ကမ္ဘာ့ခေါင်းဆောင်တွေကို တရုတ်ပြချင်တဲ့ အေအိုင်ကမ္ဘာ ရှန်ကျန်းမြို့ရဲ့တစ်ဖက်ခြမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, လော်ရာ ဘစ်ကာ
- ရာထူးတာဝန်, တရုတ်နိုင်ငံဆိုင်ရာသတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, ရှန်ကျန်းမြို့
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၉
အသက် ၂၇ နှစ်အရွယ် ဟွမ် ရှီဟွာ အတွက်တော့ "တရုတ်အိပ်မက်" နဲ့ ရှင်သန်နေသူဖြစ်ပါတယ်။
သူက ရှန်ကျန်းမြို့က ထိပ်တန်းလူသားပုံစံတူ စက်ရုပ်ကုမ္ပဏီတစ်ခုမှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေသူပါ။
နိုင်ငံအရှေ့တောင်ပိုင်းက ဒီမြို့ကြီးဟာ ဉာဏ်ရည်တု(AI) နည်းပညာ၊ စက်ရုပ်နည်းပညာနဲ့ ပြည်တွင်းဆန်းသစ်တီထွင်မှုတွေက မောင်းနှင်မယ့် နည်းပညာမြင့်အနာဂတ်ရဲ့အစပျိုးရာဒေသလို့ တရုတ်က အမွှမ်းတင်နေပါတယ်။
ရှန်ကျန်းမှာ ကိုယ့်ညစာကို ၀ေဟင်ကနေ လာပို့တဲ့ဒရုန်းတွေမြင်နိုင်သလို သွားလိုတဲ့နေရာကို ဂီတသံ ငြိမ့်ငြိမ်ညောင်းနဲ့ ပို့ပေးမယ့်ယာဉ်မောင်း မလိုတက္ကစီတွေလည်း ရှိပြီး ကပ္ပချီနိုကော်ဖီ တစ်ခွက်မှာရင် ကော်ဖီခွက်ပေးရုံမက ကော်ဖီစေ့ ဘယ်ကနေ လာတယ်ဆိုတာကို ရှင်းပြမယ့် စက်ရုပ်တွေလည်းရှိနေပါတယ်။
"ရှန်ကျန်းမှာ ကျွန်တော်တို့ အံ့ဖွယ်ရာကို ဖန်တီးနိုင်ခဲ့တယ်" လို့ Huang က ပြောပါတယ်။ သူ့ဘေးမှာတော့ ကော်ဖီဖျော်ပေးပြီး စစ်တုရင်ကစားနေတဲ့လူပုံစံစက်ရုပ်တွေ ရှိနေပါတယ်။
"အားအင်နဲ့ အိပ်မက်တွေအပြည့်နဲ့ တရုတ်နိုင်ငံအနှံ့က လူငယ်တွေ ဒီကိုရောက်လာကြတာ။"
အခုတော့ ဒီလူငယ်တွေအားလုံးဟာ စက်ရုပ်တွေထက် ဉာဏ်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ တွေးတောရဖို့ အကြောင်းဖန်ကုန်ပါပြီ။
တရုတ်လူမျိုးတွေကတော့ ရှန်ကျန်းကို "အိပ်မက်တွေရဲ့မြို့တော်" လို့ တင်စားကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပေးတဲ့နာမည်နဲ့လည်း လိုက်ဖက်တယ်လို့ ဆိုနိုင်ပါတယ်။ ဟောင်ကောင်နဲ့အနီးဆုံးမှာရှိတဲ့ ရှန်ကျန်းဟာ တရုတ်မှာ အချမ်းသာဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက စီးပွားရေးအရှိန်အဟုန်နဲ့တိုးတက်ခဲ့တဲ့ဒေသလည်းဖြစ်ပါတယ်။
မြို့ရဲ့ ကုန်ထုတ်သမိုင်းကြောင်းကလည်း တရုတ်ရဲ့တိုးတက်မှုကို ထင်ဟပ်နေပါတယ်။ Cabbage Patch Dolls အရုပ်တွေကစလို့ ရုပ်မြင်သံကြားစက်တွေ၊ နောက်ပိုင်း iPhone တွေ၊ လျှပ်စစ်ကားတွေ၊ ဒရုန်းတွေ၊ အခုတော့ စက်ရုပ်တွေအထိ ထုတ်လုပ်လာခဲ့ပြီး အဲဒီစက်ရုပ်တွေက ဟွမ် ရှီဟွာ နဲ့ တရုတ်လူငယ်မျိုးဆက်သစ်တွေရဲ့ရည်မှန်းချက်တွေကို ဆွဲဆောင်နေပါတယ်။
