ဧပြီ ၂၅ ရက် သတင်းအနှစ်ချုပ် - စစ်ကိုင်းနဲ့ မကွေးတို့က မြို့နယ်တွေမှာသောက်သုံးရေလိုအပ်နေ

ဖတ်ရန်အချိန်: မိနစ် ၆

နွေရာသီကာလအပူချိန်မြင့်တက်လာတာနဲ့အတူ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်တွေမှာ သောက်သုံးရေလိုအပ်ချက်နဲ့ ရင်ဆိုင်နေရပြီး အသင်းအဖွဲ့တွေဘက်ကနေ ရေကူညီပေးနေရတယ်လို့ ကူညီပေးနေသူတွေထံကသိရပါတယ်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင် ဒီနှစ်မှာသောက်သုံးရေရှားပါးမှုပိုကြုံနေရတယ်လို့ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ အညာမြေ တပ်ပေါင်းစုကနေ သိရပါတယ်။

"မနှစ်နွေရာသီကတည်းက ကျွန်တော်တို့ဘက်မှာမိုးခေါင်တယ်၊ ငလျင်ကြီးလှုပ်ပြီးတော့လည်း အကျိုးဆက်က ရေတွေခမ်းကုန်တယ်။ အခုနှစ်ဆိုလည်း မတ်လကရေစရှားပြီး ဧပြီမှာ အတော်ရှားနေပါပြီ။ လောင်စာဆီဈေးကလည်း အရမ်းမြင့်နေတော့ ရေရတဲ့နေရာကိုလည်း ပြည်သူတွေသွားမသယ်နိုင်ဘူး အတော်ခက်ခဲတယ်" လို့ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

မြိုင်မြို့နယ်ထဲမှာ စက်သုံးဆီဈေးနှုန်းက တလီတာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိလို့ ဒေသခံတွေသွားလာရေးခက်ခဲပြီး သောက်သုံးရေသယ်ယူရရှိရေးပါ ဆက်တိုက် အခက်ကြုံရတာလည်းဖြစ်ပါတယ်။

ဒါအပြင် စစ်ကိုင်းတိုင်းထဲက ကလေးဝ၊ ကလေး၊ ကန့်ဘလူ၊ ဝန်းသို၊ ခန္တီး၊ ဟုမ္မလင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ဖောင်းပြင်၊ မုံရွာ၊ ချောင်းဦးနဲ့ ရွှေဘိုတို့က သောက်သုံးရေလိုအပ်နေတဲ့ စာသင်တိုက်တွေ၊ ဘုန်းတော်ကြီးကျောင်း တွေနဲ့ လူနေရပ်ကွက်တွေကို ရေကူညီပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဒီနေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

အခုသောက်သုံးရေလိုအပ်နေတဲ့ မကွေးတိုင်းထဲက ချောက်၊ မင်းဘူး၊ ပခုက္ကူတကြောနဲ့ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ရွှေဘို၊ မုံရွာတို့ဘက်မှာ နေ့စဉ်လိုလိုအပူချိန်ဟာ ၄၀ ဒီဂရီဆဲဆီးယက်ပတ်ဝန်းကျင်မှာရှိနေပါတယ်။

လာမယ့်ရက်သတ္တပတ်အတွင်း မြန်မာက မြို့ကြီးတွေမှာ နေ့အပူချိန်မြင့်မားလာတာနဲ့အတူ လေထုတွင်း စိုထိုင်းဆများတာနဲ့ အပူပျံတက်တိမ်တွေကြောင့် ပြင်ပရှိတဲ့ အမှန်တကယ် အပူချိန်ထက် ပိုပြီးခန္ဓာကိုယ်မှာ ပူပြင်းမှုဒဏ်ကို ခံစားရနိုင်တယ်လို့ NUG အစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ ဧပြီ ၂၅ ရက်ကနေ မေ ၁ ရက်နေ့အထိ လူအများခံစားရတဲ့အပူချိန်ဟာ ၄၂ ကနေ ၄၅ ဒီဂရီစင်တီဂရိတ်ခန့်ရှိနိုင်လို့ MoSLHA ကပြောပါတယ်။ ဒီဂရီဆဲဆီးယက်နဲ့ ဒီဂရီစင်တီဂရိတ်အသုံးအနှုန်းဟာ အတူတူပဲဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နေရာအချို့ကို စစ်တပ်ပြန်ရ

