တရုတ်နဲ့ ရုရှား ပိုနီးကပ်အောင် ဘာက ပေါင်းစည်းပေးတာလဲ

- ရေးသားသူ, အန်ခါ ရှား
- ရာထူးတာဝန်, အယ်ဒီတာ၊ ဘီဘီစီ ကမ္ဘာလုံးဆိုင်ရာတရုတ် ဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၁၀
ဘေဂျင်းမြို့က တီရန်နန်မင်ရင်ပြင်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက လမ်းလျှောက်ကြတုန်းကတော့ လူ့ ကိုယ်တွင်းအင်္ဂါတွေကို အစားထိုးလှဲလှယ်လိုက်ရင် လူ့အသက် ဆွဲဆန့်ဖို့ရာ ဖြစ်နိုင်တဲ့အကြောင်း နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကားပြောခဲ့ကြဖူးပါတယ်။
''လူ့ကိုယ်အင်္ဂါတွေကို ဆက်တိုက် အစားထိုးလဲလှယ်လို့ ရတယ်။ အသက်ရှည်လေလေ နုပျိုလေလေပါပဲ။ သေခြင်းကို ကျော်လွှားနိုင်တာမျိုးတောင် ဖြစ်နိုင်တယ်'' လို့ ပူတင်က စကားပြန်ကနေ တဆင့် စကားပြောခဲ့တာကို ကြားခဲ့ရပါတယ်။
''အခုရာစုနှစ်မှာ လူ့အသက်ဟာ နှစ် ၁၅၀ အထိ ရှည်နိုင်တယ်လို့ ခန့်မှန်းကြသူ အချို့လည်းရှိတယ်'' လို့ ရှီက စကားပြန်ကနေ တဆင့် ပြန်ပြောတာကိုလည်း ကြားခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kremlin Press Office/Anadolu via Getty Images)
ဒါဟာ နှစ်ယောက်ပေါင်းရင် အာဏာယူသက် နှစ် ၄၀ နီးပါးရှိပေမဲ့ ရာထူးကနေ ဆင်းမယ့် အရိပ်အယောင် မပေါ်သေးသူ နှစ်ဦး၊ တစ်ဦးနဲ့ တစ်ဦး မိတ်ဆွေရင်းခြာတွေလို့ ပြောထားကြတဲ့သူ နှစ်ဦးကြား အတိုင်အဖောက်ညီနေတဲ့ စကားပြောဆိုမှုလည်း ဖြစ်ခဲ့ပါတယ်။
ဒါဟာ တရုတ်နဲ့ ရုရှား ခေါင်းဆောင်နှစ်ဦးကြား ဇာတ်မတိုက်ဘဲ ပြောကြတဲ့ အပြန်အလှန်စကားပြောဆိုမှုလည်းဖြစ်ပြီး လျှို့ဝှက်လွန်းတဲ့သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လှစ်ဟပြရာလည်း ရောက်ပါတယ်။
ပူတင်ဟာ အခုတစ်ပတ်မှာ ဘေဂျင်းကို ပြန်လာမှာဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ရုရှားနဲ့ တရုတ်ကြား အိမ်နီးချင်းကောင်းပီသမှုနဲ့ ရင်းနှီးတဲ့ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ချုပ်ဆိုတဲ့ ၂၅ နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘေဂျင်းကို လာရောက်လည်ပတ်တဲ့အခါ တရုတ်ဟာ ရှေးကျောင်းတော်ကို လိုက်ပြ၊ ရွှေကွပ်တဲ့ပန်းကန်ခွက်ယောက်နဲ့တည်ခင်းတဲ့ ညစာတွေနဲ့ ခမ်းခမ်းနားနားကြိုဆိုခဲ့ပါတယ်။
ဒါပေမဲ့ ပူတင်ရဲ့ဘေဂျင်းခရီးကတော့ ပိုပြီး သိုသိုသိပ်သိပ်ဆန်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီခရီးအကြောင်း သတင်းကြိုထုတ်တာ အနည်းအကျဉ်းပဲရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX/Shutterstock
ကရင်မလင်နန်းတော်ပြောခွင့်ရသူကတော့ သူတို့ဟာ ထရမ့်- ရှီ တွေ့ဆုံမှုအကြောင်းကို ရှီ့ဆီကနေ ကြားချင်ကြောင်း ပြောပါတယ်။
ရှီဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျောင်းနန်ဟိုင်ဂေဟာမှာ ထရမ့်နဲ့တွေ့ဆုံချိန် သူ့မိတ်ဆွေ ပူတင့် နာမည်ထုတ်ပြောခဲ့ဖူးပါတယ်။ ဒီဂေဟာမှာ ပုံမှန်အားဖြင့် နိုင်ငံခြားသား ဧည့်သည်တွေကို ဧည့်ခံလေ့ မရှိပေမဲ့ ပူတင်တော့ အရင်တုန်းက ဘေဂျင်းကို ရောက်ချိန် ဒီဂေဟာမှာ တည်းဖူးတဲ့အကြောင်း ရှီက ထုတ်ပြောခဲ့တာပါ။
