ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန် မာရသွန်မှာ စဘတ်ရှန် ဆာဝေး စံချိန်တင် ပန်းဝင်နိုင်ခဲ့တဲ့လျှို့ဝှက်ချက်က ဘာလဲ
- ရေးသားသူ, ဖာနန်ဒို ဒူတာတေး
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
- ဖတ်ရန်အချိန်: မိနစ် ၇
စဘတ်ရှန် ဆာဝေးဟာ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲကို ကြာချိန် ၂ နာရီ မကျော်ပဲ ပန်းတိုင်ဝင်နိုင်ခဲ့တဲ့ ပထမဆုံး အပြေးအားကစားသမားအဖြစ် စံချိန်တင်သွားပါပြီ။
အသက် ၃၀ နှစ်အရွယ်ရှိတဲ့ ကင်ညာအပြေးသမား စဘတ်ရှန် ဆာဝေး ဟာ ပန်းတိုင်ကို အချိန် ၁ နာရီ၊ ၅၉ မိနစ် နဲ့ စက္ကန့် ၃၀ အတွင်း ရောက်ရှိခဲ့တာပါ။ ၂၀၂၃ ခုနှစ်က ကဲဗင် ကိတွန်းရဲ့ စံချိန် ၂ နာရီ နဲ့ ၃၅ စက္ကန့် ထက်ကို တစ်မိနစ် ပိုစောပြီး စံချိန်တင်နိုင်ခဲ့တာပါ။
အဲလိယက် ကပ်ချုပ်ဂေးက ၂၀၁၉ ခုနှစ်က ကျင်းပတဲ့ မာရသွန်မှာ အချိန် ၂ နာရီအောက်အတွင်း ပန်းတိုင်ဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီပွဲဟာ ပြိုင်ပွဲမဟုတ်ဘဲ ထိန်းချုပ်၊ ဖန်တီးထားတဲ့ အခြေအနေတွေမှာ ပြေးရတဲ့ပြသပွဲတစ်ပွဲသာ ဖြစ်ခဲ့တာကြောင့် သူ့ရဲ့စံချိန်ဟာ အကျုံးမဝင်ခဲ့ပါဘူး။
စိတ်ဝင်စားဖို့ကောင်းတာက လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ဒုတိယနေရာကနေ ပန်းဝင်ခဲ့သူ အီသီးယိုးပီးယားနိုင်ငံသား ရိုမစ် ကာဂျယ်ချာ ပါ။ သူဟာ အချိန် ၁ နာရီ၊ ၅၉ မိနစ်၊ ၄၁ စက္ကန့် နဲ့ ပန်းဝင်ခဲ့တဲ့ စံချိန် ဆွတ်ခူးခဲ့တာပါ။ ဆာဝေးနဲ့ ၁၀ စက္ကန့်ပဲခြားပြီး ပန်းဝင်ခဲ့တာပါ။
လန်ဒန်အမျိုးသမီးမာရသွန်မှာတော့ အီသီယိုးပီးယား အပြေးသမား တီဂစ် အာဆာဖာ က အချိန် ၂ နာရီ၊ ၁၅ မိနစ်၊ ၄၁ စက္ကန့် နဲ့ ပန်းဝင်ခဲ့ပြီး ဒါဟာ သူ့ရဲ့ အရင် ကမ္ဘာ့စံချိန်ထက် အနည်းငယ် ပိုစောခဲ့တာပါ။
ဒီတော့ အရှေ့အာဖရိကတိုက် က အပြေးသမားတွေ အထူးသဖြင့် ကင်ညာ နဲ့ အီသီယိုးပီးယားက အပြေးသမားတွေ မာရသွန်ပြိုင်ပွဲတွေမှာ ဘာကြောင့် ကြီးစိုးနေတာလဲ။
အရှေ့အာဖရိကတိုက် တောင်တန်းတွေပေါ် အပြေးလေ့ကျင့်ခြင်း
တခြားအားကစားနည်းတွေလိုပဲ တာဝေးအပြေးအားကစားမှာ လေ့ကျင့်ရေး အစီအမံတွေ၊ အစားအသောက်နဲ့ ပေါ့ပါးတဲ့ အဆင့်မြင့်ဖိနပ်တွေက ကစားသမားတွေရဲ့လုပ်ဆောင်မှုစွမ်းရည်တွေအပေါ် သက်ရောက်မှုရှိခဲ့တာ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းကပါ။
