ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတိုးတဲ့လစာ၊ ထိုးတက်တဲ့ကုန်စျေးနှုန်း - လစာမကျန်၊ စုဆောင်းငွေမရှိဖြစ်လာတဲ့မြန်မာလူငယ်တွေ
လူငယ်တွေရဲ့ စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုအမြင့်ဆုံးကိစ္စက အလုပ်အကိုင်နဲ့ ဝင်ငွေအရေးဖြစ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် UNDP ရဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်ကထုတ်တဲ့ ချောက်ကမ်းပါးထက်က မျိုးဆက်အစီရင်ခံစာက ဆိုပါတယ်။
မြန်မာက လူငယ် ၄ ဦးမှာ ၁ ဦး၊ အတိအကျပြောရရင် လူငယ် ၄ သန်းလောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ UNDP ရဲ့ အချက်အလက်က ဖော်ပြပါတယ်။ မြန်မာမှာ ကိုဗစ်ကပ်ရောဂါကာလ နလန်ထူရေး ရုန်းကန်နေချိန် စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ၅ နှစ်ကျော်အတွင်း နိုင်ငံတွင်းမှာ အထွေထွေကုန်ဈေးနှုန်းက ၃ ဆကနေ ၆ဆအထိ မြင့်တက်လာပါတယ်။
ဒေသအသီးသီးက လူငယ်တွေ အခြေပြုဝင်ငွေရှာရာ ရန်ကုန်မြို့ကို ဘီဘီစီက အာရုံစိုက်ချဥ်းကပ်ခဲ့ပြီး ရန်ကုန်က အထည်ချုပ်စက်ရုံက လုပ်သားတချို့၊ အလယ်အလတ်အဆင့်ရှိပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းတချို့၊ ပုဂ္ဂလိကကုမ္ပဏီကြီးတချို့က ကုမ္ပဏီဝန်ထမ်းတွေနဲ့ စကားပြောခဲ့ပါတယ်။
အလုပ်အကိုင်အလွှာ ၃ ခု အလိုက် သူတို့ရတဲ့ဝင်ငွေလစာမတူညီကြပေမဲ့ ဝင်ငွေနဲ့ ထွက်ငွေမမျှတော့လို့ အကြွေးနဲ့မကင်း ဖြစ်လာကြသလို စုဆောင်းပိုလျှံငွေမရှိတော့တဲ့အကြောင်း သဘောထားတူစွာ ရင်ဖွင့်ကြပါတယ်။ သူတို့ဝင်ငွေနဲ့ သူတို့ထွက်ငွေ ဘယ်လိုတွေ ပြောင်းလဲကုန်ကျလာလဲ၊ ဒီအခြေအနေကို ဖြေရှင်းနိုင်ရေး သူတို့ ဘယ်လိုရုန်းကန်နေကြလဲ။
လစာ ၅ သိန်းနဲ့ စက်ရုံအလုပ်သမားတွေ ဘယ်လိုရပ်တည်လဲ
ရန်ကုန်၊ လှိုင်သာယာမြို့နယ်က စားသောက်ကုန်စက်ရုံ တစ်ခုတည်းမှာ အလုပ်အတူတူလုပ်ကိုင်ကြတဲ့ မဇင်မာနဲ့ မနှင်းတို့ဟာ တစ်လကို လစာ ၅ သိန်းဝန်းကျင်ရကြပါတယ်။ အသက် ၃၅ နှစ်အရွယ် မဇင်မာက ကလေးတစ်ယောက် မိခင်ဖြစ်ပြီး မနှင်းက အသက် ၂၀ အရွယ် လူလွတ်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကော်မရှင်က တစ်ရက်အတွက် အခြေခံလစာ ၄,၈၀၀ ကျပ်အပေါ်မှာ ကျပ် ၁,၀၀၀ စီ သုံးကြိမ်တိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ နောက်ဆုံးထပ်တိုးပေးခဲ့တဲ့နောက် အခြေခံလုပ်ခလစာ ၄,၈၀၀ ကျပ် နဲ့ ထောက်ပံ့ကြေး ကျပ် ၃, ၀၀၀ ပေါင်းရင် လစဥ် ၇,၈၀၀ ကျပ်ရမှာပါ။
