၂၀၂၆ ကမ္ဘာ့ဖလား - ၄၈ သင်းရဲ့အပြီးသတ် လူစာရင်း

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂၀

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို သုံးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားအတွက် ၂၆ ယောက် လူစာရင်းတွေကို နိုင်ငံအသီးသီးက ကြေညာလာကြပါပြီ။

အခု ကမ္ဘာ့ဖလားက အကြီးဆုံးပြိုင်ပွဲကြီးဖြစ်လာမှာပါ။ ဇွန်လ ၁၁ ရက်ကနေ ၁၉ ရက်အထိ အသင်းပေါင်း ၄၈ သင်းက ယဉ်ပြိုင်ကြမှာပါ။

နိုင်ငံအသင်းတွေရဲ့လူစာရင်းတွေရဲ့ထူးခြားမှုတွေ ဆက်ပြီး ဖတ်ရှုနိုင်ပါတယ်။

အုပ်စု A

မက္ကဆီကို

မက္ကဆီကိုကတော့ အသက် ၄၀ နှစ် အရွယ် ဂိုးသမား ဂီအာမို အိုချောင်အာကို ရွေးချယ်လိုက်ပါတယ်။ ဒါဟာ မက်ဆီ နဲ့ ရော်နယ်ဒို တို့လိုပဲ ပထမဆုံးအကြိမ် ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အရွေးချယ်ခံရတာဖြစ်ပါတယ်။

ဖူဟန်အသင်းတိုက်စစ်မှူး ရော ရာအူး ဟီမီးနက်စ်ကလည်း မက်ဆီကိုအသင်း နည်းပြ ဟေးဗီးယား အာဂီရေးရဲ့ ၂၆ ယောက် လူစာရင်းမှာ ပါဝင်လာပါတယ်။

တောင်အာဖရိ

တောင်အာဖရိကတော့ အင်္ဂလန်ပရီးမီးလားလိဂ်အသင်း ဘန်လေရဲ့ တိုက်စစ်မှူး ဖော်စတာကို ရွေးချယ်လိုက်ပါတယ်။

အသင်းကိုတော့ အသက် ၇၄ နှစ်အရွယ် ဘယ်လ်ဂျီယံ နည်းပြ ဟရူ ဘရူးစ်က ဦးဆောင်မှာပါ။

ပရီးမီးယားလိဂ်အသင်း နယူးကာဆယ်ရဲ့ အကယ်ဒမီအသင်းမှာ ကစားခဲ့ဖူးတဲ့ Olwethu Makhanya နဲ့ Bradley Cross တို့ကလည်း ခံစစ်ကစားသမားတွေအဖြစ် အသင်းလူစာရင်းမှာ ပါလာပါတယ်။

တောင်အာဖရိကက အိမ်ရှင် မက္ကဆီကို အသင်းနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

တောင်ကိုရီးယား

အရင် စပါးအသင်း တိုက်စစ်မှူးဟောင်း စွန်ဟောင်မင်ကတော့ တောင်ကိုရီးယားအသင်းရဲ့ ခေါင်းဆောင် ဆက်ပြီး အရွေးခံရပါတယ်။ ဒါဟာ သူ့ရဲ့လေးကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်ပါတယ်။

အသင်းကိုတော့ နည်းပြ ဟုန်မြောင်ဘိုက ဦးဆောင်ပါမယ်။ အင်္ဂလန်က ဝုဖ်အသင်း တိုက်စစ်မှူး ဟွမ်ဟီးချန်း၊ ဘယ်ဂျွန်းဟို (စတုတ်စီးတီးအသင်း ကွင်းလယ်ကစားသမား)၊ ပက်စောင်ဟို(ဘာမင်ဂမ်အသင်း)၊ အမ်ဂျီစွန်း(ဆွမ်စီးအသင်း)နဲ့ စကော့တလန်က ဆဲတစ်အသင်း ကစားသမား ရန်ဟရွန်းဂျွန်တို့လည်း ပါဝင်ပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံဖလားယူပြီး ဥရောပမှာ အကောင်းဆုံးအသင်းဖြစ်နေတဲ့ ပြင်သစ်အခြေစိုက် PSG အသင်းရဲ့ကွင်းလယ်ကစားသမား လီကန်အင်းနဲ့ ဂျာမနီအသင်း ဘိုင်ယန်မြူးနစ်ရဲ့ ခံစစ်ကစားသမား ကင်မင်ဂျေးတို့လည်းပါဝင်မှာ ဖြစ်ပါတယ်။