ဥပမာပြောရရင် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အမျိုးသားမာရသွန်ပြိုင်ပွဲတွေမှာ စံချိန်ချိုးတဲ့ ကြာချိန်တွေဟာ ၄ မိနစ်ကျော်လောက်အထိကို ကျသွားပါတယ်။ အမျိုးသမီးမာရသွန်တွေမှာလည်း အလားတူပါ။
ဒါပေမဲ့ တချို့အားကစားနည်းတွေမှာတော့ လက်တဆုပ်စာနိုင်ငံတွေက ကစားသမားတွေကပဲ ကြီးစိုးထားကြပါတယ်။
ပြီးခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ ငါးကြိမ်စလုံးက ၈၀၀ မီတာနဲ့အထက် အပြေးပြိုင်ပွဲတွေမှာ ကင်ညာနဲ့ အီသီယိုးပီးယားနိုင်ငံက ကစားသမားတွေကပဲ ဆုတံဆိပ်အများစုကို ရရှိထားတာပါ။
အမျိုးသား မာရသွန်ပြိုင်ပွဲ ရဲ့ အမြန်ဆုံးစံချိန် အခု ၂၀ မှာ ၁၈ ခုလောက်က ကင်ညာနဲ့ အီသီယိုးပီးယားနိုင်ငံက အပြေးသမားတွေပဲ အရယူထားတာပါ။ အမျိုးသမီးမာရသွန်မှာလည်း ဒီနှစ်နိုင်ငံက ကစားသမားတွေကပဲ စံချိန်မှတ်တမ်း အခု ၂၀ မှာ ၁၈ ခုလောက်ကို ရယူထားနိုင်တာပါ။
ဒီလိုရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားနိုင်မှုဟာ အရှေ့အာဖရိကတိုက်မှာရှိတဲ့ ရစ်ဖ် တောင်ကြားဒေသနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ ကင်ညာနဲ့ အီသီယိုးပီးယားက ထိပ်တန်းအပြေးသမားတွေရဲ့အောင်ပွဲတွေဟာ အဲဒီဒေသကနေ ဆင်းသက်လာတာပါ။
သိပ္ပံနည်းကျတွေ့ရှိမှုတွေအရ တောင်ပေါ်ဒေသမှာ နေထိုင်တဲ့အပြေးသမားတွေ၊ အထူးသဖြင့် အဲဒီဒေသမှာ မွေးဖွားတဲ့အပြေးသမားတွေဟာ နှလုံးနဲ့ အဆုတ်က သူများထက် ပိုပြီး အားကောင်းကြတယ်လို့ ဆိုပါတယ်။ အောက်စီဂျင်မှု ရရှိမှု နည်းတဲ့ အမြင့်ပိုင်းဒေသမှာ လေ့ကျင့်ကြရလို့ပါ။
ဒါပေမဲ့ ဒီအချက်တစ်ခုတည်းကပဲ အောင်မြင်မှုရဲ့သော့ချက်လို့တော့ မဆိုနိုင်ပါဘူး။ နီပေါ နဲ့ ဘိုလီဗီးယားနိုင်ငံတွေဆိုရင်လည်း အမြင့်ပိုင်းမှာတည်ရှိနေပေမဲ့ အဲဒီနိုင်ငံက အပြေးသမားတွေက ကမ္ဘာစင်မြင့်ထက်မှာ မထွန်းပေါက်ကြပါဘူး။
ကင်ညာ နဲ့ အီသီယိုးပီးယား လူမျိုးတွေရဲ့သူများနဲ့ မတူတဲ့အချက်ကတော့ သူတို့ရဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ အသွေးထဲ၊ အသားထဲမှာ အပြေးအားကစားနည်းက နေ့စဉ်လူမှုဘဝအဖြစ် စိမ့်ဝင်နေတာကြောင့်ပါ။
ယဉ်ကျေးမှုနဲ့ စံပြရည်မှန်းချက်တွေ
အရင်က အီသီယိုးပီးယားနိုင်ငံရဲ့ ဂန္တဝင်အပြေးသမား ဟိုင်းလ ဂက်ရစလက်အေး တစ်ယောက် ငယ်စဉ် ကလေးဘဝတုန်းက ဖိနပ်မပါဘဲ တာဝေး ပြေးတာက ပုံမှန်လို့ မြင်ခဲ့ကြပေမဲ့ အခုလက်ရှိမှာတော့ အာဖရိကမှာ မြို့ပြိုဖွံ့ဖြိုးတိုးတက်မှုတွေက ထိုက်သင့်လျောက် တိုးတက်လာခဲ့ပါပြီ။
