ဧပြီ ၂၅ ရက် သတင်းအနှစ်ချုပ် - ဝမ်ယိ နေပြည်တော်ရောက်

ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

ဓာတ်ပုံ ရင်းမြစ်, Thai MFA

ဓာတ်ပုံ ပုံစာ, ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ
ဖတ်ရန်အချိန်: မိနစ် ၈

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော်ကို ဒီနေ့ ဧပြီ ၂၅ ရက် ညနေမှာ ရောက်ရှိလာပြီလို့ နေပြည်တော်ရင်းမြစ်တွေဆီက သိရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ မစ္စတာဝမ်ယိရဲ့ ဧပြီ ၂၂ ရက်က စတဲ့သုံးနိုင်ငံခရီးစဉ်မှာ နောက်ဆုံးအဖြစ် မြန်မာနိုင်ငံကိုရောက်လာတာပါ။

မစ္စတာ ဝမ်ယိဟာ ကမ္ဘောဒီးယား၊ ထိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ အခုနေပြည်တော်ခရီးစဉ်မှာလည်း ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိနေပြီး နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးပြန်စတင်ရေးအပါအဝင် မြန်မာမှာရှိတဲ့ ပိုးလမ်းမ BRI စီမံကိန်းပါလုပ်ငန်းတွေအကောင်အထည်ဖော်နိုင်ရေးဆွေးနွေးနိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

ဒါအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ တစုံတရာ သတင်းကြားရနိုင်ချေရှိတယ်ဆိုတဲ့ မှန်းဆချက်တွေပါ ထွက်ပေါ်နေတာပါ။

"နေပြည်တော်မှာ လုံခြုံရေးတော်တော် တင်းကျပ်ထားတယ်" လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မစ္စတာ ဝမ်ယိရဲ့ခရီးစဥ်ဟာ တရုတ်-ကမ္ဘောဒီးယားကို သံမဏိကဲ့သို့ခိုင်မာသော ချစ်ကြည်ရေးကို မြှင့်တင်ဖို့၊ "တရုတ်-ထိုင်း ကို မိသားစုဝင်ကဲ့သို့ ရင်းနှီးမှုအနှစ်သာရကြွယ်ဝစေဖို့နဲ့ တရုတ်-မြန်မာ ကိုတော့"ဆွေမျိုးပေါက်ဖော်" ချစ်ကြည်ရေးကို ပိုမိုထွန်းကားလာစေဖို့မျှော်လင့်တယ် လို့ ထုတ်ပြန်ထားပါတယ်။

BTS ကေပေါ့ပ်အဖွဲ့ကိုဖန်တီးခဲ့တဲ့ ဘန်စီဟွတ်ကို ဘာလို့ဖမ်းဝရမ်းထုတ်ဖို့လုပ်တာလဲ

BTS အဖွဲ့ဝင်တွေနဲ့အတူ မစ္စတာ ဘန်စီဟွတ်ကိုတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Instagram/ ဘန်စီဟွတ်

ဓာတ်ပုံ ပုံစာ, BTS အဖွဲ့ဝင်တွေနဲ့အတူ မစ္စတာ ဘန်စီဟွတ်ကိုတွေ့ရစဉ်

ကေပေါ့ပ်ဂီတလုပ်ငန်းတခုဖြစ်တဲ့ Hype ကုမ္ပဏီဦးဆောင်သူ မစ္စတာ ဘန်စီဟွတ်ဟာ စတော့ခ် ရှယ်ယာတွေကိုလိမ်လည်ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တောင်ကိုရီးယားရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ အစိုးရရှေ့နေတွေဘက်က ပယ်ချလိုက်ပါတယ်။

ကမ္ဘာကျော်ကေပေါ့ပ်အဖွဲ့တဖွဲ့ဖြစ်တဲ့ BTS ကိုဖန်တီးခဲ့သူ မစ္စတာ ဘန်စီဟွတ်ကို ဖမ်းဆီးဖို့အတွက် လက်ရှိမှာလုံလောက်တဲ့သက်သေတွေမရရှိသေးတာကြောင့် စုံစမ်းဖော်ထုတ်မှုတွေဆက်လုပ်ဖို့ ရှိမယ်လို့ အစိုးရရှေ့နေတွေက မနေ့ ဧပြီ ၂၄ ရက်မှာ ပြောခဲ့ပါတယ်။

