၂၀၂၀ တိုကျို အိုလံပစ် ခြေစစ်ပွဲ မြန်မာ အမျိုးသမီး ယှဉ်ပြိုင်မယ်

၂၀၂၀ ခုနှစ် ဂျပန် နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် နွေရာသီ အိုလံပစ် ပြိုင်ပွဲက အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေရဲ့ ခြေစစ်ပွဲတွေကို မြန်မာအသင်း ဝင်ရောက် ယှဉ် ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီး အသင်းဟာ အာရှဇုန် ပထမဆင့် ခြေစစ်ပွဲရဲ့ အုပ်စု C မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါအသင်းတို့နဲ့ တစ်အုပ်စုထဲ ကျနေပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမယ့် ခြေစစ်ပွဲတွေကို လာမယ့် နိုဝင်ဘာ ၈ရက်နေ့ကနေ ၁၃ရက်နေ့အထိ ရန်ကုန်မြို့က သုဝဏ္ဏကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲတွေ အားလုံးကို ကွင်းဝင်ကြေး အခမဲ့ သတ်မှတ် ထားလို့ ဘောလုံး ပရိသတ်တိုင်း မြန်မာ အမျိုးသမီး အသင်းကို အားပေးနိုင်ဖို့ မြန်မာ့ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားတာ ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီး အသင်းဟာ အဖွင့်ပွဲမှာ ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ စတင်ကစားရမှာ ဖြစ်ပြီး ဒုတိယ အဆင့် ခြေစစ်ပွဲကို ထိပ်ဆုံး ၂သင်း တက်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။

အိုလံပစ် အိမ်ရှင် ဂျပန်အသင်းက အလိုအလျောက် ခြေစစ်ပွဲ အောင်ပြီး အာရှ ထိပ်သီး အသင်းကြီးတွေဖြစ်တဲ့ သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ထိုင်း အသင်းတွေကို တတိယ အဆင့်ခြေစစ်ပွဲကနေ စတင်ရမှာ ဖြစ်ပါတယ်။

အာဆီယံ ထိပ်သီး အသင်း တစ်သင်းဖြစ်တဲ့ ဗီယက်နမ်နဲ့ ဥဇဘတ်ကစ္စတန် အသင်းတွေက ဒုတိယအဆင့် ခြေစစ်ပွဲတွေကနေ စောင့်နေပြီး မြန်မာအသင်းက ပထမအဆင့်ကနေ ခြေစစ်ပွဲ ဝင်ရတာ ဖြစ်ပါတယ်။

၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲကို အာရှ ခြေစစ်ပွဲတွေကနေ ၂သင်းသာ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲ

အိန္ဒိယ - နီပေါ ( နိုဝင်ဘာ ၈)

မြန်မာ - ဘင်္ဂလားဒေ့ရှ် ( နိုဝင်ဘာ ၈)

ဘင်္ဂလားဒေ့ရှ် - အိန္ဒိယ ( နိုဝင်ဘာ ၁၁)

မြန်မာ - နီပေါ ( နိုဝင်ဘာ ၁၁)

နီပေါ - ဘင်္ဂလားဒေ့ရှ် ( နိုဝင်ဘာ ၁၃)

မြန်မာ - အိန္ဒိယ ( နိုဝင်ဘာ ၁၃)

( ပွဲစဉ်တွေကို မြန်မာစံတော်ချိန် ညနေ ၃နာရီနဲ့ ၆နာရီတွေမှာ ကျင်းမှာ ဖြစ်ပါတယ်။)

မြန်မာ အမျိုးသမီး အသင်း အိုလံပစ် မှတ်တမ်း

၂၀၁၆ - ဒုတိယအဆင့် ခြေစစ်ပွဲ

၂၀၁၂ - ဒုတိယအဆင့် ခြေစစ်ပွဲ

၂၀၂၀ အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၂သင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပြီး အိမ်ရှင်ဂျပန်နဲ့ တောင်အမေရိကတိုက်က ဘရာဇီးတို့ကတော့ ခြေစစ်ပွဲ အောင်ပြီးသား ဖြစ်ပါတယ်။