ထရမ့်၊ ပူတင်နဲ့ ရှီတို့သမိုင်းဝင်တွေ့ဆုံပွဲ ကမ္ဘာကြီးအတွက် ဘယ်လိုအဓိပ္ပာယ်ဆောင်လာနိုင်လဲ

ပြုပြင်ဖန်တီးထားတဲ့ပုံမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ကို ကမ္ဘာ့မြေပုံတစ်ခုရှေ့မှာ တွေ့ရပါတယ်။ သုံးဦးစလုံးက အနက်ရောင်ဝတ်စုံနဲ့ အဖြူရောင်ရှပ်အင်္ကျီတွေ ဝတ်ထားပြီး၊ ထရမ့်က အပြာရောင်လည်စည်း၊ ရှီက ခရမ်းရောင်အဆင်ပါတဲ့ လည်စည်းနဲ့ ပူတင်က အနီ၊ အပြာရောင်အဆင်ပါတဲ့ လည်စည်းကို ဝတ်ဆင်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, ပူတင်နဲ့ ရှီကျင့်ဖျင်တို့က အကြိမ် ၄၀ ကျော် တွေ့ဆုံခဲ့ဖူး၊ ထရမ့်နဲ့ ပူတင်က ခုနစ်ကြိမ်၊ ထရမ့်နဲ့ ရှီကျင့်ဖျင်က သုံးကြိမ် တွေ့ဆုံခဲ့ဖူးပေမဲ့ သူတို့သုံးဦး အတူတကွ မတွေ့ဆုံဖူးသေး
    • ရေးသားသူ, ဂရီဂေါ အတာနီရှန်
    • ရာထူးတာဝန်, ဘီဘီစီ ရုရှားဆိုင်ရာသတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

တရုတ်၊ ရုရှားနဲ့ အမေရိကန်ခေါင်းဆောင် သုံးဦး ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေကြောင့် ဥရောပမှာ အချက်ပေးခေါင်းလောင်းထိုးသံကို ကြားလိုက်ရသလိုဖြစ်သွားပါတယ်။

တချို့က ဒီတွေ့ဆုံပွဲဟာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာကို အင်အားကြီးနိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးရာ နယ်ပယ်တွေအဖြစ် ခွဲဝေခဲ့တဲ့အခြေအနေနဲ့ ဆင်တူလာမှာကို စိုးရိမ်ကြတာပါ။

နိုဝင်ဘာ ၄ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ကျောင်းသားကလေးငယ်တစ်စုနဲ့အတူ မော်စကိုမြို့ ရင်ပြင်နီအနီးက မာနက်ရှ် ပြပွဲခန်းမကို သွားရောက်ခဲ့ပါတယ်။

အဲဒီမှာ သူဟာ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလက ယော်လ်တာညီလာခံ တက်ရောက်ခဲ့ကြတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီ၊ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နဲ့ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စတာလင်တို့ရဲ့ ရုပ်တုကြီးရှေ့မှာ ရပ်လိုက်ပါတယ်။

"သူတို့ဟာ အဓိကအင်အားကြီးနိုင်ငံ သုံးနိုင်ငံရဲ့ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ စစ်ပြီးသွားတဲ့နောက် ကမ္ဘာကြီးကို ဘယ်လိုစီမံဖွဲ့စည်းကြမလဲဆိုတာ ဆွေးနွေးဖို့ သူတို့ တွေ့ဆုံခဲ့ကြတာပါ" လို့ ပူတင်က ကလေးတွေကို ပြောခဲ့ပါတယ်။

အဲဒီမတိုင်ခင် တစ်ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကရင်မလင်နန်းတော်တို့က ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ရှန်ကျန်းမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Apec) ထိပ်သီးအစည်းအဝေးကို တက်ရောက်နေစဉ် ခေါင်းဆောင်သုံးဦး တွေ့ဆုံဖို့ စီစဥ်နေတာလို့ သူတို့က ဆိုပါတယ်။