သူဟာ Hype ကုမ္ပဏီအနေနဲ့ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းပြီး စတော့ခ်ရှယ်ယာရောင်းချဖို့ မရှိဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေကို ၂၀၁၉ ခုနှစ်မှာပြောခဲ့ပေမဲ့ နောက်ကွယ်မှာတော့ ရှယ်ယာတွေ ရောင်းဖို့ တိတ်တဆိတ်ပြင်ဆင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဘက်က စွပ်စွဲထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Hype ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှာ တောင်ကိုရီးယားရဲ့ စတော့ခ်ဈေးကွက်ထဲကို ဝင်ရောက်ခဲ့ပြီး အခုဆိုရင် သူ့ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၇.၃ ဘီလျံ ရှိနေပါပြီ။

အဲဒီလို အများပိုင်ပြောင်းလဲခဲ့တာကြောင့် မစ္စတာ ဘန် အနေနဲ့ တောင်ကိုရီးယားငွေ ဝမ်ဘီလျံ ၂၀၀ (အမေရိကန်ဒေါ်လာ ၁၃၆ သန်း၊ စတာလင်ပေါင် ၁၀၁ သန်း) အကျိုးအမြတ်ရခဲ့တယ်လို့ ရဲတပ်ဖွဲ့ကထောက်ပြထားပါတယ်။ မစ္စတာ ဘန်ဘက်ကတော့ ဒီစွပ်စွဲချက်အားလုံးကို ငြင်းဆန်ထားပါတယ်။

ဒါဟာကာလရှည်ဖြစ်ပွားနေတဲ့ အမှုဖြစ်ပြီး Hype ကုမ္ပဏီရုံးချုပ်ကို စီးနင်းစစ်ဆေးတာတွေ၊ မစ္စတာ ဘန်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေအပြင် သူ့ကိုကုမ္ပဏီဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ဖို့ပါ တောင်းဆိုမှုတွေ ရှိနေပါတယ်။

အသက် ၅၃ နှစ်အရွယ် မစ္စတာ ဘန်ကတော့ သူဟာ ဥပဒေအတိုင်းတရားဝင် လုပ်ခဲ့တယ်လို့ တောက်လျှောက်ပြောခဲ့ပါတယ်။ စုံစမ်းစစ်ဆေးဆဲကာလဖြစ်တာကြောင့် ၂၀၂၅ ခုနှစ်၊ သြဂုတ်လတည်းက သူ့ကို ပြည်ပခရီးသွားလာခွင့်ပိတ်ထားပါတယ်။ လေးနှစ်နီးပါးအဖွဲ့လိုက်အနုပညာလှုပ်ရှားမှုရပ်နားထားတဲ့ BTS အဖွဲ့ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်စတင်ပြီး မကြာခင်မှာပဲ အခုလို ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

လက်မှတ်အားလုံးရောင်းထွက်ပြီးဖြစ်တဲ့ ကမ္ဘာတလွှားက မြို့ပေါင်း ၃၄ မြို့မှာ လှည့်လည် ဖျော်ဖြေမယ့် BTS အဖွဲ့ခရီးစဉ်ကနေ Hype ကုမ္ပဏီအတွက် ၁ ဘီလျံကျော်ဝင်ငွေရရှိနိုင်မယ်လို့ ကေပေါ့ပ်လုပ်ငန်းလေ့လာစောင့်ကြည့်သူ တွေက ပြောပါတယ်။