ချင်းညီနောင် (CB) အဖွဲ့က တစ်နှစ်ကျော်သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က နေရာအချို့ကို စစ်တပ်က ပြန်လည်ရရှိသွားတယ်လို့ စစ်ရေးအရင်းအမြစ်ဆီက သိရပါတယ်။

စစ်တပ်သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေကတော့ ဖလမ်းမြို့အပါအဝင် ဆူရ်းဘုန်းလေဆိပ်ကိုပါ ပြန်ရထားတယ်လို့ ဒီနေ့ နေ့လယ်ပိုင်းကစလို့ ဖော်ပြနေပါတယ်။

"ဖလမ်းမြို့ကနေရာအကုန်လုံးတော့မဟုတ်ပေမဲ့ တချို့နေရာတွေကိုပြန်ဝင်လာပြီဗျ" လို့ ဒီမနက် ဖလမ်းစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သိရှိသူတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဆက်သွယ်ထားတဲ့ ဖလမ်းမြို့ကိုပြန်ရဖို့ အခုနှစ်စပိုင်းကစပြီး စစ်တပ်ဘက်က ထိုးစစ်အရှိန်မြှင့်ခဲ့ကာ မြေပြင်အင်အားရာနဲ့ချီအပြင် ဒရုန်း၊ လေယာဉ်တွေနဲ့ပါ ဆက်တိုက်တိုက်ခိုက်ခဲ့ပါတယ်။

ဖလမ်းမြို့ကို စစ်တပ်ကအလုံးစုံပြန်ထိန်းချုပ်နိုင်ခဲ့ရင် ချင်းတော်လှန်ရေးတပ်အသီးသီးထိန်းချုပ် ထားတဲ့ ထန်တလန်၊ ဟားခါး၊ တီးတိန်စတဲ့ စိုးမိုးနယ်မြေတွေကိုပါ ပြန်ထိုးဖောက်လာနိုင်တဲ့ အခြေအနေပါ။ ဒါအပြင် ချင်းတောင်ပိုင်းက ရေဇွာ၊ မတူပီမြို့တွေကိုပါ စစ်ရေးဖြန့်လာနိုင်မယ့် အနေအထားလည်းဖြစ်ပါတယ်။

ဖလမ်းမြိုကနေရာတချို့လက်လွှတ်လိုက်ရတာနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ (CB) ရော ချင်းအမျိုးသားတပ်ဦး (CNF) ကိုပါ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ နေ့လယ် ၁ နာရီအချိန်အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

နိုင်ငံရေးမှာစစ်တပ်မပါမှ မြန်မာ့အရေးပြေလည်နိုင်မယ်လို့ NUCC ပြော

မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းပြေလည်နိုင်ဖို့အတွက် "နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုမရှိမှသာ" လမ်းစပွင့်လာနိုင်မယ်လို့ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဒီနေ့ ထုတ်ပြန်လာပါတယ်။

သမ္မတအဖြစ်တာဝန်ယူလိုက်တဲ့ ဦးမင်းအောင်လှိုင်ကသူ့အစိုးရရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မယ်လို့ ပြောခဲ့တဲ့အပေါ် NUCC ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ထည့်ပြောခဲ့တာပါ။

စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အပစ်ရပ် သဘောတူစာချုပ် NCA လမ်းကြောင်းတို့ကတဆင့် တော်လှန်ရေးအင်အားစုတွေကို သွေးခွဲဖို့ရည်ရွယ်တဲ့ အတုအယောင်ဖိတ်ခေါ်မှုလို့ NUCC က သုံးနှုန်းပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းစမှာပဲ တော်လှန်ရေးအင်အားစုတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာရှိနေသရွေ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ ပြည်သူတွေရဲ့လိုလားချက်ကိုရနိုင်မှာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်သာ သက်ဆိုးရှည်နေလိမ့်မယ်လို့ NUCC က ပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဦးတည်ချက် ၆ ရပ်ကို အခြေခံတဲ့ ဘုံနိုင်ငံရေး သဘောတူညီချက်တွေကိုစုစည်းရပ်တည်ပြီး ဆက်တိုက်ပွဲဝင်ဖို့ NUCC က တိုက်တွန်းကြောင်းပါ ဖော်ပြထားပါတယ်။