ဒါကြောင့် စက်ရုံအလုပ်သမားတွေရဲ့ လစာကအခြေခံ ၂၃၄,၀၀၀ ကျပ်နဲ့ ရက်မှန်ကြေး၊ အချိန်ပိုကြေးစသဖြင့် ပေါင်းရင် မဇင်မာတို့လို စားသောက်ကုန်စက်ရုံတွေမှာ ကျပ် ၅ သိန်းဝန်းကျင်ရကြပါတယ်။
"မနေ့က လစာထုတ်တာ ၄ သိန်း ၉ သောင်းရတယ်။ အဲဒါက တနင်္ဂနွေပါ ဆင်းပြီး တစ်ရက်မှ မပျက်မှ ရတာ" လို့ အသက် ၃၅ နှစ်အရွယ်မဇင်မာက ပြောပါတယ်။ မဇင်မာဟာ ၆ နှစ်အတွင်းလစာ ၂ ဆရလာပေမယ့် ကုန်ဈေးနှုန်းက ၆ ဆလောက် တက်သွားတာကြောင့် ထွက်ငွေနောက်ကို ဝင်ငွေက မလိုက်နိုင်ဘူးလို့ သူက ဆိုပါတယ်။
"အမှန်တိုင်းပြောရရင် ဒီလစာနဲ့ ကိုက်ကို မကိုက်တာ။ အသားငါးဝယ်ရင် ၅ ထောင်ဖိုးက တစ်နပ်စာတောင် မရှိဘူး။ အရင်က တစ်ဆယ်သား ၅၀၀ ပဲလေ။ အခုက ကန်စွန်းရွက်တစ်စီးတောင် ၁၅၀၀ ဆိုတော့ အသားငါးက တစ်ပတ်ကို တစ်ရက်တောင် မသေချာဘူး"လို့ မဇင်မာက ဆိုပါတယ်။
သူတို့ မိသားစုမှာ ကျောင်းနေအရွယ်ကလေး တစ်ဦးအပါအဝင် ၆ ဦးရှိပြီး ၂ ဦးသာ အလုပ်ရှိပါတယ်။
အိမ်လခ၊ ရေဖိုးမီးဖိုးနဲ့ ကလေးကျောင်းစရိတ်တွေကို လျှော့လို့ မရတာကြောင့် နေ့စဥ်စားသောက်တဲ့ကုန်ကျစရိတ်ကိုပဲ ချုံ့နိုင်သမျှ လျှော့စားတယ်လို့ မဇင်မာက ပြောပါတယ်။ ဒီလိုအခြေအနေကြောင့် ကျန်းမာရေးပြဿနာကြုံလာရင် ကုသစရာငွေ အတွက်ခေါင်းခဲစရာဖြစ်နေပါတယ်။
"ကျန်းမာရေးမကောင်းလို့ ဆေးရုံဆေးခန်းပြဖို့ အပိုစုထား ဆောင်းထားတာ မရှိဘူး။ ဖြစ်လာရင် အတိုးနဲ့ ချေးရတာပဲ။ အခုလည်း ချေးငှားထားတဲ့ငွေအတွက် တစ်လကို အတိုးချည်းပဲ တစ်သိန်းပေး နေရတယ်"လို့ သူက ပြောပါတယ်။
မိသားစုကို ပြန်ထောက်စရာမလိုတဲ့ တစ်ဦးတည်း နေထိုင်သူတွေမှာလည်း လစာထုတ်ပြီးရင် လက်ထဲမှာ ငွေကျန်ဖို့ ခက်တယ်လို့ တစ်ဦးတည်းသမား အသက် ၂၀ အရွယ် မနှင်းက ဆိုပါတယ်။
''လစာထုတ်ပြီးရင် ၅သောင်းတောင် မကျန်ဘူး။ အဆောင်ခက နှစ်လ သုံးလကို တစ်ခါတက်နေတာ။ အခု ၈ သောင်းကနေ တစ်သိန်းတစ်သောင်း ဖြစ်သွားပြီ" လို့ သူကပြောပါတယ်။
တစ်ဦးတည်းသမားဖြစ်တဲ့မနှင်းက ''လစာရတာနဲ့ တခါတည်း ခွဲတမ်းချလိုက်ရတာလေ" လို့ ဆိုပါတယ်။ တစ်ကိုယ်တည်းသမားအတွက် အဆောင်လခ၊ ရေဖိုးမီးဖိုးနဲ့ အဆောင်က အမှိုက်ခွန်ကြေး စုစုပေါင်း ၁၅၀,၀၀၀ ကျပ်လောက် ကျပါတယ်။ စားစရိတ်နဲ့ တကိုယ်ရည်အသုံးအဆောင်ပစ္စည်းဖိုးတွေ ချန်လိုက်ရင် "အဝတ်အစားဝယ်တာမျိုးဆို မလုပ်နိုင်တော့ဘူး" လို့ မနှင်းက ပြောပါတယ်။