ဇန်နဝါရီလတုန်းက BTS ကမ္ဘာလှည့်ဖျော်ဖြေပွဲအကြောင်းကြေညာချိန်မှာ Hype ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးနှုန်းဟာ ‌လေးနှစ်အတွင်းအမြင့်ဆုံးကိုရောက်ခဲ့ပြီး ဝမ် ၁ ထရီလီယံကျော် ဈေးကွက်တန်ဖိုးထိုးတက်ခဲ့ပါတယ်။ BTS ကိုဖန်တီးခဲ့သူ မစ္စတာ ဘန်ရဲ့ အမှုကတော့ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲတဲ့ (IPO) လုပ်ငန်းစဉ်မတိုင်ခင်ကရှိခဲ့တဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံငွေနဲ့ အမြတ်ခွဲဝေမှုဆိုင်ရာ သဘောတူစာချုပ်တွေ ကို အများသိအောင်မှန်မှန်ကန်ကန်မဖော်ပြဘဲ စတော့ခ်ဈေးကွက်ထဲဝင်ရောက်ခဲ့တယ်ဆိုကာ တောင်ကိုရီးယားငွေကြေးထိန်းချုပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလစပြီး စုံစမ်းစစ်ဆေးမှုတွေ စခဲ့ပါတယ်။

သူ့ရဲ့ ကုမ္ပဏီကို အများပိုင်မပြောင်းဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံတဲ့ (VC) ကုမ္ပဏီတွေကို လိမ်လည်ပြောကာ အဲဒီသူတွေပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေကို သူနဲ့ ပတ်သက်ဆက်စပ်နေတယ်လို့ ယူဆထားတဲ့ ပုဂ္ဂလိကငွေကြေးမြှုပ်နှံသူတွေဆီ ရောင်းခိုင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

စစ်ကိုင်းနဲ့ မကွေးတို့က မြို့နယ်တွေမှာသောက်သုံးရေလိုအပ်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အညာမြေတပ်ပေါင်းစုအဖွဲ့က ရေပေးဝေနေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, အညာမြေတပ်ပေါင်းစု

ဓာတ်ပုံ ပုံစာ, မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အညာမြေတပ်ပေါင်းစုအဖွဲ့က ရေပေးဝေနေတဲ့ မြင်ကွင်း

နွေရာသီကာလအပူချိန်မြင့်တက်လာတာနဲ့အတူ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်တွေမှာ သောက်သုံးရေလိုအပ်ချက်နဲ့ ရင်ဆိုင်နေရပြီး အသင်းအဖွဲ့တွေဘက်ကနေ ရေကူညီပေးနေရတယ်လို့ ကူညီပေးနေသူတွေထံကသိရပါတယ်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင် ဒီနှစ်မှာသောက်သုံးရေရှားပါးမှုပိုကြုံနေရတယ်လို့ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ အညာမြေ တပ်ပေါင်းစုကနေ သိရပါတယ်။

"မနှစ်နွေရာသီကတည်းက ကျွန်တော်တို့ဘက်မှာမိုးခေါင်တယ်၊ ငလျင်ကြီးလှုပ်ပြီးတော့လည်း အကျိုးဆက်က ရေတွေခမ်းကုန်တယ်။ အခုနှစ်ဆိုလည်း မတ်လကရေစရှားပြီး ဧပြီမှာ အတော်ရှားနေပါပြီ။ လောင်စာဆီဈေးကလည်း အရမ်းမြင့်နေတော့ ရေရတဲ့နေရာကိုလည်း ပြည်သူတွေသွားမသယ်နိုင်ဘူး အတော်ခက်ခဲတယ်" လို့ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

မြိုင်မြို့နယ်ထဲမှာ စက်သုံးဆီဈေးနှုန်းက တလီတာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိလို့ ဒေသခံတွေသွားလာရေးခက်ခဲပြီး သောက်သုံးရေသယ်ယူရရှိရေးပါ ဆက်တိုက် အခက်ကြုံရတာလည်းဖြစ်ပါတယ်။

ဒါအပြင် စစ်ကိုင်းတိုင်းထဲက ကလေးဝ၊ ကလေး၊ ကန့်ဘလူ၊ ဝန်းသို၊ ခန္တီး၊ ဟုမ္မလင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ဖောင်းပြင်၊ မုံရွာ၊ ချောင်းဦးနဲ့ ရွှေဘိုတို့က သောက်သုံးရေလိုအပ်နေတဲ့ စာသင်တိုက်တွေ၊ ဘုန်းတော်ကြီးကျောင်း တွေနဲ့ လူနေရပ်ကွက်တွေကို ရေကူညီပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဒီနေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

