
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော် UFC ပွဲမှာ တွေ့ရတဲ့ အမေရိကန်သမ္မတနဲ့ သမ္မတကတော်(ပုံဟောင်း)ပြီးခဲ့တဲ့ တနင်္ဂနွေက ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော် UFC ပွဲကို ဒရုန်း၊ စနိုက်ပါတွေ သုံးပြီး ဦးတည်တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ဆိုသူ အမျိုးသား ၅ ဦးကို FBI က ဖမ်းဆီးလိုက်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။ အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ အဲဒီပွဲကို မြန်မာနွယ်ဖွား ချင်းဖိုက်တာ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်လည်း ဒီပွဲမှာ ပါဝင်တဲ့သူ့မိတ်ဆွေ ဖိုက်တာတွေရဲ့ပွဲကို အားပေးဖို့ တက်ရောက်ခဲ့တာပါ။
အိမ်ဖြူတော် UFCပွဲ တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ဆိုတဲ့ အစီအစဥ်ထဲ ဒရုန်းသုံးပြီး ပွဲပတ်ဝန်းကျင်က အဆောက်အဦနဲ့ အရေးကြီးပစ်မှတ်တွေကို ပစ်ခတ်ဖို့ပါတယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ အဖြစ် ကျင်းပခဲ့တဲ့ အဲဒီပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိသားစုအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အမေရိကန်အုပ်ချုပ်ရေး ထိပ်ပိုင်းအရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။
တိုက်ခိုက်မယ့်အုပ်စုထဲက သံသယရှိသူတစ်ဦးကို ပြီးခဲ့တဲ့တစ်ပတ်က အိုဟိုင်းယိုးမှာ FBI က ဖမ်းမိခဲ့ပါတယ်။ ဒီကနေမှတဆင့် အမေရိကန် စုံစမ်းစစ်ဆေးသူတွေက သူနဲ့ ဆက်နွှယ်သူတွေရဲ့လျှို့ဝှက်စာတိုတွေကို ဖော်ထုတ်ခဲ့တယ်လို့ အမေရိကန်တရားရေးဘက်က ဆိုပါတယ်။ အစိုးရရှေ့နေတွေရဲ့ တရားစွဲအထောက်အထားတွေအရ ဖမ်းဆီးရမိသူတွေဟာ အစွန်းရောက်ဘာသာရေးနဲ့ အစိုးရဆန့်ကျင်ရေး ခံစားချက်တွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။
“ကြိုတင်စီစဥ်ပြီး တိုက်ခိုက်ဖို့လုပ်တဲ့ဆိုတဲ့ကိစ္စတွေကို တားဆီးလိုက်နိုင်ပါပြီ” လို့ FBI ဒါရိုက်တာ ကတ်ချ်ပေ့က လူမှုကွန်ရက်မှာ တင်ထားပါတယ်။
သံသယရှိသူတွေကတော့ အိုဟိုင်းယိုးမှာ ဖမ်းမိတဲ့ အသက် ၁၉ နှစ်အရွယ် တိုင်စန်စီပရောပါ၊ ကယ်လီဖိုးနီးယားက အသက် ၂၄ နှစ်အရွယ် အိုမာရာရိုအာနဲ့ အသက် ၃၂ နှစ်အရွယ် မိုင်ကယ်အလန်သောမတ်၊ မစ်ဆိုရီက အသက် ၃၂ နှစ်အရွယ် ဒန်နီရယ် ကေ အက်ခရစ်နဲ့ နက်ဘရာစကာက အသက် ၃၁ နှစ်အရွယ် အဲမိုစယ်လို အာဗရက်တို့ ဖြစ်ပါတယ်။
ဒီ ၅ ဦးကို ပြည်နယ် ၄ ခုကနေ ဖမ်းမိတာဖြစ်ပြီး သူတို့ကို လူသတ်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲထားတယ်လို့ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အိမ်ဖြူတော်ပွဲကို တိုက်ခိုက်ဖို့ကြံစည်သူတွေဟာ ဒရုန်းတွေနဲ့ ပွဲကလူတွေအထိတ်တလန့်ဖြစ် အောင်လုပ်ပြီး လူအုပ်ကြီးကို စနိုက်ပါအဖွဲ့ဆီ တွန်းပို့ဖို့ စီစဥ်ထားတာလို့ တရားရုံးရဲ့ အထောက် အထားတွေမှာ ဖော်ပြပါတယ်။ ဒုတိယအုပ်စုကတော့ အိမ်ဖြူတော်ဂိတ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာပါ။
အိမ်ဖြူတော် UFC ပွဲကို ဖိတ်ကြားထားသူ ၄၃၀၀ ဝန်းကျင်တက်ရောက်ပြီး အနီးဝန်းကျင်မှာတော့ လူ ၈၅,၀၀၀ ကြည့်ရှုနိုင်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြံစည်သူအုပ်စုမှာပါဝင်တဲ့ အာဗရက်ရဲ့ တရားရုံးအချက်အလက်အရ တိုက်ခိုက်မှုပစ်မှတ်ထဲမှာ အမေရိကန်သမ္မတ၊ ဒုသမ္မတ၊ အစ္စရေးဝန်ကြီးချုပ်နဲ့ အီလွန်မတ်အပါအဝင် တခြားသောရွေးကောက်ခံအရာရှိအများအပြားကို ဦးတည်တယ်လို့ဆိုပါတယ်။