မကွေးတိုင်း - စစ်တပ်နဲ့ တော်လှန်ရေးအတွက် ထောက်ပံ့ရေးဗဟိုချက်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

၂၀၂၆ ခုနှစ် နှစ်ဝက်ကျိုးလာချိန် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ရုံအထိရှိတဲ့ မကွေးတိုင်းမှာ စစ်ရေးတင်းမာနေပြီး အပြန်အလှန်ထိုးစစ်ဆင်မှုတွေ အရှိန်ကောင်းနေပါတယ်။

ဧရာဝတီမြစ်အနောက်ခြမ်းဒေသဖြစ်တဲ့ မကွေးတိုင်းဟာ ချင်းတောင်တန်း၊ ရခိုင်ရိုးမ၊ စစ်ကိုင်းအညာနဲ့ ပဲခူးအထိပါ နယ်နိမိတ်ထိစပ်နေလို့ စစ်တပ်ရော တော်လှန်ရေးအတွက်ပါ ဆက်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။

"တော်လှန်ရေးတပ်တွေရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားလာနိုင်တဲ့ စစ်တပ်က စစ်ကိုင်း၊ မကွေးလို အညာမြေပြန့်ဒေသမှာ တော်လှန်ရေးတပ်တွေ ခြေကုပ်မယူနိုင်အောင် နယ်မြေ ရှင်းလင်းရေးတွေကို အလုံးအရင်းလိုက်လုပ်တဲ့အခြေအနေပါ" လို့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။

အထူးသဖြင့် ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ မင်းဘူးခရိုင်တို့မှာ စစ်ရေးအလှုပ်အခတ်အများဆုံးဖြစ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကလည်း သိရပါတယ်။

မကွေးက ဘာလို့အရေးကြီးတာလဲ

တရုတ်ရဲ့ စေ့စပ်ပေးမှုနဲ့အတူ ရှမ်းမြောက် စစ်မျက်နှာမှာအပစ်ရပ်တာကြောင့် စစ်တပ်အတွက်စစ်ရေးဘောင် ကျုံ့လာခဲ့ပါတယ်။ ထိုင်း - မြန်မာနယ်စပ်ကို ကြည့်ရင်လည်း ကယား (ကရင်နီ) မှာ တော်လှန်ရေးတပ်တွေ နယ်မြေပြန်လက်လွှတ်ခဲ့ရသလို ကရင်ပြည်နယ်ကိုလည်း စစ်တပ်က ထိုးစစ်မြှင့်နေပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်း မန္တလေးတိုင်းက တော်လှန်ရေးနယ်မြေအားလုံးနီးပါးကို စစ်တပ်ပြန်ရခဲ့သလို ကချင်ဝင်ပေါက် စစ်ကိုင်းအထက်ပိုင်းက ကောလင်း၊ ကန့်ဘလူနဲ့ ကသာကို အတိုချုံးခေါ်တဲ့ ကသုံးလုံးနယ်မြေတွေကိုပါ စစ်တပ်က ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ပြန်ယူနိုင်ခဲ့တာပါ။

ဒီတော့ ကချင်ကနေ စစ်ကိုင်းအထက်ပိုင်း၊ ရှမ်းမြောက်ကနေ မန္တလေး၊ ရှမ်းတောင်ကတဆင့် ကရင်နီ စတဲ့ လမ်းကြောင်းတွေကို ပြန်ရခဲ့တဲ့စစ်တပ်ဟာ မကွေးတိုင်းကိုပါ အင်အားထပ်ဖြန့်ကြက်လာပြီး စစ်ကိုင်း၊ ချင်း၊ ရခိုင်နဲ့ ပဲခူးဆက်စပ်ဒေသတွေကို ဖြတ်တောက်ဖို့ကြိုးစားလာပါတယ်။

"မကွေးတိုင်းရဲ့ အနှစ်သာရက ထောက်ပံ့ရေးတိုင်းဖြစ်တာပဲ။ ဒါက နှစ်ဖက်စလုံးအတွက် ကုန်သွယ်စီးဆင်းရေးရော ထောက်ပံ့ရေးလမ်းကြောင်းအတွက်ပါ အရေးကြီးတယ်" လို့ ပခုက္ကူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ခံ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။

