ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စပိန်သွင်းတဲ့ ဂိုးတွေကို အကြိမ်ကြိမ် ကာကွယ်ခဲ့တဲ့ အသက် ၄၀ အရွယ် ကိပ်ဗာဒီဂိုးသမား
- ရေးသားသူ, အယ်လိဇဘတ် ကွန်းဝေး
- ရာထူးတာဝန်, ကမ္ဘာ့ဖလား သတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, အတ္တလန္တာကွင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
အတ္တလန္တာဘောလုံးကွင်းကြီးထဲ ပွဲပြီး နောက်ဆုံး ခရာမှုတ်သံ ထွက်လာတော့ ကင်မရာတွေအားလုံးဟာ ကိပ်ဗာဒီအသင်း ဂိုးသမား ဗိုဇင်ညာဆီ ရောက်သွားပါတယ်။
အသက် ၄၀ အရွယ် ဂိုးသမားက မျက်ရည်တွေနဲ့ပါ။ စပိန်လို ကမ္ဘာ့ဖလား နာမည်ကျော်အသင်းကြီးကို သူတို့အသင်း ဂိုးမရှိသရေနဲ့ ပွဲပြီးအောင် ယှဉ်ကစားပြီးတဲ့နောက် သူ လုပ်နိုင်ခဲ့တဲ့အတိုင်းအဆကို ပြန်တွေးရင်းဖြစ်တဲ့ခံစားချက်လို့ ထင်ရပါတယ်။
ပွဲကစားချိန် မိနစ် ၉၀ တစ်လျှောက်လုံး မပြတ်တမ်းအားပေးခဲ့တဲ့ ကိပ်ဗာဒီအသင်း ပရိသတ်ထောင်ချီကလည်း ပွဲကြည့်စင်ထက်ကနေ ဝေါကနဲ ထပြီး အချင်းချင်းပွေ့ဖက်ကြ၊ ကခုန်ကြပြီး အောင်ပွဲခံပါတယ်။
ကွင်းထဲမှာတော့ ကစားသမားတွေဟာ ပွဲအပြီး အပျော်ကို မျှဝေဖို့ တစ်ယောက်ဆီကို တစ်ယောက် အပြေးသွားကြပါတယ်။
ဒီမြင်ကွင်းတွေကြောင့်ပဲ ပွဲတစ်လျှောက် နှစ်သင်းစလုံးကိုအားပေးလာတဲ့ ပရိသတ်တွေတောင် ပွဲပြီးချိန်မှာတော့ ကိပ်ဗာဒီအသင်းနဲ့အတူ ရောပြီး အောင်ပွဲခံပါတယ်။
ကိပ်ဗာဒီ ဂိုးသမား ဗိုဇင်ညာဟာ ဥရောပ ချန်ပီယံအသင်း စပိန်နဲ့ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ သူ့ ဘဝအတွက် သမိုင်းမှတ်တိုင် ထူလောက်စရာ ဂိုးကာကွယ်စွမ်းကို ပြသခဲ့သလို သူ့နိုင်ငံသမိုင်းအတွက်လည်း အမှတ်ရစရာအရှိဆုံး ကစားပွဲကို ကစားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
''အဖိုးအဖွားတွေနဲ့ ကြီးပြင်းလာရသူဆိုတော့ ငိုမိတာပါ'' လို့ ဗိုဇင်ညာက ပွဲအတွက် အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခံရအပြီးမှာ ပြောပါတယ်။ ''အကြောင်းမလှတော့ သူတို့တွေ ဒီပွဲကို မမြင်နိုင်တော့ဘူး။ သူတို့ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက ကွယ်လွန်ခဲ့ကြပြီ။ အဖိုးနဲ့ အဖွားက ကျွန်တော့် ဘဝအတွက် အရာရာဖြည့်ဆည်းပေးခဲ့တဲ့အဖိုးမဖြတ်နိုင်တဲ့သူတွေပါ။
