတော့ နေပြည်တော်ရဲ့သံတမန်ရေး မဟာဗျူဟာအတွက် အရေးအကြီးဆုံး ခြေလှမ်းတစ်ခုလို့ သုံးသပ်မှုတွေ ရှိပါတယ်။

မြန်မာရဲ့အင်အားအကြီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်က ဦးမင်းအောင်လှိုင်ကို စစ်အာဏာရှင်ခေါင်းဆောင်တစ်ဦးအဖြစ်ကနေ အမည်ခံ အရပ်သားခေါင်းဆောင်တစ်ဦးအဖြစ် ပိုမိုရှင်းလင်းစွာ အသိအမှတ်ပြုတဲ့ သဘောဆောင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ရှုမြင်ပါတယ်။

ဘီဘီစီရဲ့ အရှေ့တောင်အာရှသတင်းထောက် ဂျွန်နသန်ဟက်ဒ်ကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာမှာ လူထုထောက်ခံမှုနည်းပါးပြီး လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေရှိနေတဲ့ အစိုးရတစ်ရပ်ဖြစ်နေရင်တောင် အစိုးရမရှိတဲ့အခြေအနေထက် ပိုကောင်းတယ်လို့ ယူဆထားပုံရကြောင်း သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက နယ်မြေတော်တော်များများကို လက်လွတ်ဆုံးရှုံးထားတဲ့ မြန်မာစစ်တပ်နဲ့ သူ့ရဲ့နေပြည်တော်အစိုးရဟာ တရုတ်အကူအညီနဲ့ နိုင်ငံမြောက်ပိုင်းက နယ်မြေတချို့ကို ပြန်သိမ်းထားနိုင်ပြီး နောက်ထပ် နယ်မြေအများစုကို အင်အားတိုး ဖြန့်ကြက်ရယူဖို့ ကြိုးစားနေပါတယ်။

တဖက်ကကြည့်ရင်လည်း တရုတ်အတွက် မြန်မာရဲ့ သဘာဝသယံဇာတတွေ၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်နဲ့ ပထဝီဝင်အနေအထားဟာ မဟာဗျူဟာကျ အကျိုးစီးပွားတွေ ဖြစ်နေပါတယ်။

ရှီ တောင်းတဲ့ ၄ ချက်

တွေ့ဆုံပွဲအတွင်း ရှီကျင့်ဖျင်က ဦးမင်းအောင်လှိုင်ကို "တရုတ်နိုင်ငံရဲ့ မိတ်ဆွေရင်း" အဖြစ် ပြောဆိုခဲ့ပါတယ်။ အလားတူစကားလုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဆက်ဆံရေးကို ညွှန်းဆိုချိန်မှာလည်း တရုတ်က သုံးခဲ့ဖူးပါတယ်။

တရုတ်နဲ့ မြန်မာဟာ ၇၆ နှစ်ကြာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပြီး တရုတ်အနေနဲ့ မြန်မာရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို အခိုင်အမာထောက်ခံတယ်လို့ ရှီက ဦးမင်းအောင်လှိုင်ကို ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်အတွင်း ကျွန်တော်တို့ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာကျတဲ့အရေးကြီးကိစ္စတွေကို နက်နက်ရှိုင်းရှိုင်းဆွေးနွေးခဲ့ကြပါတယ်" လို့ ရှီကဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂမှာ မြန်မာအပေါ် ဆက်ရပ်တည်မယ်လို့ ဆိုသလို မြန်မာဟာ အာဆီယံရဲ့ အရေးကြီးတဲ့အဖွဲ့ဝင်ဖြစ်တာကို တရုတ်အနေနဲ့ ထောက်ခံတယ်လို့ ဘေကျင်းက ပြောပါတယ်။

ထူးခြားချက်ကတော့ အစိုးရသစ်အနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံအခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူ့ထောက်ခံမှုရတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရှာဖွေဖို့ ရှီ က သတိပေးပါတယ်။