နောက်ပြီး ဂျာမန်- ကိုရီးယား ကပြားလည်းဖြစ် ဘိုရူစီယာ မွန်ချန်ဂလာဘတ် အသင်းရဲ့ ခံစစ်ကစားသမားဖြစ်တဲ့ ဂျန် ကက်စတရော့လည်း တောင်ကိုရီးယားလူစာရင်းမှာ ပါဝင်လာပါတယ်။

တောင်ကိုရီးယားအသင်းကတော့ ပွဲဦးထွက်ပွဲစဉ်အဖြစ် ချက်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ဇွန် ၁၂ ရက်မှာ ယှဉ်ပြိုင်ကစားသွားဖို့ရှိပါတယ်။

ချက်နိုင်ငံ

ချက်ပြည်သူ့သမ္မတနိုင်ငံက နှစ်ပေါင်း ၂၀ အကြာမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့် ရခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟန်းအသင်း ကွင်းလယ်ကစားသမား တိုမတ်စ် ဆိုချက်က လူစာရင်းမှာ ပါဝင်လာပါတယ်။ သူဟာ အသင်းနည်းပြ မီရူစလေ့ ကုတ်ဘက် ရွေးချယ်ခဲ့တဲ့ လူစာရင်းထဲ အတွေ့အကြုံအရှိဆုံး ကစားသမားဖြစ်ပါတယ်။

အုပ်စု B

ကနေဒါ

ကနေဒါရဲ့ အကောင်းဆုံး ၂၆ ယောက်လူစာရင်းလို့ ပြောဆိုထားတဲ့ စာရင်းမှာ ဂျာမန်အသင်း ဘိုင်ယန် မြူးနစ်ရဲ့ ခံစစ်ကစားသမား အယ်ဖွန်ဆို ဒေးဗိစ် ပါဝင်လာပါတယ်။

ပေါ်တိုအသင်း ကွင်းလယ်ကစားသမား စတီဖင် အက်စတာကွီယို၊ ဗီလာရီးရဲအသင်း ကစားသမားတွေ ဖြစ်တဲ့ တေဂျွန် ဗျူခနွန်၊ တာနီ အိုလူဝါရှေးနဲ့ ဆောက်သမ်တန် တိုက်စစ်မှူး ခိုင် လာရန် တို့လည်း အသင်းလူစာရင်းထဲ ပါဝင်လာပါတယ်။

ကနေဒါအသင်းက ပွဲဦးထွက် ပွဲစဉ်အဖြစ် လာမယ့် ဇွန် ၁၂ ရက်မှာ ဘော့စနီးယား ဟာဇီဂိုးဗီးနား နဲ့ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

ဒေးဗိစ်ကတော့ PSG အသင်း နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကြတဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ပွဲမှာ ဒဏ်ရာရပြီးတဲ့ နောက် ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီ သူ့ရဲ့ ဒဏ်ရာသက်သာလာဖို့လည်း လိုအပ်ပါတယ်။

ဘော့စနီးယား ဟာဇီဂိုးဗီးနား

မန်ချက်စတာ စီးတီး တိုက်စစ်မှူးဟောင်း အသက် ၄၀ အရွယ် ဧဒင် ဂျက်ကိုလည်း ဘော့စနီးယား ဟာဇီဂိုးဗီးနားရဲ့အပြီးသတ်လူစာရင်းမှာ ပါဝင်လာပါတယ်။

နိုင်ငံအသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၁၄၈ ပွဲ ကစားထားတဲ့ ဂျက်ကိုဟာ အုပ်စုအဆင့် ခြေစစ်ပွဲ ၈ ပွဲမှာ ၇ ပွဲ ကစားခဲ့ပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာလည်း ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

ဘောစနီးယားဟာ ကမ္ဘာ့ဖလားအတွက် ၂၆ ယောက်လူစာရင်းကို ပထမဆုံး ကြေညာခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ကာတာ

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနိုင်ငံအသင်းကတော့ အရင် ရီးရဲမက်ဒရစ်အသင်း နည်းပြ ဟူလန် လိုပက်တေဂီကို ရွေးချယ်ထားပါတယ်။