ထရမ့်ဟာ သူ့ရဲ့ ဘေဂျင်းခရီးစဉ်မှာ မော်စကိုဘက်ကို သိပ်မယိမ်းအောင် သိမ်းသွင်းနိုင်ဖို့ ဝါရှင်တန်ဘက်က လူအချို့က မျှော်လင့်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ဒါဟာ ဆန္ဒသက်သက်ပဲ ဖြစ်ခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားတို့က သူတို့ နှစ်နိုင်ငံဆက်ဆံရေးဟာ ''အကန့်အသတ်မဲ့ ချစ်ကြည်မှု'' လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာပြောပါတယ်။ ဆိုတော့ ဒီချစ်ကြည်မှုဟာ ဘယ်အပေါ်အခြေခံပါသလဲ၊ ဒီခရီး ဘယ်လောက်အထိ ပေါက်မလဲ။
တရုတ်ရဲ့ စည်းမျဉ်းအတိုင်း ဖြစ်နေသလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နှစ်နိုင်ငံဆက်ဆံရေးဟာ အတော်လေးကို ဘက်မမျှလှဘဲ နှစ်နိုင်ငံ ဘယ်လိုအပေးအယူပဲ လုပ်လုပ် တရုတ်ဘက်က အနာခံလေ့မရှိဘူးလို့ ကာနေးဂီ ရုရှား ယူရေးရှားစင်ပညာရှင်အဖွဲ့က ညွှန်ကြားရေးမှူး အလက်ဇန်းဒြား ဂါဗော့က ပြောပါတယ်။ ပြီးတော့ သူက ''ရုရှားဆိုတာ တရုတ် အိတ်ကပ်ထဲကပဲ။ ဒီတော့ တရုတ်ဟာ သူ မနာတာမျိုးပဲ လုပ်တယ်''
ဒီသဘောတရားဟာ စီးပွားရေးတစ်ခုတည်းမှာတင်မဟုတ် ကဏ္ဍစုံမှာ မြင်ရပါတယ်။ တရုတ်ဟာ ရုရှားရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်ဟာ သူ့ရဲ့ နိုင်ငံတကာကုန်သွယ်မှုစုစုပေါင်းရဲ့ ၄ ရာခိုင်နှုန်းလောက်ကိုပဲ ရုရှားနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ တရုတ်ဟာ ရုရှားထက် တခြားနိုင်ငံတွေကို သူ့ကုန်တွေကို ပိုပြီးပို့နေပြီး တရုတ်စီးပွားရေးဟာ ရုရှားထက်လည်း ကြီးမားပါတယ်။
အနောက်ကမ္ဘာရဲ့ နှစ်ပေါင်းများစွာ အရေးယူ ဒဏ်ခတ်မှုကလည်း မော်စကိုကို ဘေဂျင်းနဲ့ ကုန်သွယ်ရေး ပိုနက်ရှိုင်းဖို့ တွန်းပို့ပါတယ်။ အမေရိကန် ဆန်ရှင်ချထားပြီး ဗြိတိန်မှာ အစိုးရသုံးသပ်ချက်ကြောင့် 5G မိုဘိုင်းဆက်သွယ်ရေးကနေ ဖယ်ထုတ်ခံရတဲ့ ဟွာဝေးလို တရုတ်နည်းပညာကုမ္ပဏီဟာ ရုရှား မိုဘိုင်းဖုန်းဆက်သွယ်ရေးကဏ္ဍအတွက် အဓိက ဒေါက်တိုင်ကြီးဖြစ်လာပါတယ်။
အနောက်ကမ္ဘာနဲ့ဆက်ဆံရေးအက်ကြောင်း ဟလာလေလေ နည်းပညာအရပဲဖြစ်ဖြစ်၊ သိပ္ပံနယ်ပယ်မှာပဲဖြစ်ဖြစ်၊ စက်မှုနယ်ပယ်အတွက်ပဲဖြစ်ဖြစ် ရုရှားအတွက် တရုတ်ဟာ ပထမဆုံး အားကိုးအားထားပြုရတဲ့နေရာ ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် စတင်ခဲ့တဲ့နောက်ပိုင်း မော်စကိုဟာ စစ်ရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ အရေးကြီးပစ္စည်းအစိတ်အပိုင်းတွေကို တရုတ်နိုင်ငံအပေါ် ပိုမို မှီခိုလာပါတယ်။
တကယ်တော့ ဘလွန်းဘတ်ရဲ့ မကြာသေးခင်က အစီရင်ခံစာတစ်ခုအရ ရုရှားဟာ သူပိတ်ဆို့အရေးယူခံထားရတဲ့ နည်းပညာပစ္စည်း တင်သွင်းမှုရဲ့ ၉၀% ကျော်ဟာ တရုတ်ကနေ လာနေပြီး ဒါဟာ အရင်နှစ်ကထက် ၁၀% ခန့် တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီလို မှီခိုမှု တိုးလာတာကို ရုရှားဘက်ကလည်း အပြည့်အဝ အဆင်ပြေတယ်လို့ မမြင်ပါဘူး။