မကွေးဟာ စစ်တပ်ရော တော်လှန်ရေးအတွက်ပါ အရေးပါနေတယ်ဆိုတာကို ၂၀၂၆ ပထမ ၆ လတာအတွင်း ပခုက္ကူ၊ ဂန့်ဂေါ နဲ့ မင်းဘူးတို့မှာ စစ်ရေးအလှုပ်ခတ်ဖြစ်ခဲ့ပုံတွေကနေ တွေ့နိုင်ပါတယ်။

တော်လှန်ရေးတပ်တွေအတွက် အိန္ဒိယနယ်စပ်ကနေ တရုတ်နယ်စပ်အထိသွားလာနိုင်ဖို့ မကွေးတိုင်းဟာ ဆက်သွယ်ရေးဒေသဖြစ်ပါတယ်။ ဒါအပြင် ချင်းတောင်အစပ်၊ ရခိုင်ရိုးမဝင်ပေါက်နဲ့ ဧရာဝတီ မြစ်ထွက်ပေါက်ပေးနိုင်တဲ့ ဒီခရိုင်နယ်မြေတွေဟာ စစ်တပ်ရဲ့အသက် သွေးကြော ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေလည်း ဖြန့်ကြက် တည်ရှိနေပါတယ်။

လက်ရှိအခင်းအကျင်းမှာတော့ စစ်တပ်ဟာ မကွေးတိုင်းထဲက ကပစတွေမှာ လူသူလက်နက်အင်အား ဖြည့်တင်းပြီး ခရိုင်အလိုက် စစ်ရေးလှုပ်ရှားနေတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။

ချင်း၊ စစ်ကိုင်းအစပ်က ဂန့်ဂေါ

ဂန့်ဂေါခရိုင်မှာ ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ဆောနဲ့ ကျောက်ထုမြို့တို့ပါဝင်ပြီး စစ်ကိုင်းတောင်ပိုင်း၊ ချင်းမြောက်ပိုင်းတို့နဲ့ နယ်နိမိတ်ထိစပ်တဲ့ခရိုင် တစ်ခုပါ။ ဒီမြို့တွေဟာ မကွေးတိုင်းရဲ့ အနောက်မြောက်ကနေ တောင်အထိ ဒေါင်လိုက်သဏ္ဍာန်တည်ရှိပြီး ချင်းပြည်နယ်ကို ဝင်ပေါက်လို့လည်း ဆိုနိုင်ပါတယ်။

စစ်တပ်ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းကစလို့ ကလေး - ဂန့်ဂေါလမ်း၊ ကလေး - တီးတိန်လမ်းတို့ကို ပြန်လည် စိုးမိုးနိုင်ရေး ထိုးစစ်ဆင်ခဲ့ပြီး သူတို့ခြေကုပ်ယူထားတဲ့ ချင်းမြောက် တီးတိန်နဲ့ ဟားခါးတို့မှာ အင်အားဖြည့်ခဲ့ပါတယ်။ ဒါဟာ စစ်ကိုင်းတိုင်း ကလေးနဲ့ မကွေးတိုင်း ဂန့်ဂေါကြားက တော်လှန်ရေးနယ်မြေတွေကို လက်လွှတ်လိုက်ရတာရဲ့နောက်ဆက်တွဲလည်းဖြစ်ပါတယ်။

၂၀၂၆ နှစ်လယ်ရောက်ချိန်မှာတော့ ဂန့်ဂေါခရိုင်တစ်ကြောလုံးမှာ စစ်ရေးတင်းမာနေတယ်လို့ နားလည်နိုင်ပါတယ်။ ခရိုင်မြောက်ပိုင်း ကလေး - တမူးလမ်းပိုင်းကိုလည်း စစ်တပ်က စစ်ကြောင်းပြန်ထိုး နေသလို လောင်းရှည်-ဆော-ကျောက်ထုလမ်းပိုင်းကနေလည်း ချင်းတောင်ပိုင်း မင်းတပ်မြို့ကို ဝင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အထူးသဖြင့် ကလေး - တမူးလမ်းပိုင်းကို စစ်တပ်က အလုံးစုံပြန်ထိန်းချုပ်နိုင်ခဲ့ရင် ဂန့်ဂေါခရိုင်တကြောကိုပါ ကားလမ်းမကြီးအတိုင်း စစ်တပ်က သွားလာလှုပ်ရှားနိုင်ဖို့ ပိုလွယ်ကူသွားမယ့်အခြေအနေပါ။

