အင်္ဂလန် ဒုကပ္ပတိန်ရိုက်စ်၊ ဒေရွှမ့်ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားနဲ့ အက်ဒါဆင်ပါလာတဲ့ ဘရာဇီး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

ပြင်သစ်မန်နေဂျာ ဒီဒီယေ ဒေရွှမ့် ကမ္ဘာ့ဖလားပွဲပြီးရင် နားမယ်

ဒေရွှမ့်ဟာ ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့ရော မန်နေဂျာအဖြစ်နဲ့ပါရခဲ့ဖူးတဲ့သူပါ။ ၁၉၉၈ မှာ ပြင်သစ်အသင်း ချန်ပီယံဖြစ်တော့ သူက အသင်းကပ္ပတိန်ပါ။ တစ်ခါ သူမန်နေဂျာလုပ်တဲ့ ပြင်သစ်အသင်းက ၂၀၁၈ မှာ ကမ္ဘာ့ဖလားရခဲ့ပါတယ်။

သူ ပြင်သစ်အသင်းကို ကိုင်လာတာ ၁၄ နှစ်ရှိပါပြီ။ လီယဲလ်မှာ ဇွန် ၈ ရက်နေ့ည မြောက်အိုင်ယာလန်နဲ့ ခြေစမ်းပွဲဟာ ပြင်သစ်မြေမှာ သူနောက်ဆုံးပွဲ အသင်းမန်နေဂျာအဖြစ် ကစားမှာပါ။ ပြီးရင်တော့ ကမ္ဘာ့ဖလားအတွက် အမေရိကန်ကို သွားကြပါမယ်။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဒီဒီယေ ဒေရွှမ့်ဟာ ပြင်သစ်အသင်းကို ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးခဲ့သလို ၂၀၁၆ ယူရိုမှာလည်း ဖိုင်နယ်ရောက်အောင်နဲ့ ၂၀၂၁ မှာ နေးရှင်းလိဂ်ချန်ပီယံဖြစ်အောင် ကိုင်တွယ်နည်းပြခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား အုပ်စု အိုင်မှာ ဆီနီဂေါ၊ အီရတ်၊ နော်ဝေးတို့နဲ့အတူ ကျပါတယ်။

ဒက်ကလန် ရိုက်စ် အင်္ဂလန်အသင်းရဲ့ ဒုကပ္ပတိန်လုပ်မယ်

အာဆင်နယ် အလယ်တန်းလူ ရိုက်စ်ကို ဒီနှစ် ကမ္ဘာ့ဖလားမှာ အသင်းရဲ့ ဒုကပ္ပတိန်အဖြစ် မန်နေဂျာ တောမတ်စ်တူကယ်က ရွေးထားပါတယ်။ ရိုက်စ်ဟာ အင်္ဂလန်အတွက် ၇၂ ပွဲ ကစားထားလို့ ဒီနှစ်အသင်းထဲမှာ အတွေ့အကြုံအရင့်ဆုံး ကစားသမားတွေထဲ ပါပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလက ဝေလအသင်းနဲ့ ခြေစမ်းပွဲမှာ ကပ္ပတိန် ဟယ်ရီကိန်းမပါနိုင်လို့ အဲဒီပွဲမှာ ရိုက်စ်က ကပ္ပတိန်လုပ်ခဲ့ပါတယ်။

အမေရိကန်မှာ ရောက်နေပြီဖြစ်တဲ့ အင်္ဂလန်အသင်း လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကော်စတာရီကာအသင်းနဲ့ ခြေစမ်းကစားဖို့ရှိပြီး၊ မိုင်ယာမီ အသင်းနဲ့လည်း လေ့ကျင့်ကစားဦးမှာပါ။ ပြီးရင်တော့ စနေနေ့မှာ အသင်းအခြေစိုက်မယ့် ကန်းဆတ်စီတီကို သွားကြမှာပါ။

အင်္ဂလန်ဟာ ဇွန်လ ၁၇ ရက်နေ့မှာ ခရိုအေးရှားအသင်းနဲ့ ပွဲဦးထွက်စကစားရမှာဖြစ်ပြီး အုပ်စု အယ်လ်မှာ ဂါနာ၊ ပနားမားတို့လည်း ပါကြပါတယ်။

ဘရာဇီးမှာ နာသွားတဲ့ ဝက်စလေအစား မန်ယူကိုရောက်လာမယ့် အက်ဒါဆင် ဝင်ကစားမယ်

ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲအဖြစ် အီဂျစ်နဲ့ကစားတဲ့ပွဲမှာ နောက်တန်းလူ ဝက်စလေ ပေါင်ကြွက်သားဒဏ်ရာရသွားလို့ ကမ္ဘာ့ဖလားနဲ့ လွဲရပြီဖြစ်ပါတယ်။ ဒါကြောင့် သူ့အစား အလယ်တန်းလူ အက်ဒါဆင်ကို အားဖြည့်ခေါ်လိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဝက်စလေဟာ အီတလီ ရိုးမားအသင်းမှာ ကစားနေသူဖြစ်ပါတယ်။ အက်တာလန်တာအသင်းက အက်ဒါဆင်ကတော့ ကမ္ဘာ့ဖလားအပြီး ဇူလိုင်လမှာ မန်ယူကို ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကို ငါးကြိမ်ရဖူးတဲ့ ဘရာဇီးဟာ အုပ်စု စီမှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နဲ့အတူကျနေပါတယ်။