ရုရှား နိုင်ငံတကာရေးရာကောင်စီ (Russian International Affairs Council) အကြီးအကဲ ဒီမီထရီ ထရီနင်က မကြာသေးမီက "We bow to no one - ဘယ်သူ့ကိုမှ ဦးမညွတ်" ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး ရုရှားဟာ အခြားနိုင်ငံတစ်ခုရဲ့ လက်အောက်ခံနိုင်ငံမျိုး မဖြစ်ချင်ကြောင်း ပြတ်သားစွာ ပြောဆိုထားပါတယ်။
တရုတ်နဲ့ ဆက်ဆံရေးအကြောင်းပြောရာမှာလည်း သူက "ရုရှားဟာ ဆက်ဆံရေးမှာ တန်းတူအနေအထားကို ထိန်းသိမ်းရမယ်။ ရုရှားဟာ အင်အားကြီး တစ်နိုင်ငံဖြစ်ပြီး သေးငယ်တဲ့ မိတ်ဖက်အဖြစ် မနေသင့်ဘူး''လို့ သူက အလေးထားပြောပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေကတော့ ပိုမိုရှုပ်ထွေးပါတယ်။
အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြိုကွဲပြီးသားဖြစ်တဲ့အတွက် မော်စကိုအနေနဲ့ တရုတ်ကို အစားထိုးနိုင်တဲ့ ရွေးချယ်စရာ နည်းပါးပါတယ်။ တရုတ်ဟာ ရုရှားရဲ့ စီးပွားရေးအတွက် အရေးကြီးတဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး ရုရှားရဲ့ ရှင်သန်ရပ်တည်မှုအတွက် အဓိကအထောက်အကူ ဖြစ်နေပါတယ်။
ဒါပေမဲ့ လေ့လာသူတွေကတော့ ဒီလို မညီမျှတဲ့ မှီခိုမှုဟာ အန္တရာယ်လည်း ပါဝင်တယ်လို့ သတိပေးပါတယ်။ တရုတ်က ရုရှားနဲ့ ကုန်သွယ်ရေးကို လျှော့ချလိုက်မယ်ဆိုရင် မော်စကိုအတွက် အလွန်ကြီးမားတဲ့ ထိခိုက်မှု ဖြစ်လာနိုင်ပြီး နိုင်ငံခြားရေးမူဝါဒတွေကိုပါ ခက်ခဲစေနိုင်ပါတယ်။
ဒါပေမဲ့ ရုရှားဘက်ကတော့ သူ့မှာရှိတဲ့ အားသာချက်တစ်ခုကို ယုံကြည်ထားပါတယ်။ အဲဒါကတော့ ပြင်ပဖိအားတွေကြားမှာလည်း မလျှော့ဘဲ ရပ်တည်နိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ မော်စကိုအနေနဲ့တော့ ဒီစွမ်းရည်ကပဲ တရုတ်ဘက်ကနေ လုံးဝဖိအားပေးခံရမှုကို တားဆီးနိုင်မယ်လို့ ယူဆထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
စကော့တလန်၊ ဂလာ့စဂို တက္ကသိုလ်မှာ လုံခြုံရေးပညာရပ်ကို သင်ကြားနေတဲ့ မာချင်ကတ်မားစကီရဲ့အဆိုအရ တရုတ်နိုင်ငံဟာ ရုရှားနဲ့ ဆက်ဆံရေးထဲက ဒီလို မညီမျှမှု (asymmetry) ကြီးမားတာကို ကောင်းကောင်းသိထားပြီး ရုရှားအတွင်းပိုင်း ဒါမှမဟုတ် အာဏာရှိအလွှာတွေအတွင်းမှာ ပြန်လည်ဆန့်ကျင်မှု မဖြစ်အောင် အထူးသတိထားနေတယ်လို့ ဆိုပါတယ်။
သူက "ရုရှားနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ မူဝါဒကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် သူကိုယ်တိုင် ထိန်းချုပ်ထားခြင်းပဲ ဖြစ်တယ်" လို့ ပြောပါတယ်။ "တရုတ်က ရုရှားကို ဖိအားပေးပြီး လိုသလို မဆက်ဆံဘူး" လို့လည်း သူက ထပ်ဖြည့်ပါတယ်။
ဒါဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် အလွန်မသင့်တော်တဲ့ လုပ်ရပ်ဖြစ်တာကြောင့်လို့ နားလည်ရပါတယ်။ ရုရှားဟာ တရုတ်ထက် အားနည်းတဲ့ မိတ်ဖက်ဖြစ်လာနိုင်ပေမဲ့လည်း အလွန်ဂုဏ်သိက္ခာကို အလေးထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေပါတယ်။
ကာနက်ဂီ အဖွဲ့က သုတေသီ ဂါဘျူးအက်ဗ် ကလည်း တရုတ်ဟာ ရုရှားကို အတင်းအကျပ် ဖိအားပေးဖို့ ကြိုးစားမယ်ဆိုရင် ရုရှားကလည်း လွယ်လွယ်ကူကူ လက်ခံမယ့်နိုင်ငံမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။