အခုသောက်သုံးရေလိုအပ်နေတဲ့ မကွေးတိုင်းထဲက ချောက်၊ မင်းဘူး၊ ပခုက္ကူတကြောနဲ့ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ရွှေဘို၊ မုံရွာတို့ဘက်မှာ နေ့စဉ်လိုလိုအပူချိန်ဟာ ၄၀ ဒီဂရီဆဲဆီးယက်ပတ်ဝန်းကျင်မှာရှိနေပါတယ်။

လာမယ့်ရက်သတ္တပတ်အတွင်း မြန်မာက မြို့ကြီးတွေမှာ နေ့အပူချိန်မြင့်မားလာတာနဲ့အတူ လေထုတွင်း စိုထိုင်းဆများတာနဲ့ အပူပျံတက်တိမ်တွေကြောင့် ပြင်ပရှိတဲ့ အမှန်တကယ် အပူချိန်ထက် ပိုပြီးခန္ဓာကိုယ်မှာ ပူပြင်းမှုဒဏ်ကို ခံစားရနိုင်တယ်လို့ NUG အစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ ဧပြီ ၂၅ ရက်ကနေ မေ ၁ ရက်နေ့အထိ လူအများခံစားရတဲ့အပူချိန်ဟာ ၄၂ ကနေ ၄၅ ဒီဂရီစင်တီဂရိတ်ခန့်ရှိနိုင်လို့ MoSLHA ကပြောပါတယ်။ ဒီဂရီဆဲဆီးယက်နဲ့ ဒီဂရီစင်တီဂရိတ်အသုံးအနှုန်းဟာ အတူတူပဲဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နေရာအချို့ကို စစ်တပ်ပြန်ရ

ဖလမ်းမြို့ပြန်ရကြောင်း စစ်တပ်သတင်းဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်တွေက ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, Telegram

ဓာတ်ပုံ ပုံစာ, ဖလမ်းမြို့ပြန်ရကြောင်း စစ်တပ်သတင်းဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်တွေက ထုတ်ပြန်ချက်

ချင်းညီနောင် (CB) အဖွဲ့က တစ်နှစ်ကျော်သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က နေရာအချို့ကို စစ်တပ်က ပြန်လည်ရရှိသွားတယ်လို့ စစ်ရေးအရင်းအမြစ်ဆီက သိရပါတယ်။

စစ်တပ်သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေကတော့ ဖလမ်းမြို့အပါအဝင် ဆူရ်းဘုန်းလေဆိပ်ကိုပါ ပြန်ရထားတယ်လို့ ဒီနေ့ နေ့လယ်ပိုင်းကစလို့ ဖော်ပြနေပါတယ်။

"ဖလမ်းမြို့ကနေရာအကုန်လုံးတော့မဟုတ်ပေမဲ့ တချို့နေရာတွေကိုပြန်ဝင်လာပြီဗျ" လို့ ဒီမနက် ဖလမ်းစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သိရှိသူတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဆက်သွယ်ထားတဲ့ ဖလမ်းမြို့ကိုပြန်ရဖို့ အခုနှစ်စပိုင်းကစပြီး စစ်တပ်ဘက်က ထိုးစစ်အရှိန်မြှင့်ခဲ့ကာ မြေပြင်အင်အားရာနဲ့ချီအပြင် ဒရုန်း၊ လေယာဉ်တွေနဲ့ပါ ဆက်တိုက်တိုက်ခိုက်ခဲ့ပါတယ်။

ဖလမ်းမြို့ကို စစ်တပ်ကအလုံးစုံပြန်ထိန်းချုပ်နိုင်ခဲ့ရင် ချင်းတော်လှန်ရေးတပ်အသီးသီးထိန်းချုပ် ထားတဲ့ ထန်တလန်၊ ဟားခါး၊ တီးတိန်စတဲ့ စိုးမိုးနယ်မြေတွေကိုပါ ပြန်ထိုးဖောက်လာနိုင်တဲ့ အခြေအနေပါ။ ဒါအပြင် ချင်းတောင်ပိုင်းက ရေဇွာ၊ မတူပီမြို့တွေကိုပါ စစ်ရေးဖြန့်လာနိုင်မယ့် အနေအထားလည်းဖြစ်ပါတယ်။