ဒါပေမဲ့ လမ်းမတွေပေါ် ပြေးလွှား၊ လမ်းလျှောက်ကြကတော့ အခုချိန်ထိ လုပ်ရိုး လုပ်စဉ် ဓလေ့ တစ်ခုအဖြစ် ဆက်ပြီး ကျန်ရှိနေပါတယ်။
ကင်ညာမှာ အခြေချနေထိုင်ပြီး အလုပ်လုပ်နေသူ စပိန်ထိပ်တန်းအပြေးအားကစားသမားဟောင်း မက် ရော့ချ် ကတော့ သူ့ရဲ့ကလေးတွေ တက်တဲ့ ကျောင်းမှာ မိဘတွေနဲ့ အပြေးလေ့ကျင့်ရေးအချိန်တွေအကြောင်း ဆွေးနွေးတဲ့အခါ မျက်နှာငယ်ခဲ့ရတဲ့ အခိုက်အတန့်တွေကို အမှတ်ရ နေပါတယ်။
"အဲဒီဒေသမှာ နောက်ပိုင်း ကျွန်တော် အပြေးသမားပါလို့ ဘယ်သူ့ကိုမှ မပြောရဲတော့ဘူး" လို့ ရော့ချ် က အရွှန်းဖောက်ပြီး ပြောပါတယ်။
သူဟာ ကင်ညာရဲ့ မြို့တော် နိုင်ရိုဘီ ရဲ့ မြောက်ဘက် မိုင် ၁၆၀ အကွာ၊ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၇,၃၀၀ မှာ ရှိတဲ့ အီတန်းမြို့မှာ အရည်အချင်းမြင့်တင်ရေး ပရောဂျက် တစ်ခုကို ဦးစီးနေပါတယ်။
အီတန်းမြို့ဟာ ချန်ပီယံတွေရဲ့မြေလို့ ဒေသခံတွေအကြားတင်စားခေါ်ဝေါ် လေ့ရှိကြပါတယ်။ အရင် ကင်ညာချန်ပီယံတွေ၊ လက်ရှိချန်ပီယံတွေ၊ အိုလံပစ်ဆုတံဆိပ်ရှင်တွေရဲ့အောင်မြေဆိုလည်း မမှားပါဘူး။
အနီးအနားနဲ့ လမ်းမပေါ်တွေမှာ ဂန္ဓဝင် ကစားသမားတွေ ပြေးလွှားနေတာကို သက်ရှိထင်ရှား မြင်တွေ့နေရတာကလည်း တက်သစ်စ လူငယ်တွေအတွက် ဒါဟာ အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ခွန်အားတစ်ခုဖြစ်စေတယ်လို့ ရော့ချ်က ပြောပါတယ်။ ဆင်းရဲမွဲတေမှုက ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေသေးတဲ့တိုက်ကြီးတစ်ခု၊ နိုင်ငံတစ်ခုမှာ ဒီအသက်မွေးဝမ်းကျောင်းကနေ ဝင်ငွေရနိုင်တာလည်း အသိဝင်စေပါတယ်။
"ဘရာဇီးနဲ့ အာဂျင်တီးနားက နွမ်းပါးတဲ့ ကလေးငယ်တွေ တချိန်မှာ ဘောလုံးသမားကြီးတွေ ဖြစ်ချင်သလိုပဲ ကင်ညာနိုင်ငံသားတွေကလည်း သူတို့ရဲ့အားကစားသမားတွေကိုကြည့်ပြီး တချိန်မှာ ဘဝရပ်တည်ရေးအာမခံချက်ရှိတဲ့ အပြေးသမားကြီးတွေ ဖြစ်ချင်ကြပါတယ်။ အနီးအနားမှာရှိနေတဲ့ စံပြပုဂ္ဂိုလ်တွေကလည်း သူတို့ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့အတွက် ခွန်အားတစ်ခု ဖြစ်စေပါတယ်"
ဆာဝေးက ပထမဆုံး စံချိန်တင်သူ ဘာကြောင့်မဖြစ်ရတာလဲ
