ရရှားက သူဌေးကြီးတွေ ပူတင့်အလွန်ကို စိတ်ကူးယဉ်နေကြ

ဓာတ်ပုံ ရင်းမြစ်, Getty
- ရေးသားသူ, Vitaly Shevchenko
- ရာထူးတာဝန်, Chief Analyst, BBC Monitoring
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၁၀
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် စတင်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဗလာဒီမီယာ ပူတင်ဟာ ရုရှားရဲ့ အချမ်းသာဆုံးစီးပွားရေးသမားတွေကို ကလင်မလင်နန်းတော်ထဲက Yekaterininsky ခန်းမကျယ်ကြီးကို ခေါ်ယူခဲ့ပါတယ်။
သူတို့ထဲက ၃၆ ဦးကျော်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် မျက်နှာဖုံး နှာခေါင်းစည်း တပ်ထားကြပြီး ခန်းမနံရံတလျှောက် စုဝေးထိုင်နေခဲ့ကြပါတယ်။
"မျက်နှာဖျော့ပြီး အိပ်ရေးပျက်နေကြသလိုပဲ" လို့ ရုရှားသတင်းစာက သတင်းထောက်တစ်ဦးက သူတို့ပုံစံကို ရေးပြပါတယ်။
ပူတင် ခန်းမထဲ ဝင်လာချိန်မှာ စီးပွားရေးသမားတွေထိုင်နေတဲ့နေရာနဲ့ အတော်ဝေးတဲ့ တစ်ဖက်ခြမ်းမှာ ထိုင်ချလိုက်ပြီး သူနဲ့ သူတို့ကြားမှာ ကျယ်ပြန့်တဲ့ အကွာအဝေးတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။
ထုံးစံအတိုင်း သူ နှာခေါင်းစည်း မတပ်ထားပါဘူး။
သူ့ရဲ့အဓိပ္ပာယ်ဝှက်ပြောလေ့ရှိတဲ့ဘာသာစကားနဲ့ပဲ စစ်ပွဲကို အားပေးထောက်ခံဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။
လက်ရှိဖြစ်နေတဲ့အခြေအနေကို နားလည်ပေးကြဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်" လို့ သူက ပြောခဲ့ပြီး "ကုန်ထုတ်လုပ်ရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်တွေကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေ ရှာဖွေဖို့ အစိုးရနဲ့အတူ လက်တွဲဆောင်ရွက်ကြပါ" လို့လည်း ဆိုခဲ့ပါတယ်။
ဖိတ်ခေါ်ခံထားရတဲ့ဘီလျံနာ တစ်ဦးတစ်ယောက်မှ စကားမပြောခဲ့ကြပါဘူး။ ကရင်မလင်နန်းတော်က ထုတ်ပြန်တဲ့အဲဒီတွေ့ဆုံပွဲ ဗီဒီယိုထဲမှာ ဒါကို မြင်နိုင်ပါတယ်။
ဆိတ်ဆိတ်နေခြင်းဟာ ရုရှားက ကျိကျိတက်ချမ်းသာသူတွေရဲ့အသွင်အပြင် တစ်ခုတောင်ဖြစ်လာပါတယ်။
ပြောလိုက်တဲ့စကားနဲ့အတူ ပေးလိုက်ရမယ့်တန်ကြေးက အလွန်ကြီးမားနိုင်တယ်ဆိုတာကို ပူတင် အုပ်ချုပ်ခဲ့တဲ့ဆယ်စုနှစ်များအတွင်းမှာ ဒီသူဌေးကြီးတွေ သင်ခန်းစာရခဲ့ကြပြီးဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာ အဲဒီအချိန်က ရုရှားရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အတိုက်အခံအဖွဲ့အစည်းအချို့ကို ငွေကြေးထောက်ပံ့နေတဲ့ ရေနံလုပ်ငန်းရှင် Mikhail Khodorkovsky ဟာ နိုင်ငံတွင်း အကျင့်ပျက်ခြစားမှုတွေ ထူပြောတာဟာ ပူတင်ကြောင့်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အဲဒီနောက် သူဟာ အခွန်ရှောင်မှု၊ လိမ်လည်မှုနဲ့ ငွေအလွဲသုံးစားမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါဟာ အခြား ဝေဖန်လိုသူတွေအတွက် သတိပေးချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သူဌေးကြီးကတော့ သူ့အပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ALEXEY NIKOLSKY/SPUTNIK/AFP via Getty Images
