အစ္စရေးလက်ဘနွန်အပစ်ရပ်မှု သုံးပတ်သက်တမ်းတိုး
အစ္စရေးနဲ့လက်ဘနွန်တို့ကြားအပစ်အခတ်ရပ်စဲမှုကို ရက်သတ္တပတ်သုံးပတ် သက်တမ်းတိုးတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
အိမ်ဖြူတော်မှာအစ္စရေးနဲ့ လက်ဘနွန်အစိုးရအရာရှိတွေ တွေ့ဆုံပြီးနောက် အခုလို သက်တမ်းတိုးဖို့ သဘောတူခဲ့တာဖြစ်တဲ့အကြောင်းထရမ့်က Truth Social လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
တွေ့ဆုံမှုဟာအတော်ကိုအဆင်ပြေခဲ့တယ်လို့ထရမ့်ကပြောပြီး ဒုတိယသမ္မတဂျေဒီဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုတို့လည်း အစည်းအဝေးတက်ရောက်ခဲ့ကြပါတယ်။
ဟစ်ဇ်ဘိုလာရန်ကနေကာကွယ်ပေးနိုင်ဖို့အတွက်အမေရိကန်ပြည်ထောင်စုဟာလက်ဘနွန်နဲ့လက်တွဲလုပ်ဆောင်သွားမယ်လို့ ထရမ့်က ရေးသားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာအစ္စရေးနဲ့ လက်ဘနွန်တို့ကြား ပိုမိုသက်တမ်းရှည်ကြာတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရေးအတွက်ကြားဝင်ဆောင်ရွက်ပေးနေတာဖြစ်လို့လက်ဘနွန်သမ္မတဂျိုးဆက်အွန်းနဲ့အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ လာ လာမဲ့အပတ်တွေမှာ အိမ်ဖြူတော်မှာ တွေ့ကြလိမ့်မယ်လို့ ထရမ့်က ဆက်ပြောပါတယ်။
“သူတို့တွေဟစ်ဇ်ဘိုလာနဲ့ပတ်သက်ပြီးလုပ်စရာတွေရှိနေတယ်၊ ပြေလည်သွားဖို့ လက်ဘနွန်နဲ့လက်တွဲဆောင်ရွက်နေပါတယ်၊ဒီကိစ္စဟာ အီရန်မှာ ကျွန်တော်တို့ လုပ်နေတာနဲ့ တစ်ပြိုင်တည်း အဆင်ပြေသွားရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်” လို့ ထရမ့်က ပြောပါတယ်။