ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ‘‘မြန်မာ့ပဋိပက္ခအရေး ချဉ်းကပ်ပုံကို အာဆီယံပြန်သုံးသပ်သင့်’’ - တီမောသမ္မတ

အိမ်ဖြူတော် UFC ပွဲကို ဦးတည်တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ဆိုသူ ၅ ဦးကို FBI ဖမ်းဆီး၊ အာဆီယံအနေနဲ့ မြန်မာ့ပဋိပက္ခအရေးချဉ်းကပ်ပုံကို ပြန်သုံးသပ်သင့်ပြီလို့ တီမောသမ္မတပြောတဲ့သတင်းအပါအဝင် ဇွန် ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ထုတ်လွှင့်ပေးနေပါပြီ။

အနှစ်ချုပ်

  • အိမ်ဖြူတော် UFC ပွဲကို တိုက်ခိုက်ဖို့ အုပ်စုဖွဲ့ ကြံစည်တဲ့ အသက် ၁၉ နှစ်ကနေ ၃၂ နှစ်အရွယ် အမျိုးသား ၅ ဦးကို FBI ဖမ်းဆီး
  • အာဂျင်တီးနား ကစားသမား လီယွန်နယ် မက်ဆီက ဟတ်ထရစ် ၃ ဂိုးသွင်း ယူပြီး အသင်းအတွက် ဂိုးပြတ် အနိုင်ယူ
  • မြန်မာမှာ နိုင်ငံရေးအရဖြေရှင်းဖို့ ချက်ချင်းလုပ်ဆောင်နေတာထက် အပစ်အခတ်ရပ်ဖို့ ဦးစားပေးသင့်တယ်လို့ တီမောသမ္မတ မစ္စတာ ဟိုဆေးရာမို့စ် ဟော်တာက ပြော
  • ဦးမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတာနဲ့ပတ်သက်လို့ မဟာဗျူဟာမြောက်မဟာမိတ် (Quad)အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယကို တိုက်ရိုက်ဆွေးနွေးဖို့ SAC-M က သြစတြေးလျကို တိုက်တွန်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အိန္ဒိယဝန်ကြီးချုပ်က ဦးမင်းအောင်လှိုင်ကို တွေ့ဆုံခဲ့မှုအပေါ် Quad အဖွဲ့ဝင်ချင်း ဆွေးနွေးဖို့ သြစတြေးလျကို SAC-M တိုက်တွန်း

    အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီက ဦးမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတာနဲ့ပတ်သက်လို့ မဟာဗျူဟာမြောက်မဟာမိတ်(Quad)အဖွဲ့ဝင် ဖြစ်တဲ့ အိန္ဒိယနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ မြန်မာ့အရေးအကြံပေးအဖွဲ့ (SAC-M)က Quad အဖွဲ့ဝင် သြစတြေးလျကို တိုက်တွန်းလိုက်ပါတယ်။

    Quad အဖွဲ့ဟာ အမေရိကန်၊ သြစတေးလျ၊ ဂျပန်၊ အိန္ဒိယတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

    SAC- M အပြောအရ စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာအာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက တွေ့ဆုံခဲ့တာအတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်းကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

    ဇွန် ၁၅ ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ SAC-M တိုက်တွန်းချက်မှာ ဝန်ကြီးချုပ်မိုဒီက ဦးမင်းအောင်လှိုင်ကို အသိအမှတ်ပြုတွေ့ဆုံမှုဟာ Quad ရဲ့ မြန်မာနိုင်ငံဆိုင်ရာရပ်တည်ချက်နဲ့ အလွန်ဆန့်ကျင်နေတယ်လို့ဆိုပြီး ထောက်ပြပါတယ်။

    မေလအတွင်းက ပြုလုပ်ခဲ့တဲ့ Quad နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ပူးတွဲကြေညာချက်မှာ မြန်မာမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ပဋိပက္ခနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

    အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့၊ လူသားစာနာအကူအညီရရှိနိုင်မယ့်အခြေအန ဖန်တီးရေးအတွက် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့လည်း အိန္ဒိယပါဝင်တဲ့ Quad အဖွဲ့က မကြာသေးခင်တုန်းကပဲ ပူးတွဲကြေညာထားတာဖြစ်ပါတယ်။

    Quad အဖွဲ့ဝင် အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်က ဦးမင်းအောင်လှိုင်ကို ဒီလအစောပိုင်းမှာ နယူးဒေလီမှာ တွေ့ဆုံပြီး ကာကွယ်ရေး၊ လုံခြုံရေး၊ အခြေခံဆောက်အအုံနဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တာကိုတွေ့ရပြီး တဖက်မှာလည်း ဒီဆွေးနွေးချက်တွေဟာ Quad ရဲ့အဓိကစိုးရိမ်ချက်တွေဖြစ်နေတယ်လို့ SAC-M က ဆိုပါတယ်။

    ဒါကြောင့် မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတယ်လို့ ထုတ်ပြောထားသလို Quad အဖွဲ့ဝင် သြစ‌တြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းအနေနဲ့ အိန္ဒိယကို တိုက်ရိုက်ပြောဖို့ တိုက်တွန်းလာတာပါ။

    အိန္ဒိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို နှစ်နိုင်ငံ တွေ့ဆုံတာအပြင် Quad ကနေတဆင့်လည်း စိုးရိမ်ချက်ကိုပြောဖို့၊ အိန္ဒိယဝန်ကြီးချုပ်နဲ့ နေပြည်တော်အုပ်စိုးသူအစုအဖွဲ့တို့ တွေ့ဆုံမှုကို သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်တို့ကလည်း ကန့်ကွက်ဖို့ SAC-M က သူတို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

  2. တရုတ်စီမံကိန်းများလုံခြုံရေး-ဦးမင်းအောင်လှိုင်ရဲ့ဘေကျင်းအတွက် အာမခံချက်

    သမ္မတရာထူးယူထားတဲ့ နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဉ်အပြီး ၁၀ ရက်ကျော်အကြာမှာ တရုတ်နိုင်ငံကို သွားရောက်နေပါတယ်။

    သမ္မတရှီက မြန်မာက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို လုံခြုံရေးအာမခံချက်နဲ့ အကောင်အထည်ဖော်ဖို့ တွန်းအားပေးခဲ့ပြီး ဦးမင်းအောင်လှိုင်က တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးသွားမယ်လို့ အာမခံခဲ့ပါတယ်။

    ဇွန် ၁၆ ရက်က ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်က တွေ့ဆုံမှုအတွင်း မြန်မာမြောက်ပိုင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) နှိမ်နင်းရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးတဲ့နောက် တရုတ်ကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်မှာ နေပြည်တော်ရဲ့ တရုတ်ကို ကတိပြုချက်တွေက ဘာတွေပါလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. မြန်မာ့ပဋိပက္ခအရေး ချဉ်းကပ်ပုံကို အာဆီယံပြန်သုံးသပ်သင့် - တီမောသမ္မတ

    မြန်မာမှာ အပစ်မရပ်ဘဲ ဒီမိုကရေစီ ပြန်လည်အသက်သွင်းဖို့ အားထုတ်တာက အချည်းနှီးပဲလို့ ငြိမ်းချမ်းရေးညှိနှိုင်းသူအဖြစ် ဆယ်စုနှစ်ချီ အတွေ့ကြုံရှိတဲ့ တီမောသမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက ပြောတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ New StraitsTimes မလေးရှားသတင်းစာက ဖော်ပြပါတယ်။

    အာဆီယံအနေနဲ့ မြန်မာ့အရေးချဥ်းကပ်နေပုံကို ပြန်လည်ဆန်းစစ်သင့်တယ်လို့လည်း ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။