အရေးပေါ်ကိစ္စတွေအတွက် အပိုငွေ မရှိတာကြောင့် တစ်ကိုယ်တည်းသမားတွေမှာလည်း ချေးငွေယူ ရတာရှိတယ်လို့ ဆိုပါတယ်။ "အရေးကြီးလိုလို့ ဝယ်ဖို့လိုရင် ချေးရတယ်။ ဒီလိုပဲ ထုတ်လိုက်ကုန်လိုက်နဲ့ ဘဝလည်း မနေချင်တော့ဘူး" မနှင်းက ပြောပါတယ်။
မနှင်းက အွန်လိုင်းကနေ အဝတ်အထည်ရောင်းချတဲ့ ကိုယ်ပိုင်အလုပ် လုပ်ချင်တာပါ။ လက်ရှိအခြေအနေမှာ အရင်းအနှီးလည်း မရှိတာကြောင့် ဒီဆန္ဒကို အနောက်ပို့ထားပြီး နိုင်ငံခြားထွက်ဖို့ စဥ်းစားနေပါတယ်။
"မြန်မာနိုင်ငံမှာ လုပ်စားလို့လည်း ဘာမှကောင်းလာစရာမရှိဘူး။ တစ်ယောက်တည်းတောင် မနည်းရုန်းကန်နေရတာ။ နိုင်ငံခြားထွက်မှပဲ ရမယ်" လို့ ဆိုပါတယ်။
အထည်ချုပ်စက်ရုံအလုပ်သမားအသိုင်းအဝိုင်းမှာလည်း စားသောက်ကုန်စက်ရုံအလုပ်သမားတွေနဲ့ လစာချင်း မကွာပါဘူး။ ကိုလင်းဆက်(အမည်လွှဲ)က သူအလုပ်လုပ်နေတဲ့ စက်ရုံ မီးမလောင်ခင်အထိ လစာ ၅ သိန်းဝန်းကျင် ရပါတယ်။ သူက အသက် ၂၀ အရွယ်လူငယ် ဖြစ်ပါတယ်။
"စက်ရုံမီးလောင်တော့ အလုပ်နားထားရတယ်။ နယ်ပြန်လည်း အလုပ်မရှိတော့ အခုအကြွေးယူပြီး ရန်ကုန်ထဲမှာ အလုပ်ဆက်ရှာနေတာပါ" လို့ ကိုလင်းဆက်က ပြောပါတယ်။
စက်ရုံအလုပ်ရှိချိန်ကတော့ အဆောင်ခ၊ စားစရိတ်နဲ့ နယ်က မိသားစုထောက်ပံ့ငွေတွေ ချန်လိုက်ရင် ငွေပိုမကျန်တော့ဘူးလို့ သူက တွက်ချက်ပြပါတယ်။
"ယောကျာ်းလေးဆိုတော့ ကွမ်းလေးဆေးလေး၊ အသောက်အစားလေးလည်း လုပ်ချင်တာပေါ့။ ဒါပဲ စိတ်ပျော်ရတာပေမယ့် ဒီနေရာတွေသုံးမယ်ဆို ဘယ်စရိတ်ထဲက သွားသုံးရမလဲ" လို့ သူကပြောပါတယ်။ ပတ်စ်ပို့ ဖိုးနဲ့ ပွဲစားခ တတ်နိုင်ရင် နိုင်ငံခြားထွက် အလုပ်လုပ်ချင်တယ်လို့ ကိုလင်းဆက်က ပြောပါတယ်။
UNDP ရဲ့ ၂၀၂၄ ခုနှစ်က ကောက်ယူတဲ့ မြန်မာလူငယ်သဘောထားစစ်တမ်းကို အခြေခံပြီး ထုတ်ပြန်လာတဲ့အစီရင်ခံစာမှာလည်း လူငယ် ၄၀ ရာခိုင်နှုန်းဟာ အခြေအနေရရင် နိုင်ငံခြားထွက်ခွာဖို့ ဆန္ဒရှိတယ်လို့ ဖြေထားကြပါတယ်။
ယိုယွင်းပျက်စီးလာတဲ့ လူမှုစီးပွားရေးအခြေအနေ၊ ပြည်တွင်းစစ်နဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ခွာ ချင်ကြတာလို့ လူငယ်တွေက စစ်တမ်းမှာ ဖြေဆိုကြတာပါ။ ဒီစစ်တမ်းကို တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ် ၇ ထောင်ကျော်ကို မေးမြန်းကောက်ယူထားတာ ဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုအပြီးကတည်းက လူငယ် ၃ သိန်းကနေ ၅ သိန်းကြားဟာ အခက်အခဲကနေလွတ် မြောက်ဖို့ နိုင်ငံခြားကို ထွက်ခွာသွားခဲ့ပြီလို့ UNDP က ခန့်မှန်းထားပါတယ်။