ဂူဂဲလ် မှာ " 2-Hour Marathon" လို့ ရိုက်လိုက်ရင် မလွဲမသွေတွေ့ရမယ့် သတင်းကတော့ အိုလံပစ်မာရသွန် နှစ်ထပ်ကွမ်း ချန်ပီယံ အဲလိယက် ကပ်ချုပ်ဂေး တစ်ယောက် ၂၀၁၉ ခုနှစ်၊ ဩစတြီးယားနိုင်ငံ၊ ဗီယမ်နာမြို့မှာ အထူးကြပ်မတ်စီစဉ်ထားတဲ့ပွဲကို အချိန် ၁ နာရီ၊ ၅၉ မိနစ် နဲ့ ၄၀ စက္ကန့်မှာ ပန်းဝင်သွားတယ်ဆိုတာပါ။
ဒီမတိုင်ခင် ၂ နှစ်လောက်ကဆိုရင် အားကစားအဝတ်အထည်ကုမ္ပဏီ နိုက်ကီ(Nike)က အီတလီနိုင်ငံ၊ မွန်ဇာမြို့မှာရှိတဲ့ Formula-1 ကားပြေးလမ်းပေါ်မှာ ကင်ညာအပြေးသမားတစ်ဦးနဲ့ စံချိန်သစ်တင်ဖို့အတွက် ကြိုးပမ်းခဲ့ဖူးတယ်။ ဒါပေမဲ့လည်း စံချိန်တင်ဖို့ ၂၆ စက္ကန့် လောက်လိုခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဒါပေမဲ့လည်း ဒါတွေအားလုံးကို ကမ္ဘာ့ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ် (World Athletics) က အသိအမှတ်မပြုခဲ့ပါဘူး။ ပုံမှန်ပြိုင်ပွဲတစ်ခုမှာ မတွေ့ရတဲ့ အစီအမံတွေကြောင့်ပါ။ ဥပမာ ကပ်ချုပ်ဂေး ပြေးခဲ့တဲ့ပွဲမှာ Formula - 1 ပြိုင်ပွဲတွေမှာ တွေ့ရတတ်တဲ့ လေတားပေးတဲ့စနစ်တွေ၊ နောက်ပြီး သူနဲ့ တဆင့်ချင်း ဝင်ပြေးပေးတဲ့ Pacer အပြေးသမားတွေ အကူအညီနဲ့ ပြေးခဲ့တာပါ။
ကင်ညာအပြေးသမား ကပ်ချုပ်ဂေး က သောက်ရေအတွက် ပုံမှန်ပြိုင်ပွဲတွေမှာ လို သတ်မှတ်ထားတဲ့ နေရာမှာ မယူဘဲ စက်ဘီးနဲ့ လိုက်ပို့တဲ့ သောက်ရေတွေပဲ အသုံးပြုခဲ့တာပါ။
ကပ်ချုပ်ဂေးကတော့ ဒီလိုပြေးဖို့ ငွေကြေး သန်းနဲ့ချီ ရခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက်မှာ သူ့ရဲ့နာမည် အမှတ်အသားဘေးမှာ စံချိန်မှတ်တမ်းတင်နိုင်တယ်ဆိုတဲ့ ကြယ်အမှတ်အသားခြစ်လိုက်တာကို သူဂရုမစိုက်ခဲ့ပါဘူး။
ကပ်ချုပ်ဂေး နဲ့ အလုပ်အတူလုပ်ခဲ့တဲ့ ယူကေ အားကစားသိပ္ပံပညာရှင် ပါမောက္ခ အန်ဒရူး ဂျုန်းစ် ကလည်း အတူတူပါ။
"အမှတ်အသားက တရားဝင် ဖြစ်၊ မဖြစ် ကျွန်တော်ဂရုမစိုက်ဘူး။ အားကစားဝါသနာရှင်တွေ အားလုံးက လူတစ်ယောက် အချိန် ၂ နာရီ မကျော်ဘဲ ပန်းဝင်နိုင်လားဆိုတာ သိချင်ကြပါတယ်။ ဒါဟာ တကယ် ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ သက်သေပြခဲ့တယ်" Exeter University မှ ပညာရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"ထိန်းချုပ်၊ဖန်တီးထားတဲ့ ပတ်ဝန်းကျင် မှာ တောင် အောင်မြင်နိုင်ဖို့ ကပ်ချုပ်ဂေးက အင်မတန် ပြောင်မြောက်တဲ့ စွမ်းဆောင်မှုကို ထုတ်သုံးခဲ့ရတယ်"
ခန္ဓာကိုယ်ရဲ့ ပင်ပန်းနာကျင်မှု