အသင်းလူစာရင်းမှာ ကာတာနိုင်ငံရဲ့ ဂိုးသွင်းရှင် တိုက်စစ်မှူး အယ်မိုအက် အလီလည်း ပါဝင်ပါတယ်။ သူက စားခဲ့တဲ့ ပွဲပေါင်း ၁၂၆ ပွဲမှာ ဂိုးပေါင်း ၆၀ သွင်းထားသူပါ။

အာရှရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်တိုင်တိုင် ရထားတဲ့ အက်ခရမ် အာဖစ် ကိုလည်း အသင်းလူစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ ကာတာဟာ အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့် သုံးပွဲစလုံးကို ရှုံးနှိမ့်ခဲ့တဲ့ ပထမဆုံး အိမ်ရှင် နိုင်ငံ ဖြစ်ခဲ့ပြီး ဒီရလဒ် ဆိုးကို ချေဖျက်ဖို့ အပူတပြင်းကြိုးစား လာတာပါ။

ကာတာနိုင်ငံဟာ ဆွစ်ဇာလန်အသင်းနဲ့ လာမယ့် ဇွန်လ ၁၃ ရက်၊ ကယ်လီဖိုးနီးယားပြည်နယ် စန်တာ ကလာရာမြို့ မှာ ယှဉ်ပြိုင်ကစားရမှာပါ။

ဆွစ်ဇာလန်

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း၊ လက်ရှိ ဆန်းဒါးလန်းအသင်းခေါင်းဆောင် ဂရမ်နစ် ယက်ကာဟာ သူ့ရဲ့ ၄ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားဖို့ ဆွစ်ဇာလန်အသင်းလူစာရင်းမှာ ပါလာပါပြီ။

ဆွစ်ဇာလန်အသင်းခေါင်းဆောင် ယက်ကာနဲ့ အတူ နော်တင်ဟန် ဖောရက်စ် တိုက်စစ်မှူး ဒန် နဒွိုင်း၊ လိစ်ယူနိုက်တက်အသင်း တိုက်စစ်မှူး နိုအာ အိုကာဖော် နဲ့ ဘန်လေအသင်း တိုက်စစ်မှူး ဇီကီ အမ်ဒူနီတို့ ဖြစ်ပါတယ်။

အုပ်စု C

ဘရာဇီး

ဘရာဇီးအသင်းရဲ့ ၂၆ ယောက် လူစာရင်းမှာ ဘာစီလိုနာရဲ့တိုက်စစ်မှူးဟောင်း နေမာ ပါဝင်လာပါတယ်။

ရီးရဲ မက်ဒရစ်၊ ဂျူဗင်တက်အသင်းတွေရဲ့ နည်းပြဟောင်း အီတလီနည်းပြ ကာလို အန်ဆာလော့တီကတော့ အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူပါတယ်။ သူ့ရဲ့ လူစာရင်းမှာ နေမာ ပါဝင်ကြောင်း ကြေညာလိုက်တဲ့အခိုက်အတန့်ဟာ ဘရာဇီးပရိတ်သတ်တွေ ဝမ်းသားကျေနပ်ခဲ့ရတဲ့ အခိုက်အတန့် လည်းဖြစ်ပါတယ်။

လီဗာပူးအသင်း ဂိုးဖမ်းသမား အယ်လီစင်ဘက်ကာလည်း လူစာရင်းထဲပါဝင်လာပါတယ်။ မန်ယူအသင်း ကစားသမား ကက်စီမဲယိုး နဲ့ မာတေးယက်စ် ကွန်ညာ လည်းပါဝင်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်အသင်းရဲ့ အဓိက နောက်ခံကစားသမား ဂေဘရီရယ် လည်း ပါဝင်လာပါတယ်။

ရီးရဲမက်ဒရစ် အသင်းတိုက်စစ်မှူး ဗီနီရှပ် ဂျူနီယာနဲ့ ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား ရာဖင်ညာတို့လည်း အသင်းလူစာရင်းထဲ ပါဝင်လာပါတယ်။

ဘရာဇီးအသင်းဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအတွက် လူအင်အားတောင့်တင်းတဲ့ အသင်းတွေထဲက တစ်သင်းလို့ ပြောရင်လည်း မမှားပါဘူး။

ကမ္ဘာ့ဖလား ၅ ကြိမ် ရထားတဲ့ ဘရာဇီးအသင်းက လာမယ့် ဇွန်လ ၁၃ ရက်မှာ မော်ရိုကို အသင်း နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မော်ရိုကို