ဒီလူငယ်အင်ဂျင်နီယာတွေ လိုက်လံရှာဖွေနေတဲ့ "အံ့ဖွယ်တွေ" ဟာ ရှီကျင့်ဖျင်ရဲ့တရုတ်နိုင်ငံအတွက် ကြီးမားတဲ့မျှော်မှန်းချက်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားခေါင်းဆောင် ဗလာဒီမီယာ ပူတင်နဲ့ အခြားခေါင်းဆောင်တွေ လာရောက်တဲ့အချိန်မှာ ရှန်ကျန်းကို ပြသဖို့ထက် ပိုသင့်တော်တဲ့နေရာ ဘယ်မှာရှိပါသေးလဲ။
ဒါပေမဲ့ ဒီခေတ်မီတောက်ပနေတဲ့ ကမ်းရိုးတန်းမြို့မှာ သူတို့ မြင်တွေ့ခွင့်မရမယ့် တခြားမျက်နှာတစ်ဖက်လည်း ရှိနေပါတယ်။
မြင့်မားတဲ့ မိုးမျှော်တိုက်တွေကနေ ထွက်ပြီး တစ်ချိန်က ကမ္ဘာ့အီလက်ထရောနစ်ပစ္စည်း အများအပြား ထုတ်လုပ်ပေးခဲ့တဲ့ ရှာကျင်း နဲ့ စုံကျန်း ဒေသတွေဘက်ကို သွားမယ်ဆိုရင် ရှီကျင့်ဖျင် မှန်းမျှော်တဲ့တရုတ်နိုင်ငံ ရင်ဆိုင်နေရမယ့်စိန်ခေါ်မှုတွေကို တွေ့ရပါလိမ့်မယ်။

"ဘဝက ခက်ခဲလာတယ်လို့ လူတိုင်း ခံစားနေကြပါတယ်" လို့ ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ကျွန်မတို့ကို ပြောပြပါတယ်။ "စက်ရုံတော်တော်များများ ပြောင်းရွှေ့သွားတော့ အလုပ်လက်မဲ့ ဖြစ်သွားကြသူတွေလည်းရှိတယ်"
တရုတ်နိုင်ငံဟာ ပစ္စည်းထုတ်လုပ်ရာမှာ အလွန်ကျွမ်းကျင်နေဆဲဖြစ်ပြီး ရှန်ကျန်းဟာ အဲဒီအချက်ကို သက်သေပြနေပါတယ်။
ဒါပေမဲ့ ဒီမြို့ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့တရုတ်ကို ဒုက္ခပေးနေတဲ့ ပြဿနာတွေကိုလည်း ဖော်ပြနေပါတယ်။
အိမ်ခြံမြေ အကျပ်အတည်းဟာ မပြီးဆုံးသေးဘဲ အနာဂတ်အပေါ် ယုံကြည်မှုကို ထိခိုက်စေနေပါတယ်။
ဒါဟာ တရုတ်နိုင်ငံမှာ နေထိုင်စရိတ် အမြင့်ဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပေမဲ့ တက္ကစီယာဉ်မောင်းတစ်ဦးကတော့ သူ့အိမ်တန်ဖိုးက မူလတန်ဖိုးရဲ့သုံးပုံတစ်ပုံသာ ကျန်တော့တယ်လို့ ပြောပါတယ်။
အိမ်ခြံမြေဈေးကွက် အားနည်းတာနဲ့ စားသုံးသူသုံးစွဲမှု နှေးကွေးနေတာတွေကြောင့် အိမ်ထောင်စုအများအပြားဟာ ဝယ်ယူသုံးစွဲမှု လျှော့ချနေကြပါတယ်။
စက်ရုံတွေက ပြည်ပတင်ပို့မှုကို ပိုမှီခိုလာနေပြီး ထုတ်လုပ်သူအများအပြားက ထုတ်လုပ်မှုလျှော့ချတာ၊ ဝန်ထမ်းလျှော့ချတာ၊ အလိုအလျောက်စနစ် အသုံးပြုတာ ဒါမှမဟုတ် အလုပ်သမားခ ပိုသက်သာတဲ့နေရာတွေကို ပြောင်းရွှေ့တာတွေ လုပ်လာကြပါတယ်။
အဲဒီရလဒ်အနေနဲ့ အလုပ်သမားအများအပြားဟာ လစာပိုနည်းပြီး ခံစားခွင့်တွေလည်း ပိုနည်းတဲ့ ပုတ်ပြတ်အလုပ်(gig economy)အတွင်း ယာယီအလုပ်တွေဆီ ရွှေ့ပြောင်းလာကြပါတယ်။