သူက ဥပမာအနေနဲ့ ၂၀၂၃ ခုနှစ်မှာ ရှီကျင့်ဖျင်ရဲ့ မော်စကိုခရီးစဉ်ကို ထောက်ပြပါတယ်။ အဲဒီခရီးစဉ်အတွင်း တရုတ်သမ္မတက ပူတင်ကို ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက် မသုံးဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကာလအနည်းငယ်အတွင်းမှာပဲ ရုရှားဘက်က ဘယ်လာရုစ်နိုင်ငံမှာ နျူကလီးယားလက်နက်တွေ တပ်ဆင်မယ်လို့ ကြေညာခဲ့ပြီး၊ ဒါကို လေ့လာသူတချို့ကတော့ မော်စကိုဟာ ပြင်ပဖိအားကို တမင်တကာ ခုခံပြသလိုက်တဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် မြင်ကြပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားဟာ နည်းလမ်းအမျိုးမျိုးနဲ့ တစ်ဖက်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေပေမဲ့ တစ်ဖက်မှာတော့ တရုတ်အတွက် အရေးပါတဲ့ အကျိုးအမြတ်တစ်ခုလည်း ဖြစ်နေပါတယ်။အထူးသဖြင့် ထိုင်ဝမ်အပေါ် ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးစဉ်းစားမှုတွေအတွက်ပါ။
ဂါဘျူးအက်ဗ် ရဲ့အဆိုအရ ရုရှားဟာ တရုတ်အတွက် အရေးကြီးတဲ့ စစ်ရေးနည်းပညာတချို့ကို ပေးနိုင်သေးသလို၊ တချို့ကိစ္စတွေမှာ တရုတ်ပစ္စည်းတွေကို စမ်းသပ်ဖို့၊ သို့မဟုတ် အစိတ်အပိုင်းတွေကို စမ်းသပ်အသုံးပြုဖို့ အခွင့်အလမ်းလည်း ပေးနေပါတယ်။
ရုရှားဟာ တရုတ်အတွက် စွမ်းအင်အရင်းအမြစ်ကြီးတစ်ခုလည်း ဖြစ်နေပြီး မဟာဗျူဟာအရ အလွန်အရေးကြီးပါတယ်။ မေလတုန်းက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပူတင်က ပြောရာမှာ နှစ်နိုင်ငံအနေနဲ့ ရေနံနဲ့ ဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်မှုမှာ "အလွန်အရေးပါတဲ့ ခြေလှမ်းတစ်ခု" ကို နီးကပ်စွာ ရောက်ရှိနေပြီလို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
သူ ရည်ညွှန်းပြောနေတာက "Power of Siberia 2 - ဆိုက်ဘေးရီးယားပါဝါ-၂" လို့ခေါ်တဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဖြစ်နိုင်ပါတယ်။ ရုရှားရဲ့ အကြီးဆုံး ဓာတ်ငွေ့ကုမ္ပဏီ ဂက်ဇ်ပရွန်းမ် Gazprom နဲ့ တရုတ်နိုင်ငံအမျိုးသား ရေနံကော်ပိုရေးရှင်း CNPC (China National Petroleum Corporation) တို့ဟာ နှစ်ပေါင်းများစွာ ရပ်တန့်နေတဲ့ ဆွေးနွေးမှုတွေပြီးနောက် ကြိုတင်သဘောတူညီမှုတစ်ခု လက်မှတ်ထိုးထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီပိုက်လိုင်းက တကယ်တည်ဆောက်နိုင်ခဲ့ရင် အခြေအနေကို ပြောင်းလဲပေးနိုင်တဲ့ စီမံကိန်းတစ်ခု ဖြစ်လာမယ်လို့ သုံးသပ်ကြပါတယ်။ အဲဒါက ရုရှားကနေ တရုတ်ကို နှစ်စဉ် ဓာတ်ငွေ့ ကုဗမီတာ ၅၀ ဘီလျံအထိ မွန်ဂိုးလီးယားကို ဖြတ်ပြီး ပို့ဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။
တရုတ်အတွက်တော့ ဟော်မုဇ်ရေလက်ကြားမှာ အကျပ်အတည်းတွေ ဆက်ဖြစ်နေတဲ့အချိန်မှာ ရုရှားစွမ်းအင်အပေါ် အားထားတဲ့ ရွေးချယ်မှုက အကျိုးကျေးဇူးတွေ ပိုပေါ်လာနေတာ ဖြစ်ပါတယ်။