ဖလမ်းမြိုကနေရာတချို့လက်လွှတ်လိုက်ရတာနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ (CB) ရော ချင်းအမျိုးသားတပ်ဦး (CNF) ကိုပါ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ နေ့လယ် ၁ နာရီအချိန်အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

နိုင်ငံရေးမှာစစ်တပ်မပါမှ မြန်မာ့အရေးပြေလည်နိုင်မယ်လို့ NUCC ပြော

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းပြေလည်နိုင်ဖို့အတွက် "နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုမရှိမှသာ" လမ်းစပွင့်လာနိုင်မယ်လို့ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဒီနေ့ ထုတ်ပြန်လာပါတယ်။

သမ္မတအဖြစ်တာဝန်ယူလိုက်တဲ့ ဦးမင်းအောင်လှိုင်ကသူ့အစိုးရရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မယ်လို့ ပြောခဲ့တဲ့အပေါ် NUCC ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ထည့်ပြောခဲ့တာပါ။

စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အပစ်ရပ် သဘောတူစာချုပ် NCA လမ်းကြောင်းတို့ကတဆင့် တော်လှန်ရေးအင်အားစုတွေကို သွေးခွဲဖို့ရည်ရွယ်တဲ့ အတုအယောင်ဖိတ်ခေါ်မှုလို့ NUCC က သုံးနှုန်းပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းစမှာပဲ တော်လှန်ရေးအင်အားစုတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာရှိနေသရွေ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ ပြည်သူတွေရဲ့လိုလားချက်ကိုရနိုင်မှာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်သာ သက်ဆိုးရှည်နေလိမ့်မယ်လို့ NUCC က ပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဦးတည်ချက် ၆ ရပ်ကို အခြေခံတဲ့ ဘုံနိုင်ငံရေး သဘောတူညီချက်တွေကိုစုစည်းရပ်တည်ပြီး ဆက်တိုက်ပွဲဝင်ဖို့ NUCC က တိုက်တွန်းကြောင်းပါ ဖော်ပြထားပါတယ်။

နိုင်ငံရေးဦးတည်ချက် ၆ ရပ်မှာ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းပြီး ပြန်အသက်သွင်းဖို့ ကြိုးပမ်းတာတွေကို တိုက်ဖျက်ဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းဖို့ဆိုတဲ့ အချက်တွေပါ ပါဝင်ပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ သူ့အစိုးရ ရက် ၁၀၀ အတွင်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော မထိုးရသေးတဲ့အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုသလို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကိုပါ ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်လို့ ပြောထားပါတယ်။ ဒါဟာ စစ်တပ်ဘက်က နိုင်ငံရေးအရအသာစီးရယူမှုလို့ဆိုပြီး ဖိတ်ခေါ်မှုကအတုအယောင်ဖြစ် ကြောင်း တော်လှန်ရေးအင်အားစုတချို့က တုံ့ပြန်ပြောထားကြပါတယ်။

ကပစ ၂၄ ‌ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်ရေးလေ့ကျင့်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်ရေးလေ့ကျင့်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ပေါက်မြို့နယ်ထဲက အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ လက်ရုံးတပ်ဖြစ်တဲ့ MGY30-SOU က ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပကဖဘက်က သတင်းထုတ်ပြန်ပါတယ်။

မျှားပိုင်းရွာအနီးမှာရှိတဲ့ ကပစ ၂၄ ဟာ လက်နက်ထုတ်လုပ်ရေးမှာပုံလောင်းဖို့အသုံးပြုတဲ့ အလူမီနီယံကို အရည်တဲ့ကြိုစက်ရုံ ဖြစ်ပြီး ဧပြီ ၂၀ ရက် ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်မှုအပြီးမှာ စက်ရုံအဆောက်အဦတွေမီးလောင် ပျက်စီးခဲ့တယ်လို့ နီးစပ်သူတချို့ဆီကသိရပါတယ်။