သောကြာနေ့မှာတော့ အိမ်ဖြူတော်ပြောခွင့်ရ အိုလီဗီယာ ဝေးလ်စ်က ဒီတွေ့ဆုံပွဲ ကျင်းပမယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သုံးပွင့်ဆိုင်တွေ့ဆုံရေးကို ကရင်မလင်ဘက်က အဆိုပြုနေတယ်ဆိုတဲ့ သတင်းတွေ အောက်တိုဘာလလယ်ပိုင်းမှာ စတင်ထွက်ပေါ်လာချိန်ကတည်းက ဥရောပသမဂ္ဂနဲ့ ယူကရိန်းမှာ စိုးရိမ်မှုတွေ ချက်ချင်းပေါ်ပေါက်ခဲ့ပါတယ်။

အကြောင်းကတော့ ဒီသတင်းတွေဟာ ပင်လယ်နက်ကမ်းခြေ ယော်လ်တာမြို့က အရင်က ရုရှားဇာဘုရင်တွေရဲ့နွေရာသီစံအိမ်မှာ အဒေါ့ဖ် ဟစ်တလာကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတဲ့ မဟာမိတ်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပုံကို ပြန်သတိရစေခဲ့လို့ ဖြစ်ပါတယ်။

ဂျာမနီကို အနိုင်ရပြီးတဲ့နောက် ဂျပန်ကို စစ်ဝင်တိုက်ဖို့ စတာလင်က သဘောတူခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အရှေ့ဥရောပတဝန်း ဆိုဗီယက်ဩဇာ ချဲ့ထွင်ခွင့်ရလာတာကို မဟာမိတ်တွေက လက်ခံပေးခဲ့ပါတယ်။

အရှေ့အာရှနဲ့ဆိုင်တဲ့လျှို့ဝှက်သဘောတူညီချက်တစ်ခုအရလည်း ဆိုဗီယက်ပြည်ထောင်စုဟာ ဆာခါလင်ကျွန်း တောင်ပိုင်းနဲ့ ကူရီးလ်ကျွန်းစုလို ဂျပန်ပိုင်နက်တွေကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ပေါ့အာသာမြို့မှာ ဆိုဗီယက်ရေတပ်စခန်း ပြန်လည်ထားရှိခွင့်နဲ့ မန်ချူးရီးယားဒေသမှာ အထူးစီးပွားရေးအကျိုးစီးပွားတွေ ရရှိခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး အရှေ့ဥရောပမှာ "ယော်လ်တာ" ဆိုတဲ့စကားလုံးကို အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေရဲ့ဆန္ဒကို ထည့်မတွက်ဘဲ ကမ္ဘာကြီးကို သူတို့ဩဇာလွှမ်းမိုးရာ နယ်ပယ်တွေအဖြစ် ခွဲဝေလိုက်တဲ့ အပေးအယူတစ်ခုအဖြစ် သုံးနှုန်းလာကြပါတယ်။

နိုင်ငံတွေရဲ့ ပိုင်နက်ကို သူတို့ ခွဲဝေနေချိန်မှာ အဲဒီနိုင်ငံတွေရဲ့ သဘောထားကိုတောင် မမေးခဲ့ကြပါဘူး။

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ယော်လ်တာညီလာခံမှာ ခုံတန်းတစ်ခုပေါ် အတူထိုင်နေကြတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီ၊ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နဲ့ ဆိုဗီယက်ဝန်ကြီးချုပ် ဂျိုးဇက် စတာလင်တို့ကို ဒီအဖြူအမည်းဓာတ်ပုံမှာ တွေ့ရပါတယ်။ သူတို့နောက်ဘက်မှာ ယူနီဖောင်းဝတ် အမျိုးသားရှစ်ဦး ရပ်နေကြပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၅၀ ပြည့်လွန်နှစ်တွေ ရောက်လာတဲ့အခါ တချို့သူတွေအတွက် ယော်လ်တာဟာ "နတ်ဆိုးနဲ့ အပေးအယူလုပ်ခြင်း" ဆိုတဲ့သဘောမျိုးအထိ ဖြစ်လာခဲ့