စစ်ကော်မရှင်ရဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူချက်အရ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား ၁ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပေမဲ့ လူငယ်အရေအတွက်ကိုတော့ မပြောထားပါဘူး။
လူငယ်တွေဟာ တခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ရန်ကုန်ကို ရွှေ့ပြောင်းကြပြီး အဲဒီကတဆင့် နိုင်ငံခြားကို ထွက်ခွာမှု အများဆုံးဖြစ်တယ်လို့လည်း သန်းခေါင်စာရင်းအချက် အလက်က ဖော်ပြထားပါတယ်။
လှိုင်သာယာမြို့နယ်က အလုပ်သမားသမဂ္ဂအဖွဲ့တာဝန်ရှိသူတစ်ဦးက" စက်ရုံတွေမှာက စစ်မှုထမ်း အသက်ကျော်တဲ့အရွယ်ပဲ ကျန်တော့တယ်။ အခု ၁၈-၁၉ နှစ်လေးတွေက အလုပ်ဝင်လည်း ခဏပဲ။ ပြီးရင် နိုင်ငံခြားထွက်ကြပြီ။"
"စက်ရုံမှာ လူ ၂၀ ခေါ်ရင် သုံးလေးယောက်ပဲ လာလုပ်တော့တယ်။ အဓိကက ပင်ပန်းပြီး လစာနည်းတော့ နိုင်ငံခြားမထွက်နိုင်တဲ့လူငယ်လောက်ပဲ ကျန်တာ"
လစာ ၁၀ သိန်းနဲ့အထက်ရသူလည်း အကြွေးနဲ့မကင်း
ရန်ကုန်မြို့က အသက် ၂၈ နှစ်နဲ့ ၃၃ နှစ်အရွယ် လူလတ်ပိုင်း ၂ ဦး ကိုလည်း သူတို့ရဲ့ဝင်ငွေထွက်ငွေ စီမံတဲ့အပိုင်းကို မေးမြန်းခဲ့ပါတယ်။ သူတို့ဟာ Digital Marketing နဲ့ PR အလုပ်တွေ လုပ်ကိုင်ကြသူတွေပါ။
ဒီနှစ်ဦးမှာ တူညီတာတစ်ခုက အလုပ်အကိုင်လုံခြုံမှု မရှိတာကြောင့် အလုပ်သစ်ပြန်လည်ရှာဖွေကြရသလို ဝင်ငွေလည်း မတည်ငြိမ်ကြတာပါ။ အခြေခံပညာအဆင့်နဲ့ အထက်တန်းအောင်အဆင့် လူငယ်တွေထက် ဘွဲ့ရလူငယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းလည်း ရှာဖွေရပိုခက်လာတယ်လို့ သူတို့က ဆိုပါတယ်။
ဒစ်ဂျစ်တယ်မားကက်တင်း အပိုင်းမှာ လုပ်ကိုင်တဲ့ ကိုသန့်စင်က သူအလုပ်စဝင်တဲ့ ၂၀၁၈ ခုနှစ်ကထက် လစာ ၃ ဆလောက် ပိုများလာပေမဲ့ စုဆောင်းစရာငွေအပိုတော့ မကျန်ဘူးလို့ ဆိုပါတယ်။
ဒါအပြင် မြန်မာမှာစစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေ အများစုက နိုင်ငံထဲကနေ ပိတ်သိမ်းထွက်ခွာမှုတွေများလာတာက လုပ်ငန်းပြောင်းလဲလုပ်ကိုင်ဖို့အတွက် ရွေးချယ်စရာနည်းလာပါတယ်။