ဒီကိစ္စက စျေးနှုန်းသက်သာခြင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ ပိုပြီးအရေးကြီးတာက တရုတ်ရဲ့ အနာဂတ် ပြည်တွင်းစွမ်းအင် လုံခြုံရေးကို အာမခံနိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာအခြေအနေ ပိုမိုမတည်ငြိမ်လာတဲ့အချိန်မှာ စွမ်းအင်ထောက်ပံ့မှုကို တည်ငြိမ်အောင်ထားနိုင်ခြင်းဟာ တရုတ်အတွက် မဟာဗျူဟာအရ အရေးကြီးလာနေပါတယ်။
မဟာမိတ်မဟုတ်တဲ့ မိတ်ဖက်
တရုတ်နဲ့ ရုရှားကြားမှာ မတူကွဲပြားမှုတွေ ပေါ်လာတဲ့အခါတိုင်းမှာ သူတို့ဆက်ဆံရေးရဲ့ အခြေခံအမှန်တရားတစ်ခုက ပိုပြီးထင်ရှားလာပါတယ်။ အဲဒါကတော့ တစ်နိုင်ငံက တစ်နိုင်ငံကို လိုက်နာရမယ်ဆိုတဲ့ အခြေအနေမရှိခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဆက်ဆံရေးဟာ တရားဝင် မဟာမိတ်ဆက်ဆံရေး မဟုတ်လို့ပါ။
သြစတြေးလျနိုင်ငံ မော်စကိုသံရုံးမှာ ဒုတိယဦးစီးမှုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဘိုဘိုလို က ဒီဆက်ဆံရေးရဲ့ အားသာချက်ဟာ စစ်ရေးမဟာမိတ်လို တင်းကျပ်မှုမရှိဘဲ မဟာဗျူဟာအရ လိုက်လျောညီထွေဖြစ်နိုင်တဲ့ (strategic flexibility) စနစ်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို လိုက်လျောညီထွေဖြစ်နိုင်မှုကပဲ ဒီဆက်ဆံရေးကို တည်တံ့စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ သူကဆိုပါတယ်။
သူက "ဒါဟာ မဟာမိတ်ဆက်ဆံရေးမဟုတ်ဘဲ လိုက်လျောညီထွေဖြစ်တဲ့ မဟာဗျူဟာဆက်ဆံရေး (flexible strategic partnership) တစ်ခုသာဖြစ်တယ်" လို့ ပြောထားပြီး ဒီဆက်ဆံရေးဟာ ပြိုကွဲမယ်လို့ ခန့်မှန်းခဲ့တာတွေရှိခဲ့ပေမဲ့ ဆက်လက်တည်တံ့နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေက တရုတ်–ရုရှားဆက်ဆံရေးကို အများအားဖြင့် အမြင်နှစ်မျိုးနဲ့ ဖော်ပြလေ့ရှိပါတယ်။ တစ်ခုက "အာဏာရှင်ဝင်ရိုးစွန်း (axis of authoritarianism)" အုပ်စုလို့မြင်ပြီး အနောက်ကို ဆန့်ကျင်ဖို့ အဓိကအခြေခံထားတယ်လို့ ယူဆတာပါ။ နောက်တစ်ခုကတော့ အားနည်းပြီး မတည်ငြိမ်တဲ့ "ညီအစ်ကိုဆက်ဆံရေး" အဖြစ် မြင်ပြီး အချိန်မရွေး ပြိုကွဲနိုင်တယ်လို့ ယူဆတာပါ။
ဒါပေမဲ့ ဒီအမြင်နှစ်ခုလုံးကတော့ အပြည့်အစုံမဟုတ်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ အမှန်တကယ်မှာ ဒီဆက်ဆံရေးဟာ မညီမျှမှုတွေ၊ မတူညီမှုတွေရှိပေမဲ့ အရေးကြီးတဲ့ အကျိုးစီးပွားတွေကို မျှဝေထားတဲ့ နီးစပ်တဲ့နိုင်ငံနှစ်ခုကြားက အစားထိုးရခက်တဲ့ အရေးပါသော ဆက်ဆံရေးတစ်ခု ဖြစ်လာနေပါတယ်။
ဘိုဘို လို ရဲ့အဆိုအရတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာတယ်ဆိုရင်တောင် တရုတ်နဲ့ ရုရှားဟာ အတူတကွ ဆက်လက်ပူးပေါင်းဖို့ အကြောင်းပြချက်များစွာ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
သူတို့ဆက်ဆံရေးရဲ့ အဓိကအခြေခံအချက်တွေထဲမှာ ပထမဆုံးအရေးကြီးတာကတော့ ကီလိုမီတာ ၄,၃၀၀ ခန့်ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေတာပါပဲ။ အရင်က ဒီနယ်စပ်ဒေသဟာ မတည်ငြိမ်မှုတွေရှိတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ အခုအချိန်မှာတော့ ပိုမိုတည်ငြိမ်လာတဲ့ ဆက်ဆံရေးတစ်ခုအဖြစ် ပြောင်းလဲလာပါတယ်။