"ရှန်ကျန်းဟာ မှော်ဆန်တဲ့နေရာ မဟုတ်ပါဘူး" လို့ နာမည်မဖော်လိုတဲ့အသက် ၄၀ ကျော် အစားအသောက်ပို့ဆောင်ရေး ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
"ရှန်ကျန်းမှာ နေရာတိုင်း ရွှေတွေရှိတယ်လို့ ပြောကြပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ဒီမှာလာပြီး ချမ်းသာအောင်မြင်နိုင်တဲ့မြို့ မဟုတ်တော့ပါဘူး။ မကြိုးစားဘူးဆိုရင် ဘာမှ ရမှာမဟုတ်ပါဘူး။"
ဘီဘီစီက ရှန်ကျန်းမှာ ရက်အတော်ကြာနေထိုင်ပြီး တရုတ်နိုင်ငံရဲ့တိုးတက်မှုမှာ ရှိနေတဲ့ အလွန်ကွဲပြားတဲ့ နှစ်ဖက်မြင်ကွင်းကို စူးစမ်းလေ့လာခဲ့ပါတယ်။ တစ်ဖက်မှာ အေအိုင် ပေးမယ့် တောက်ပတဲ့အနာဂတ် ကတိတွေရှိနေပြီး တစ်ဖက်မှာတော့ အဲဒီအနာဂတ်ထဲမှာ သူတို့အတွက် နေရာရှိဦးမလားလို့ စိုးရိမ်ပူပန်နေတဲ့ အလုပ်သမားတွေ ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့ဟာ DexForce Technologies ရုံးမှာ အသားညှပ်ပေါင်မုန့်နဲ့ လက်ဖက်ရည်သောက်တဲ့နေ့ ဖြစ်ပါတယ်။
ဓာတ်လှေကားထဲမှာ နေ့လယ်ပိုင်း အလုပ်ဆက်လုပ်နိုင်ဖို့ အခမဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားကို သွားယူမယ့် လူငယ်အင်ဂျင်နီယာတွေနဲ့ developers တွေ ပြည့်ကျပ်နေပါတယ်။
သူတို့က လမ်းတစ်လျှောက် လူအရပ်လောက် မြင့်တဲ့ အဝါရောင်စက်ရုပ်တွေကို ကျော်ဖြတ်သွားကြရပြီး အဲဒီစက်ရုပ်တွေရဲ့လက်ခြေလက်တံတွေက လွတ်နေတဲ့ထောင့်တိုင်းမှာ နေရာယူထားပါတယ်။
"ဆယ်နှစ်အတွင်း စက်ရုပ်တွေဟာ ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ်တွေနဲ့ အန္တရာယ်များတဲ့ အလုပ်တွေကို ယူဆောင်သွားပြီး လူသားတွေကို ပိုကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဟွမ် ရှီဟွာ က ပြောပါတယ်။
ဒါဟာ ကော်ဖီဖျော်ပေးတာကနေ သတ္တုတွင်းထဲ ဝင်အလုပ်လုပ်တာအထိ ဘာမဆို ဖြစ်နိုင်ပြီး အဲဒီအရာအားလုံးအတွက် ဒီအနာဂတ်ဓာတ်ခွဲခန်းမှာ လေ့ကျင့်ပေးနေကြပါတယ်။ စက်တွေက လူလို ပြုမူတတ်လာဖို့ သင်ယူနေတဲ့အချိန်မှာ လှုပ်ရှားကြ၊ ယိမ်းထိုးကြ၊ ရုတ်တရက် ရွေ့လျားကြပါတယ်။
သူ့အမြင်မှာတော့ "ရှန်ကျန်း ဟာ နောက်ထပ် 'အမေရိက' တစ်ခုပါ။ အမေရိကန်နိုင်ငံမှာလိုပဲ လူငယ်တော်တော်များများက သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး လိုချင်တဲ့ ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်ခဲ့ကြပါတယ်။"
ရှီက တရုတ်နိုင်ငံကို အဆင့်မြင့်နည်းပညာကဏ္ဍမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံ ဖြစ်စေချင်နေတဲ့အချိန်မှာ ဒီလိုစကားမျိုးကို ကြားချင်မှာ သေချာပါတယ်။