''ပြီးတော့ ကျွန်တော့်အမေအကြောင်း တွေးမိတာကြောင့်လည်းပါတယ်။ ဒီကိုလာဖို့ အမေ ပြည်ဝင်ခွင့်ဗီဇာ မရခဲ့ဘူး။ ဗီဇာကြေးအတွက် ပေးရမယ့်ငွေကို အချိန်မီ မပေးနိုင်ခဲ့လို့လေ။ ကျွန်တော့် အမေကို ဒီမှာ ရှိနေစေချင်လိုက်တာ။'
''ကျွန်တော်တို့အတွက် အကောင်းဆုံး လက်နက်ဆိုတာ ကျွန်တော်တို့ရဲ့စည်းလုံးမှုပါပဲ။ ဒီနေ့မှရောက်လာတဲ့ ကစားသမားပဲဖြစ်ဖြစ်၊ ၁၀ နှစ်၊ ၁၅ နှစ် ကြာကစားနေတဲ့ ကစားသမားပဲဖြစ်ဖြစ် ကျွန်တော်တို့ ကိုယ့်မိသားစုကို ဆက်ဆံတဲ့ပုံစံကပဲ ကျွန်တော်တို့ရဲ့အကြီးမားဆုံးခွန်အားဖြစ်ပါတယ်''
''ကျွန်တော်တို့ ကမ္ဘာ့ဖလားကို အပျော်လာကန်တာလို့ ထင်ကြသူတွေရှိတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လေးစားရတဲ့အသင်းတွေ ရှိတယ်။ အခုတစ်ကြိမ်က ကျွန်တော်တို့အတွက် ပထမဆုံးဖြစ်လို့ ကျွန်တော်တို့ ယှဥ်ပြိုင်ဖို့ရောက်လာတာ။ ကျွန်တော်တို့နိုင်ငံအတွက် နိုင်ပွဲရအောင်ယူဖို့ ရောက်လာတာ'' လို့ ဗိုဇင်ညာက ပြောပါတယ်။
''ကမ္ဘာ့ဖလားအိပ်မက်ကို ငယ်ငယ်ကတည်းက မက်ခဲ့တာ''
ဗိုဇင်ညာအတွက်တော့ အခုလို အခိုက်အတန့်ဟာ သူ့ တစ်ဘဝလုံးစာအတွက် ပြီးပြည့်စုံသွားတဲ့ တဒင်္ဂလို့ဆိုနိုင်ပါတယ်။
နာမည်ရင်း ဂျိုးဇေးမား ဒီးယာ့ဇ် လို့သိကြတဲ့ ကိပ်ဗာဒီ ဂိုးသမားဟာ သူ့ ဘောလုံးကစားသမားဘဝ တစ်လျှောက်လုံးမှာ ကမ္ဘာ့ဖလားပွဲ ဝင်ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့သူပါ။
တကယ်တမ်း ကမ္ဘာ့ဖလားမှာ ကစားရတဲ့အခါမှာလည်း ဗိုဇင်ညာဟာ သမိုင်းဝင်မှတ်တမ်းနဲ့အတူ ရောက်လာတာပါ။ သူဟာ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ကစားခွင့်ရတဲ့အသင်းတွေထဲမှာ အသက်အကြီးဆုံး ဂိုးသမား ဖြစ်လာပါတယ်။ ဒီပွဲကစားချိန်မှာ သူ့အသက် ၄၀ နဲ့ ၁၂ ရက် ရှိပါပြီ။ ဒါကြောင့် သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ပြိုင်ခဲ့တဲ့ ကျူရာဆောင်းအသင်းက အီလွိုင်း ရွမ်း ချိုးထားတဲ့ သက်ကြီး ကစားသမား စံချိန်ကို သူက ထပ်ချိုးသွားပါတယ်။
တကယ်တော့ ကမ္ဘာ့ဖလား ဂိုးသမားထဲမှာ သူ့ထက် အသက်ကြီးတာဆိုလို့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အီဂျစ်အသင်းက ကစားခဲ့တဲ့ အက်ဆမ် အယ် ဟာဒါရီ ပဲ ရှိပြီး အဲဒီအချိန်က အသက် ၄၅ နှစ် ဖြစ်ပါတယ်။