PSG အသင်း ရဲ့ ညာနောက်ခံလူ အက်ရှ်ရာဖ် ဟာကီမီ ကတော့ မော်ရိုကိုမှာပါဝင်လာပါတယ်။ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဘိုင်ယန်နဲ့ PSG ကစားတဲ့ပွဲတုန်းကတော့ သူ ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံကိုယ်စားပြုမှာတော့ သူက အသင်းခေါင်းဆောင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်တန်းကစားသမား နူဆိုင်ယာ မက်ဇရာဝီ၊ ဖူလ်ဟမ် နောက်တန်းကစားသမား အစ်ဆာ ဒီယော့ပ်၊ ခရစ္စတယ် ပဲလေ့စ် နောက်တန်းကစားသမား ချာဒီ ရီယက်ဒ်၊ ဆန်းဒါးလန်း တောင်ပံကစားသမား ရှမ်စ်ဒင်း တယ်လ်ဘီနဲ့ ရီးယဲလ် မက်ဒရစ် ကစားသမား ဘရာဟင် ဒီယာ့ဇ် တို့လည်း မော်ရိုကို လူစာရင်းမှာ ပါဝင်လာပါတယ်။

မော်ရိုကိုအသင်းဟာ စကော့တလန်၊ ဘရာဇီး နဲ့ ဟေးတီ အသင်းတွေနဲ့ အုပ်စုတစ်စုတည်း ကျပါတယ်။ လာမယ့် ဇွန်လ ၁၉ ရက်မှာ စကော့တလန် နဲ့ ပွဲဦးထွက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဟေတီ

ဆန်းဒါးလန်းတိုက်စစ်မှူး ဝီလ်ဆန် အီစီဒေါနဲ့ ဝုလ်ဗာဟမ်တန်အသင်း ကွင်းလယ်လူ ဂျင်း ရစ်ကနာ ဘယ်လာဂါ့ဒ်တို့ ဟာ ဟေတီအသင်းရဲ့ လက်ရွေးစင် ကစားသမား ၂၆ ယောက် စာရင်းမှာ ပါလာပါတယ်။

ဟေတီဟာ အုပ်စုအဖွင့်ပွဲမှာ စကော့တလန်နဲ့ ရင်ဆိုင်ရမှာပါ။

ကာရေဘီယံဒေသက ဟေတီအသင်းဟာ ၁၉၇၄ ခုနှစ် အနောက်ဂျာမနီကမ္ဘာ့ဖလားနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိလာတာ ဖြစ်ပါတယ်။

ဟေတီဟာ ဇွန် ၁၃ ရက်မှာ စကော့တလန်နဲ့ ယှဉ်ပြိုင်သွားဖို့ရှိပြီး ကမ္ဘာ့ဖလား ငါးထပ်ကွမ်း ချန်ပီယံ ဘရာဇီး၊ ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကို အသင်းတွေ နဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။

စကော့တလန်

စကော့တလန်နည်းပြ စတိဗ် ကလတ်ခ်က ဆောက်သမ်တန်တိုက်စစ်မှူး ရော့စ် စတီးဝပ်ကို ဒီနွေရာသီ ကမ္ဘာ့ဖလား လူစာရင်းမှာ ပြန်လည် ရွေးချယ်လိုက်ပြီး သူဟာ "ပွဲကြီးတွေမှာ အရေးပါတဲ့ ဂိုးတွေ သွင်းနိုင်တဲ့ ကစားသမား" လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် စတီးဝပ်ဟာ ၂၀၂၂ ခုနှစ်မှာ စကော့တလန်အသင်းကြီးအတွက် နှစ်ပွဲသာ ကစားခဲ့ဖူးပြီး ဒဏ်ရာပြဿနာတွေကြောင့် နိုင်ငံအသင်းနဲ့ လေးနှစ်နီးပါး ဝေးကွာနေခဲ့တာပါ။

ဒီရာသီ ဆောက်သမ်တန်အသင်းအတွက် ၃၃ ပွဲကစားပြီး ၁၁ ဂိုး သွင်းယူထားသလို မစ်ဒယ်ဘရော့ကို အနိုင်ရခဲ့တဲ့ ချန်ပီယံရှစ် ရှုံးထွက်အဆင့် ဆီမီးဖိုင်နယ်မှာလည်း ဂိုးသွင်းခဲ့ပါတယ်။