ပြီးတော့ အဲသူဌေးကြီးတွေဟာ စစ်ပွဲကို မနှစ်မြိုဘူးဆိုရင်တောင် သူတို့အတွေးကို သူတို့ ရင်ထဲမှာပဲ သိမ်းထားကြမယ့်ပုံပါ။
ဒါပေမဲ့ အဲဒီတိတ်ဆိတ်မှုအတွင်းမှာတောင် တိုးတိုးသံတွေတော့ ရှိနေပါတယ်။ တစ်ချိန်က အင်အားကြီးခဲ့တဲ့ ရုရှားစီးပွားရေးအထက်တန်းလွှာအဖွဲ့ဝင်တချို့က ပူတင့်အလွန် ရုရှားနိုင်ငံပုံစံကို စိတ်ကူးယဉ်နေကြပါပြီ။
သမ္မတ ရာထူးကနေ ဆင်းသွားချိန် ဒါမှမဟုတ် ကွယ်လွန်သွားချိန်မှာ ရုရှားနိုင်ငံဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကလို အာဏာရှင်သူဌေးကြီးတွေ အခွင့်အာဏာ အကျိုးခံစားခွင့်ရရှိခဲ့တဲ့ နိုင်ငံမျိုး ပြန်ဖြစ်လာမလား၊ ဒါမှမဟုတ် ပိုမိုကျန်းမာတဲ့နိုင်ငံရေးစနစ်တစ်ခု ပေါ်ထွန်းလာနိုင်မလားဆိုတာကို သူတို့ စဉ်းစားနေကြပါတယ်။
မကြာသေးခင်က ရုရှားရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးနဲ့ နာရီပေါင်းများစွာ တွေ့ဆုံမေးမြန်းခဲ့တဲ့ The Economist သတင်းစာက ကရင်မလင်အရေး လေ့လာသူ နာမည်ကျော် သတင်းထောက် Arkady Ostrovsky ကတော့ နိုင်ငံရဲ့အနာဂတ်အပေါ် ရုရှား သန်းကြွယ်တွေ မြင်တဲ့ အမြင်တွေမှာ "သမိုင်းဝင် နိုင်ငံရေးအပြောင်းအလဲတစ်ခု လာနေပြီ" လို့ ခံစားရကြောင်း ပြောပါတယ်။
တရစပ် ချမ်းသာလာကြသူများ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် နိုင်ငံတွင်းမှာ အင်အားကြီး အုပ်စုအသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီလူတွေက ကွန်မြူနစ်စနစ် အဆုံးသတ်သွားခြင်းရဲ့အခွင့်အရေးကို အသုံးချပြီး အလွန်ချမ်းသာလာခဲ့ကြသလို နိုင်ငံရေးသမားတွေကိုလည်း ကိုယ်ကျိုးအတွက် ထိန်းချုပ်လိုကြပါတယ်။
သူတို့ကို "oligarchs" လို့ ခေါ်ကြပြီး အဓိပ္ပာယ်ကတော့ "အုပ်ချုပ်သူလူနည်းစု" ဆိုတဲ့ ရှေးဂရိစကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
သူတို့မှာ ငွေကြေးရှိခဲ့ပြီး အဲဒီခေတ်တုန်းက ငွေဟာ အာဏာနဲ့ တိုက်ရိုက်ညီမျှခဲ့ပါတယ်။
"ရုတ်ရုတ်သဲသဲ ၁၉၉၀ ပြည့်လွန်နှစ်များ" လို့ ခေါ်ကြတဲ့အဲဒီခေတ်ဟာ "သူဌေးသစ် ရုရှား" တွေ ပေါ်ထွက်လာတဲ့အချိန်ဖြစ်ပါတယ်။
နိုင်ငံပိုင်ကုမ္ပဏီကြီးတွေကို ရောင်းချလိုက်ချိန်မှာ အချိတ်အဆက်ကောင်းတဲ့အမျိုးသားတွေဟာ နေ့ချင်းညချင်း သန်းကြွယ်သူဌေး၊ ဘီလျံနာတွေ ဖြစ်လာကြပါတယ်။
အကျင့်ပျက်ခြစားမှုတွေ ပျံ့နှံ့ခဲ့ပြီး နီးရာကောင်းစားခဲ့ကြသလို ငွေပေး လူသတ်ခိုင်းတာတွေလည်း မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမဲ့ ပူတင်ဟာ ၂၀၀၀ ခုနှစ်မှာ သမ္မတအဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခံရပြီး မကြာခင်မှာပဲ အဲဒီ oligarchs တွေကို သူ့အောက်မှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