နောက်တစ်ချက်ကတော့ သူတို့ရဲ့ စီးပွားရေးအပြန်အလှန် ဖြည့်ဆည်းနိုင်မှု ဖြစ်ပါတယ်။ ရုရှားက ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အခြား သဘာဝအရင်းအမြစ်တွေကို အဓိကတင်ပို့တဲ့နိုင်ငံဖြစ်ပြီး တရုတ်ကတော့ အကြီးစား စက်မှုစီးပွားရေးနိုင်ငံတစ်ခုအနေနဲ့ အဲဒီပစ္စည်းတွေကို ဝယ်ယူအသုံးပြုနိုင်တဲ့ ကြီးမားတဲ့ ဈေးကွက်တစ်ခုကို ပေးထားပါတယ်။
ဒါ့အပြင် အနောက်ဦးဆောင်တဲ့ ကမ္ဘာ့စနစ် ကို ဆန့်ကျင်တဲ့ သူတို့ရဲ့မူဝါဒ တူညီနေမှုကိုလည်း မျက်ကွယ်ပြုလို့ မရပါဘူး။
အနောက်နိုင်ငံတွေကတော့ လူ့အခွင့်အရေးအပါအဝင် တန်ဖိုးစံနှုန်းတွေကို အခြေခံပြီး အခြားနိုင်ငံတွေကို ပိတ်ဆို့အရေးယူမှုတွေ၊ ဝေဖန်မှုတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ရုရှားနဲ့ တရုတ်ကြားမှာတော့ တစ်ဖက်နဲ့တစ်ဖက်ရဲ့ လုပ်ရပ်တွေကို တိုက်ရိုက် ဝေဖန်တာမျိုး မရှိသလောက်နည်းပါတယ်။
တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုကြီးမားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ (တရုတ်ဘက်ကတော့ ငြင်းဆိုထားပါတယ်) နဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗာလ်နီ ရဲ့ သေဆုံးမှုလို ကိစ္စတွေဟာ အနောက်နိုင်ငံတွေအနေနဲ့ ဒီနိုင်ငံနှစ်ခုနဲ့ ဆက်ဆံရာမှာ ပိုမိုသတိထားလာစေခဲ့ပါတယ်။ ဒါပေမဲ့ မော်စကိုနဲ့ ဘေဂျင်းကတော့ ဒီကိစ္စတွေကို အများအားဖြင့် မျက်ကွယ်ပြုထားပါတယ်။
ကာနက်ဂီရဲ့ ဂါဘျူးယက်ဗ် ကလည်း "သူတို့ဟာ ရှင်ကျန်း ကိစ္စ၊ နာဗာလ်နီအဆိပ်ခတ်ခံရမှုလို အကြောင်းအရာတွေကို တစ်ဖက်နဲ့တစ်ဖက် ဝေဖန်ခြင်းမရှိပါဘူး" လို့ ပြောပါတယ်။ "ပြီးတော့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ဒေသန္တရအစိုးရဆိုင်ရာကိစ္စတွေကိုလည်း အတူတူမြင်တတ်ကြပါတယ်။ အဲဒါက သဘာဝကျတဲ့ အပြန်အလှန်မှီခိုမှု တစ်ခုကို ဖြစ်စေပါတယ်" လို့ သူကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီနိုင်ငံနှစ်ခုကြားမှာ ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်လာတဲ့ ရှည်လျားတဲ့ အစဉ်အလာတစ်ခုလည်း ရှိတယ်လို့ သူက ထပ်ပြောပါတယ်။
"ပိုမိုလက်တွေ့ကျတဲ့ ဆက်ဆံရေးဆီကို ဦးတည်လာတဲ့ ဒီလမ်းကြောင်းက ဆိုဗီယက်ခေတ်ထဲက အန်ဒရိုပော့ဗ်၊ ချာနန်ကို၊ ဂေါ်ဘာချော့ဗ်၊ ယယ်လ်ဆင် လက်ထက်ကစပြီး ရှိလာတာပါ" လို့ သူကဆိုပါတယ်။
"တရုတ်ဘက်ကလည်း တစ်လျှောက်လုံးမှာ ဒီဆက်ဆံရေးကို ထိန်းသိမ်းလာခဲ့တာ ဖြစ်ပါတယ်" လို့ သူက ထပ်ဖြည့်ပါတယ်။
ဒါပေမဲ့ ဒီ "မေတ္တာဆန်တဲ့ ဆက်ဆံရေး" လို့ တချို့က ဖော်ပြထားတဲ့ တရုတ်–ရုရှားဆက်ဆံရေးဟာ အမြဲတမ်း တည်တံ့မလားဆိုတာနဲ့ပတ်သက်ပြီးတော့တော့ မေးခွန်းထုတ်စရာရှိနေပါတယ်။
တရုတ်လေ့လာသူတစ်ဦး ကတော့ နှစ်နိုင်ငံစလုံးက တရုတ်–ရုရှားဆက်ဆံရေးကို ခွဲမရတဲ့ မိတ်ဖက်အဖြစ် ပြသနေတာဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် "ပြသဖို့လုပ်တဲ့ " လုပ်ရပ်တစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့် စည်းလုံးမှုနဲ့ တည်ငြိမ်မှုကို ပြသဖို့ ရည်ရွယ်ထားတာလို့ ဝန်ခံပါတယ်။