ရှန်ကျန်း ဟာ အခွင့်အလမ်း ရှာဖွေရာနေရာတစ်ခု ဖြစ်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့ ဟွမ် ရှီဟွာ နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ဒါထက် ပိုအောင်မြင်တိုးတက်ချင်ကြပါတယ်။
သူတို့ဟာ တရုတ်နိုင်ငံရဲ့ထုတ်လုပ်မှု ဦးဆောင်မှုကို ဆက်ထိန်းထားချင်ရုံတင်မကဘဲ အဲဒီလုပ်ငန်းကို ပြောင်းလဲပစ်ချင်နေကြပါတယ်။

"ကျွန်တော်တို့ ဘဝတွေကို ပိုပြီး အဆင်ပြေသက်သာစေတာ" ထက် AI က "ကမ္ဘာကြီးတစ်ခုလုံးကို မိသားစုတစ်စုလို ဖြစ်စေနိုင်မယ်၊ ကမ္ဘာရွာကြီးတစ်ခုလို ဖြစ်စေနိုင်မယ်" လို့ ဟွမ် ရှီဟွာ က မြင်ပါတယ်။
"AI က တန်းတူညီမျှမှုကို မြှင့်တင်ပေးနိုင်တဲ့အလားအလာရှိပြီး AI ဦးဆောင်တဲ့ တန်းတူညီမျှမှုကတော့ ကျွန်တော့်အတွက် အစိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်နိုင်ခြေပါပဲ။"
သူက အာဖရိကနဲ့ အရှေ့တောင်အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုလည်း စက်ရုပ်တွေက သူတို့ရဲ့ ထုတ်လုပ်မှု လိုင်းတွေ ပြောင်းလဲပေလိုက်တာကြောင့် တိုးတက်ဖို့ အကူအညီပေးနိုင်မယ်လို့ အားတက်သရော ရှင်းပြပါတယ်။
အဆောက်အအုံတစ်ခုလုံးမှာ တွေ့ရတဲ့ ဒီလိုနည်းပညာအပေါ် အကောင်းမြင်မှုတွေက ရှန်ကျန်း ရဲ့ တခြားနေရာတွေမှာ ရှိနေတဲ့ မသေချာမှုတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အဲဒီနေရာတွေမှာတော့ စက်ရုပ်တွေကို မတွေ့ရသေးပါဘူး။
အခုချိန်ထိတော့ မတွေ့ရသေးပါဘူး။
ဒါပေမဲ့ အဲဒါက ကွာခြားချက်ရဲ့ ပထမဆုံးအချက်သာ ဖြစ်ပါတယ်။
ဟွမ် ရှီဟွာတို့ ရှိနေတဲ့ မြို့ဘက်ခြမ်းမှာ နည်းပညာနဲ့ ဘဏ္ဍာရေးကဏ္ဍ ဝန်ထမ်းတွေက မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီးနောက် ရုံးသွားကြတယ်။ သူတို့ သောက်နေတဲ့ ကော်ဖီတစ်ခွက်က ယွမ် ၃၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၀) ထက် ပိုတန်ဖိုးရှိနိုင်ပါတယ်။
တစ်ဖက်မှာတော့ စက်ရုံတွေကြား ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နေတဲ့လမ်းတွေထဲမှာ စကူတာဆိုင်ကယ်တွေ အပြေးအလွှား သွားလာနေပြီး လမ်းဘေးဈေးသည်တွေက ခေါက်ဆွဲအစပ်၊ ပေါင်မုန့်နဲ့ မနက်စာ အပြည့်အစုံကို ယွမ် ၃ အောက်နဲ့ ရောင်းချပေးနေကြပါတယ်။

မြို့ရဲ့အမြင့်ဆုံး မိုးမျှော်တိုက်တစ်ခု အပြင်ဘက်မှာ အသက် ၅၀ အရွယ် လုဟာ ဖုန်းတစ်လုံးကို နားနားကပ်ထားပြီး ညာလက်မှာ ဘောပင်ကို ကိုင်ထားပါတယ်။ ဘယ်လက်နဲ့တော့ ပို့ဆောင်ရေးယာဉ်မောင်းတစ်ဦးဆီက အထုပ်တစ်ထုပ်ကို လှမ်းယူနေပါတယ်။