သူက ဘယ်သူနဲ့မှ အာဏာ မျှဝေဖို့ စိတ်မဝင်စားခဲ့ပါဘူး။
ရုရှားစီးပွားရေး ပြန်လည်ဦးမော့လာပြီး ဗဟိုအစိုးရလည်း ပိုမိုအားကောင်းလာနေတဲ့အတွက် သူဟာ ဘီလျံနာတွေကို ရင်ဆိုင်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto/NurPhoto via Getty Images
ဘေလ် ဘရော်ဒါဟာ တစ်ချိန်က ရုရှားမှာ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့ပြီး အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်လှုပ်ရှားခဲ့တာကြောင့် ၂၀၀၅ ခုနှစ်မှာ နိုင်ငံထဲ၀င်ခွင့်အပိတ်ခံခဲ့ရသူဖြစ်ပါတယ်။ သူကတော့ ရုရှားသူဌေးကြီးတွေဟာ ပူတင် ရှေ့မှာ ကြောက်ရွံ့သွားပြီး အားလျော့သွားကြတယ်လို့ ပြောပါတယ်။ အထူးသဖြင့် စစ်မဖြစ်ခင်ကာလက Davos စီးပွားရေးဖိုရမ်လို နေရာတွေမှာ သူတို့ကို ကြိုဆိုလက်ခံနေဆဲ အချိန်တွေမှာ ဖြစ်ပါတယ်။
"သူတို့ဟာ နေရာတစ်ခုလုံးကို သူတို့ ပိုင်ထားသလို လျှောက်သွားနေကြတာ၊ မောက်မာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့သူတွေ ဖြစ်တာကို ကျွန်တော် မှတ်မိနေသေးတယ်။ ဒါပေမဲ့ ပူတင် ရောက်လာတာနဲ့ သူတို့ဟာ alpha male ကြီးတွေကနေ အမိန့်နာခံရတဲ့၊ စိတ်ပျက်အားလျော့နေတဲ့ကျောင်းသားလေးတွေလို ဖြစ်သွားတာကို မြင်ရတာ အံ့ဩဖို့ကောင်းတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။
၂၀၂၂ ခုနှစ် စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ကရင်မလင်နန်းတော်က ရုရှားသူဌေးကြီးတွေကို "မုန့်ပေး တုတ်ပေး" မူဝါဒအတိုင်း ထိန်းချုပ်ထားခဲ့ပါတယ်။
စစ်ပွဲကို ဝေဖန်သူတွေဟာ ပိုင်ဆိုင်မှု သိမ်းဆည်းခံခဲ့ရပြီး သစ္စာရှိသူတွေကတော့ အစိုးရရဲ့ အမြတ်ကြီးတဲ့စစ်ရေး စာချုပ်တွေ ရရှိခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ဖော့ဘ်စ်မဂ္ဂဇင်းအရ ရုရှားဘီလျံနာ အရေအတွက်ဟာ ၁၅၅ ဦးအထိ ရှိလာပြီး အရင်ကထက် ပိုများလာပါတယ်။
သူတို့ရဲ့စုစုပေါင်း ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ဘီလျံ ၇၀၀ နီးပါးအထိ ရောက်ရှိလာပြီး စံချိန်တင် မြင့်တက်လာပါတယ်။
ဒါပေမဲ့ သစ္စာရှိခဲ့ပြီး ဆုချီးမြှင့်ခံရတဲ့သူဌေးကြီးတွေအတွက်တောင် အဲဒီငွေကြေး ပမာဏကြီးက သူတို့ကို ပျော်ရွှင်စေတဲ့ပုံ မရပါဘူး။
တချို့က မကျေမနပ် ဖြစ်လာနေကြပါတယ်။
တစ်ဦးတည်းအာဏာချုပ်ကိုင်ခြင်း၊ အုပ်စိုးသူလူနည်းစုနဲ့ ဒီမိုကရေစီ
သူတို့ရဲ့ဘီလျံပေါင်းများစွာသော ငွေကြေးတွေဟာ အရင်လို အသုံးမဝင်တော့ပါဘူး။ နိုင်ငံအတွင်းမှာဆိုရင် နိုင်ငံရေးသြဇာကို အရင်လို ဝယ်လို့မရတော့ပါဘူး။