လက်တွေ့အခြေအနေမှာတော့ ဒါဟာ မတူညီတဲ့ အကျိုးစီးပွားတွေကြားက ကွာဟမှုတွေကို ဖုံးကွယ်ဖို့ အသုံးဝင်တဲ့ နိုင်ငံရေးကိရိယာတစ်ခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။
နှစ်နိုင်ငံစလုံးကတော့ သူတို့မြင်တဲ့ "အနောက်ဦးဆောင်တဲ့ ကမ္ဘာ့အာဏာ" ကို ဆန့်ကျင်ကြပေမဲ့ အဲဒီကို ချဉ်းကပ်ပုံကတော့ မတူညီကြပါဘူး။
လေ့လာသူအဆိုအရ ရုရှားကတော့ အမေရိကန်ကို လုံးဝကျော်လွှားပြီး ကမ္ဘာ့စနစ်အသစ်တစ်ခုတည်ဆောက်ချင်တဲ့ပုံစံရှိပေမဲ့ တရုတ်ကတော့ ပိုမိုသတိထားပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို ရွေးချယ်တယ်လို့ ဆိုပါတယ်။
ဘေဂျင်းကတော့ အလျင်အမြန် ဆုံးဖြတ်ချက်တွေ မချဘဲ ရေရှည်အကျိုးအမြတ်ကို ရရှိအောင် တဖြည်းဖြည်းချင်း တိုးတက်မှုကို ဦးစားပေးတယ်လို့ ယူဆကြပါတယ်။
သူတို့က ဥပမာအနေနဲ့ အမေရိကန်ရဲ့ အီရန်အပေါ် လုပ်ဆောင်ချက်တွေကို တရုတ်ဘက်က တုံ့ပြန်ပုံကို ထောက်ပြပါတယ်။ တရုတ်ဟာ သတိထားပြီး တုံ့ပြန်ခဲ့သလို အမေရိကန်သမ္မတ ထရမ့်ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်မှုတွေကိုလည်း မဖျက်သိမ်းခဲ့ပါဘူး။
"ဒါက ဘေဂျင်းအနေနဲ့ ပဋိပက္ခမဖန်တီးဘဲ ဆက်သွယ်ရေးလမ်းကြောင်းတွေကို မပိတ်ချင်တဲ့ သဘောထားကို ရှင်းလင်းစွာပြသတာပါ" လို့ သူက ဆိုပါတယ်။
တရုတ်ကတော့ အမေရိကန်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဆက်လက်ဖွင့်ထားချင်ပြီး မလိုအပ်တဲ့ တင်းမာမှုတွေ မဖန်တီးချင်တဲ့ ပုံစံရှိပါတယ်။ ဒါကတော့ ရုရှားရဲ့ ပိုမိုပြတ်သားပြီး တိုက်ရိုက်တုံ့ပြန်တဲ့ ချဉ်းကပ်မှုနဲ့တော့ အတော်လေး ကွာခြားနေပါတယ်။
လူတွေကြားက ဆက်ဆံရေး
ဒီနှစ်နိုင်ငံကြားက မိတ်ဖက်ဆက်ဆံရေးကို အများအားဖြင့် နိုင်ငံရေးနဲ့ လုံခြုံရေး ရှုထောင့်ကနေ ပြောကြလေ့ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ လူ့အဖွဲ့အစည်းနှစ်ခုကြားက လူပုဂ္ဂိုလ်ဆိုင်ရာ ဆက်သွယ်မှုတွေရဲ့ နက်ရှိုင်းမှုပါပဲ။
အထက်ကနေ အောက်ခြေထိ ပူတင်နဲ့ ရှီကျင့်ဖျင်ဟာ သူတို့နှစ်ဦးကြား ပြိုင်ဘက်ကင်းတဲ့ ရင်းနှီးမှုနဲ့ မိတ်ဆွေဆက်ဆံရေးကို ပြသဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာ ပူတင်ရဲ့ ၂၅ ကြိမ်မြောက် တရုတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အဲဒီအပြင် ရုရှားအစိုးရအရာရှိတွေဟာ အခြားနိုင်ငံတွေထက် တရုတ်အရာရှိတွေနဲ့ ပိုပြီး မကြာခဏ ဆက်သွယ်လုပ်ကိုင်နေရတယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဒီလို နိုင်ငံရေးအဆင့်မြင့်အဆင့်မှာ ရင်းနှီးမှုတွေရှိနေပေမဲ့ တရုတ်နိုင်ငံဆိုင်ရာ ဗြိတိသျှသံတမန်ဟောင်း ချားလ်စ် ပါတွန် ကတော့ သာမန်ပြည်သူတွေကြားမှာ သဘာဝကျတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှု ရှိတယ်ဆိုတာကိုတော့ သံသယရှိနေပါတယ်။