သူက လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အရေးကြီးတဲ့ ဂဏန်းလေးလုံးကို အော်ပြောနေပါတယ်။ အဲဒီညွှန်ကြားချက်တွေက ဓာတ်လှေကားစီးပြီး အလုပ်စားပွဲမှာ ထိုင်နေတဲ့ဖောက်သည်ဆီ ပစ္စည်းယူသွားပေးဖို့ စောင့်နေတဲ့တရုတ်အမျိုးသမီးတစ်ဦးအတွက် ဖြစ်ပါတယ်။
ဒါဟာ အက်စ်အီးဂျီပလာဇာ အပြင်ဘက်က နေ့လယ်စာ ထွက်စားကြတဲ့အချိန်ဖြစ်လို့ လူထွက်များတဲ့အချိန်ပါ။ အဲဒီ အဆောက်အအုံဟာ အထပ် ၇၀ ရှိပြီး အငှားနေထိုင်သူနဲ့ လုပ်ငန်းထောင်ပေါင်းများစွာ ရှိရာ နေရာဖြစ်ပါတယ်။
လုဟာ တစ်ချိန်က အဲဒီထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။
"ကျွန်မက ဒုတိယထပ်မှာ စီးပွားရေးလုပ်ငန်း သေးသေးလေးတစ်ခု လုပ်ခဲ့ပါတယ်။ လျှပ်စီးပတ်လမ်း ဆားကတ်ပြားတွေ ရောင်းခဲ့တာပါ" လို့ သူက ပြောပါတယ်။
"ဒါပေမဲ့ အခုခေတ်မှာ စီးပွားရေးလုပ်ရတာ အရမ်းခက်လာပြီး ဆိုင်ခန်းငှားခတွေကလည်း ပိုမြင့်လာပါတယ်။"
ရှန်ကျန်းကို တရုတ်နိုင်ငံရဲ့ ဆီလီကွန်တောင်ကြားလို့ မကြာခဏ နှိုင်းယှဉ်ပြောဆိုကြပြီး အရင်းအနှီးအသစ်တွေ ဝင်ရောက်လာတာကြောင့် ငှားရမ်းခတွေ အမြင့်တက်လာကာ သမားရိုးကျ လုပ်ငန်းငယ်တွေကို ဖယ်ထုတ်နေပါတယ်။
အသက် ၅၀ အရွယ် လုဟာ တခြားအလုပ် မရနိုင်တော့ချိန်မှာ ပို့ဆောင်ရေးယာဉ်မောင်းတွေက သူ့ကို အကြံတစ်ခု ပေးခဲ့ကြပါတယ်။
ဓာတ်လှေကားစောင့်ရတာ နာရီဝက်လောက် ကြာတတ်ပါတယ်။ အမှာစာ များနိုင်သလောက် များများ လိုက်ပို့ချင်တဲ့ ယာဉ်မောင်းတွေအတွက်တော့ အဲဒီအချိန်ဟာ ငွေဆုံးရှုံးမှု ဖြစ်ပါတယ်။
ဒီလိုနဲ့ လုဟာ အဆက်မပြတ် ပြောင်းလဲနေတဲ့ ပုတ်ပြတ်အလုပ်(gig economy) ထဲက လုပ်ငန်းအမျိုးအစားသစ် တစ်ခု ဖြစ်လာပါတယ်။
"ပို့ဆောင်ရေးယာဉ်မောင်းတွေက အစားအသောက်တွေကို အဆောက်အအုံဝင်ပေါက်အထိ ယူလာပေးတယ်။ ကျွန်မတို့က အဲဒါကို ယူပြီး အပေါ်ထပ်တွေဆီ ပို့ပေးတယ်။ ယာဉ်မောင်းတွေက အမှာစာတစ်ခုအတွက် ၂ ယွမ် ပေးကြပါတယ်" လို့ သူက အလုပ်ရှုပ်နေတဲ့ကြားက ရှင်းပြပါတယ်။
ပို့ဆောင်ရေးယာဉ်မောင်းတွေက အမှာစာတစ်ခုကို ၄ ယွမ်ကနေ ၈ ယွမ်အထိ ရရှိတာကြောင့် လုရဲ့ဝင်ငွေဝေစုက မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။
"နေ့လယ်စာ အလုပ်များတဲ့အချိန်က နှစ်နာရီ သုံးနာရီပဲ ကြာပါတယ်။ သူတို့ ကျွန်မတို့ ဝန်ဆောင်မှုကို သုံးရင် အမှာစာ ပိုပြီး လုပ်နိုင်မယ်၊ ကျွန်မတို့လည်း ဝင်ငွေရနိုင်မယ်။ ဒါပေမဲ့ ဈေးကွက်အခြေအနေက မကောင်းဘူး။ အခုဆိုရင် တစ်ရက်ကို ယွမ် ၂၀၀ လောက်ပဲ ရတော့တယ်။"

တရုတ်နိုင်ငံ မြို့ပြလုပ်သားအင်အားရဲ့ ၄၀% ခန့် ရှိတဲ့ လူဦးရေ သန်း ၂၀၀ လောက်ဟာ အခုအခါ gig economy အလုပ်အကိုင် တစ်မျိုးမျိုးအပေါ် မှီခိုနေကြတယ်လို့ ခန့်မှန်းရပါတယ်။
