ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ‌ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှုလုပ်မယ်လို့ သပိတ်အင်အားစုတွေပြော

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ် မပြည့်ခင်ရက်ပိုင်းအလိုမှာတော့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မွေးနေ့လှုပ်ရှားမှုတွေကို ပြည်တွင်းပြည်ပမှာဆက်တိုက်တွေ့လာရတဲ့ သတင်းအပါအဝင် ဇွန် ၁၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ထုတ်လွှင့်ပေးနေပါပြီ။

အနှစ်ချုပ်

  • ပုဏ္ဏားကျွန်းက စက်လှေတစ်စီး တိမ်းမှောက်ခဲ့တဲ့ဖြစ်ရပ်မှာ သေဆုံးသူ ၁၁ ဦးအထိ တိုးလာ
  • ဦးမင်းအောင်လှိုင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ ဘေကျင်းမှာ တွေ့ဆုံ
  • ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပြည်ပရောက်မြန်မာတွေပူးပေါင်းပြီး ခြေလှမ်း ၈,၁၀၀ လမ်းလျှောက်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အီရန်စစ်ပွဲက မြန်မာ့စီးပွားရေးကို ထပ်ချိနဲ့စေ - ကမ္ဘာ့ဘဏ်

    ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး ၂ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပေမဲ့ အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ အီရန်စစ်ပွဲက မြန်မာ့စီးပွားရေးကို ထပ်ချိနဲ့ စေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒီဘဏ္ဍာနှစ်အတွက် ၃ ရာခိုင်နှုန်း တိုးတက်မယ်လို့ ကနဦး ခန့်မှန်းခဲ့ပေမဲ့ ပြည်တွင်းမှာ ဆက်ရှိနေတဲ့ စီးပွားရေးကန့်သတ်ချက်တွေနဲ့ ပြင်ပသက်ရောက်မှုတွေကြောင့် လျော့ချတွက်ချက်ခဲ့ရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့နောက်ဆုံးထုတ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    အခုနှစ်စပိုင်းမှာ စတင်တဲ့ အီရန်စစ်ပွဲနောက်ဆက်တွဲ မြန်မာမှာ လောင်စာဆီဈေးနှုန်းတွေ မြင့်လာတာနဲ့အတူ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်လာတာ၊ ကုန်ထုတ်လုပ်ရေးနဲ့ ဖြန့်ချိရေး ကုန်ကျစရိတ်တိုးလာတာအပါအဝင် လောင်စာဆီတင်သွင်းဖို့ပါ နိုင်ငံခြားငွေ လိုအပ်ချက်များလာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။

    ၂၀၂၅ နှစ်ကုန်ပိုင်းမှာ အနည်းငယ်ဈေးကျခဲ့တဲ့ ကုန်ဈေးနှုန်းတွေပါ အခုနှစ်မတ်လကစပြီး တရှိန်ထိုး ဈေးတက်လာစေခဲ့ပါတယ်။ ဒါဟာ အိမ်ထောင်စုတွေမှာ လူမှုစီးပွားအကြပ်အတည်းဖြစ်လာစေပြီး ထိခိုက်လွယ်လူဦးရေအုပ်စုတွေအပေါ် ပိုပြီးသက်ရောက်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။

    မြန်မာ့ပြည်တွင်းစစ်ကလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေလုပ်ကိုင်စားသောက်ရေးအတွက် အဓိကကန့်သတ်ချက်အဖြစ် ဆက်ရှိနေဆဲပါ။

    မြန်မာ့မြောက်ပိုင်းက ကုန်သွယ်ရေးလမ်းကြောင်းတချို့နဲ့ ထိုင်း - မြန်မာ ကုန်သွယ်ရေး အဓိကလမ်းမကြီးကို ပြန်ဖွင့်ပေးတာတွေရှိပေမဲ့ လိုင်စင်ခွင့်ပြုချက်ကန့်သတ်မှု၊ တရားမဝင် စစ်ဆေးရေးဂိတ်တွေနဲ့ သွားလာရေးစရိတ်တွေကြောင့် ကုန်သည်တွေမှာ ကုန်ကျစရိတ် ပိုများစေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ထည့်သွင်းပြောထားပါတယ်။