ပြည်ပရောက် နိုင်ငံရေးသမားနဲ့ လေ့လာသုံးသပ်သူ Dmitry Nekrasov ကတော့ "သူတို့လက်ထဲမှာ ကတ်မရှိဘူး။ ကစားစရာ ဂိမ်းလည်း မရှိဘူး" လို့ ပြောပါတယ်။ "သူတို့ ချမ်းသာနေတာ ပူတင် ကြောင့် ဖြစ်တာ။ ပူတင်က သူတို့ကြောင့် ချမ်းသာတာ မဟုတ်ဘူး" လို့ သူက ဆိုပါတယ်။
ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်ပြီးနောက် အနောက်နိုင်ငံတွေ ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် သူတို့ဟာ ပြည်ပမှာလည်း ဖယ်ကြဉ်ခံထားရပါတယ်။
"သူတို့ကို အဆင့်နိမ့် ရာဇဝတ်သားတွေလို သဘောထားကြတယ်။ ကိုယ်ပိုင်လေယာဉ်တွေနဲ့ မပျံနိုင်တော့ဘူး။ ရွက်လှေတွေကို ဥရောပက အကောင်းဆုံး ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့် မရတော့ဘူး။ သူတို့အတွက် အတော် အရှက်ရစရာကောင်းပြီး ခက်ခဲတဲ့ ကိစ္စ ဖြစ်မှာပဲ" လို့ ဘရော်ဒါ က ပြောပါတယ်။
အဲဒီလိုနဲ့ တချို့သူတွေရဲ့ စိတ်ဟာ ပူတင် မရှိတော့တဲ့နောက်ပိုင်း ဘာဖြစ်မလဲဆိုတာကို တဖြည်းဖြည်း ရောက်ရှိလာနေပါတယ်။
အဲဒီလိုပြောတာက ဒီသူဌေးကြီးတွေရဲ့ကမ္ဘာထဲမှာ နှစ်ရှည်လများ နက်နက်ရှိုင်းရှိုင်း လေ့လာနေတဲ့ အတွင်းသတင်းရ သုံးသပ်သူတွေဆီက ကြားရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သမ္မတ ထွက်ခွာမယ့် အရိပ်အယောင် မရှိသေးသလို ကျန်းမာရေး ဆိုးရွားနေတယ်လို့ ယူဆစရာလည်း မရှိပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့လက အသက် ၇၄ နှစ် ပြည့်ခဲ့တဲ့ ပူတင် ဟာ ကရင်မလင်မှာ ရာစုနှစ်လေးပုံတစ်ပုံလောက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ မော်စကို က လူတွေကတော့ တစ်နေ့မှာ သူ ထွက်ခွာသွားမယ့် အချိန် ရောက်လာမယ်ဆိုတာ သိထားကြပါတယ်။
၂၀၃၆ ခုနှစ်အထိ သမ္မတ တာ၀န်ဆက်ယူမှာလားလို့ ရိုက်တာက မနှစ်တုန်းက မေးမြန်းခဲ့ရာမှာ ပူတင်က "ကျွန်တော်တို့မှာ ကျန်းမာရေး အလုံအလောက် ရှိမရှိဆိုတာ ဘုရားသခင်ပဲ သိပါတယ်" လို့ ပြန်ဖြေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CARL DE SOUZA/AFP via Getty Images
ပူတင်ဟာ ရာထူးက နုတ်ထွက်တာပဲဖြစ်ဖြစ်၊ ရာထူးတာဝန် ထမ်းဆောင်နေစဉ် ကွယ်လွန်တာပဲဖြစ်ဖြစ်၊ လက်ရှိ ဝန်ကြီးချုပ် Mikhail Mishustin က အာဏာ လွှဲပြောင်းရယူရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ Mishustin ဟာ သမ္မတဖြစ်လိုတဲ့ရည်မှန်းချက် တစ်စုံတစ်ရာ မပြသဖူးပါဘူး။ ဒါလည်း သူကို အဲဒီရာထူးမှာ ခန့်ထားရခြင်းရဲ့ အရေးကြီးတဲ့အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
အဲဒီလို ဖြစ်လာရင် အာဏာလစ်ဟာမှု တစ်ခုခု ပေါ်လာနိုင်ပါတယ်။
အဲဒီအခြေအနေမှာ ကျွန်တော် ပြောဆိုခဲ့တဲ့ ရုရှားအရေး လေ့လာသူတွေက ဖြစ်နိုင်ခြေအမျိုးမျိုးကို မြင်ကြပါတယ်။
အနောက်နိုင်ငံတွေနဲ့ ရုရှားနိုင်ငံအတွင်းက လူတချို့ကတော့ ပူတင်အလွန် ရုရှားနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးလာမယ်၊ နိုင်ငံကို oligarch အသစ်တွေ ဒါမှမဟုတ် အာဏာရှင်တစ်ဦးက မဟုတ်ဘဲ ပြည်သူတွေက အုပ်ချုပ်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ သုံးသပ်သူတွေကတော့ ဒါဟာ ဖြစ်နိုင်ခြေအနည်းဆုံးလမ်းကြောင်းဖြစ်တယ်လို့ ယူဆကြပါတယ်။