ထိပ်တန်းမာရသွန်စံချိန်တွေ ရနိုင်ဖို့ မလွယ်ကူဘူးဆိုတာဟာ လျှော့ပေါ့ပြောဆိုမှုလို့ ဆိုနိုင်ပါတယ်။
ဥပမာ ကဲဗင် ကိတွန်း ဆိုရင် ၂၀၂၃ ခုနှစ်က ချီကာဂိုမြို့ရဲ့ လမ်းမတွေပေါ်မှာ ပျမ်းမျှ အမြန်နှုန်း တစ် ကီလိုမီတာကို ၂ မိနစ်၊ ၅၁ စက္ကန့် နဲ့ ခပ်မြန်မြန်ပြေးပြသွားခဲ့တာပါ။ ကမ္ဘာ့ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ် (World Athletics) အဖွဲ့ရဲ့ ၂၀၁၉ ခုနှစ်တုန်းက အချက်အလက်တွေအရဆိုရင် ပုံမှန်အမျိုးသားမာရသွန် အပြေးသမားတစ်ယောက်ရဲ့ ကမ္ဘာ့ပျမ်းမျှ အမြန်နှုန်းဟာ တစ်ကီလိုမီတာကို ၆ မိနစ် နဲ့ ၄၃ စက္ကန့် ရှိပါတယ်။
ဒီလိုအောင်မြင်ဖို့က ပြင်းထန်တဲ့ ခန္ဓာကိုယ်ပင်ပန်းနာကျင်မှုတွေ မရှိဘဲနဲ့တော့ မဖြစ်လာနိုင်ပါဘူး။ ပရော်ဖက်ရှင်ကစားသမားတွေတောင်မှ ဒီဒဏ်ကို မဖြစ်မနေခံရတယ်လို့ ပါမောက္ခ ဂျုန်းစ် က ရှင်းပြပါတယ်။
"ခရီးအကွာအဝေးအရှည်ကြီးကို ပြင်းပြင်းထန်ထန် ပြေးရင် ဘယ်လို အဆင့်ရှိတဲ့ အပြေးသမားပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ ပင်ပန်း၊ နာကျင်မှုကို ခံစားရမှာပါ။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးလည်း ထမ်းရွက် ရပါသေးတယ်"
ကြွက်သားတွေ၊ အရိုးတွေ နဲ့ အဆစ်အမြစ်တွေကို ခပ်ပြင်းပြင်းရိုက်ခတ်မှုကြောင့် နာကျင်မှုတွေ အပြင် တစ်ပတ်ကို ၁၆၀ ကီလိုမီတာ အနည်းဆုံးပြေးရတဲ့ ခက်ခဲကြမ်းတမ်းတဲ့လေ့ကျင့်မှုတွေ ကို ကြည့်ရုံနဲ့ ထိပ်တန်းအပြေးသမားတွေ ဘာကြောင့် တစ်နှစ်အတွင်း ပြိုင်ပွဲတွေအများကြီး မပြိုင်နိုင်လည်းဆိုတာ သိနိုင်ပါတယ်။
ဆာဝေး - ရက်ဖ် တောင်ကြားဒေသက မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ အပြေးသမားလား
နှစ်နာရီအောက်နဲ့ ပန်းဝင်ပြီး စံချိန်တင်ဖို့ ဖြစ်နိုင်ခြေ အရှိဆုံး အပြေးသမားဟာ ကပ်ချုပ်ဂေးလို့ထင်ကြေးပေးကြပါတယ်။
ဘီဘီစီကို ပြောခဲ့တဲ့ကျွမ်းကျင်သူတွေကတော့ ၂၀၂၃ ခုနှစ်မှာ တတိယအကြိမ် ပြိုင်ပွဲဝင်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ကဲဗင် ကိတွန်း လိုမျိုး "ရက်ဖ် တောင်ကြားဒေသက မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ အပြေးသမား" ဘယ်သူဖြစ်မလဲဆိုတာကို ထုတ်မပြောခဲ့ကြပါဘူး။