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

"ဩဇာလွှမ်းမိုးမှုတွေကို ခွဲဝေလိုက်တဲ့ ယော်လ်တာ နှစ်၊ သုံး ဒါမှမဟုတ် လေး ဖြစ်လာမှာကို ကျွန်တော် လုံးဝမလိုလားပါဘူး။"

"အလာစကာ တွေ့ဆုံပွဲပြီးတဲ့နောက် ရုရှားတာဝန်ရှိသူတွေရဲ့ ယော်လ်တာ အသစ်တစ်ခု လိုချင်တဲ့ပုံစံအတိုင်း ဖြစ်လာမယ်ဆိုရင် ဒါဟာ ရုရှားအတွက် ဒုတိယမြောက် အဓိက သံတမန်ရေး အောင်မြင်မှုဖြစ်သွားပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်ကလည်း ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတိုင်းမှာ ဥရောပ ပါဝင်ရမယ်လို့ ပြောပါတယ်။

"ဥရောပဟာ ဒီလုပ်ငန်းစဉ်ထဲမှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ရပါမယ်။ ဥရောပကလည်း ပါဝင်ချင်ပါတယ်" လို့ သူက ဆိုပါတယ်။

"အရေးယူပိတ်ဆို့မှုတွေ၊ ဒါမှမဟုတ် အနာဂတ် လုံခြုံရေးဖွဲ့စည်းပုံတွေလို ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့အဓိက ကိစ္စတွေကို ကျွန်တော်တို့ ဥရောပသားတွေ မပါဘဲ ဖြေရှင်းလို့ မရပါဘူး။ ဒါကို ပါဝင်ပတ်သက်သူအားလုံးလည်း သိပါတယ်" လို့ မာ့ဇ်က ပြောပါတယ်။

"ပုံမှန်မဟုတ်တဲ့ ပုံစံ"

ယူကရိန်းစစ်ပွဲကို ရုရှားအတွက် အသာစီးရမယ့် သတ်မှတ်ချက်တွေနဲ့ အဆုံးသတ်နိုင်ဖို့ ပူတင်က ထောက်ခံမှုရယူချင်တာက အသေအချာဖြစ်ပေမဲ့ ဝေါလ်စထရိ ဂျာနယ်ရဲ့သတင်းအရ ထရမ့်နဲ့ ရှီတို့ကို ပူတင်က ဘာအကြောင်းအရာတွေ တိတိကျကျ ဆွေးနွေးချင်သလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း သိရပါတယ်။

ရုရှားသမ္မတရဲ့လက်ထောက် ယူရီ အူရှာကော့ဗ်ကတော့ "ယူကရိန်းကိစ္စကတော့ တစ်နည်းမဟုတ်တစ်နည်း မဖြစ်မနေ ပါဝင် လာပါလိမ့်မယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ "ဒီလောက် အဆင့်မြင့်ပြီး ပုံမှန်မဟုတ်တဲ့တွေ့ဆုံမှုပုံစံမှာ ဘာတွေ ဆွေးနွေးနိုင်မလဲဆိုတာ ပဏာမ အကြမ်းဖျင်း ချမှတ်ထားနိုင်ရုံပါပဲ" လို့လည်း သူက ဆိုပါတယ်။

ထရမ့်ကတော့ ယူကရိန်းကိစ္စဟာ ဆွေးနွေးပွဲအစီအစဉ်ထဲမှာ မပါဘူးလို့ ငြင်းထားပါတယ်။

"နျူကလီးယားလက်နက်တွေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအကြောင်း ဆွေးနွေးဖို့ တွေ့ဆုံတာပါ" လို့ ထရမ့်က ပြောပါတယ်။

ဝါရှင်တန်မြို့ အမေရိကန်တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဂျိုးဇက် တော်ရီဂီယန်ကတော့ တရုတ်ဟာ ယူကရိန်းစစ်ပွဲမှာ တရုတ်က ရုရှားကို ထောက်ခံနေတယ်လို့ မြင်နေကြတာကို လျော့ပါးစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့အတွက် ဥရောပ မပါဝင်တဲ့ ယူကရိန်းအရေး ဆွေးနွေးပွဲမျိုးမှာ တရုတ်က ပါဝင်လိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