အခုစံချိန်ဟာ ဗိုဇင်ညာအတွက်တော့ ဇွဲကြောင့်ရတဲ့ ကစားသမားတစ်ဦးရဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။
''ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်တော့ အသက် ၂၅ နှစ်ရှိပြီ။ ၂၀၁၂ ခုနှစ်တုန်းကတော့ ကျွန်တော့်အတွက်ဆိုရင်တော့ အချိန်က သိပ်နှောင်းနေပြီ'' လို့ ဗိုဇင်ညာက ပြောပါတယ်။
''နိုင်ငံအသင်းမှာ ဝင်မကစားတော့ဘူးလို့ တွေးမိခဲ့သေးတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားမှာ ကစားရမယ်ဆိုတဲ့ အိပ်မက်ကြောင့်သာ ဆက်နေခဲ့တာ။''
''ကျွန်တော် လုပ်ပြခဲ့တာတွေဟာ အားလုံးအတွက်ပါ။ ကျွန်တော်ဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ရပေမဲ့ ဒီဆုဟာ ကျွန်တော့်အသင်းဖော်တွေအားလုံးအတွက်ဆိုလည်း မှန်ပါတယ်။ သူတို့သာ မရှိရင် ဒီလိုဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ ကျွန်တော့်အသင်းအတွက်၊ ကျွန်တော့် ပြည်သူတွေအတွက် ဆက်ပြီး ကြိုးစားသွားပါမယ်။''
ကိပ် ဗာဒီဟာ အာဖရိကတိုက် အနောက်ကမ်းလွန် ကီလိုမီတာ ၆၀၀ ခန့်မှာရှိတဲ့ လှပတဲ့ကျွန်း ဖြစ်ပေမဲ့ သီးခြားရှိနေတဲ့ကျွန်းဖြစ်တာကြောင့် လူငယ် ဘောလုံးကစားသမားတွေအတွက်ဆိုရင်လည်း အခွင့်အလမ်း နည်းပါတယ်။ ဆိပ်ကမ်းမြို့ မင်ဒဲလိုမှာ ကြီးပြင်းခဲ့တဲ့ ဗိုဇင်ညာဟာ ဘဝအစကတည်းက အခက်အခဲတွေနဲ့ပြည့်ခဲ့သူပါ။
''ကျွန်တော်တို့ကျွန်းမှာ ကျွန်တော်ဟာ အတော်ဆုံးဂိုးသမားပဲ။ ဒါပေမဲ့ လူကောင်ကသေးတော့ ကစားတာကောင်းပေမဲ့ ကျွန်တော့်အရပ်ကြောင့် အရွေးမခံရဘူး''လို့ သူက ပြန်ပြောပြပါတယ်။
သူ့ရှေ့က ကစားသမားတွေလိုပဲ နောက်ပိုင်းမှာ အခွင့်အလမ်းရှာဖွေဖို့ သူ ပေါ်တူဂီဘက်ကို ခြေဦးလှည့်ခဲ့ရပါတယ်။ ကိပ်ဗာဒီဟာ တစ်ချိန်က ပေါ်တူဂီရဲ့ ကိုလိုနီဖြစ်ပါတယ်။ အဲဒီခြေဦးလှည့်မှုကပဲ သူ့ကို ဆလိုဗက်ကီးယား၊ အန်ဂိုလာ၊ မော်လ်ဒိုဗာနဲ့ ဆိုက်ပရပ်စ်တို့အထိ ခြေဆန့်နိုင်ခဲ့တဲ့ ကစားသမားဘဝကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။ အခုဆို ဗိုဇင်ညာဟာ ပေါ်တူဂီ ဒုတိယတန်းကလပ်အသင်း ချာဗက်စ်မှာ ကစားနေပါတယ်။