    မလေးရှားနိုင်ငံကို အလုပ်သဘောရောက်ရှိနေတဲ့ တီမောသမ္မတက သူ့နိုင်ငံရဲ့ငြိမ်းချမ်းရေး ခရီးလမ်းအကြောင်းကို မလေးရှားသုတေသီ ၂ ဦးက ရေးထားတဲ့ The Rising Sun စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ချိန်မှာ ပြောသွားတာပါ။

    မြန်မာမှာ နိုင်ငံရေးအရဖြေရှင်းဖို့ ချက်ချင်းလုပ်ဆောင်နေတာထက် အပစ်အခတ်ရပ်ဖို့ ဦးစားပေးသင့်တယ်လို့ တီမောသမ္မတ မစ္စတာ ဟိုဆေးရာမို့စ် ဟော်တာက ပြောပါတယ်။

    “နံပါတ်တစ် ပဋိပက္ခကို ရပ်ရမယ်။ နံပါတ်နှစ်က ပဋိပက္ခရပ်ရမယ်၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအခြေအနေကို ပုံမှန်ဖြစ်အောင် ကြိုးစားရမယ်၊ ဒီလိုဖြစ်အောင်ကူညီဖို့ NGOs တွေ၊ နိုင်ငံတကာအေဂျင်စီတွေနဲ့ အိမ်နီးချင်းတွေကို ခေါ်ယူရမယ်” လို့ တီမောသမ္မတကပြောပါတယ်။

    နိုင်ငံရေးလုပ်ငန်းစဥ်ကို နောက်မှပြောဖို့လည်း သူက ဆိုပါတယ်။

    သူ့ရဲ့အတွေ့အကြုံအရ တည်ငြိမ်ရေးနဲ့ လူသားစာနာအကူအညီတွေဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဥ်ရဲ့ရှေ့ကနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ထောက်ပြပါတယ်။

    “ဒီအခြေအနေကို အရင်ဆုံး ရပ်တန့်ဖို့ စစ်တပ်နဲ့ တခြားပါတီတွေ အားလုံးသဘောတူလိုက်ရင် ဒီမိုကရေစီက နောက်ထပ်အချိန်အနည်းငယ် စောင့်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။

    သူဆိုလိုချင်တာကတော့ လက်ရှိပဋိပက္ခကို ရပ်တန့်ဖို့ဖြစ်ပြီး ဒီမိုကရေစီပြန်လည်အသက်သွင်းဖို့က နောက်မှ ဆက်လုပ်နိုင်တယ်လို့ နားလည်ရပါတယ်။

    တီမောသမ္မတက နေပြည်တော်ခေါင်းဆောင်တွေအနေနဲ့ မြန်မာက မတည်ငြိမ်မှုတွေဟာ ဒေသတွင်း ဝန်ထုပ်ဝန်ပိုးဖြစ်လာတာကို သတိပြုသင့်ပြီလို့ ဆိုပါတယ်။

    ဒါဟာ တီမောသမ္မတ အနေနဲ့ မြန်မာ့ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးပြောဆိုချက်ဖြစ်လာပါတယ်။

    ပြီးခဲ့‌တဲ့မေ ၃၀ ရက်တုန်းက စင်ကာပူမှာ ကျင်းပတဲ့ ရှန်ဂရီလာဆွေးနွေးပွဲမှာ တီမောသမ္မတကမြန်မာရဲ့ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ အောင်မြင်မှုစာရင်းမှာ အစွန်းအထင်းတစ်ခုဖြစ်နေတယ်လို့ ‌‌ထုတ်ပြောပါတယ်။

    ဒီပြောဆိုချက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာ ကိစ္စရပ်တွေအပေါ် ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ ‌‌နေပြည်တော် နိုင်ငံခြား‌ရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။

  4. ၂၀၂၆ ကမ္ဘာ့ဖလား - အုပ်စု ဂျေ (အာဂျင်တီးနား ၃ - ၀ အယ်လ်ဂျီးရီးယား)

    ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု ဂျေ ပွဲစဉ် တစ်ပွဲအဖြစ် အာဂျင်တီးနားနဲ့ အယ်လ်ဂျီးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အာဂျင်တီးနား ကစားသမား လီယွန်နယ် မက်ဆီက ဟတ်ထရစ် ၃ ဂိုးသွင်း ယူပြီး အသင်းအတွက် ဂိုးပြတ် အနိုင်ယူပေးခဲ့ပါတယ်။

    မက်ဆီဟာ ပွဲကစားချိန် ၁၇ မိနစ်၊ မိနစ် ၆၀ နဲ့ ၇၆ မိနစ်တို့မှာ ဟတ် ထရစ် ၃ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ ကန်းဆက်စ် စီးတီး အားကစားရုံမှာ ကန်ခဲ့တဲ့ ဒီပွဲကို ပရိသတ် ၇ သောင်းနီးပါး တက်ရောက်ခဲ့ပါတယ်။

    တဖက်မှာလည်း မက်ဆီဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲ အုပ်စုပွဲတွေမှာ သုံးဂိုးသွင်းတဲ့ ပထမဆုံးကစားသမားဖြစ်လာသလို ကမ္ဘာ့ဖလားမှာလည်း ဂိုးအများဆုံးသွင်းထားတဲ့ ဂျာမနီ ဘောလုံးသမား Klose လိုပဲ သွင်းဂိုး ၁၆ ဂိုးနဲ့ ထပ်တူညီနေပါတယ်။

    မက်ဆီဟာ အာဂျင်နီးနားအတွက် ဘောလုံးပွဲပေါင်း ၂၀၀ ပါ ဝင်ကစားထားပြီး အမေရိကန်မှာ ဇွန် ၁၆ ရက်ညပိုင်းကစားခဲ့တဲ့ဒီပွဲဟာ ကမ္ဘာ့ဖလားပွဲမှာ သူ ပထမဆုံး ဟတ် ထရစ် သွင်းတာလည်း ဖြစ်ပါတယ်။

    အခုပွဲကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံ ၃ ကြိမ် ယူထားတဲ့ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို ဂိုးမပေးရဘဲ ပထမဆုံးခုခံကာကွယ်နိုင်ခဲ့တဲ့ပွဲလည်းဖြစ်လာပါတယ်။

  5. အိမ်ဖြူတော် UFC ပွဲကို ဒရုန်း၊ စနိုက်ပါသုံး အုပ်စုဖွဲ့တိုက်ဖို့ ကြံစည်တယ်လို့ဆိုသူ ၅ ဦးကို FBI ဖမ်း

    ပြီးခဲ့တဲ့ တနင်္ဂနွေက ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော် UFC ပွဲကို ဒရုန်း၊ စနိုက်ပါတွေ သုံးပြီး ဦးတည်တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ဆိုသူ အမျိုးသား ၅ ဦးကို FBI က ဖမ်းဆီးလိုက်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။ အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ အဲဒီပွဲကို မြန်မာနွယ်ဖွား ချင်းဖိုက်တာ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်လည်း ဒီပွဲမှာ ပါဝင်တဲ့သူ့မိတ်ဆွေ ဖိုက်တာတွေရဲ့ပွဲကို အားပေးဖို့ တက်ရောက်ခဲ့တာပါ။

    အိမ်ဖြူတော် UFCပွဲ တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ဆိုတဲ့ အစီအစဥ်ထဲ ဒရုန်းသုံးပြီး ပွဲပတ်ဝန်းကျင်က အဆောက်အဦနဲ့ အရေးကြီးပစ်မှတ်တွေကို ပစ်ခတ်ဖို့ပါတယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ အဖြစ် ကျင်းပခဲ့တဲ့ အဲဒီပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိသားစုအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အမေရိကန်အုပ်ချုပ်ရေး ထိပ်ပိုင်းအရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။