ပူတင်အုပ်ချုပ်မှုကာလအတွင်း ဒီမိုကရေစီအဖွဲ့အစည်း အရေးကြီးတွေဟာ ယိုယွင်းသွားခဲ့သလို အချို့မှာ ဖျက်ဆီးခံခဲ့ရပါတယ်။
"ရုရှားဟာ အကြမ်းဖက်မှုနဲ့ အရမ်း အကျွမ်းဝင်သွားတဲ့အတွက် ပုံမှန် ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို မသုံးစွဲတော့သလို ဖြစ်နေပြီ" လို့ ပြည်ပရောက် ရုရှားသတင်းထောက်နဲ့ သုံးသပ်သူ Alexandra Prokopenko က ပြောပါတယ်။
နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ ပိုပြီး အာဏာရှင်ဆန်တဲ့လမ်းကြောင်း ဖြစ်ပါတယ်။
ပူတင်နေရာကို နောက်ထပ် ခေါင်းဆောင်တစ်ဦး ဝင်ရောက်ပြီး ဖိနှိပ်မှု ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းသွားနိုင်ပါတယ်။
ဒါပေမဲ့ ပြည်ပရောက် ရုရှားသတင်းထောက်နဲ့ သုံးသပ်သူ Alexandra Prokopenko ကတော့ ဒါဟာ နောက်ထပ် အာဏာကြီးမားတဲ့ အုပ်ချုပ်သူတစ်ဦးရဲ့စနစ် ဖြစ်လာမှာ မဟုတ်သေးဘူးလို့ ထင်မြင်ပါတယ်။
အဲဒီလို အာဏာစုစည်းမှုတွေ ဖြစ်ပေါ်လာဖို့ အချိန်ယူရတတ်တယ်လို့ သူက ပြောပါတယ်။ အစပိုင်းမှာတော့ ပူတင်ရဲ့ ဆက်ခံသူဟာ သူ့ထက် အားနည်းပြီး အရင်းအမြစ်လည်း နည်းပါးနေမှာ ဖြစ်ပါတယ်။
နောက်ထပ် တတိယရွေးချယ်စရာကတော့ သူဌေးကြီးတွေ အာဏာပြန်လည် ရယူလာပြီး ရုရှားနိုင်ငံဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကလို oligarch စနစ်နဲ့ ဆင်တူတဲ့ ပုံစံတစ်ခုဆီ ပြန်သွားတာ ဖြစ်ပါတယ်။
လက်ရှိ ပြည်ပရောက်နေတဲ့ ကရင်မလင် အကြံပေးဟောင်းနဲ့ အတိုက်အခံနိုင်ငံရေးသမား Dmitry Nekrasov ကတော့ အဲဒီလို ဖြစ်လာရင် နိုင်ငံကို အင်အားကြီး ထိပ်တန်းအုပ်စုအနည်းငယ်က စီးပွားရေးအကျိုးစီးပွားတွေနဲ့ပူးပေါင်းပြီး အုပ်ချုပ်သွားမယ်လို့ ပြောပါတယ်။
ဒီနောက်ဆုံးရွေးချယ်စရာကတော့ သူဌေးကြီး အများစု လိုလားနေတဲ့လမ်းကြောင်း ဖြစ်ပါတယ်။
"သူတို့ စကားပြောခွင့် ရှိခဲ့တဲ့ အချိန်တွေ၊ သူတို့ ပိုင်ဆိုင်မှုတွေကို သိမ်းမခံရတဲ့အချိန်တွေ၊ အာဏာကစားပွဲရဲ့စည်းမျဉ်းတွေကို နားလည်ထားတဲ့အချိန်တွေကို ပြန်သွားချင်ကြတာပါ" လို့ ရုရှားရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေနဲ့ အချိန်အတော်များများ တွေ့ဆုံစကားပြောခဲ့ဖူးတဲ့ Prokopenko က ပြောပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက သူတို့ရဲ့ အာဏာဟာ အတော်အတန် ကန့်သတ်ခံထားရပေမဲ့ သူဌေးကြီးတွေရဲ့အမြင်တွေကို နားထောင်ဖို့တော့ တန်ဖိုးရှိနေဆဲ ဖြစ်ပါတယ်။
သူတို့ရဲ့ များလှတဲ့ကြွယ်ဝချမ်းသာမှုကို ကြည့်ရင် တစ်ချိန်မဟုတ် တစ်ချိန်မှာ နိုင်ငံရေး သြဇာအာဏာကို ပြန်လည် တိုးမြှင့်ဖို့ ကြိုးစားလာနိုင်တယ်လို့ ယူဆရပါတယ်။