    အသွင်ပြောင်းအစိုးရ ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ သူ စစ်ကော်မရှင်ခေါင်းဆောင်အဖြစ်တာဝန်ယူချိန် ၂၀၂၅ ခုနှစ်တုန်းက မြန်မာစီးပွားရေးကျဆင်းနေတယ်လို့တဲ့ကမ္ဘာ့ဘဏ်ရဲ့ခန့်မှန်းတွက်ချက်မှုဟာ မှားယွင်းတယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

    • ပြည်တွင်းထုတ်ကုန်နည်းတဲ့ မြန်မာ၊ ကမောက်ကမ မူဝါဒနဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေး
    • နယ်စပ်လမ်းက ထိုင်းကုန်တွေကို စစ်ကော်မရှင် တားမြစ်ပိတ်ပင်မှုနဲ့ လူထုအကျပ်အတည်း
  2. အီရန်နဲ့သဘောတူညီချက်ကို ထရမ့်ကြေညာပေမဲ့ အန္တရာယ်နဲ့ မေးခွန်းတွေဆက်ရှိနေ

    အမေရိကန်နဲ့ အီရန်တို့ကြား ရန်လိုမှုတွေ အဆုံးသတ်ဖို့ သဘောတူညီချက် ရရှိကြောင်း ကြေညာလိုက်တာဟာ ဒေါ်နယ်ထရမ့်အတွက် တကယ့်ကို ကြိုဆိုစရာကောင်းတဲ့ မွေးနေ့လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဒီကြေညာချက် ထုတ်ပြန်ချိန်ဟာ သူ့ အသက် ၈၀ ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမွေးနေ့လက်ဆောင်မှာ မသေချာမရေရာမှုတွေ အတော်လေး ရှိနေပါတယ်။

    ဒီသဘောတူညီချက်ကို ကြိုဆိုတဲ့အနေနဲ့ အမေရိကန်သမ္မတက သူ့ရဲ့လူမှုကွန်ရက်က တစ်ဆင့် ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောတွေ သွားလာဖို့ ဖွင့်လှစ်ပေးမယ်။ ပြီးတော့ အမေရိကန်ရဲ့ရေတပ်ပိတ်ဆို့ထားမှုကိုလည်း ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

    ထရမ့်က "ရေနံတွေ ပြန်စီးဆင်းပါစေ" လို့ တနင်္ဂနွေနေ့က ကြွေးကြော်ခဲ့တာပါ။

    အပြည့်အစုံကို ဒီလင့်ခ် ကနေတဆင့် ဝင်ဖတ်နိုင်ပါတယ်။

  3. ပုဏ္ဏားကျွန်းမြို့နယ်က စက်လှေတိမ်းမှောက်မှု သေဆုံးသူ ၁၁ ဦးအထိမြင့်တက်

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အနီးက ကင်းချောင်းအတွင်း မနေ့က စက်လှေတစ်စီး တိမ်းမှောက်ခဲ့တဲ့ဖြစ်ရပ်မှာ သေဆုံးသူ ၁၁ ဦးရဲ့ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ ကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ ဒေသခံ ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံးဆီကနေ သိရပါတယ်။

    တိမ်းမှောက်ခဲ့တဲ့စက်လှေမှာ ရသေ့တောင်မြို့နယ်၊ ဂူတောင်ရွာကနေ ကျောက်တော်မြို့ကို စျေးသွားဝယ်မယ့်သူတွေ လိုက်ပါလာတယ်လို့ သိရတဲ့အကြောင်းလည်း သူက ပြောပါတယ်။

    သေဆုံးသူအများစုဟာ အသက် ၅၀ နှစ်နဲ့အထက် သက်ကြီးပိုင်းတွေဖြစ်ပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၆ ဦး ဖြစ်ပါတယ်။ အဲဒီထဲ အသက် ၃၀ နီးပါးအရွယ် အမျိုးသား၊ အမျိုးသမီး ၃ ဦးလည်း ပါဝင်ပါတယ်။