လူငယ်တောင်ပံကစားသမား ဖင်ဒလေ ကာတစ်လည်း ပါဝင်လာပြီး အသက် ၄၃ နှစ်ရှိ Heart အသင်း ဂိုးသမား ခရိတ်ဂေါ်ဒန်လည်း ရွေးချယ်ခံထားရပါတယ်။ ဒါပေမဲ့ ကွင်းလယ်လူ လင်နွန် မီလာတော့ လူစာရင်းထဲ မပါဝင်ခဲ့ပါဘူး။

စကော့တလန်အသင်းဟာ ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်အနေနဲ့ ဇွန် ၁၄ ရက် မှာ ဟေတီ အသင်း နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ပြီးရင် တော့ ဇွန်လ ၁၉ ရက်မှာ မော်ရိုကိုအသင်း၊ ဇွန်လ ၂၄ ရက်မှာ ဘရာဇီးအသင်းတို့ နဲ့ တွေ့ဆုံရမှာပါ။

အုပ်စု D

အမေရိကန်

ဘုန်းမောက်အသင်းရဲ့ ကွင်းလယ်လူ တိုင်လာ အဒမ်စ်နဲ့ ဖူလ်ဟမ် ဘယ်နောက်ခံလူ အန်တိုနီ ရော်ဘင်ဆန်တို့ကို အမေရိကန်အသင်းရဲ့ကမ္ဘာ့ဖလား လူစာရင်းမှာ ထည့်သွင်းရွေးချယ်ထားပါတယ်။

နည်းပြ မော်ရစ်စီယို ပိုချက်တီနို ရွေးချယ်ထားတဲ့ လူစာရင်းထဲမှာ အင်္ဂလန်ကလပ်တွေမှာ ကစားနေတဲ့ ကစားသမား ငါးယောက် ပါဝင်နေပါတယ်။

လိဒ်စ်အသင်းက ဘရန်ဒန် အာရွန်ဆန်၊ ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ ခရစ် ရစ်ချတ်စ်နဲ့ ကိုဗင်ထရီတိုက်စစ်မှူး ဟာဂျီ ရိုက်တို့လည်း ပါဝင်ပါတယ်။

ဆဲလ်တစ်နောက်ခံလူ အော်စတန် ထရပ်စတီ၊ အီတလီ ကလပ် အေစီမီလန်က ခရစ္စတီယန် ပူလီဆစ်နဲ့ ဂျူဗင်တပ်စ်က ဝက်စတန် မက်ကင်နီတို့လည်း အသင်းရဲ့ လူစာရင်းထဲ ထည့်ထားပါတယ်။

အမေရိကန်အသင်းဟာ အုပ်စု D မှာ ပါရာဂွေးနဲ့ စတင်ကစားရမှာဖြစ်ပြီး အဲဒီပွဲပြီးရင်တော့ ဩစတြေးလျ၊ တူရကီအသင်းတွေ နဲ့ ရင်ဆိုင်သွားရဖို့ရှိပါတယ်။

ပါရာဂွေး

ဆန်းဒါးလန်းအသင်း နောက်ခံလူ အိုမာ အယ်လ်ဒါရီတီနဲ့ ဘရိုက်တန်အသင်း ကွင်းလယ်လူ ဒီယေဂို ဂိုးမက်ဇ်တို့ဟာ ပါရာဂွေး လက်ရွေးစင်လူစာရင်းထဲပါဝင်လာပါတယ်။

အတ္တလန္တာ ယူနိုက်တက်မှာ ကစားနေတဲ့ နယူးကာဆယ်ကစားသမားဟောင်း မီဂွယ် အယ်လ်မီရွန်လည်း အသင်းလူစာရင်းထဲ ပါဝင်ပါတယ်။

ပါရာဂွေးဟာ တောင်အမေရိက ခြေစစ်ပွဲမှာ အဆင့် ၆ နေရာနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိခဲ့တာပါ။

၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့ ပါရာဂွေးဟာ အုပ်စု D မှာ ပူးတွဲအိမ်ရှင် အမေရိကန်နဲ့ စတင်ကစားရမှာဖြစ်ပြီး တူရကီ၊ ဩစတြေးလျတို့နဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။

ဩစတြေးလျ

လစ်ဗင်းစတန်အသင်း တိုက်စစ်မှူး တီတီ ယန်ဂီနဲ့ အီတလီ ယူ ၂၁ အသင်းကို ကိုယ်စားပြုခဲ့တဲ့ တောင်ပံကစားသမား ခရစ္စတီယန် ဗော်ပါတိုကို ဩစတြေးလျအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ထည့်သွင်းထားပါတယ်။