လက်ရှိမှာတောင် တချို့က "သင့်တော်တဲ့လုံခြုံရေးအရာရှိတွေ၊ ဝန်ကြီးတွေနဲ့ မိတ်ဆွေဖြစ်အောင် ကြိုးစားနေကြတယ်" လို့ Nekrasov က ပြောပါတယ်။
ဒါပေမဲ့ ဒီထက်ပိုပြီး ခြေလှမ်းဆက်ဖို့ကတော့ "အလွန် အန္တရာယ်များလွန်းတယ်" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Vladimir Smirnov SPUTNIK/KREMLIN POOL/EPA/Shutterstock
သူက လာမယ့်နှစ်တွေမှာ သူဌေးကြီးတွေရဲ့အပြုအမူဟာ သူတို့ရဲ့ငွေကြေး အခြေအနေပေါ် တစ်စိတ်တစ်ပိုင်း မူတည်နေမယ်လို့ ပြောပါတယ်။
လက်ထဲမှာ အသုံးပြုနိုင်တဲ့ငွေသားအများအပြား ရှိသူတွေကတော့ နိုင်ငံရေး ကစားကွက်တွေ ကစားဖို့၊ နေရာယူဖို့ ပိုမို ယုံကြည်မှု ရှိလာနိုင်ပြီး ပူတင် အလွန်ကာလအတွက် ပြင်ဆင်လာနိုင်ပါတယ်။
ဒါပေမဲ့ အစိုးရစာချုပ်တွေ ဒါမှမဟုတ် အစိုးရရဲ့မျက်နှာသာပေးမှုအပေါ် မှီခိုနေရတဲ့သူတွေကတော့ အရာအားလုံး ဆုံးရှုံးသွားနိုင်တဲ့အတွက် ပိုပြီး ကြောက်ရွံ့နေကြမယ်လို့ သူက ပြောပါတယ်။
Prokopenko ကတော့ စီးပွားရေးသမားတွေ ပူတင်အကြောင်း ပြောပုံမှာ အပြောင်းအလဲ ရှိလာပြီလို့ ဆိုပါတယ်။
အရင်တုန်းက သူတို့ဟာ ပူတင် ကို "Nachalnik" (ဘော့စ်အဖြစ် ဘာသာပြန်လို့ရ)၊ "Perviy" (ပထမဦးဆုံးပုဂ္ဂိုလ်) ဒါမှမဟုတ် သူ့ရဲ့ အမည်အတိုကောက် "VV" လို့ ခေါ်ခဲ့ကြပြီး အဲဒီအသုံးအနှုန်းတွေမှာ လေးစားမှုအနည်းငယ် ပါဝင်နေပါတယ်။
အခုတော့ သူတို့က "Ded" လို့ ခေါ်ကြပြီး Prokopenko ရဲ့အဆိုအရ "မထီမဲ့မြင် အနည်းငယ် ရောနှောနေတယ်" လို့ ဆိုပါတယ်။
"Ded" ဆိုတာ အရပ်အခေါ်နဲ့ဆိုရင် "ဘိုးတော်" ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး အရင် ခေါ်ဝေါ်ပုံတွေထက် လေးစားမှု နည်းပါးတဲ့နာမည် ဖြစ်ပါတယ်။
ချမ်းသာတဲ့ရုရှားအချို့ဟာ "နိုင်ငံရေးဟာ ပြည်သူ့ဘဝထဲ ပြန်ဝင်လာတဲ့အခြေအနေ" ကို တမ်းတနေကြတယ်လို့ သူက ပြောပါတယ်။
အဲဒီထဲမှာ ဖိနှိပ်မှု နည်းပါးလာတာ၊ လွတ်လပ်စွာပြောဆိုနိုင်တာနဲ့ ပါတီတွေ၊ နိုင်ငံရေးသမားတွေကြား ပိုမို ကျန်းမာတဲ့ယှဉ်ပြိုင်မှုတွေ ပါဝင်ပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ရုရှားနိုင်ငံရဲ့ အသက်ရှုကျပ်တဲ့ပတ်ဝန်းကျင်ကြောင့် အဲဒီလို အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ဖို့ သူတို့ အလွန်ကြောက်ရွံ့နေကြတယ်လို့ သူက ပြောပါတယ်။
Prokopenko ဟာ သူဌေးကြီးတစ်ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီသူဟာ တစ်လျှောက်လုံး ဖုန်းပေါ်မှာ ထိုင်နေခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို လုပ်တာက လျှို့ဝှက်ရဲတပ်ဖွဲ့တွေရဲ့ ဒီဂျစ်တယ် စောင့်ကြည့်မှုကို ပိုခက်ခဲစေမယ်လို့ ယူဆထားတာကြောင့် ဖြစ်ပါတယ်။
"ဒါဟာ စတာလင်ခေတ်ပုံစံ ကြောက်ရွံ့မှုမျိုးလို့ ထင်ခဲ့တယ်။ လုံးဝ ယုတ္တိမရှိတဲ့ကြောက်ရွံ့မှုမျိုးပါပဲ" လို့ သူက ပြောပါတယ်။