မကြာသေးခင် နှစ်တွေအတွင်း တရုတ်အထက်တန်းလွှာတွေက ဥရောပသမဂ္ဂရဲ့အရေးပါမှုကို အလေးမထားတော့တာတွေ ရှိလာပေမဲ့ အဓိကကုန်သွယ်ဖက်တွေဖြစ်တဲ့ ဥရောပနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ဆက်ထိန်းထားဖို့ တရုတ်က စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ဘေဂျင်းက သံသယရှိနေတယ်လို့ သူက ဆိုပါတယ်။

"သူတို့ရဲ့ နျူကလီးယားအစီအစဉ်က သေးငယ်တဲ့အတွက် ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတာဟာ အားသာချက်တစ်ခုလို့ တရုတ်က ယူဆထားတယ်" လို့ တော်ရီဂီယန်က ပြောပါတယ်။

"ငြိမ်းချမ်းရေး ယူဆောင်လာသူ"

ဒီလို တွေ့ဆုံပွဲမျိုးကို ရုရှားက ဘာကြောင့် လိုချင်သလဲဆိုတာကတော့ ရှင်းပါတယ်။

ယူကရိန်းဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ဥရောပကို ချန်ထားနိုင်ဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ရုရှားကို သီးခြားခွဲထုတ်ထားလို့ မရဘူးဆိုတာ ထပ်မံပြသနိုင်ဖို့ ဖြစ်ပါတယ်။

အမေရိကန်ခေါင်းဆောင်က ဘာကြောင့် ဒီဆွေးနွေးပွဲကို စိတ်ဝင်စားတာလဲ ဆိုတာကလည်း ရှင်းပါတယ်။

"ဒီလိုအခမ်းအနားကြီးရဲ့ ထင်ရှားခမ်းနားမှုနဲ့ အပြင်ပန်းပုံရိပ်တွေကြောင့် ထရမ့်က စိတ်လှုပ်ရှားနေတာပါ" လို့ တော်ရီဂီယန်က ပြောပါတယ်။

"အင်အားကြီးနိုင်ငံတွေ အတူတကွ တွေ့ဆုံတာ ဘယ်လောက်ကောင်းမွန်ကြောင်း၊ ဒါကို ပထမဆုံးလုပ်နိုင်သူက သူဖြစ်ကြောင်းနဲ့ သူက ငြိမ်းချမ်းရေး ယူဆောင်လာနေသူဖြစ်ကြောင်း ထရမ့်က ပြောနိုင်ပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

ဆိုဗီယက်ရဲ့ တောင်းဆိုချက်တွေ

ဒါပေမဲ့ ဒီလိုတွေ့ဆုံပွဲကနေ ဘေဂျင်းအတွက် ဘာအကျိုးရှိနိုင်မလဲဆိုတာတော့ သိပ်မရှင်းလင်းပါဘူး။

"ယော်လ်တာဟာ တရုတ်တွေအတွက် ကောင်းမွန်တဲ့ အမှတ်ရစရာ အဖြစ် မဟုတ်ပါဘူး" လို့ တော်ရီဂီယန်က ပြောပါတယ်။

မန်ချူးရီးယားမှာ ဆိုဗီယက်က အထူးအကျိုးစီးပွားတွေ ရရှိသွားခဲ့တာကို တရုတ်တွေက ဒေါသထွက်ခဲ့ကြပါတယ်။

၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်တော်လှန်ရေး အောင်မြင်ပြီးနောက်မှာတောင် မော်စီတုန်းက ယော်လ်တာမှာ ဆိုဗီယက်တို့ တောင်းဆိုခဲ့သမျှနဲ့ နောက်ပိုင်း ဆက်လက်တောင်းဆိုခဲ့တာတွေဟာ ဆက်ဆံရေးအတွက် အလွန်နာကျင်စရာကိစ္စတွေ ဖြစ်တယ်လို့ ယူဆခဲ့ကြောင်း တော်ရီဂီယန်က ပြောပါတယ်။