ဂန့်ဂေါခရိုင်တောင်ပိုင်း ပုံတောင်ပုံညာတောင်တန်း ယောဒေသဖြစ်တဲ့ ဆောမြို့တဝိုက်က တိုက်ပွဲမှာတော့ ချင်းနဲ့ မကွေးက တော်လှန်ရေးတပ်တွေကြား အမြင်ကွဲလွဲမှုတွေ ရှိခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါ ဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့အထိပါ။

"ကျွန်တော်တို့ မှန်းထားတာထက် ဆော၊ ကျောက်ထုကို စစ်တပ်က ပိုမြန်မြန်ဖြတ်ပြီး မင်းတပ်ဘက်ကို ရောက်လာခဲ့တယ်" လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းပီတာထန်းက ပြောပါတယ်။

ဒါကြောင့် အာဏာသိမ်းစမှာ စစ်တပ်ကို တူမီးသေနတ်နဲ့ အစောဆုံး လက်နက်ကိုင် ပြန်တွန်းလှန်ခဲ့တဲ့ မင်းတပ်မြို့ကို လက်လွှတ် မဆုံးရှုံးရရေးအတွက် အာရက္ခတပ်တော်(အေအေ)၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့လို မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန်လဆန်းပိုင်းမှာတော့ စစ်တပ်က လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ ကနေ ဆောမြို့ဘက်ကို စစ်အင်အားတွေ ထပ်ပို့လာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီကနေ သိရပါတယ်။

"လောင်းရှည်နဲ့ ဆောဘက်က ပထဝီဝင်အနေအထားအရ တောတောင်ထူထပ်ပြီး နယ်မြေအလွန် ကျယ်ဝန်းတဲ့အတွက် စိန်ခေါ်မှုတွေ ရှိနေတာကတော့ အမှန်ပါပဲ"

"လက်လွှတ်ပေးလိုက်တာမျိုး လုံးဝမဟုတ်ဘဲ ရန်သူ့ရဲ့ချင်းတောင်တက်မယ့်လမ်းကြောင်းတွေကို တတ်နိုင်သမျှ အဟန့်တားဆုံးဖြစ်အောင် နည်းဗျူဟာမျိုးစုံနဲ့ ဟန်ချက်ညီညီ ခုခံဆင်နွှဲနေပါတယ်" လို့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယာယီပြန်ကြားရေးတာဝန်ခံ ကိုနေသူရိန်က ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အရ တော်လှန်ရေးကြားကာလမှာ တိုင်းဒေသကြီး သတ်မှတ်ချက် မရှိတော့ဘဲ ဖက်ဒရယ်ယူနစ် (ဒါမှမဟုတ်) ပြည်နယ်ဆိုပြီးသား ခေါ်ဝေါ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေက မကွေးတိုင်းလို့ မသုံးနှုန်းဘဲ မကွေးဖက်ဒရယ်ယူနစ်လို့သုံးစွဲကြပါတယ်။

အခုနှစ်ဝက် အခင်းအကျင်းမှာ ထူးခြားချက်က မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ တော်လှန်ရေးတပ်တွေအချင်းချင်း တပ်ရင်းတွေအဖြစ် စုဖွဲ့မှုတွေရှိလာခဲ့ပြီး ဂန့်ဂေါနဲ့ ထိစပ်နေတဲ့ ပခုက္ကူခရိုင်မှာ စစ်ရေးဖော်ဆောင်ခဲ့တာပါ။