ရှီရဲ့ နေပြည်တော်ကို အဓိကတောင်းဆိုချက်က တရုတ်အကျိုးစီးပွားရှိတဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း ပိုးလမ်းမစီမံကိန်း (BRI) ရဲ့အောက်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်း တွေကို လုံခြုံရေးအာမခံချက်နဲ့ အရှိန်တင်အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ကို သမ္မတရှီ ဘက်က တောင်းဆိုချက်တချို့ရှိပြီး အဓိက အချက်က ၄ ချက်ပဲလို့ တရုတ်ခရီးစဥ်မှာပါသွားတဲ့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

  • တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လို
  • တရုတ်-မြန်မာ နယ်စပ်ဒေသကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်လို
  • လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ရေနံနဲ့ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေ ပိုတိုးလုပ်လို
  • မြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လုံးဝအမြစ်ဖြတ်ဖို့

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းကို ပြန်ကြည့်ရင် ဒီလမ်းက တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်ပြီး မလက္ကာရေလက်ကြားကို ရှောင်နိုင်မယ့် တရုတ်အတွက်အရေးပါတဲ့စီမံကိန်းဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတရှီက ''နေပြည်တော်အနေနဲ့ တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေး၊တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့'' ကို အဓိက ဆောင်ရွက်ဖို့ ဦးမင်းအောင်လှိုင်ကို အဓိကတိုက်တွန်းတယ်လို့ ဘီဘီစီရဲ့နေပြည်တော်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

နေပြည်တော်ရဲ့ အာမခံချက်များ

‎‎နေပြည်တော်ခေါင်းဆောင်ကတော့ ''နိုင်ငံမှာ စာမျက်နှာသစ်ဖွင့်လှစ်ပြီး နိုင်ငံနဲ့ ကိုက်ညီတဲ့နိုင်ငံရေးစနစ်ကို သက်ဆိုင်သူအားလုံးလိုက်ပါနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်''လို့ ရှီ ကို ပြောပါတယ်။

သူ့ အစိုးရသစ်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ကြိုးပမ်းနေတယ်ဆိုပြီး ရှီကို ထည့်ပြောပါတယ်။ ဒါတင်မက ဘေကျင်းနှစ်ခြိုက်တဲ့ ''တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြည့်အဝထောက်ခံကြောင်း''လည်း ဦးမင်းအောင်လှိုင်က ဖြည့်ပြောပါတယ်။

ဒါပေမဲ့ သမ္မတရှီတောင်းတဲ့ ၄ ချက်ထဲက တရုတ်ရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း (Belt and Road Initiative - BRI)က အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အပြည့်အဝဆောင်ရွက်နိုင်ရေးမှာ နယ်စပ်ဒေသတည်ငြိမ်ရေးက မဖြစ်မနေလိုအပ်တယ်လို့ ဦးမင်းအောင်လှိုင်က ရှီကျင့်ဖျင်ကို တုံ့ပြန်ဖြေကြားခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းအတွက်အရေးပါတဲ့ ရထားလမ်းစီမံကိန်းတွေ ရပ်တန့်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်က သူ့စီမံကိန်းဖြတ်သန်းမယ့် နယ်မြေတွေကတိုက်ပွဲတွေ တိတ်အောင် အားထုတ်ခဲ့ပါတယ်။ တရုတ်ရဲ့ ကြားဝင်မှုကြောင့် မြန်မာစစ်တပ်နဲ့ ညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA) တို့ကြားမှာ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေ စတင်ပြီး တရုတ်ရဲ့ကုန်းတွင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ဆုံးမယ့် ကျောက်ဖြူ-မန္တလေး-မူဆယ်-ကူမင်း ရထားလမ်းစီမံကိန်းကို သွယ်ဝိုက်နည်းတစ်မျိုး၊ နာမည်ဖော်ပြီးတဖုံ စစ်ခေါင်းဆောင်တွေ ပြောလေ့ရှိပါတယ်။