"ဒီအပြေးသမားက ရက်ဖ် တောင်ကြားဒေသမှာ ရှိနေပြီးသားဖြစ်မှာပါ။ အဲဒီမှာ ကျွန်တော်တို့ တခါမှ မကြားဖူးတဲ့အရည်အချင်းရှိတဲ့အပြေးသမားတွေ အများကြီးရှိနေတာပါ" လို့ ကင်ညာ အပြေးအားကစားသမား ပန်ဒစ် နဲ့ အပြေးသမားဟောင်း မာတင် ကေးနိုက ဘီဘီစီကို ၂၀၂၄ ခုနှစ်က ပြောခဲ့ဖူးပါတယ်။
ဆာဝေးကတော့ တကယ်ပဲ လုပ်ပြခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆာဝေးရဲ့ မာရသွန် မှတ်တမ်းတွေမှာ လန်ဒန်မာရသွန်ဟာ သူ့ရဲ့စတုတ္ထမြောက် ပြိုင်ပွဲသာဖြစ်ပါတယ်။
ဒီအောင်မြင်မှုရဲ့ရှေ့ပြေးလက္ခဏာတွေကတော့ ရှိနှင့်နေခဲ့ပြီးသားပါ။ ဆာဝေးက သူ့ရဲ့အရင် ပြိုင်ပွဲသုံးခု စလုံးမှာ အနိုင်ရထားပါတယ်။ ဒါပေမဲ့ အချိန်နှစ်နာရီအောက်အတွင်း ပန်းဝင်ခဲ့တာတော့ မဟုတ်ပါဘူး။
အမျိုးသမီးတွေ ပန်းဝင်ချိန် ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ပြီလား
အမျိုးသမီးအပြေးသမားတွေ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ် မာရသွန်လိုပြိုင်ပွဲတွေမှာ ၁၉၇၀ ခုနှစ်ဝန်းကျင်ကစလို့ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ အိုလံပစ်နဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပွဲတွေ မှာ ပါဝင်ခွင့်ရဖို့အတွက် ၁၉၈၀ ခုနှစ်အထိ စောင့်ဆိုင်းခဲ့ရပါတယ်။
သေချာတာကတော့ သူတို့တွေ ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်ခဲ့ပါဘူး။
၁၉၇၁ ခုနှစ် ၂၀၀၂ ခုနှစ်ကြားမှာ အစောဆုံးပန်းဝင်တဲ့အချိန်ဟာ ၂ နာရီ ၅၅ မိနစ်ကနေ ၂ နာရီ ၁၇ မိနစ်အထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ချီကာဂိုမာသွန် ပြိုင်ပွဲမှာတော့ ကင်ညာနိုင်ငံသူ ဘရစ်ဂျစ် ကော့စေး က ၂ နာရီ၊ ၁၄ မိနစ်၊ ၄ စက္ကန့် ကြာချိန် နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။
အဲဒီစံချိန်ကို အီသီယိုးပီးယားနိုင်ငံသူ တီဂစ် အာဆာဖာ က ၂၀၂၃ ခုနှစ် ဂျာမနီနိုင်ငံ ဘာလင် မာရသွန်မှာ ချိုးဖောက်ပြီး ကြာချိန် ၂ နာရီ၊ ၁၁ မိနစ်၊ ၅၃ စက္ကန့် နဲ့ စံချိန်အသစ်တင်ခဲ့ပါတယ်။
တကယ်တော့ ၂၀၁၅ ခုနှစ်က အမေရိကန်အားကစားသိပ္ပံပညာရှင်တွေ ရဲ့ လေ့လာမှုအရ အမျိုးသမီးတွေဟာ မဖြစ်နိုင်တဲ့စံချိန်တွေကို ၂၀၀၃ ခုနှစ်ကတည်း ရေးထိုးထားနိုင်ခဲ့ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်တုန်းက ယူကေ အမျိုးသမီးအပြေးသမား ပေါ်လာ ရက်ကလစ်ဖ်က လန်ဒန်မာရသွန် မှာ အချိန် ၂ နာရီ၊ ၁၅ မိနစ်၊ ၂၅ စက္ကန့် နဲ့ ပန်းဝင်ပြီး စံချိန်တင်ခဲ့တာပါ။