စိတ်၀င်စားဖို့ကောင်းတဲ့အင်တာဗျူး
ပူတင်အလွန် အနာဂတ်မှာ သူဌေးကြီးတွေ ဘာလိုချင်ကြသလဲဆိုတာကို ခန့်မှန်းနိုင်တဲ့ စိတ်ဝင်စားစရာ သဲလွန်စတစ်ခုကတော့ ကမ္ဘာ့ဓာတ်မြေသြဇာဘုရင်လို့ လူသိများတဲ့ Andrey Melnichenko ဆီက ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ လက်ရှိ ရုရှားရဲ့အဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းမှာတော့ သူဟာ The Economist မဂ္ဂဇင်းကို အင်တာဗျူးပေးခဲ့ပြီး လေ့လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
ဒါဟာ ချမ်းသာတဲ့ရုရှားတစ်ဦးအနေနဲ့ ရှားရှားပါးပါး လုပ်ဆောင်ချက်ဖြစ်သလို ကရင်မလင်က မနှစ်သက်တဲ့နိုင်ငံ တစ်နိုင်ငံက ထုတ်ဝေတဲ့မီဒီယာကို အင်တာဗျူးပေးတာလည်း ဖြစ်ပါတယ်။ဒါအပြင် သူ ရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖော်ပြခဲ့ပါတယ်။
အင်တာဗျူးရဲ့တချို့နေရာတွေမှာ Melnichenko ဟာ ကရင်မလင်ရဲ့ သဘောထားတွေကို ထပ်မံ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား စစ်မြေပြင်ဖြစ်နေတယ်လို့ သူက ပြောခဲ့ပြီး အနောက်နိုင်ငံတွေက ရုရှားရဲ့လုံခြုံရေးစိုးရိမ်ချက်တွေကို လျစ်လျူရှုခဲ့ကာ ရုရှားရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတယ်လို့လည်း ယူဆကြောင်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
Melnichenko ဟာ ပူတင်ကို ရာထူးက ဆင်းဖို့ မတောင်းဆိုခဲ့ပါဘူး။
ဒါပေမဲ့ ရုရှားနိုင်ငံမှာ လူတစ်ဦးတည်း အုပ်ချုပ်တဲ့စနစ် အဆုံးသတ်သွားစေမယ့် ပြောင်းလဲမှုတစ်ခု လိုအပ်တယ်လို့ သူက ငြင်းမရအောင် ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာနဲ့ ပိုထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
Prokopenko ကတော့ ဒီသူဌေးကြီးဟာ လူထုဆွေးနွေးပွဲ စတင်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။
"ဒါဟာ သူလို ချမ်းသာတဲ့သူတွေကို စကားစပြောကြဖို့ တိုက်တွန်းချက်တစ်ခုပါ" လို့ သူက ပြောပါတယ်။
သူ့ကို တွေ့ဆုံမေးမြန်းခဲ့တဲ့ The Economist က သတင်းထောက် Arkady Ostrovsky ကတော့ သူတို့နှစ်ဦးဟာ "ဟိုတယ်တွေနဲ့ ကော်ဖီဆိုင်တွေမှာ ကော်ဖီတွေ အများကြီး သောက်ရင်း တစ်ခါတလေ ဆေးလိပ်သောက်ရင်း ပြင်းပြင်းထန်ထန် ဆွေးနွေးငြင်းခုံခဲ့ကြတယ်" လို့ ပြောပါတယ်။
ဒီသူဌေးကြီးဟာ နိုင်ငံရေးသမားတွေလို ကြိုတင်ပြင်ဆင်ထားတဲ့ စကားတွေ ပြောနေတာ မဟုတ်ဘဲ မေးခွန်းတွေအပေါ် "တကယ် စဉ်းစားပြီး" ဖြေနေတယ်လို့လည်း သူက ဆိုပါတယ်။
ရုရှားနဲ့ ပတ်သက်လာရင် ဘယ်အရာကမှ မရိုးရှင်းလှပါဘူး။
လေ့လာသူအများစုကတော့ ဒီအင်တာဗျူးဟာ ကရင်မလင်ရဲ့ တစ်နည်းနည်းနဲ့ ခွင့်ပြုချက်ကို ရခဲ့မယ်လို့ ယူဆကြပါတယ်။
အဲဒီပြောင်းလဲမှု တောင်းဆိုချက်မျိုးကို ဘာကြောင့် ခွင့်ပြုခဲ့တာလဲဆိုတာ မသိရသေးပေမဲ့ နိုင်ငံအတွင်းမှာ အမြင်ကွဲပြားမှု တစ်စုံတစ်ရာ ရှိနေသေးတယ်ဆိုတာ ပြသချင်တာ ဖြစ်နိုင်ပါတယ်။