ဒေါ်လာဘီလျံချီတန်တဲ့ ဒီစီမံကိန်းဟာ ကီလိုမီတာ ၁,၅၀၀ ကျော်ကို ဖြတ်သန်း ဖော်ဆောင်မှာဖြစ်ပါတယ်။ကျောက်ဖြူ-ကူမင်းရထားလမ်းပိုင်းကို မြန်မာဘက်ခြမ်းမှာ ကျောက်ဖြူ- မန္တလေးအပိုင်းနဲ့ မန္တလေး- မူဆယ်အပိုင်းဆိုပြီး ခွဲထားပါတယ်။ ဒီကုန်သွယ်ရထားလမ်းဟာ မူဆယ်ကနေ တရုတ်ရဲ့ရွှေလီကို ဖြတ်ပြီး ကူမင်းအထိ ကွန်ရက်ဖြန့်မှာဖြစ်ပါတယ်။

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း အရှိန်မြှင့်ဆောင်ရွက်ဖို့ကိစ္စက တရုတ်ရဲ့ အဓိကတောင်းဆိုချက် ဖြစ်နေတာကို ဦးမင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်းတို့ တွေ့ဆုံမှုလည်း ထပ်တွေ့ရပါတယ်။

ဦးမင်းအောင်လှိုင်ဘက်က သမ္မတရှီကို အချက် ၅ ချက်ထက်မနည်းကို ကတိပေးပြောခဲ့တယ်လို့ ဘေကျင်းခရီးမှာ လိုက်ပါသွားသူတစ်ဦးက ပြောပါတယ်။

  • မြန်မာမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနဲ့ ကုန်သွယ်မှုမြှင့်တင်နိုင်ရေး
  • တရုတ်-မြန်မာနယ်စပ်ဂိတ်တွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေး
  • မြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုတရုတ်နဲ့ ပူးပေါင်းပြီးအမြစ်ဖြတ်နှိမ်နင်းရေး
  • နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး
  • မြန်မာ့ငြိမ်းချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်ရေး

‎‎ဒါ့အပြင် တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာစီမံကိန်းတွေဖြစ်တဲ့ Global Development Initiative (GDI)၊ Global Security Initiative (GSI)၊ Global Civilization Initiative (GCI)နဲ့ Global Governance Initiative (GGI)တို့ကိုထောက်ခံကြောင်း ရှီကို့ ထည့်ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု- GDI

  • ဆင်းရဲမွဲတေမှု လျှော့ချရေး
  • စီးပွားရေးဖွံ့ဖြိုးရေး
  • စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး ပိုမိုကောင်းမွန်ရေး

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ- GSI

  • စစ်ပွဲထက် ဆွေးနွေးညှိနှိုင်းရေး
  • နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားရေး
  • ဒေသတွင်း တည်ငြိမ်ရေး

ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ- GCI

  • ယဉ်ကျေးမှု မတူကွဲပြားမှုကို လေးစားရေး
  • နိုင်ငံတိုင်း ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ဖွံ့ဖြိုးခွင့်ရှိတယ်ဆိုတဲ့ အယူအဆ
  • အနောက်တိုင်းတန်ဖိုးတစ်မျိုးတည်းကို စံထားမှုမလုပ်ခြင်း

ကမ္ဘာ့လုံးဆိုင်ရာအုပ်ချုပ်မှု- GGI

  • ကမ္ဘာ့စနစ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အသံပိုရရေး
  • UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ကိုယ်စားပြုမှု ပိုမျှတရေး
  • ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေရဲ့အခန်းကဏ္ဍ ပိုကြီးလာရေး

ဦးမင်းအောင်လှိုင်ရဲ့ ဘေကျင်းခရီးမှာ မြန်မာ-တရုတ် နှစ်နိုင်ငံကြား သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုကို လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီ နားလည်မှုစာချွန်လွှာတွေထဲမှာ နေပြည်တော်က ထောက်ခံကြောင်း ပြောခဲ့တဲ့ တရုတ်ရဲ့ GSI၊ GCI နဲ့ GDI အစီအမံတွေလည်းပါဝင်ပါတယ်။

တရုတ်နဲ့ နေပြည်တော် နားလည်မှုစာချွန်လွှာ(MoU) ထိုးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ထဲမှာ နှစ်နိုင်ငံကြားက လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်နိုင်တယ်လို့ နားလည်ရပါတယ်။