"ကျောက်ထုကနေ မင်းတပ်၊ ကန်ပက်လက်ကိုပဲ အင်အားဖြည့်နေတဲ့အချိန်မှာ ဒီဘက်မှာ အင်အားနည်းနေတဲ့ ပေါက်၊ မြိုင်ဘက်ကို သူတို့က ဝင်ဆောင့်တာပဲ" လို့ စစ်တပ်ရဲ့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံဖြစ်တဲ့ မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးရဲမြင့်က ပြောပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်း ပခုက္ကူမြို့ကနေ ချင်းတောင်ပိုင်း မင်းတပ်မြို့ကို တိုက်ရိုက်သွားနိုင်တဲ့ ပခုက္ကူ - ပေါက် - မင်းတပ် လမ်းမကြီးပေါ်မှာ တော်လှန်ရေးတပ်တွေက စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ ဒါဟာ အညာမြေ စစ်ဆင်ရေးရဲ့ ပထမအဆင့် Operation ငယ်တခုအနေနဲ့ Operation 9 အဖြစ် လှုပ်ရှားခဲ့တာလို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြောခဲ့ပါတယ်။

ပခုက္ကူခရိုင်က မြစ်ခြေနဲ့ ကုက္ကိုစု

မကွေးတိုင်းအလယ်တကြောကို အင်္ဂလိပ်အက္ခရာ တီ(T) သဏ္ဍာန်ဖြတ်ကာ ချင်းတောင်နဲ့ နယ်နိမိတ်ဆက်စပ်နေတာက ပခုက္ကူခရိုင် ဖြစ်ပါတယ်။ ဒီခရိုင်မှာ ပခုက္ကူ၊ ကံမ၊ မြစ်ခြေ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်နဲ့ ရေစကြိုမြို့တွေ ပါဝင်ပါတယ်။

ခရိုင်မြောက်ပိုင်း ရေစကြိုဟာ စစ်ကိုင်းတိုင်း၊ တပ်မ ၁၀၁ အခြေစိုက်တဲ့ ပခုက္ကူရဲ့ ဧရာဝတီမြစ် အရှေ့တစ်ဖက်ကမ်းမှာ မန္တလေးတိုင်း၊ ပေါက်အနောက်ပိုင်းဟာ ချင်းတောင်တန်းနဲ့ တောင်ပိုင်းက ဆိပ်ဖြူဟာ မင်းဘူးခရိုင်တို့နဲ့ ထိစပ်နေပါတယ်။

၂၀၂၆ ပထမ သုံးလတာဟာ ဂန့်ဂေါခရိုင်က စစ်ရေးအတင်းမာဆုံးလို့ ဆိုနိုင်ပြီး သင်္ကြန်အပြီးကစလို့ မေ၊ ဇွန်တို့မှာ ပခုက္ကူခရိုင်မှာ သိသိသာသာအလှုပ်အခတ်တွေ ဖြစ်လာပါတယ်။

စစ်တပ်က ကံမမြို့ကနေ မြစ်ခြေမြို့နယ်ထဲကို မေလ တစ်လနီးပါးကြာအောင် စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှာ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၄၀ နီးပါး ကျန်ရစ်တဲ့အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဇွန်လဆန်းပိုင်းမှာတော့ မြိုင်နဲ့ ပေါက်ကြားမှာ တော်လှန်ရေးတပ်ဘက်က ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။

"ကုက္ကိုစု မတိုင်ခင် ကျွန်တော်တို့ သရက်ကန်ရွာကို အရင်ဝင်တိုက်တာလေ။ ၂၂ ရက်နေ့က ရွာအနောက်ဘက်ကနေ စဝင်လာတာ။ တစ်နေကုန်ဖြစ်ခဲ့ပြီး နောက်နေ့မနက်မှ ကျွန်တော်တို့မိသားစုဝင်တွေနဲ့ ထွက်လာပြီး တွင်းမရွာဘက် လာပေါင်းနေတာ" လို့ မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပြည်သူ့စစ် ခေါင်းဆောင် ဦးရဲမြင့်က ပြောပါတယ်။

သရက်ကန်ရွာကို သိမ်းပြီးတဲ့နောက် ၁၂ မိုင်အကွာမှာရှိတဲ့ ပေါက်မြို့နယ် ကုက္ကိုစုရွာ၊ ရေပြာရွာတို့ကို တော်လှန်ရေးတပ်တွေ ဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ ကုက္ကိုစုရွာဟာလည်း ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) အားကောင်းတဲ့ရွာ ဖြစ်သလို ရေပြာရွာကလည်း ပခုက္ကူ - မင်းတပ်၊ ပုသိမ် - မုံရွာ လမ်းမကြီးဆုံရာမှာ ရှိပါတယ်။