ဘယ်သူဌေးကြီးမှတော့ သူ့ကို ထောက်ခံပြီး လူသိရှင်ကြား ထွက်မပြောခဲ့ကြပါဘူး။
ဒါပေမဲ့ Ostrovsky ကတော့ Melnichenko ဟာ ကိုယ့်ကိုယ်ကိုယ်အတွက်သာ မဟုတ်ဘဲ သူ့လို စီးပွားရေးသမားတွေရဲ့ကိုယ်စား ပြောနေတယ်လို့ ခံစားရကြောင်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Andrey Rudakov/Bloomberg via Getty Images
Ostrovsky ရဲ့အပြောအရ သူဌေးကြီးတချို့ဟာ ပူတင် ထွက်ခွာသွားပြီးနောက် ရုရှားနိုင်ငံဟာ "oligarchic republic" တစ်ခု ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။
အဲဒါက ၁၉၉၀ ပြည့်လွန်နှစ်တွေကလို စီးပွားရေး အထက်တန်းလွှာတွေက နိုင်ငံကို ထိန်းချုပ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
ရုရှားအကြောင်း နှစ်ပေါင်းများစွာ သတင်းယူခဲ့တဲ့အတွေ့အကြုံအရ Ostrovsky ကတော့ လက်ရှိ ရုရှား စူပါချမ်းသာသူ အများအပြားဟာ "ဒီစစ်ပွဲက ရုရှားနိုင်ငံကို ပို့ဆောင်လိုက်တဲ့ လမ်းဆုံးအခြေအနေ၊ အနာဂတ်ပျောက်ဆုံးနေမှု" ကို ခံစားနေကြတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူဌေးကြီးတွေ အနာဂတ်ကို စဉ်းစားနေကြရင်တောင် လက်ရှိအချိန်မှာ အရေးယူ ဆောင်ရွက်လာမယ့် အလားအလာက နည်းပါးနေဆဲ ဖြစ်ပါတယ်။
ပူတင်ကို ဝေဖန်လေ့ရှိတဲ့ ဘရောက်ဒါကတော့ သူတို့ထဲက အများအပြား မပျော်ရွှင်ကြပေမဲ့ ပူတင် အသက်ရှင်နေသရွေ့ သူ့ကိုဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်ကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
"ပူတင်ကို စိန်ခေါ်တဲ့ ဘာမဆိုလုပ်မယ်ဆိုရင် သူတို့ကို သတ်ပစ်မယ်ဆိုတာ သူတို့ သိကြတယ်။ ပူတင် ကလည်း အလွန် သံသယကြီးတဲ့လူတစ်ယောက်ပါ" လို့ သူက ဆိုပါတယ်။
တစ်ချိန်က ရုရှားမှာ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ခဲ့တဲ့ အမေရိကန် ဘဏ္ဍာရေးလုပ်ငန်းရှင် မိုက် ကယ်လ်ဗီ ကလည်း အဲဒီအမြင်ကို သဘောတူပါတယ်။
"ထောင်ကျပြီး ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတာက လွဲလို့ သူတို့ ဘာလုပ်နိုင်မှာလဲ။ လန်ဒန်မှာ ထိုင်နေတဲ့ လူတွေက 'ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ထောင်တန်းသွားဖို့ဆိုတာ' ပြောရတာ လွယ်ပါတယ်။ တကယ်ဖြစ်မယ့်အရာကတော့ အဲဒါပဲ" လို့ သူက ပြောပါတယ်။
ရုရှားရဲ့အချမ်းသာဆုံး သူတွေဟာ တစ်ချိန်က အာဏာရဲ့အမြင့်ဆုံးအဆင့်တွေမှာ ကြိုးကိုင်နိုင်ခဲ့ကြပါတယ်။
ပူတင် မရှိတော့တဲ့တစ်နေ့မှာတော့ သူတို့ဟာ အရင်က ရှိခဲ့တဲ့သြဇာအာဏာကို ပြန်လည် ရယူဖို့ ကြိုးစားကြမယ်ဆိုတာ သေချာပါတယ်။
မေးခွန်းကတော့ လက်ရှိစနစ်ရဲ့ကျန်ရှိနေသေးတဲ့အင်အားစုတွေက သူတို့ကို အဲဒီလို လုပ်ခွင့်ပြုပါ့မလားဆိုတာပဲ ဖြစ်ပါတယ်။
ထိပ်ပိုင်းဓာတ်ပုံ ခရစ်ဒစ် - Getty

