နိုင်ငံရေးဦးတည်ချက် ၆ ရပ်မှာ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းပြီး ပြန်အသက်သွင်းဖို့ ကြိုးပမ်းတာတွေကို တိုက်ဖျက်ဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းဖို့ဆိုတဲ့ အချက်တွေပါ ပါဝင်ပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ သူ့အစိုးရ ရက် ၁၀၀ အတွင်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော မထိုးရသေးတဲ့အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုသလို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကိုပါ ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်လို့ ပြောထားပါတယ်။ ဒါဟာ စစ်တပ်ဘက်က နိုင်ငံရေးအရအသာစီးရယူမှုလို့ဆိုပြီး ဖိတ်ခေါ်မှုကအတုအယောင်ဖြစ် ကြောင်း တော်လှန်ရေးအင်အားစုတချို့က တုံ့ပြန်ပြောထားကြပါတယ်။

ကပစ ၂၄ ‌ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခံရ

ပေါက်မြို့နယ်ထဲက အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ လက်ရုံးတပ်ဖြစ်တဲ့ MGY30-SOU က ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပကဖဘက်က သတင်းထုတ်ပြန်ပါတယ်။

မျှားပိုင်းရွာအနီးမှာရှိတဲ့ ကပစ ၂၄ ဟာ လက်နက်ထုတ်လုပ်ရေးမှာပုံလောင်းဖို့အသုံးပြုတဲ့ အလူမီနီယံကို အရည်တဲ့ကြိုစက်ရုံ ဖြစ်ပြီး ဧပြီ ၂၀ ရက် ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်မှုအပြီးမှာ စက်ရုံအဆောက်အဦတွေမီးလောင် ပျက်စီးခဲ့တယ်လို့ နီးစပ်သူတချို့ဆီကသိရပါတယ်။

ကပစ ၂၄ နဲ့ နီးစပ်တဲ့ စစ်တပ်သတင်းအရင်းအမြစ်တစ်ဦးကတော့ တိုက်ခိုက်ခံရမှုမှန်ကန်ပြီး အထိအခိုက်အပျက်အစီးမရှိဘူးလို့ ပြောပါတယ်။

ကပစ ၂၄ တိုက်ခိုက်ခံရပြီးနောက် ဧပြီ ၂၃ ရက်၊ မနက်ပိုင်းမှာ စက်ရုံအနီးတဝိုက်ကကျေးရွာတွေကို မြန်မာစစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့ ဧပြီ ၂၄ ရက်ညပိုင်းမှာလည်း ပေါက်မြို့နဲ့အနီးတဝိုက်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရတယ်လို့ ဒေသခံတချို့ဆီကသိရပါတယ်။

"ကပစ ၂၄ ကို ပုံမှန်ဆိုရင် ၄ လ ၅ လ နေမှ တခါအင်အားဖြည့်တာပါ။ အခုဧပြီလမှာတင် စစ်တပ်ဘက်က ပခုက္ကူနဲ့ ဆိပ်ဖြူတို့ဘက်ကနေ အင်အားဖြည့်နေတာ ၂ ခါရှိပြီ။ လူအင်အားလည်း အယောက် ၄၀၀ လောက်အထိ အတော်ဖြည့်ထားတယ်။ အဲဒါကြောင့်စက်ရုံကိုတိုက်တာပါ" လို့ ‌ပေါက်မြို့နယ်စစ်ရေးအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

သင်္ကြန်အပြီးမှာတင် ဆိပ်ဖြူမြို့နယ်၊ ရွှေပို့ကျွန်းရွာမှာရှိတဲ့ ရဲတပ်ဖွဲ့သုံး အဓိကရုဏ်း နှိမ်နင်းရေးလက်နက်တွေကို အဓိကထုတ်လုပ်တဲ့ ကပစ ၂၂ ကနေ စစ်အင်အားအယောက် ၂၀၀ ကျော်ထွက်လာကာ ပေါက်မြို့နယ်ထဲ လှည့်လည်စစ်ကြောင်းထိုးပြီးနောက် ကပစ ၂၄ ထဲကို ပူးပေါင်းသွားခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ပေါက်နဲ့ ဆိပ်ဖြူမြို့နယ်တွေမှာရှိတဲ့ ကပစ ၂၁၊ ၂၂ နဲ့ ၂၄ တို့ဟာ ယောဒေသနဲ့ရော ရခိုင်နဲ့ပါ နယ်နိမိတ်ထိစပ်နေတာကြောင့် မြန်မာစစ်တပ်အတွက် စစ်ရေးအရခြိမ်းခြောက်နိုင်တဲ့ နေရာတွေလည်းဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ အမ်း-ပဒါန်းလမ်း၊ ချင်းတောင်-ယောဒေသစတဲ့ လမ်းကြောင်းတွေကနေ ဒီကပစ စက်ရုံတွေကို စစ်ရေးအရခြိမ်းခြောက်နိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