GSI, GCI, GDI တွေကို MoU အနေနဲ့ လက်မှတ်ထိုးမှုက တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒအစီအမံ ၃ ခုကို မြန်မာဘက်က နိုင်ငံရေးအရ ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူတာဖြစ်ပါတယ်။

မြန်မာအတွက်ဆိုရင် နယ်စပ်လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ CMEC စီမံကိန်းလုံခြုံရေး စတာတွေမှာ တရုတ်နဲ့ ပိုပူးပေါင်းမယ်ဆိုတဲ့သဘောဖြစ်နိုင်တယ်လို့ အကဲခတ်တချို့ကရှုမြင်ပါတယ်။ ဒါပေမဲ့ MoU ဟာ စာချုပ်လို ဥပဒေအရချည်နှောင်ထားတဲ့သဘောတူညီချက်မဟုတ်ပါဘူး။

ထူးခြားချက်ကတော့ ဒါက တရုတ်လိုချင်တဲ့ သူ့စီမံကိန်းတွေအတွက် လုံခြုံရေးကတိကိုတည်နိုင်ရေးဖြစ်သလို အဲဒီဒေသတွေမှာ မြန်မာစစ်တပ်ဘက်ကလည်း စစ်ရေးတိုးမြှင့်နိုင်တယ်လို့ တရုတ်- မြန်မာဆက်ဆံရေးလေ့လာတဲ့ သူ့အမည်ကို မသုံးလိုတဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ CMEC စီမံကိန်းတချို့ဟာ ပဋိပက္ခဒေသတွေနဲ့ ဆက်စပ်နေတာကြောင့် ဦးမင်းအောင်လှိုင်က ကတိကဝတ်တွေပေးခဲ့ပေမဲ့ အကောင်အထည်ဖော်နိုင်မှုက မြေပြင်မှာ စစ်တပ်ရဲ့ နယ်မြေထိန်းချုပ်နိုင်မှု အပေါ် မူတည်နေတယ်လို့ အကဲခတ်က ရှုမြင်ပါတယ်။

မြန်မာ့အရေးနဲ့ ဘေကျင်း

နေပြည်တော်အနေနဲ့ တရုတ်ရဲ့ နိုင်ငံရေးထောက်ခံမှုကို ရယူဖို့က အရေးကြီးဆုံးအကြောင်းရင်းဖြစ်ပါတယ်။ နိုင်ငံတကာမှာ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုမရတဲ့ပြဿနာရှိနေတဲ့ နေပြည်တော်အစိုးရအတွက် ရှီကျင့်ဖျင်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရတာက နေပြည်တော်အတွက်သံတမန်ရေးအရ အောင်မြင်မှုဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်ရဲ့ အကြံပေးဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

''အထူးသဖြင့် တရုတ်က မြန်မာ့အရေး ဖြေရှင်းဖို့မှာ အရေးပါတဲ့အင်အားကြီးနိုင်ငံဖြစ်နေတာပါ''လို့ သူက ပြောပါတယ်။

ဒါတင်မက တရုတ်ရဲ့စီးပွားရေးစီမံကိန်းတွေကို အာမခံချက်ပေးဖို့ CMEC ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတွေက တရုတ်အတွက် မဟာဗျူဟာအရ အရေးကြီးတဲ့စီမံကိန်းတွေ ဖြစ်နေပါတယ်။

တရုတ်အစိုးရအမြင်မှာ မြန်မာမှာအခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို အဓိကထိခိုက်စေခဲ့ပြီး မြန်မာ-တရုတ်နယ်စပ် မတည်ငြိမ်တာကို တရုတ်က မနှစ်မြို့ပါဘူး။

ဒါကြောင့် မြန်မာမြောက်ပိုင်းစစ်ပွဲတွေ၊ နယ်မြေထိန်းချုပ်မှု ပြဿနာတွေကြောင့် တရုတ်ရဲ့ စိုးရိမ်ချက်တွေကို နေပြည်တော်က စိတ်အေးစေဖို့နဲ့ တဆက်တည်းမှာပဲ ဒီပြဿနာတွေအတွက် တရုတ်ရဲ့ကြားဝင်မှု လိုနေတာကိုလည်း နေပြည်တော်က ရှင်းလင်းလိုတယ်လို့ သူကဆိုပါတယ်။