    တိုက်ခိုက်မယ့်အုပ်စုထဲက သံသယရှိသူတစ်ဦးကို ပြီးခဲ့တဲ့တစ်ပတ်က အိုဟိုင်းယိုးမှာ FBI က ဖမ်းမိခဲ့ပါတယ်။ ဒီကနေမှတဆင့် အမေရိကန် စုံစမ်းစစ်ဆေးသူတွေက သူနဲ့ ဆက်နွှယ်သူတွေရဲ့လျှို့ဝှက်စာတို‌တွေကို ဖော်ထုတ်ခဲ့တယ်လို့ အမေရိကန်တရားရေးဘက်က ဆိုပါတယ်။ အစိုးရရှေ့နေတွေရဲ့ တရားစွဲအထောက်အထားတွေအရ ဖမ်းဆီးရမိသူတွေဟာ အစွန်းရောက်ဘာသာရေးနဲ့ အစိုးရဆန့်ကျင်ရေး ခံစားချက်တွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။

    “ကြိုတင်စီစဥ်ပြီး တိုက်ခိုက်ဖို့လုပ်တဲ့ဆိုတဲ့ကိစ္စတွေကို တားဆီးလိုက်နိုင်ပါပြီ” လို့ FBI ဒါရိုက်တာ ကတ်ချ်ပေ့က လူမှုကွန်ရက်မှာ တင်ထားပါတယ်။

    သံသယရှိသူတွေကတော့ အိုဟိုင်းယိုးမှာ ဖမ်းမိတဲ့ အသက် ၁၉ နှစ်အရွယ် တိုင်စန်စီပရောပါ၊ ကယ်လီဖိုးနီးယားက အသက် ၂၄ နှစ်အရွယ် အိုမာရာရိုအာနဲ့ အသက် ၃၂ နှစ်အရွယ် မိုင်ကယ်အလန်သောမတ်၊ မစ်ဆိုရီက အသက် ၃၂ နှစ်အရွယ် ဒန်နီရယ် ကေ အက်ခရစ်နဲ့ နက်ဘရာစကာက အသက် ၃၁ နှစ်အရွယ် အဲမိုစယ်လို အာဗရက်တို့ ဖြစ်ပါတယ်။

    ဒီ ၅ ဦးကို ပြည်နယ် ၄ ခုကနေ ဖမ်းမိတာဖြစ်ပြီး သူတို့ကို လူသတ်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲထားတယ်လို့ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အိမ်ဖြူတော်ပွဲကို တိုက်ခိုက်ဖို့ကြံစည်သူတွေဟာ ဒရုန်းတွေနဲ့ ပွဲကလူတွေအထိတ်တလန့်ဖြစ် အောင်လုပ်ပြီး လူအုပ်ကြီးကို စနိုက်ပါအဖွဲ့ဆီ တွန်းပို့ဖို့ စီစဥ်ထားတာလို့ တရားရုံးရဲ့ အထောက် အထားတွေမှာ ဖော်ပြပါတယ်။ ဒုတိယအုပ်စုကတော့ အိမ်ဖြူတော်ဂိတ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာပါ။

    အိမ်ဖြူတော် UFC ပွဲကို ဖိတ်ကြားထားသူ ၄၃၀၀ ဝန်းကျင်တက်ရောက်ပြီး အနီးဝန်းကျင်မှာတော့ လူ ၈၅,၀၀၀ ကြည့်ရှုနိုင်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြံစည်သူအုပ်စုမှာပါဝင်တဲ့ အာဗရက်ရဲ့ တရားရုံးအချက်အလက်အရ တိုက်ခိုက်မှုပစ်မှတ်ထဲမှာ အမေရိကန်သမ္မတ၊ ဒုသမ္မတ၊ အစ္စရေးဝန်ကြီးချုပ်နဲ့ အီလွန်မတ်အပါအဝင် တခြားသောရွေးကောက်ခံအရာရှိအများအပြားကို ဦးတည်တယ်လို့ဆိုပါတယ်။

  6. မင်္ဂလာပါ။ ဇွန်လ ၁၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။