သူ့ကစားသမားနာမည် ဗိုဇင်ညာ ကိုယ်တိုင်က ဘောလုံးသမိုင်းနောက်ခံ ပါနေပါတယ်။ သူ့ ဖခင်က သူ့ကို အာဂျင်တီးနားနဲ့ ရီးယဲလ် မက်ဒရစ်က အကျော်အမော်ကစားသမား ယော်ဂီ ဗော်လ်ဒါနို (Jorge Valdano) ရဲ့နာမည်ကို ယူပြီး ဗော်လ်ဒါနို လို့ ခေါ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိပ်ဗာဒီ အာဏာပိုင်တွေက အဲဒီနာမည်ကို ပယ်ခဲ့ပါတယ်။ အဲဒီအစား သူ့ကို ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှာ နာမည်ကြီးခဲ့တဲ့ ဘရာဇီး နောက်တန်းကစားသမား ဂျိုဆီမာ (Josimar) ရဲ့ နာမည်ကို ပေးခဲ့ပါတယ်။
ဆယ်စုနှစ်များစွာကြာပြီးနောက် အခုကမ္ဘာ့ဖလားမှာတော့ ဗိုဇင်ညာဟာ သူ့ သမိုင်းကို ကိုယ်တိုင်ရေးသားနေပါပြီ။
'ဗိုဇင်ညာကြောင့် ပွဲက ကြည့်ကောင်းခဲ့တာ'
ကိပ်ဗာဒီအသင်းက ပရိသတ်တွေ တဝေါဝေါအားပေးသံနဲ့အတူ ဗိုဇင်ညာဟာ စပိန်အသင်းဘက်က မရပ်မနားသွင်းလာတဲ့ ဘောလုံးတွေကို ဂိုးမဝင်အောင် အသင်းအတွက် ၇ ကြိမ် တိတိ ကာကွယ်ခဲ့သူဖြစ်ပါတယ်။
ကမ္ဘာ့ဖလားသမိုင်းမှာ ၄၀ ကျော်အရွယ် ဂိုးသမားတစ်ယောက် အသင်းအတွက် ဒီလို ခုခံကာကွယ်ခဲ့တာ အတိတ်မှာဆိုရင် ၁၉၈၆ ခုနှစ်တုန်းက ဘရာဇီးနဲ့ မြောက်အိုင်ယာလန်ပွဲမှာ ၁၀ ကြိမ်ကာကွယ်ခဲ့တဲ့ အသက် ၄၁ နှစ်အရွယ်ကစားသမား ပတ် ဂျန်းနင်းပဲ ရှိခဲ့ပါတယ်။
သူက ဘောလုံးကို တစ်ကြိမ် ကာကွယ်လိုက်တိုင်း အတ္တလန္တာပွဲကြည့်စင်ပေါ်က ပရိသတ်ကလည်း ဝေါကနဲ အသံပေးလို့ အားပေးပါတယ်။
ဒီပွဲပြီးချိန်မှာတော့ သူ့ကိုအားပေးတဲ့ ပရိသတ် သန်းနဲ့ချီ တိုးလာပါတယ်။ ဘရာဇီးနိုင်ငံထဲ ကမ္ဘာ့ဖလားကို ပြသခွင့်ရတဲ့ ခရေ့ဇ် ရုပ်သံက သူရဲ့ကစားပုံကို ယူကျုကနေ ပြသပြီး သူ့ ပရိသတ်တွေကို ဖော်လို (Follow) လုပ်ဖို့ တောင်းဆိုတဲ့အခါ အရင်တုန်းက ဖော်လိုဝါ ၅ သောင်းပဲရှိခဲ့တဲ့ ဗိုဇင်ညာရဲ့အကောင့်ဟာ ပရိသတ် ၅ သန်းကျော်အထိ ထိုးတက်သွားပါတယ်။
''သိပ်ကို မယုံနိုင်စရာပါပဲ'' လို့ သူက နောက်ပိုင်းမှာ သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။
စကော့တလန်အသင်း တောင်ပံကစားသမားဟောင်း ပတ် နီဗင်က သူ့ကို ''သူ့ကြောင့် ဒီပွဲ ကြည့်ကောင်းခဲ့တာ'' လို့ဆိုပြီး မှတ်ချက်ပေးပါတယ်။