ကုက္ကိုစုရွာ ကျတာဟာ ပေါက်မြို့နယ်အတွက် အန္တရာယ်ဖြစ်စေမယ်လို့ စစ်တပ်ထောက်ခံကြောင်း ကိုယ်တိုင်ထုတ်ဖော်ပြောကြားနေတဲ့ ပေါက်ကိုယ်တော်က ဇွန် ၃ ရက်မှာ သူ့ရဲ့တစ်တော့အကောင့်ကနေတဆင့် ပြောခဲ့ပါတယ်။

"ပျူရွာတွေကို သိမ်းတာက အရမ်းအရေးကြီးတဲ့အခြေအနေပါ။ ပေါက်နဲ့ ဆိပ်ဖြူက ကပစတွေမှာ အဓိက လှုပ်ရှားပြီး လက်နက်ခဲယမ်းထုတ်တယ်" လို့ ပခုက္ကူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။

ပေါက်မြို့နယ်၊ မျှားပိုင်းရွာအနီးမှာ ကပစ ၂၄၊ ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမရွာမှာ လေတပ်သုံးဗုံးတွေ ထုတ်လုပ်တဲ့ ကပစ ၂၁ နဲ့ ‌ရွှေပို့ကျွန်းရွာမှာတော့ ကပစ ၂၂ ရှိပါတယ်။

ဒါဟာ တော်လှန်ရေးတပ်တွေအတွက် ဗျူဟာမြောက် စစ်ရေးပစ်မှတ်တွေဖြစ်ပြီး စစ်တပ်ဘက်ကလည်း ကပစ စက်ရုံတွေမှာ ခံစစ်ပြင်ဆင်တာရှိတယ်လို့ မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

"ဒီ ၆ လတာ အတွင်းမှာတော့ သူတို့ရဲ့အဓိက လက်နက်ခဲယမ်းထောက်ပံ့ရေးဗဟိုချက်တွေဖြစ်တဲ့ ကပစ စက်ရုံတွေ မကျဆုံးဖို့ စစ်ရေးအရ အကာအကွယ်တွေ တိုးမြှင့်တာ၊ ခံစစ်ပြင်ဆင်တာမျိုးတွေကို သူတို့ဘက်က လုပ်သင့်လုပ်ထိုက်တာမှန်သမျှ အစွမ်းကုန် လုပ်နေတာတွေ့ရတယ်" လို့ ယာယီပြန်ကြားရေးတာဝန်ခံ ကိုနေသူရိန်က ပြောပါတယ်။

ကပစတွေဆီ စစ်တပ်က စစ်အင်အားမတိုးနိုင်အောင် စစ်ရေးဗျူဟာအရ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်တပ်ရဲ့ ကပစ စက်ရုံတွေက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကို ပခုက္ကူခရိုင်တောင်ဘက်ခြမ်းနဲ့ ထိစပ်နေတဲ့ သရက်ခရိုင်နဲ့ ရခိုင်ရိုးမအစပ်က မင်းဘူးခရိုင်တို့မှာ တွေ့ခဲ့ရပါတယ်။

ကပစ တွေနဲ့ ရခိုင်ရိုးမ အစပ်

သရက်ခရိုင်မှာ သရက်၊ မင်းတုန်း၊ ကံမ၊ အထက်မင်းလှစတဲ့မြို့နယ်တွေပါဝင်ပြီး မင်းဘူးခရိုင်မှာတော့ မင်းဘူး၊ စကု၊ ငဖဲ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့တွေရှိပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်း ကစလို့ ရခိုင်ရိုးမအစပ်အထိကျယ်ပြန့်တဲ့ ဒီခရိုင်တွေမှာ စစ်တပ်ရဲ့ ကပစ စက်ရုံတွေ အများဆုံးရှိပြီး အဲဒီနေရာတွေကနေပဲ အင်အားစုဖွဲ့မှုတွေ လုပ်ကြတယ်လို့ မကွေးတော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