ယန်ဂီဟာ ဇန်နဝါရီလမှာ ဂျပန်ကလပ် မာချီဒါ ဇယ်ဗီးယားဆီ အငှားအစီအစဉ်နဲ့သွားရောက်ခဲ့ပေမဲ့ ဂျပန်မှာ ၂၂ ပွဲကစားပြီး ၆ ဂိုးသွင်းပြီးတဲ့နောက် နည်းပြ တိုနီ ပိုပိုဗစ်ရဲ့ယုံကြည်မှုကို ရရှိခဲ့တာပါ။

ဩစတြေးလျဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန် ၁၄ ရက်မှာ တူရကီအသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

တူရကီ

တူရကီရဲ့ ၂၆ ယောက်လူစာရင်းမှာ ရီးရဲမက်ဒရစ်အသင်း ကွင်းလယ်လူ အာဒါ ဂူလေပါဝင်လာပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂူလေဟာ ဒီရာသီ ရီးရဲမက်ဒရစ်အသင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကိုတက်ရောက်စေခဲ့တဲ့ သွင်းဂိုး ၂ ဂိုး နဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားဆုကို ရရှိထားသူပါ။

မန်ချက်စတာယူနိုက်တက်အသင်း ဂိုးသမား အယ်လ်တေး ဘိုင်အင်ဒါ နဲ့ ဘရိုက်တန်နောက်ခံလူ ဖာဒီ ကာဒီယိုဂလူ တို့လည်း ပါဝင်ပါတယ်။

တူရကီဟာ အဖွင့် ပွဲစဉ်အဖြစ် ဇွန်လ ၁၄ ရက်မှာ ဩစတြေးလျ အသင်းနဲ့ ကစားရမှာပါ။

အုပ်စု E

ဂျာမနီ

ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နူယယ် နော်ယာဟာ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အနားယူထားရာကနေ ဂျာမနီရဲ့ ကမ္ဘာ့ဖလား အသင်း လူစာရင်းမှာ ပါဝင်လာပါတယ်။

နည်းပြ ဂျူလီယန် နာဂယ်စ်မန်းက အသက် ၄၀ အရွယ် နော်ယာကို အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် အသုံးပြုသွားမယ်လို့ ပြောထားပါတယ်။

ဒီနှစ် ဂျာမနီ လူစာရင်းထဲမှာ ပရီးမီးယားလိဂ်ကစားသမား ငါးယောက် ပါဝင်ပါတယ်။ အာဆင်နယ်အသင်း တိုက်စစ်မှူး ကိုင် ဟာဗတ်ဇ်၊ ဘရိုက်တန် အသင်း ကစားသမား ပါစကယ် ဂရော့စ်၊ လီဗာပူး အသင်းကစားသမား ဖလိုရီယန် ဗစ်ဇ်၊ နယူးကာဆယ်အသင်းက မာလစ် သီယော နဲ့ နစ် ဝေါလ်တီမိတ်ဒ်တို့ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ၄ ကြိမ် ရထားတဲ့ ဂျာမနီအသင်းဟာ ဇွန် ၁၄ ရက်မှာ ကျူရာဆောင်းအသင်းနဲ့ ပွဲဦးထွက် ကန်သွားရဖို့ရှိပါတယ်။

ဂျာမနီဟာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပေမဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။

ကျူရာဆောင်း (Curacao)

ကမ္ဘာ့ဖလားသမိုင်းမှာ ဝင်ခွင့်ရဖူးတဲ့ နိုင်ငံတွေအထဲ လူဦးရေအနည်းဆုံးနိုင်ငံဖြစ်တဲ့ ကျူရာဆောင်းကလည်း ကမ္ဘာ့ဖလားအတွက် လူစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

မစ်ဒယ်ဘရော့အသင်း တောင်ပံကစားသမား ဆွန်ဂျီ ဟန်ဆန်၊ ရှက်ဖီးယူနိုက်တက်အသင်း က တာဟစ် ချောင်နဲ့ ဘန်လေကနေ စပါတာ ရော့တာဒမ်ကို အငှားအစီစဉ် နဲ့ သွားရောက် ကစားနေတဲ့ ရှူရန်ဒီ ဆမ်ဘိုတို့ ပါဝင်လာပါတယ်။