"အလုပ်အကိုင်ကလည်း အရင်ကတော့ ရွေးချယ်စရာရှိတယ်။နောက်ပိုင်းမှာ အဆင်ပြေသလို လုပ်နေရတဲ့ အခြေအနေပဲ" လို့ ဆိုပါတယ်။ အလုပ်တစ်ခုနဲ့ မလောက်ငတာကြောင့် နောက်အလုပ်တစ်ခုကိုလည်း တွဲဖက်လုပ်ကြရတဲ့အခြေအနေရှိပါတယ်။
"လစာထုတ်တာနဲ့ အရေးကြီးတာတွေအတွက် အရင်ဖယ်တယ်။ ကျန်မှ လိုအပ်တာကို ဝယ်ရတာပေါ့။ စားဝတ်နေရေးနဲ့ မိသားစုထောက်ပံ့တာပဲ အရင်စဥ်းစားရတယ်" လို့ ကိုသန့်စင်က ပြောပါတယ်။
ဘွဲ့ရလူငယ်တွေအတွက် နိုင်ငံတကာမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာမြင့်မားတဲ့ နည်းပညာနယ်ပယ်မှာလည်း လစာသတ်မှတ်ချက်က နည်းပါးပါတယ်။
ပုဂ္ဂလိက နည်းပညာကုမ္ပဏီတွေမှာ အငယ်တန်း developer ရာထူးအတွက် ခေါ်ယူတဲ့လစာနှုန်းထားက ကျပ် ၃၅၀,၀၀၀ ကနေ ၄၅၀,၀၀၀ ဝန်းကျင်ရှိပြီး ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်ကထက် သိပ်မကွာခြားဘူးလို့ ဒီနယ်ပယ်မှာ လုပ်ကိုင်နေတာ ၁၀ နှစ်ကျော် သက်တမ်းရှိသူတစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ကိုဗစ်ကြောင့်စီးပွားရေး မလည်ပတ်နိုင်တာနဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အတူ အလုပ်သမားဦးရေ လျှော့ချတာတွေကြောင့် လူငယ်အများအပြား အလုပ်သစ်ပြန်ရှာရတာကြုံခဲ့ရပါတယ်။
ဒီနောက်ပိုင်းနှစ် တဆက်တည်းမှာပဲ မီဒီယာကဏ္ဍအပါအဝင် နိုင်ငံတကာ ရန်ပုံငွေနဲ့လည်ပတ်တဲ့ အလုပ်တွေလည်း ရပ်တန့်တာတွေ ရှိလာတာပါ။ မီဒီယာလုပ်ငန်းမှာ လုပ်သက်နဲ့ ရာထူးကြောင့် သိန်း ၂၀ ဝန်းကျင်ရခဲ့တဲ့ မသော်တာကလည်း PR လုပ်ငန်းကို အစကနေ ပြန်လည်ဝင်ရောက်ရတာကြောင့် လစာလျော့သွားတဲ့အပြောင်းအလဲကြုံခဲ့ရတာပါ။
လစာလျော့သွားပေမဲ့ ကုန်ဈေးနှုန်းအတက်နဲ့သာ ကြုံလာရတာကြောင့် "ကုန်ဈေးနှုန်းတက်တော့ အိမ်သုံးစရိတ်က ပိုလာတယ်။ မီးတွေပျက်တော့ မီးအားမြှင့်စက်၊ အင်ဗာတာတွေ ဝယ်ရတော့ အပိုကုန်တယ်။"
သူလည်း လစာထုတ်တာနဲ့ အဓိကကုန်ကျစရိတ်ဖြစ်တဲ့ အိမ်လခ၊ စားစရိတ်၊ ရေမီးခ၊ ဝိုင်ဖိုင်ဖိုးတွေ အရင်ဖယ်တယ်လို့ ဆိုပါတယ်။
"၂၀၂၀ လောက်အထိ စုဆောင်းငွေက ထားနိုင်တယ်။ အဲဒီနောက်ပိုင်းတော့ စုဆောင်းတာ မရှိသလို အရေးပေါ်ငွေလည်း မရှိဘူး။ တစ်ခါတလေ လကုန်ခါနီး ပိုက်ဆံပြတ်သွားတာမျိုးလည်းကြုံရတယ်" လို့ မသော်တာက ပြောပါတယ်။