ဇွန်လဆန်းပိုင်းမှာပဲ သရက်ခရိုင် ကပစ ၁၂ မှာ ခြေကုပ်ယူထားတဲ့ စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေက မင်းတုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးသလို ထိတွေ့တိုက်ပွဲတွေလည်းဖြစ်နေပါတယ်။

"မင်းတုန်းနယ်ထဲကို လေးလပိုင်းကတည်းက အင်အားတွေ အသီးသီးပို့ပြီး ထောင်နဲ့ချီအင်အားနဲ့ မင်းတုန်းအနောက်ခြမ်းရယ် ရခိုင်ရိုးအစပ်ကို စစ်ကြောင်းထိုးနေတာ ဒီကနေ့အထိပါပဲ" လို့ သရက်ခရိုင်၊ PDF အမှတ် ၄ တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

မကွေးနဲ့ ရခိုင်ရိုးမအစပ်မှာဆိုရင် အမ်း - ပဒါန်းလမ်းမကြီးကို စစ်တပ်နဲ့ တော်လှန်ရေးတို့ ကိုယ်စီနေရာယူ ထားပြီး မကြာခဏထိတွေ့မှုတွေရှိတဲ့လမ်းပိုင်းလည်းဖြစ်ပါတယ်။ စစ်တပ်လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အနောက်တိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကနေ မကွေးတိုင်းထဲကို တော်လှန်ရေးတပ်တွေ သွားလာနိုင်တဲ့ အစိတ်အပိုင်းလို့လည်း နားလည်နိုင်ပါတယ်။

မကွေးတိုင်းက တော်လှန်ရေးအင်အားစုတွေနဲ့ မေးမြန်းကြည့်ချက်အရ စစ်တပ်ဟာ မကွေးကတဆင့် ချင်းတောင်ပိုင်း၊ ချင်းပြည်နယ် ပလက်ဝကတဆင့် အာရက္ခတပ်တော် (အေအေ) အခြေစိုက်ရာ ရခိုင်ကို စစ်ရေးဖိအားပေးနိုင်ဖို့ စိုင်းပြင်းနေဟန်ရှိတယ်လို့ ပြောကြပါတယ်။

"မိုးတွင်းအကုန်မှာ ဝိုင်းပတ်ထားနိုင်ဖို့ ရည်ရွယ်ပုံရတယ်။ ကျွန်တော်တို့လည်း ခရိုင်အလိုက် အတတ်နိုင်ဆုံး စစ်ရေးအရတုံ့ပြန်ဆောင်ရွက်နေပါတယ်" လို့ ပခုက္ကူခရိုင်တိုက်ပွဲမှာပါဝင်တဲ့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

CDM စစ်သားဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးကတော့ မတူညီတဲ့အမြင်ရှိပါတယ်။

"ချင်း၊ ရခိုင်ကို ဝင်နိုင်ရင်လည်း ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့အဓိက က ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်ထားနိုင်ပြီးဖြစ်တဲ့အတွက် အညာမြေပြန့်ဒေသမှာ တော်လှန်ရေးတပ်တွေ ခြေကုပ်မယူနိုင် အောင်နယ်မြေရှင်းလင်းနေတဲ့ပုံစံပါ" လို့ ကိုနောင်ရိုးက သုံးသပ်ပါတယ်။

အင်အားအလုံးအရင်းသုံးတဲ့ စစ်တပ်ဗျူဟာ

၂၀၂၆ နှစ်ဝက်တာအတွင်း စစ်တပ်ရဲ့ မကွေးတိုင်းထိုးစစ်မှာ ထူးခြားချက်က ဗျူဟာစခန်း၊ ကပစ စက်ရုံတွေမှာ လူသူလက်နက်အင်အားအမြောက်အများ စုဆောင်းပြီးမှ လက်နက်၊ နည်းပညာနဲ့ မြေပြင် စစ်ကြောင်းကို ဟန်ချက်ညီရွေ့တဲ့ပုံစံဖြစ်လာတယ်လို့ MDSI က ထောက်ပြပါတယ်။