ရှန်ကျန်းမှာ ကျွန်မတို့ တွေ့ဆုံခဲ့တဲ့ပို့ဆောင်ရေးယာဉ်မောင်း အများအပြားက စက်ရုံအလုပ်အကိုင် အခွင့်အလမ်းတွေ အရင်တုန်းကလောက် မရှိတော့တာကြောင့် ယာယီအလုပ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီလာဖို့ အခြေအနေကို စောင့်မနေနိုင်ပါဘူး။ ကိုယ်ရောက်နေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်ပဲ နေရပါတယ်" လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
သူတို့ထဲက အဖွဲ့တစ်ဖွဲ့ဟာ အီး စီးကရက် စက်ရုံတစ်ရုံရှေ့မှာ စက်မှုလုပ်ငန်းဆိုင်ရာပို့ဆောင်မှုတွေ လုပ်ဖို့ စောင့်နေကြပါတယ်။
တခြားသူတွေကလည်း ခေါင်းညိတ်ပြီး သဘောတူကြပါတယ်။
နောက်ထပ် ယာဉ်မောင်းတစ်ဦးကတော့ သူ့မှာ ရွေးချယ်စရာ သိပ်မရှိဘူးလို့ ပြောပါတယ်။
"ကျွန်တော့်မှာ ပြုစုစောင့်ရှောက်ရမယ့် ကလေးနှစ်ယောက် ရှိတယ်။ အလုပ်မလုပ်ဘဲ နေလို့မရဘူး။ တခြားအရာတွေ စဉ်းစားဖို့တောင် အချိန်မရှိဘူး။"
အမြဲတမ်းဝန်ထမ်းအလုပ်တွေမှာ လူမှုဖူလုံရေးနဲ့ ပင်စင်အတွက် ထည့်ဝင်ရတာတွေ ရှိတာကြောင့် လက်ထဲရတဲ့ ဝင်ငွေကို လျော့နည်းစေပါတယ်။
ဒါပေမဲ့ ပုတ်ပြတ် အလုပ်တွေကတော့ ငွေသားပိုရပြီး အချိန်ပိုင်းဆိုင်ရာ လွတ်လပ်မှု ပိုရှိပါတယ်။
"အလုပ်သမားအများစုက သတ်မှတ်ထားတဲ့ ကာလတို အလုပ်တွေကို ပိုကြိုက်ကြတယ်။ အဲဒါက သူတို့ကို လိုချင်တဲ့အချိန် ထွက်ခွာနိုင်မယ့် လွတ်လပ်မှု ပေးတယ်။ အမြဲတမ်းဝန်ထမ်း ဖြစ်ချင်တဲ့ ဆန္ဒ မရှိကြဘူး" လို့ အလုပ်အကိုင် အကျိုးဆောင် လီ ရှောင်ဟယ်က ပြောပါတယ်။
သူဟာ ၁ နာရီကို ယွမ် ၂၂ ခန့်ရတဲ့အီလက်ထရောနစ်ပစ္စည်း အသေးစား တပ်ဆင်ရေး စက်ရုံအလုပ်တွေကို ကြော်ငြာဖို့ လမ်းဘေးစင်္ကြန်တွေမှာ ဆိုင်းဘုတ်တွေ ပိုစိုက်ထူလာပါတယ်။
ဒါပေမဲ့ အလုပ်အကျိုးဆောင်တွေ ကိုယ်တိုင်လည်း နည်းပါးလာပုံပေါ်ပါတယ်။ အရင်က ဆိုင်ခန်းတွေ တစ်ချို့ ပိတ်သိမ်းထားတာကို တွေ့ရပြီး ဒါဟာ သမားရိုးကျ ထုတ်လုပ်ရေးကဏ္ဍ ကျဆင်းလာနေမှုရဲ့နောက်ထပ်အရိပ်အယောင်တစ်ခု ဖြစ်ပါတယ်။
"ကျွန်တော်တို့ လုပ်ငန်းရဲ့အခြေအနေက အရင်လို အကောင်းမြင်စရာ မဟုတ်တော့ဘူး" လို့ လီ က ဝန်ခံပါတယ်။
"ရှန်ကျန်းက အသွင်ပြောင်းနေတဲ့အကျိုးသက်ရောက်မှုတွေကို ကျွန်တော်တို့ ခံစားနေရပါတယ်။"

အဲဒီအသွင်ပြောင်းမှုကို မမြင်ဘဲ နေလို့မရပါဘူး။
မြို့ ရေကမ်းနားတစ်လျှောက် အထူးတည်ဆောက်ထားတဲ့ "Talent Park" ရဲ့ စိမ်းလန်းသာယာတဲ့ ပတ်ဝန်းကျင်အပေါ်မှာ ဒရုန်းတွေ ပျံဝဲနေကြပြီး သတ်မှတ်ထားတဲ့ပလက်ဖောင်းတစ်ခုဆီ အစားအစာတွေ ပို့ဆောင်ပေးဖို့ အောက်ကိုဆင်းလိုက်၊ အပေါ်ကို တက်လိုက် လှုပ်ရှားနေကြပါတယ်။