ကပစ ၂၄ နဲ့ နီးစပ်တဲ့ စစ်တပ်သတင်းအရင်းအမြစ်တစ်ဦးကတော့ တိုက်ခိုက်ခံရမှုမှန်ကန်ပြီး အထိအခိုက်အပျက်အစီးမရှိဘူးလို့ ပြောပါတယ်။

ကပစ ၂၄ တိုက်ခိုက်ခံရပြီးနောက် ဧပြီ ၂၃ ရက်၊ မနက်ပိုင်းမှာ စက်ရုံအနီးတဝိုက်ကကျေးရွာတွေကို မြန်မာစစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့ ဧပြီ ၂၄ ရက်ညပိုင်းမှာလည်း ပေါက်မြို့နဲ့အနီးတဝိုက်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရတယ်လို့ ဒေသခံတချို့ဆီကသိရပါတယ်။

"ကပစ ၂၄ ကို ပုံမှန်ဆိုရင် ၄ လ ၅ လ နေမှ တခါအင်အားဖြည့်တာပါ။ အခုဧပြီလမှာတင် စစ်တပ်ဘက်က ပခုက္ကူနဲ့ ဆိပ်ဖြူတို့ဘက်ကနေ အင်အားဖြည့်နေတာ ၂ ခါရှိပြီ။ လူအင်အားလည်း အယောက် ၄၀၀ လောက်အထိ အတော်ဖြည့်ထားတယ်။ အဲဒါကြောင့်စက်ရုံကိုတိုက်တာပါ" လို့ ‌ပေါက်မြို့နယ်စစ်ရေးအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

သင်္ကြန်အပြီးမှာတင် ဆိပ်ဖြူမြို့နယ်၊ ရွှေပို့ကျွန်းရွာမှာရှိတဲ့ ရဲတပ်ဖွဲ့သုံး အဓိကရုဏ်း နှိမ်နင်းရေးလက်နက်တွေကို အဓိကထုတ်လုပ်တဲ့ ကပစ ၂၂ ကနေ စစ်အင်အားအယောက် ၂၀၀ ကျော်ထွက်လာကာ ပေါက်မြို့နယ်ထဲ လှည့်လည်စစ်ကြောင်းထိုးပြီးနောက် ကပစ ၂၄ ထဲကို ပူးပေါင်းသွားခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ပေါက်နဲ့ ဆိပ်ဖြူမြို့နယ်တွေမှာရှိတဲ့ ကပစ ၂၁၊ ၂၂ နဲ့ ၂၄ တို့ဟာ ယောဒေသနဲ့ရော ရခိုင်နဲ့ပါ နယ်နိမိတ်ထိစပ်နေတာကြောင့် မြန်မာစစ်တပ်အတွက် စစ်ရေးအရခြိမ်းခြောက်နိုင်တဲ့ နေရာတွေလည်းဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ အမ်း-ပဒါန်းလမ်း၊ ချင်းတောင်-ယောဒေသစတဲ့ လမ်းကြောင်းတွေကနေ ဒီကပစ စက်ရုံတွေကို စစ်ရေးအရခြိမ်းခြောက်နိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

မာဒူရိုကို ဖမ်းဆီးမှုကနေ လောင်းကြေး ဒေါ်လာလေးသိန်းကျော်ရတဲ့ အမေရိကန်စစ်သား အဖမ်းခံရ

မာဒူရိုနဲ့ သူ့ဇနီးတို့ကို အမေရိကန်တပ်ဖွဲ့တွေက ဇန်နဝါရီလမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နယူးယောက်က အကျဥ်းထောင်တစ်ခုဆီ လွှဲပြောင်းခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မာဒူရိုနဲ့ သူ့ဇနီးတို့ကို အမေရိကန်တပ်ဖွဲ့တွေက ဇန်နဝါရီလမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နယူးယောက်က အကျဥ်းထောင်တစ်ခုဆီ လွှဲပြောင်းခဲ့ပါတယ်

ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးမှုနဲ့ပတ်သက်လို့ အများပြည်သူထံ သတင်းမထုတ်ပြန်မီမှာ မာဒူရိုကို ဖမ်းမဖမ်း အလောင်းအစားလုပ်ခဲ့တဲ့ အမေရိကန်အထူးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ခရစ်ပ်တိုငွေကြေးစနစ်နဲ့လည်ပတ်တဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ပိုလိုမားကတ်မှာ လျှို့ဝှက်သတင်းအချက်အလက်ကို အသုံးချပြီး

အလောင်းအစားလုပ်ခဲ့မှုနဲ့ ဂန်နွန် ကန် ဗန်ဒိုက်ကို အမေရိကန်တရားရေးဝန်ကြီးဌာနက တရားစွဲဆိုထားပါတယ်။

"ဒါဟာ အတွင်းသတင်းအချက်အလက်နဲ့ ကုန်သွယ်တာဖြစ်ပြီး ပြည်ထောင်စုဥပဒေအရ တရားမဝင်လုပ်ဆောင်တာ" လို့ တရားရေးဝန်ကြီးဌာနအရာရှိတွေကပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ် ဖို့ဘရတ်တွင် တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ကြည်းတပ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လောင်းကြေး ဒေါ်လာ ၄၀၉,၀၀၀ ကျော် အနိုင်ရခဲ့ပါတယ်။

အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၃ ရက် နှောင်းပိုင်းမှာ ကာရာကက်စ်က သမ္မတအိမ်တော်ဝင်းအတွင်း ဝင်ရောက်ပြီး မာဒူရိုနဲ့ သူ့ဇနီး စီလီယာ ဖလောတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ Operation Absolute Resolve လို့သိကြတဲ့ စစ်ဆင်ရေးရဲ့ အချိန်၊ ရလဒ်တို့နဲ့ပတ်သက်လို့ အလောင်းအစားလုပ်ခဲ့တာလို့ တရားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်မှာငလျင်လှုပ်

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် ငလျင်လှုပ်ခတ်အပြီး နေပြည်တော်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် ငလျင်လှုပ်ခတ်အပြီး နေပြည်တော်မြင်ကွင်း

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်ကို ဗဟိုပြုပြီး မဂ္ဂနီကျု ၃ အဆင့် အင်အားအနည်းငယ်ရှိတဲ့ ငလျင်ငယ် ဒီနေ့ မနက်ပိုင်းမှာလှုပ်ခတ်သွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ ဧပြီ ၂၅ ရက် မနက် ၈ နာရီနဲ့ ၁၉ မိနစ်မှာ နေပြည်တော်ကို ဗဟိုပြုပြီး အနက် ၁၄ ကီလိုမီတာမှာ ငလျင်လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

"ငလျင်လှုပ်သွားတာတော့သိလိုက်ပေမဲ့ တအားမပြင်းဘူး" လို့ ဇမ္ဗူသီရိမြို့ခံတစ်ဦးက ပြောပါတယ်။

ထိုင်းရဲ့ ငလျင်စောင့်ကြည့်ရေးစင်တာရဲ့ အချက်အလက်အရတော့ အနက် ၁၀ ကီလိုမီတာမှာ အင်အား ၃.၃ မဂ္ဂနီကျုရှိတဲ့ ငလျင်ငယ်လှုပ်ခတ်သွားတာလို့ ဖော်ပြပါတယ်။

ဒီနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ မြန်မာခရီးစဥ်လည်းရှိနေပါတယ်။

မနေ့ နေ့လယ် ၁ နာရီခွဲအချိန်မှာလည်း မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် ၇၂ မိုင်ခန့်အကွာမှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မဂ္ဂနီကျု ၄.၁ အဆင့်ရှိတဲ့ မြေငလျင်ငယ်လှုပ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် အထပ်မြင့်အဆောက်အဦတွေရှိတဲ့ ရန်ကုန်မြို့မှာငလျင်လှုပ်လာနိုင်မလားဆိုတဲ့ စိုးရိမ်ချက်တွေမြင့်တက်ခဲ့ပြီး မနေ့ညနဲ့ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်ငလျင်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာပေါ် မှတ်ချက်ပြုရေးသားတာတွေကို အများအပြားတွေ့နေရပါတယ်။