ဒီအငြင်းပွားမှုတွေက နောက်ပိုင်း တရုတ်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြား ကွဲပြားသွားရတဲ့ အကြောင်းရင်းတွေ ထဲက တစ်ခုလည်း ဖြစ်ပါတယ်။

အရှေ့ဥရောပနဲ့ပတ်သက်လာရင်တော့ ဆိုဗီယက်ရဲ့ ဩဇာလွှမ်းမိုးရာနယ်ပယ် ချဲ့ထွင်မှုဟာ မလွဲမရှောင်သာ လက်ခံလိုက်ရတဲ့ အခြေအနေတစ်ခုလို့ သတ်မှတ်သင့်၊ မသင့် သမိုင်းပညာရှင်တွေကြား ဒီနေ့အထိ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဆိုဗီယက်တပ်နီတော်က ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနဲ့ ပိုလန်၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်ကီးယား နိုင်ငံတွေရဲ့ နယ်မြေအများအပြားကို သိမ်းပိုက်လိုက်တာပါ။

ဒါပေမဲ့ ဒီနေ့အခြေအနေမှာ ရုရှားစစ်တပ်ဟာ ကရင်မလင်က ရုရှားပိုင်နက်အဖြစ် ကြေညာထားတဲ့ ယူကရိန်း အရှေ့ပိုင်း နယ်မြေအားလုံးကိုတောင် ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပါဘူး။

၁၉၄၅ ခုနှစ်နဲ့ မတူတာ နောက်တစ်ချက်ကတော့ ထိပ်သီးတွေ့ဆုံပွဲ တက်ရောက်တဲ့ သုံးနိုင်ငံထဲမှာ တစ်နိုင်ငံတည်းသာ ဒီစစ်ပွဲမှာ တိုက်ရိုက်ပါဝင်နေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဂုဏ်သိက္ခာ

ကမ္ဘာကြီးကို ဩဇာလွှမ်းမိုးရာ နယ်ပယ်တွေအဖြစ် အတိအကျခွဲဝေဖို့ ဒီနေ့အထိ စိတ်ဝင်စားနေတဲ့ တစ်ခုတည်းသောနိုင်ငံက ရုရှား ဖြစ်တယ်လို့ တော်ရီဂီယန်က ပြောပါတယ်။

ထရမ့်လက်ထက်မှာ အမေရိကန်အမျိုးသားလုံခြုံရေး မဟာဗျူဟာက အနောက်ကမ္ဘာခြမ်းကို အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးရာ နယ်ပယ်အဖြစ် ဖော်ပြထားပေမဲ့ အမေရိကန်က ထိုင်ဝမ်ကို ထောက်ခံနေတာကို စွန့်လွှတ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ တချိန်တည်းမှာပဲ လက်တင်အမေရိကမှာ တရုတ်ရဲ့ ပါဝင်မှုက ဘေဂျင်းအတွက် အရေးကြီးနေဆဲပါ။

ရုရှားကတော့ သူ့ကိုယ်သူ အမေရိကန်၊ တရုတ်တို့နဲ့ တန်းတူတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရှုမြင်တယ်၊ တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ရုရှားကို တန်းတူနိုင်ငံတစ်ခုလို မကြာခဏ ဖော်ပြလေ့ရှိပေမဲ့ "တံခါးပိတ်ဆွေးနွေးမှုတွေမှာ တရုတ်ပညာရှင်တွေရော၊ တရုတ်ခေါင်းဆောင်ပိုင်းကပါ ရုရှားကို သူတို့နဲ့ တန်းတူတဲ့ အင်အားကြီးနိုင်ငံလို့ မသတ်မှတ်ကြပါဘူး" လို့ ဂလက်စဂိုးတက္ကသိုလ်က မာဆင် ကာ့ဇ်မာစကီးက ပြောပါတယ်။

"တရုတ်ခေါင်းဆောင်တွေနဲ့ အီလစ်တွေက တရုတ်နဲ့ အမှန်တကယ်တန်းတူတယ်လို့ သတ်မှတ်တဲ့ တစ်ခုတည်းသောနိုင်ငံက အမေရိကန် ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးဟာ ဘေဂျင်းရဲ့ နိုင်ငံတကာဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တယ်လို့ ကာ့ဇ်မာစကီးက ပြောပါတယ်။