"ကင်းထောက်ဒရုန်းနဲ့ အရင်ထောက်တယ်၊ ရွှေ့လျားပစ်မှတ်တွေကို လေယာဉ်နဲ့ဗုံးကြဲတယ်။ ဒရုန်းသုံးတယ်။ ပြီးရင် လက်နက်ကြီးပစ်ကူပါ ဆက်တိုက်ပေးပြီးမှ မြေပြင်စစ်ကြောင်းကို အလုံးလိုက်ဝင်တယ်" လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

လနဲ့ချီစစ်ကြောင်းဝင်ခဲ့တဲ့ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်ကိုဆိုရင် စစ်တပ်အင်အားအယောက် ၃၅၀ ခန့်နဲ့ ဝင်ရောက်ခဲ့တာလို့ ဆိုပြီး ဒါဟာ ပုံမှန်ထိုးနေကျအင်အားထက် ၃ ဆနီးပါး များလာတယ်လို့ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။

"အရင်က ၁၀၀၊ ၁၂၀ လောက်ပဲပါတာက အခု ၃၅၀ လောက်ရှိတယ်။ အင်အားအများကြီးသုံးတယ်။ မြစ်ခြေဖြစ်စဉ်မှာဆိုရင် သူတို့က စစ်ပုံမကျတာထက်ကို လူမဆန်ဘူးလို့တောင် ပြောနိုင်တယ်" လို့ ပခုက္ကူခရိုင် ပအဖ အဖွဲ့ဝင် ကိုစိုးထွဋ်ဝင်းက ဆက်ပြောပါတယ်။

ဒါပေမဲ့ ပြည်သူ့စစ်စခန်းရှိရာ ကျေးရွာတွေအသိမ်းခံရတဲ့ဖြစ်စဉ်မှာတော့ ရွေ့လျားမြေပြင်စစ်ကြောင်းတွေမှာ သုံးတဲ့ပုံစံနဲ့ ကွာခြားနေပြန်ပါတယ်။ ပြည်သူ့စစ်ရွာ ၃၀ လောက်ရှိတဲ့ ပေါက်မြို့နယ်မှာ ဇွန်လဆန်းတင် ကုက္ကိုစုနဲ့ ရေပြာ နှစ်ရွာ သိမ်းခံလိုက်ရတာပါ။

"ကျွန်တော်တို့ အတိုက်ခံရတဲ့အခြေအနေကို ပခုက္ကူ ၁၀၁ တပ်မကိုလည်း ပြောတယ်။ နေပြည်တော်ကိုလည်း ပြောတယ်။ ကျွန်တော်တို့ဘက်မှာ အကူအညီ မြူ တမှုန်တောင်မမြင်ရဘူး" လို့ သရက်ကန်ရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးရဲမြင့်က ပြောပါတယ်။

ဒီလိုအခင်းအကျင်းတွေကြောင့် ၂၀၂၆ နှောင်းပိုင်းကာလတွေမှာလည်း မကွေးတိုင်းရဲ့ စစ်ရေးအရွေ့ကို စောင့်ကြည့်ဖို့လိုအပ်တယ်လို့ စစ်ရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

"တော်လှန်ရေးတပ်တွေမှာ စစ်ပမ်းတာထက်ပိုတဲ့ လက်နက်၊ ခဲယမ်း၊ ငွေကြေးအကျပိုင်းရောက်နေချိန်၊ စစ်တပ်က စစ်မှုထမ်းနဲ့ အင်အားစု အလုံးအရင်းပြန်ရချိန် အချိန်ကိုက် နယ်မြေပြန်ရဖို့လုပ်မှာပါ" လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ "ပြည်သူတွေအနေနဲ့ အဘက်ဘက်က အထူးဂရုစိုက်ကြဖို့ပဲ မှာလိုပါတယ်" လို့ ယာယီပြန်ကြားရေးတာဝန်ခံ ကိုနေသူရိန်က ပြောထားပါတယ်။

စစ်ရေးအရွေ့နဲ့အတူ မကွေးတိုင်းက ပြည်သူတွေလည်း နေရပ်စွန့်ခွာကြရပြီး လူဦးရေ သောင်းနဲ့ချီ စစ်ဘေးရှောင်ကြရတဲ့အခြေအနေဖြစ်ပါတယ်။