''တကယ် တော်တဲ့ ကစားသမားဗျ'' လို နဗင်က ဘီဘီစီ ရေဒီယို 5 Live မှာပြောပါတယ်။ ''သူ့အသက် ၄၀ အရွယ်မှာ ဒီလို စွမ်းဆောင်ခဲ့တာ။ ကင်မရာတွေအားလုံးကလည်း သူ့ကို ချိန်ထားတယ်။ သူ ကစားသမားတွေအားလုံးကလည်း သူ့ကိုပဲ ညွှန်ပြကြတယ်။ သိပ်ကို လှပတဲ့အခိုက်အတန့်ပါပဲ''
''ကိပ်ဗာဒီ အသင်းသား အများစုဟာ သူတို့ ဂိုးဧရိယာထဲမှာပဲ အများဆုံးကစားကြတာ။ ဒါပေမဲ့ တချိန်လုံး ဒီလိုကစားတာ မဟုတ်ဘဲ ရှေ့တိုးတိုက်စစ်ဖွင့်ကစားတဲ့အခါမှာဆိုရင်လည်း အများစု တက်ကစားကြတယ်။''
''ဒါမျိုးကစားဖို့ဆိုတာ အတိုင်းအတာတစ်ခုအထိ စုစုစည်းစည်း အပေးအယူ မျှမျှဖြစ်မှရတာ။ တစ်ဦးချင်း တစ်ယောက်ချင်း ကစားပုံနဲ့မရဘူး။ အသင်းတစ်သင်းအနေနဲ့ မျှကစားမှပဲ ဖြစ်နိုင်တာ''
အင်္ဂလိပ် ဘောလုံးကစားသမားဟောင်းလည်းဖြစ်၊ ဘောလုံးအကဲခတ်လည်းဖြစ်တဲ့ လီ ဒစ်ဆင်ကတော့ ''သိပ်ကို လှလှပပ ကစားသွားကြတာပေါ့ဗျာ။ သူတို့မှ ဒီလိုအမှတ်မရရင် ဘယ်သူမှ မရသင့်တော့ဘူး။ စပိန်ဆိုရင် တစ်မှတ်တောင် ဆုံးရှုံးလုနီးနီး ဖြစ်သွားတာ။ သူတို့ စိတ်ပျက်လက်ပျက်နဲ့ ကွင်းထဲကနေ ထွက်သွားတာ။ ဒီပွဲဟာ ကိပ်ဗာဒီရဲ့အောင်ပွဲပါပဲ'' လို့ အိုင်တီဗီရုပ်သံလိုင်းကို ပြောပါတယ်။
''ကစားသမားတွေ တစ်ယောက်ချင်းကိုက သူ့နေရာနဲ့သူတော်နေကြတာ။ ဗိုဇင်ညာလည်း ငိုတော့ ကျွန်တော်တောင် ငိုမိမလိုဖြစ်ခဲ့တယ်။''
ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုအောင်ခဲ့တဲ့ နိုင်ငံငယ် ၃ ခုထဲမှာ လူ ၅ သိန်းကျော်လေးနဲ့ တတိယအသေးဆုံးနိုင်ငံအဖြစ် အောင်ခဲ့တဲ့ ကိပ်ဗာဒီအတွက် စပိန်နဲ့ အုပ်စုအဖွင့်ပွဲမှာ ဂိုးမရှိ သရေနဲ့ပွဲပြီးခဲ့တာဟာ ကြီးမားသိသာလွန်းတဲ့ရလဒ်လည်းဖြစ်ပါတယ်။
ဒါကို ပွဲကြည့်စင်တွေပေါ်က ပရိသတ်ရဲ့တုံ့ပြန်မှု အတိုင်းအဆက ထင်ဟပ်နေပါတယ်။ ပရိသတ်တွေဟာ နိုင်ငံ့အလံကို တလူလူလွှင့်၊ ကစားချိန် တစ်လျှောက်လုံးမှာ သီချင်းဆိုလိုက်ကြ၊ ကလိုက်ကြရင်း အသင်းအတွက် အချိန်ပြည့် မရပ်မနား အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဂိုးမရှိ သရေပွဲ ကစားပြီးချိန်မှာ ကွင်းထဲက နှစ်သင်းစလုံးကို လာအားပေးခဲ့ကြသူတွေက ကိပ်ဗာဒီအသင်းဘက်က အောင်ပွဲခံကြပါတယ်။ ကိပ်ဗာဒီရဲ့အကြောင်းဟာ အားလုံးပြောစမှတ်ဖြစ်ခဲ့ရပါတယ်။
အင်္ဂလန်က ရှက်ဖီးမြို့လောက်မှ မကြီးတဲ့ ကျွန်းနိုင်ငံလေးဟာ ဘောလုံးလောကရဲ့ အတွေးကမ္ဘာကို ပိုင်စိုးထားလိုက်ပါပြီ။