အခြားအင်အားကြီးနိုင်ငံ ခေါင်းဆောင်တွေက ရှီကျင့်ဖျင်ရှိရာကို လာရောက်တွေ့ဆုံကြတာကြောင့် ရှီကို ကမ္ဘာ့အရေးအရာတွေကို ဦးဆောင်နိုင်တဲ့ နိုင်ငံတကာခေါင်းဆောင်တစ်ဦးအဖြစ် ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်က လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီလ်နီယပ်စ်မှာ ပြုံးနေတဲ့ အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်က အလံတွေ ဝှေ့ယမ်းရင်း ပြုံးပြီး ကြိုဆိုနေတဲ့ လူအုပ်နဲ့ လက်ဆွဲနှုတ်ဆက်နေပါတယ်။
ဓာတ်ပုံ ပုံစာ, "နောက်ထပ် ယော်လ်တာတွေ မရှိစေရဘူး" လို့ ဘုရှ်က လစ်သူယေးနီးယားနိုင်ငံမှာ ကြေညာခဲ့

ဒါပေမဲ့ ကမ္ဘာ့စင်မြင့်ပေါ်က ထရမ့်ရဲ့နေရာကလည်း အမေရိကန်ကွန်ဂရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီ ရှုံးနိမ့်ခဲ့တဲ့နောက် အရင်လောက် မသေချာတော့ပါဘူး။

တရုတ်က ထရမ့်ရဲ့ နိုင်ငံတကာ အဆင့်အနေအထားကို ပိုခိုင်မာအောင် ကူညီမှာလား ဆိုတာကလည်းမေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ကာ့ဇ်မာစကီးက ပြောပါတယ်။

"ဒီတွေ့ဆုံပွဲအပေါ် ကျွန်တော် အခုထိ သေသေချာချာ မမှန်းဆနိုင်ပါဘူး" လို့လည်း သူက ဆိုပါတယ်။

၂၀၀၀ ပြည့်လွန်နှစ်တွေမှာ အဲဒီအချိန်က အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် အရှေ့ဥရောပနိုင်ငံတွေကို သွားရောက်ခဲ့စဉ်က ယော်လ်တာသဘောတူညီချက်တွေဟာ သမိုင်းဝင်ဆိုးယုတ်မှု တစ်ခုပဲလို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

နယူးယောက်တိုင်းမ်စ်ရဲ့ သတင်းဖော်ပြချက်အရ ရုရှားအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိသလို ဆိုဗီယက်ပြည်ထောင်စုရဲ့လုပ်ရပ်တွေအတွက်လည်း တောင်းပန်ရမယ်လို့ ဘုရှ်က ပြောခဲ့ပြီး ဒီပြောဆိုချက်တွေဟာ ပူတင်ကို အဓိက ရည်ရွယ်ခဲ့တာပါ။

၂၀၀၂ ခုနှစ်မှာ လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီလ်နီယပ်စ်ကို သွားရောက်စဉ် ဘုရှ်က "ယော်လ်တာတွေ ထပ်မရှိစေရ" လို့ ကြေညာခဲ့ပါတယ်။

အဲဒီနောက် ၂၅ နှစ်နီးပါးအကြာမှာတော့ ပူတင်အနေနဲ့ အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေနဲ့အတူ ယော်လ်တာ ညီလာခံနဲ့ မဆိုစလောက် ဆင်တူတဲ့ဆွေးနွေးပွဲမှာ သူတက်ရောက်နိုင်မယ်ဆိုရင် အဲဒီတွေ့ဆုံပွဲကနေ တိကျခိုင်မာတဲ့ရလဒ် တစ်စုံတစ်ရာ ထွက်မလာခဲ့ရင်တောင် ပူတင်အတွက်တော့ သင်္ကေတဆန်တဲ့ အောင်ပွဲတစ်ခုကို ရလိုက်တာကတော့ အသေအချာပါ။