မသော်တာလည်း အလုပ်အကိုင်ရွေးချယ်စရာနည်းပါးတဲ့အခြေအနေကို ကြုံနေရတာပါ။ UNDP ရဲ့အစီရင်ခံစာအရ ဘွဲ့ရအမျိုးသမီးတွေဟာ အလုပ်အကိုင်ရရှိဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ အလုပ် လက်မဲ့ဖြစ်နှုန်းမှာလည်း အမျိုးသမီး ၃ ပုံ ၁ ပုံရှိပြီး အမျိုးသားတွေထက် ၂ ဆကျော်များတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။
ဘီဘီစီက မေးမြန်းခဲ့သူတွေရဲ့အခြေအနေကို ခြုံကြည့်ရင်တော့ လူငယ်တွေဟာ မလုံခြုံတဲ့ အလုပ်အကိုင်၊ နည်းပါးတဲ့ရွေးချယ်စရာအလုပ်အကိုင်၊ မတည်ငြိမ်တဲ့ကုန်ဈေးနှုန်းကြားမှာ အခက်အခဲ ကြုံနေကြရတာပါ။
ဒါအပြင် စစ်မှုထမ်းအသက်အကျုံးဝင်သူတွေမှာ တကိုယ်ရည်လုံခြုံရေး စိတ်မချရမှုတွေရှိနေပြီး ထွက်ပေါက်အနေနဲ့ နိုင်ငံရပ်ခြားထွက်ခွာဖို့ကို စိတ်ဆန္ဒရှိနေကြပါတယ်။
ဒီအခြေအနေမျိုးမှာ စစ်တပ်ဦးဆောင်တဲ့ရွေးကောက်ပွဲကနေ လွှတ်တော်ကို ဝင်ရောက်ခဲ့တဲ့ ပါတီတွေရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ နိုင်ငံထဲကလူငယ်တွေထွက်ခွာရစေတဲ့ အဓိကအကြောင်းအရင်းဖြစ်လာတဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ဖော်ပြထားတာမတွေ့ရပါဘူး။
ပြည်တွင်းကအလုပ်သမားတွေရဲ့ အခြေခံလစာ၊ လူငယ်အလုပ်အကိုင်နဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီရဲ့အရေးကြီးလုပ်ငန်းကဏ္ဍမှာ ထည့်သွင်းထားသလားလို့ ဘီဘီစီက ကြံ့ခိုင်းရေးပါတီကိုမေးကြည့်ခဲ့ပါတယ်။
အရေးကြီးကဏ္ဍထဲထည့်ထားတယ်လို့သာ ကြံ့ခိုင်ရေး(USDP)ပါတီ၊ နေပြည်တော်ကောင်စီနယ်မြေရဲ့ ပါတီဥက္ကဋ္ဌ ဦးလှဆွေက ဧပြီ ၅ ရက်မှာ ဖြေခဲ့ပြီး ဘယ်လိုမူဝါဒတွေလဲဆိုတာကို တိတိကျကျမပြောပါဘူး။
ပြည်တွင်းအခြေစိုက်၊ ပြည်သူ့မူဝါဒရေးရာလေ့လာသူတစ်ဦးကတော့ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ နိုင်ငံတွင်းပိုတိုးလာဖို့၊ လစာနဲ့ ကုန်စျေးနှုန်းကို ထိန်းညှိတဲ့မူဝါဒရှိဖို့၊ကုန်ဈေးနှုန်းကိုထိန်းချုပ်နိုင်တဲ့မူဝါဒတွေခိုင်မာအားကောင်းဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
လက်ရှိမြန်မာမှာတော့ လူငယ်တွေဟာ စုဆောင်းငွေ၊ကုန်ကျစရိတ်နဲ့ ဝင်ငွေကို မျှတအောင် ခွဲခြမ်းနိုင်တာမရှိသလောက်ဖြစ်နေကြပါတယ်။
"အဲဒီလို ခွဲခြမ်းရလောက်အောင်ကို လူငယ်တွေရဲ့ ဝင်ငွေက ရှိမနေတော့ဘူး။ နေစရိတ်၊ စားစရိတ်၊ အင်တာနက်ဖိုးနဲ့ အထွေထွေကုန်ကျစရိတ်မှာတင် လမ်းတွေဆုံးနေကြပြီ"