တစ်ဖက်မှာလည်း နေပြည်တော်က တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုနီးကပ်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း တရုတ်နဲ့ ဆက်ဆံရေးမူဝါဒကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်တွေ ရှိလာပါတယ်။

Forum of Federations ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဝင်းမင်းကတော့ တရုတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ(EROs) ကြားမှာ ဆက်ဆံရေးရှိပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ တရုတ်နဲ့ဆက်ဆံရေးမှာ ပိုမိုရှင်းလင်းတဲ့ မူဝါဒတစ်ရပ် လိုအပ်နေဆဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။

တရုတ်နဲ့ တော်လှန်ရေးအစိုးရဘက်က ဆက်ဆံရေးကြည့်မယ်ဆိုရင် NUG နဲ့ ဆက်ဆံရေးထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ တရုတ်ကြား တည်ဆောက်ထားတဲ့ ဆက်ဆံရေးက ပိုခိုင်မာတယ်လို့ ဦးဝင်းမင်းက ပြောပါတယ်။

"NLD ပါတီနဲ့တော့ ဆက်ဆံရေးတွေ ရှိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကို ဦးဆောင်နေတဲ့ NUG အနေနဲ့ဆိုရင် တရုတ်နဲ့ ဆက်ဆံရေးမှာ အတိုင်းအတာတစ်ခုအထိ အားနည်းနေတယ်။ တရုတ်ကို ချိတ်ဆက်စကားပြောမယ်ဆိုရင် ဘယ်မူဝါဒနဲ့ ပြောမလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်နေတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ တရုတ်ကြား ဆက်ဆံရေးအတွက် ရှင်းလင်းခိုင်မာတဲ့ မူဝါဒတစ်ရပ်မရှိသေးဘူး" လို့ သူက သုံးသပ်ပါတယ်။

ဒါပေမဲ့ နေပြည်တော်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိနေတဲ့ တရုတ်အပါအဝင် အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ပိုမိုညီညွတ်တဲ့ တစ်ဖွဲ့တစ်စုတည်းမူဝါဒနဲ့ ချဉ်းကပ်မှုလိုအပ်တယ်လို့ ဦးဝင်းမင်းက ကောက်ချက်ချပါတယ်။

လက်ရှိမှာတော့ NUG အပါအဝင် တရုတ်နဲ့ နီးစပ်မှုမရှိတဲ့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေစုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုဖွဲ့စည်းထားပါတယ်။

စစ်ရေးဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို နိုင်ငံရေးဦးဆောင်မှုကိုစုစည်းပုံဖော်ဖို့ ဖြစ်တယ်လို့ SCEF က ပြောထားပါတယ်။

SCEF မှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လည်းပါဝင်တဲ့ ကရင်နီအင်အားစုတွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပါဝင်ပါတယ်။

ဒါကြောင့် SCEF ရဲ့ နိုင်ငံခြားရေးမူဝါဒအတွင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတဲ့ ရှင်းလင်းတဲ့ မူဝါဒနဲ့ ချဉ်းကပ်မှုတစ်ရပ်လိုအပ်တယ်လို့ ထိုင်းအခြေစိုက်နိုင်ငံရေးအကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

''တော်လှန်ရေးအင်အားစုတွေဘက်က တရုတ်ကို ထိတွေ့ဖို့ နောက်မကျသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘန်ကောက်မှာတော့ တခြားနိုင်ငံတွေက သံတမန်နဲ့ တွေ့ပြီး SCEF က ရှင်းပြတာလုပ်တယ်။ အခုက SCEF ရဲ့ နိုင်ငံခြားရေးမူဝါဒလည်းရှိပြီဆိုတော့ မူဝါဒကို ဒီအတိုင်းမထားဘဲ လက်တွေ့ကျတဲ့ ချိတ်ဆက်မှုတွေလုပ်ဖို့လိုတယ်'' လို့ ထိုင်းအခြေစိုက်အကဲခတ်က သူ့အမြင်ကိုပြောပါတယ်။