မာဒူရိုကို ဖမ်းဆီးမှုကနေ လောင်းကြေး ဒေါ်လာလေးသိန်းကျော်ရတဲ့ အမေရိကန်စစ်သား အဖမ်းခံရ

ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးမှုနဲ့ပတ်သက်လို့ အများပြည်သူထံ သတင်းမထုတ်ပြန်မီမှာ မာဒူရိုကို ဖမ်းမဖမ်း အလောင်းအစားလုပ်ခဲ့တဲ့ အမေရိကန်အထူးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ခရစ်ပ်တိုငွေကြေးစနစ်နဲ့လည်ပတ်တဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ပိုလိုမားကတ်မှာ လျှို့ဝှက်သတင်းအချက်အလက်ကို အသုံးချပြီး

အလောင်းအစားလုပ်ခဲ့မှုနဲ့ ဂန်နွန် ကန် ဗန်ဒိုက်ကို အမေရိကန်တရားရေးဝန်ကြီးဌာနက တရားစွဲဆိုထားပါတယ်။

"ဒါဟာ အတွင်းသတင်းအချက်အလက်နဲ့ ကုန်သွယ်တာဖြစ်ပြီး ပြည်ထောင်စုဥပဒေအရ တရားမဝင်လုပ်ဆောင်တာ" လို့ တရားရေးဝန်ကြီးဌာနအရာရှိတွေကပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ် ဖို့ဘရတ်တွင် တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ကြည်းတပ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လောင်းကြေး ဒေါ်လာ ၄၀၉,၀၀၀ ကျော် အနိုင်ရခဲ့ပါတယ်။

အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၃ ရက် နှောင်းပိုင်းမှာ ကာရာကက်စ်က သမ္မတအိမ်တော်ဝင်းအတွင်း ဝင်ရောက်ပြီး မာဒူရိုနဲ့ သူ့ဇနီး စီလီယာ ဖလောတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ Operation Absolute Resolve လို့သိကြတဲ့ စစ်ဆင်ရေးရဲ့ အချိန်၊ ရလဒ်တို့နဲ့ပတ်သက်လို့ အလောင်းအစားလုပ်ခဲ့တာလို့ တရားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်မှာငလျင်လှုပ်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်ကို ဗဟိုပြုပြီး မဂ္ဂနီကျု ၃ အဆင့် အင်အားအနည်းငယ်ရှိတဲ့ ငလျင်ငယ် ဒီနေ့ မနက်ပိုင်းမှာလှုပ်ခတ်သွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ ဧပြီ ၂၅ ရက် မနက် ၈ နာရီနဲ့ ၁၉ မိနစ်မှာ နေပြည်တော်ကို ဗဟိုပြုပြီး အနက် ၁၄ ကီလိုမီတာမှာ ငလျင်လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

"ငလျင်လှုပ်သွားတာတော့သိလိုက်ပေမဲ့ တအားမပြင်းဘူး" လို့ ဇမ္ဗူသီရိမြို့ခံတစ်ဦးက ပြောပါတယ်။

ထိုင်းရဲ့ ငလျင်စောင့်ကြည့်ရေးစင်တာရဲ့ အချက်အလက်အရတော့ အနက် ၁၀ ကီလိုမီတာမှာ အင်အား ၃.၃ မဂ္ဂနီကျုရှိတဲ့ ငလျင်ငယ်လှုပ်ခတ်သွားတာလို့ ဖော်ပြပါတယ်။

ဒီနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ မြန်မာခရီးစဥ်လည်းရှိနေပါတယ်။

မနေ့ နေ့လယ် ၁ နာရီခွဲအချိန်မှာလည်း မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် ၇၂ မိုင်ခန့်အကွာမှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မဂ္ဂနီကျု ၄.၁ အဆင့်ရှိတဲ့ မြေငလျင်ငယ်လှုပ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် အထပ်မြင့်အဆောက်အဦတွေရှိတဲ့ ရန်ကုန်မြို့မှာငလျင်လှုပ်လာနိုင်မလားဆိုတဲ့ စိုးရိမ်ချက်တွေမြင့်တက်ခဲ့ပြီး မနေ့ညနဲ့ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်ငလျင်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာပေါ် မှတ်ချက်ပြုရေးသားတာတွေကို အများအပြားတွေ့နေရပါတယ်။