သူက "တရုတ်လူမျိုးတွေက မော်စကိုမှာ သွားလေ့လာချင်လား၊ အဲဒီမှာ အခြေချနေထိုင်ချင်လား၊ မော်စကိုမှာ အိမ်ဝယ်ချင်လား။ အဲဒီလို မရှိပါဘူး" လို့ ပြောပါတယ်။
သူ့အမြင်အရတော့ ရွေးချယ်ခွင့်ရှိရင် ရုရှားလူမျိုးတွေကလည်း အနောက်နိုင်ငံတွေဘက်ကို ပိုပြီး စိတ်ဝင်စားတတ်ကြပြီး ပဲရစ်၊ လန်ဒန်၊ ဆိုက်ပရပ်စ်လို နေရာတွေမှာ အိမ်ဝယ်ရင်း ရင်းနှီးမြှုပ်နှံတာကို ပိုရွေးချယ်မယ်လို့ သူကဆိုပါတယ်။ ဘေဂျင်းထက် အဲဒီလို အနောက်နိုင်ငံတွေကို ပိုဦးစားပေးမယ်ဆိုတဲ့ အမြင်လည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, China News Service/VCG via Getty Images
ဒါပေမဲ့ လူတိုင်းကတော့ ဒီအမြင်ကို သဘောတူကြတာ မဟုတ်ပါဘူး။ ဂါဘျူးယက်ဗ် ကတော့ လူမှုရေးဆက်သွယ်မှုတွေဟာ အလျင်အမြန် တိုးတက်လာနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေနဲ့ ဥရောပဗီဇာမူဝါဒတွေ တင်းကျပ်လာတာကြောင့် ရုရှားလူမျိုးတွေဟာ တရုတ်ဘက်ကို ပိုပြီး ဦးတည်လာနေတယ်လို့ သူကရှင်းပြပါတယ်။
အခုအခြေအနေမှာတော့ ရုရှားလူမျိုးတွေအတွက် တရုတ်ကို သွားရောက်လည်ပတ်ဖို့ ပိုပြီး လွယ်ကူလာပါတယ်။ နှစ်နိုင်ငံကြားမှာ ဗီဇာမလိုတဲ့စနစ် ရှိနေတဲ့အတွက် မော်စကိုကနေ တရုတ်မြို့ကြီးတွေကို နေ့စဉ် လေယာဉ်ခရီးစဉ်များစွာနဲ့ နာရီအနည်းငယ်အတွင်း သွားရောက်နိုင်ပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားလူမျိုးတွေဟာ တရုတ်ဖုန်းတွေကို ပိုမိုအသုံးပြုလာသလို တရုတ်ကားတွေကိုလည်း ပိုပြီး မောင်းနှင်လာကြပါတယ်။
ဂါဘျူးယက်ဗ်က "ဒီလို အပြန်အလှန်ချိတ်ဆက်မှုတွေလို ဗီဇာမလိုတဲ့ ခရီးသွားလာနိုင်မှုတွေ၊ ငွေပေးချေမှုနဲ့ လမ်းညွှန်စနစ်တွေ လွယ်ကူလာတာကြောင့် တရုတ်ဟာ အရင်ကထက် ပိုပြီး နီးစပ်လာတဲ့နိုင်ငံ ဖြစ်လာတယ်" လို့ ပြောပါတယ်။
"ပြီးတော့ အပြန်အလှန် လေ့လာရေး အစီအစဉ်တွေ၊ ပညာသင်ဆုတွေနဲ့ ပူးတွဲသုတေသနေ အစီအစဉ်တွေကလည်း လူ့အဖွဲ့အစည်းနှစ်ခုကို ပိုပြီး နီးစပ်လာအောင် လုပ်ဆောင်နေတယ်" လို့ သူက ထပ်ဖြည့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sputnik/ Kremlin/ PA/Shutterstock
မော်စကိုနဲ့ ဘေဂျင်းကြား ဆက်ဆံရေးမှာ မညီမျှမှုတွေ တဖြည်းဖြည်း ပိုပြီးကြီးလာနေတာဟာ ရေရှည်အတွက် အားနည်းချက်တစ်ခုအဖြစ် ရှိနေပါတယ်။ ဒါပေမဲ့ အနည်းဆုံး လက်ရှိအချိန်နဲ့ ရေတိုကာလအတွင်းမှာတော့ ဒီဆက်ဆံရေး ပြိုကွဲသွားမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကတော့ လက်တွေ့မကျသေးဘူးလို့ သုံးသပ်မှုတွေက ဆိုပါတယ်။
နှစ်နိုင်ငံကြားမှာ မတူညီမှုတွေရှိနေပေမဲ့ ဘိုဘို လို ကတော့ "တရုတ်–ရုရှား မိတ်ဖက်ဆက်ဆံရေးဟာ ခိုင်မာတည်တံ့နေဆဲဖြစ်တယ်" လို့ ဆိုပါတယ်။
သူ့အဆိုအရ နှစ်ဖက်စလုံးဟာ ဒီဆက်ဆံရေးဟာ အလွန်အရေးကြီးလွန်းပြီး မအောင်မြင်လို့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုအဖြစ် သဘောထားနေကြပါတယ်။ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ဖို့ အစားထိုးနိုင်တဲ့ ရွေးချယ်စရာတွေ မရှိသလောက်နည်းနေတဲ့အခြေအနေမှာ ပိုပြီးအရေးကြီးလာတယ်လို့ သူကဆိုပါတယ်။