    “ချောင်းရေက တက်နေတာဗျ။ အဲဒီတော့ ဦးရာဇ်မင်္ဂလာကြိုးတံတားနဲ့ တိုက်မိမှာစိုးလို့ ရှောင်တဲ့အခါ ရှောင်လို့မရပဲနဲ့ လှေက တဖက်စောင်းသွားတယ်။ ရေစီးကလည်း ပြင်းတော့ အကုန်လုံးမြုပ်သွားတာဗျ” လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    စက်လှေဟာ ပုဏ္ဏားကျွန်းမြို့အနီးက ကြိုးတံတားအနီးချောင်းထဲမှာ မနေ့ မနက် ၁၁ နာရီခန့်က တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

    အဲဒီလှေမှာ လူအယောက် ၃၀ နီးပါးလိုက်ပါခဲ့ပြီး ရုပ်အလောင်းတွေကို မနေ့ညနေပိုင်းအထိ ရှာဖွေပြီးနောက် အခုလိုသေဆုံးစာရင်းထပ်တိုးလာတာပါ။

    အဲဒီစက်လှေဟာ ရသေ့တောင်မြို့နယ်၊ ဂူတောင်ရွာကနေ ဈေးရောင်းချဖို့နဲ့ လာ‌ရောက်ခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။

    သေဆုံးသူတွေရဲ့နာရေးအတွက် ပုဏ္ဏားကျွန်းအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေရော အာရက္ခတပ်တော်(အေအေ) ရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူတွေက ပူးပေါင်း ကူညီပေးနေတယ်လို့လည်း သိရပါတယ်။

    ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို ၂၀၂၄ ခုနှစ်အတွင်းမှာ အာရက္ခတပ်တော်(အေအေ)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသတွေဖြစ်ပါတယ်။

  4. ဦးမင်းအောင်လှိုင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ ဘေကျင်းမှာ တွေ့ဆုံ

    နေပြည်တော်မှာ သမ္မတရာထူး ယူထားသူ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် ဒုတိယနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘေကျင်းမြို့မှာ တွေ့ဆုံနေပါတယ်။

    ဒီတွေ့ဆုံမှုအပြီးမှာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးဖို့ရှိနေတယ်လို့လည်း ဘီဘီစီက သိရှိရပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ နဲ့တွေ့ဆုံချိန် ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေ ထိန်းချုပ်မှုကြောင့် ရပ်တန့်သွားတဲ့ တရုတ်- မြန်မာ ကုန်သွယ်ရေးအပြင် တရုတ်ဘက်က အစဉ်တစိုက်ပြောနေတဲ့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စ၊ နောက် ရှမ်းမြောက် အပါအ၀င် ပဋိပက္ခဒေသတွေကို ဖြတ်သန်းသွားတဲ့ တရုတ်- မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းအောက်က စီမံကိန်းတွေ ရပ်ဆိုင်းနေတာတွေအပေါ် ဆွေးနွေးနိုင်ခြေ ရှိနေပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ သမ္မတရှီနဲ့တွေ့ဆုံပြီးရင် တရုတ်မှာ ဒုတိယမြောက် ခေါင်းဆောင်လို့ ဆိုနိုင်တဲ့ ဝန်ကြီးချုပ် လီကျန်းနဲ့လည်း မွန်းလွဲပိုင်းမှာ တွေ့ဆုံနိုင်ခြေရှိပါတယ်။

    သူဟာ တရုတ်ရဲ့ထိပ်တန်းဥပဒေပြုသမားလို့ဆိုနိုင်တဲ့ တရုတ်အမျိုးသားကွန်ကရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။

    ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိကြာမယ့် ဦးမင်းအောင်လှိုင်နဲ့ တရုတ်ခရီးစဉ်ဟာ အိန္ဒိယကို ၅ ရက်ကြာသွားခဲ့တဲ့ခရီးစဉ်အပြီးမှာ ဖြစ်လာတာပါ။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူကတော့ မြန်မာနဲ့တရုတ်ဟာ အိမ်နီးချင်းတွေဖြစ်တာကြောင့် အပြန်အလှန်ဖေးဖတဲ့ဆက်ဆံရေးရှိထားပြီးဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်ခရီး မတိုင်ခင်ကတည်းက ပြောထားပါတယ်။

  5. ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့ ပြည်တွင်းပြည်ပလှုပ်ရှားမှုတွေပြုလုပ်လာ

    စစ်အာဏာသိမ်းစကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ် မပြည့်ခင်ရက်ပိုင်းအလိုမှာတော့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မွေးနေ့လှုပ်ရှားမှုတွေကို ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

    လာမယ့် ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

    ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတို့မှာ ပြည်ပရောက်မြန်မာတွေပူးပေါင်းပြီး ခြေလှမ်း ၈,၁၀၀ လမ်းလျှောက်တာ၊ နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း မွေးနေ့ ဆုတောင်းပွဲတွေ ဒီရက်ပိုင်းဆက်တိုက်ပြုလုပ်နေပါတယ်။

    ဒါဟာ သားအငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက မိခင်ရဲ့ အသက် ၈၁ နှစ်ဆိုတဲ့ ကိန်းဂဏန်းကို အစွဲပြုပြီး ကိုယ့်အတွက်အမှတ်တရဖြစ်မယ့်လှုပ်ရှားမှုတွေလုပ်ကာ အသက်ရှင်နေကြောင်း သက်သေပြပေးဖို့တိုက်တွန်းတဲ့ “Proof Of life” အစီအစဉ် ပါဝင်ပေးဖို့ ဇွန်လဆန်းပိုင်းမှာ ထုတ်ပြောပြီးနောက် အခုလိုလှုပ်ရှားမှုတွေရှိလာတာပါ။

    ဒါအပြင် “Proof Of life” အစီအစဉ်နဲ့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ “နှင်းဆီ လှုပ်ရှားမှု - Rose Movement: Roses of Hope” ဆိုတဲ့ လှုပ်ရှားမှုကြီးတခုကို ပြုလုပ်မယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းကွန်ယက်တို့နဲ့စုပေါင်းထားတဲ့ ၁၈ ဖွဲ့က ပူးတွဲ ကြေညာထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့၊ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့နဲ့ မြန်မာနိုင်ငံရဲ့ သမ္မတဟာ ဦးဝင်းမြင့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုဖို့ဆိုတဲ့ အချက် ၃ ချက်နဲ့ နှင်းဆီလှုပ်ရှားမှုလုပ်ဖို့ရှိနေတာပါ။

    အဲဒီလှုပ်ရှားမှုကို ပြည်တွင်း၊ ပြည်ပကပြည်သူတွေပါဝင်နိုင်ပြီး နှင်းဆီပန်း ဒါမှမဟုတ် ပန်းတမျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန်ဝေမျှတာတွေလုပ်ဖို့၊ အွန်လိုင်း ပေါ်မှာ ဓာတ်ပုံ မျှဝေဖို့နဲ့ မြေပြင်မှာသပိတ်လှုပ်ရှားဆန္ဒပြဖို့ဆိုပြီး တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

    တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာတော့ နှင်းဆီလှုပ်ရှားမှု အဖြစ် လက်ကမ်းစာစောင်ဝေတာနဲ့ ပိုစတာချိတ်ဆွဲတာတွေပြုလုပ်ကြောင်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဇွန် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၊ စစ်ကော်မရှင်ဆိုကာ ဖွဲ့စည်းမှုတွေ ပြောင်းလဲ ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း ပန်းပန်သူတွေ၊ အွန်လိုင်းပေါ်ဓာတ်ပုံမျှဝေ သူတွေကို စစ်တပ်က ဖမ်းဆီးထောင်ချတဲ့ဖြစ်စဉ်တွေလည်း နှစ်စဉ်လိုလို ဖြစ်ခဲ့ပါတယ်။

  6. မင်္ဂလာပါ။ ဇွန်လ ၁၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။