ခရီးသွားတွေကတော့ ဖုန်းတွေကို မြှောက်ကိုင်ပြီး သူတို့ရဲ့နေ့လယ်စာနဲ့အတူ ဒရုန်းတွေ ဆင်းသက်လာတာကို ဗီဒီယိုရိုက်ကြပါတယ်။
"ဒါ အရမ်းမိုက်တာပဲ။ နည်းပညာကလည်း တကယ်ကောင်းတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုရှိရင် ကောင်းမှာပဲ" လို့ ကနေဒါခရီးသွားတစ်ဦးက ပြောပါတယ်။
ကျွန်မတို့မှာထားတဲ့ကော်ဖီကတော့ ပို့ဆောင်ခ ၅ ယွမ်နဲ့ ၁၅ မိနစ်ကျော်အတွင်း ရောက်လာပါတယ်။ ဒရုန်းက ချောချောမွေ့မွေ့ ဆင်းသက်လာပြီး ကျွန်တော်က အမှာစာကို လက်ခံယူလိုက်ပါတယ်။
"ရှန်ကျန်းဟာ နှစ်ပေါင်းများစွာ အရင်က ငါးဖမ်းရွာတစ်ရွာ ဖြစ်ခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်" လို့ ဗီယက်နမ်နိုင်ငံက လာရောက်လည်ပတ်သူ အန်လီက ပြောပါတယ်။
"ဟား ... အခုတော့ ငါးဖမ်းရွာ မဟုတ်တော့ဘူး" လို့ သူက ရယ်မောရင်း သူနဲ့ ဇနီးအတွက် နို့လက်ဖက်ရည်ကို ဒရုန်းနဲ့ ပို့ခိုင်းပါတယ်။
ပြသထားတဲ့တီထွင်ဖန်တီးမှုတွေ အားလုံးကို ကြည့်ရင်တော့ ဒါဟာ နေ့စဉ်ဘဝရဲ့ သာမန်အခြေအနေတစ်ခုထက် ဖြစ်နိုင်ခြေတွေကို ပြသထားတဲ့နမူနာတစ်ခုလို ပိုခံစားရပါတယ်။
ဒီလိုပို့ဆောင်မှုတွေကို နေရာအချို့မှာသာ လုပ်ဆောင်နိုင်ပြီး ဒေသစံတော်ချိန် ည ၈ နာရီမှာ ရပ်နားပါတယ်။
အထူး အက်ပ်လီကေးရှင်းတစ်ခုနဲ့ မှာယူရတဲ့ ယာဉ်မောင်းမလိုကားတွေကလည်း ထူးဆန်းဆွဲဆောင်မှုတစ်ခု ဖြစ်နေဆဲပါ။ ခရီးသွားနေချိန်အတွင်း အနှိပ်ဝန်ဆောင်မှုတောင် ပေးပါတယ်။
ညအချိန်မှာတော့ မီးရောင်ထောင်ပေါင်းများစွာ လင်းလက်နေတဲ့ကြား ဒရုန်းတွေက နောက်ထပ် အလုပ်တစ်ခု လုပ်နေပါတယ်။
သူတို့ဟာ ပန်းခြံအပေါ်မှာ ပျံသန်းပြီး လူတွေကို စည်းကမ်းလိုက်နာဖို့၊ ပြဿနာမရှာဖို့ သတိပေးကြပါတယ်။

လင်းလက်တောက်ပနေတဲ့ မြို့မြင်ကွင်းနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ အလုပ်သမားတွေဟာ ဈေးပေါပေါ ဟော့ပေါ့နဲ့ ပင်လယ်စာကင် ရောင်းတဲ့စားသောက်ဆိုင်တွေအပြင်ဘက် ပလတ်စတစ်စားပွဲတွေဝိုင်းမှာ စုဝေးထိုင်နေကြပါတယ်။
လမ်းတလျှောက်မှာ ပိုဈေးကြီးတဲ့စားသောက်ဆိုင်တွေလည်း ရှိပေမဲ့ အဲဒီလုပ်ငန်းတွေကလည်း အကောင်းကြီးဘက်မဟုတ်ပါဘူး။
ဆိုင်ပိုင်ရှင်တစ်ဦးက အလုပ်သမားတွေ ညစာအတွက် ငွေသုံးဖို့ တွန့်ဆုတ်နေကြတာကြောင့် လုပ်ငန်းဝင်ငွေဟာ ၇၀ ရာခိုင်နှုန်းကျော် လျော့ကျသွားတယ်လို့ ပြောပါတယ်။
သူတို့ထဲက အများအပြားဟာ ဒီမြို့မှာ ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့ကြပြီး အသက် ၅၈ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သား ၀ူလည်း ပါဝင်ပါတယ်။
သူဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ စီချွမ်ပြည်နယ်ကနေ ရှန်ကျန်းကို ရောက်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်က တရုတ်နိုင်ငံက မြို့ကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအတွက် ဖွင့်လှစ်ပေးခဲ့စ ပြုနေချိန် ဖြစ်ပါတယ်။
သူဟာ ဆင်းရဲနွမ်းပါးတဲ့ ပြည်နယ်တွေကနေ ထုတ်လုပ်ရေးလိုင်းတွေအပေါ် အလုပ်လုပ်ဖို့ ဒါမှမဟုတ် မိုးမျှော်တိုက်တွေ ဆောက်လုပ်ဖို့ ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းပေါင်းများစွာထဲက တစ်ယောက် ဖြစ်ပါတယ်။
အခုလည်း လူတွေ ဆက်လက် ရောက်ရှိနေကြဆဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ စကားပြောခဲ့တဲ့ လူအားလုံးဟာ တခြားဒေသတွေက လာရောက်သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ မကြာခဏ တစ်ရက် ၁၄ နာရီအထိ အလုပ်လုပ်ကြပြီး မိသားစုဆီ ငွေပို့ပေးနိုင်မယ့် တည်ငြိမ်တဲ့ အလုပ်အကိုင်နဲ့ သင့်တင့်တဲ့ လစာရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အများသုံး အဆောင်တွေမှာ နေထိုင်ကြပါတယ်။

ဒီအလုပ်သမားတွေအတွက်တော့ တရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးကဏ္ဍ စံချိန်တင် အနိမ့်ဆုံးအဆင့် ရောက်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကာလဟာ ပထမဆုံးအချိုးအကွေ့ ဖြစ်ခဲ့ပုံရပါတယ်။
"ကိုဗစ်အပြီးမှာ ကျွန်တော်တို့ လစာက အနည်းဆုံး သုံးပုံတစ်ပုံလောက် လျော့ကျသွားတယ်" လို့ ၀ူက ပြန်ပြောပြပါတယ်။
အဲဒီနောက်မှာတော့ လစာတွေဟာ ယခင်အဆင့်ကို ဘယ်တော့မှ အပြည့်အဝ ပြန်မရောက်တော့ပါဘူး။
"ကျွန်တော် ဆက်အလုပ်လုပ်နေမယ်" လို့ သူက ထပ်ပြောပါတယ်။
"အလုပ်လုပ်နေသရွေ့ ဝင်ငွေ ရှိနေမယ်။ လစာ ပိုရမရဆိုတာ အရေးမကြီးဘူး။ အလုပ်လုပ်နေသရွေ့ ဝင်ငွေ ရှိနေမယ်။ စီးပွားရေး နှေးသွားရင် ကျွန်တော်တို့အားလုံး နှေးသွားမယ်။ စီးပွားရေး တိုးတက်လာရင် ကျွန်တော်တို့အားလုံး ပိုကောင်းလာမယ်။"
ဆယ်စုနှစ်ပေါင်းများစွာအတွင်း ရှန်ကျန်းဟာ သူ ပေးထားတဲ့ကတိအတိုင်း ရှိနေခဲ့ပါတယ်။ အလုပ်ကို ကြိုးစားလုပ်ရင် ဘဝ ပိုကောင်းလာမယ်ဆိုတဲ့ ကတိ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုတော့ အလိုအလျောက်စနစ်နဲ့ အေအိုင်ကြောင့် ပြန်လည်သတ်မှတ်ခံနေရတဲ့ ဒီမြို့မှာ အဲဒီကတိဟောင်းဟာ ယခင်လောက် စိတ်ချရတဲ့အရာတစ်ခု မဟုတ်တော့သလို ခံစားရပါတယ်။

