ကျူရာဆောင်းဟာ ကာရေဘီယံကျွန်းနိုင်ငံဖြစ်တဲ့အလျောက် လူဦးရေကလည်း ၁၅၀,၀၀၀ ကျော်သာရှိပြီး ကျွန်းပတ်ပတ်လည်အကျယ် ၁၇၁ မိုင်ပဲ ရှိပါတယ်။​

အသက် ၇၈ နှစ်အရွယ် ဒတ်ချ်နည်းပြ ဒီခ် အက်ဒ်ဗိုကတ်ကလည်း ၂၀၁၀ ခုနှစ်တုန်းက ဂရိအသင်းကို ကိုင်တွယ်ခဲ့တဲ့ အော့တို ရီဟာဂယ်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အသက်အကြီးဆုံးနည်းပြ ဖြစ်လာဖို့ ရှိနေပါတယ်။

ကျူရာဆောင်းဟာ အုပ်စု E အဖွင့်ပွဲမှာ ဂျာမနီနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ပိုင်းမှာ အီကွေဒေါနဲ့ အိုင်ဗရီကို့စ်တို့ကို ဆက်လက် ရင်ဆိုင်သွားရမှာပါ။

အိုင်ဗရီကို့စ်

အိုင်ဗရီကို့စ်အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား လူစာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား လေးယောက်ကို ထည့်သွင်းထားပေမဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ တိုက်စစ်ကစားသမားဟောင်း ဝီလ်ဖရက် ဇာဟာတော့ မပါဝင်လာခဲ့ပါဘူး။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဇာဟာဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရပေမဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာတော့ ချန်လှပ်ခံခဲ့ရတာပါ။

ဝုဗ်နောက်ခံလူ အီမန်နျူရယ် အက်ဘာဒူး၊ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူ အီဘရာဟင် ဆန်ဂါရေး၊ မန်ယူက အာမက် ဒီယာလိုနဲ့ အက်စတွန်ဗီလာက အီဗန် ဂွက်ဆန်တို့တော့ အသင်းရဲ့ လူစာရင်းထဲပါဝင်လာခဲ့တာပါ။

အိုင်ဗရီကို့စ်ဟာ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိထားတာပါ။ ပွဲဦးထွက်ပွဲစဉ်မှာတော့ အီကွေဒေါအသင်းနဲ့ ကစားသွားရဖို့ရှိပါတယ်။

အီကွေဒေါ

အီကွေဒေါရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ဆန်းဒါးလန်းအသင်း တိုက်စစ်မှူး နီလ်ဆန် အန်ဂူလို ပါဝင်လာပါတယ်။

သူတို့ရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းမှာ ချဲလ်ဆီးကွင်းလယ်လူ မိုက်ဆက်စ် ကိုင်ဆီဒိုနဲ့ အာဆင်နယ်နောက်ခံလူ ပီယေရို ဟစ်ကာပီတို့လည်း ပါဝင်ပါတယ်။

ဝက်စ်ဟမ်းနဲ့ အဲဗာတန် ကစားသမားဟောင်း အန်နာ ဗလင်စီယာလည်း လူစာရင်းမှာ ပါဝင်ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဗလင်စီယာဟာ အသင်းခေါင်းဆောင်ဖြစ်ပြီး နိုင်ငံအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားသူလည်း ဖြစ်ပါတယ်။

အီကွေဒေါဟာ အုပ်စု E မှာ အိုင်ဗရီကို့စ်နဲ့ အရင်ကစားရမှာဖြစ်ပြီး ကျူရာဆောင်း၊ ဂျာမနီတို့ကို နဲ့ ဆက်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စု F

နယ်သာလန်

လီဗာပူးနောက်ခံလူ ဂျယ်ရမီ ဖရင်ဖုန်ကို နယ်သာလန် ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။

နည်းပြ ရော်နယ် ကိုးမန်း ရွေးချယ်ထားတဲ့ လူစာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၁၅ ယောက်အထိ ပါဝင်နေပေမဲ့ ဖရင်ဖုန်တော့ မပါဝင်လာခဲ့ပါဘူး။

ဒါပေမဲ့ သူ့ရဲ့အသင်းဖော်တွေဖြစ်တဲ့ လီဗာပူးအသင်း နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ခ်၊ ရိုင်ယန် ဂရာဗင်ဘတ်ချ်နဲ့ ကိုဒီ ဂက်ပိုတို့တော့ ရွေးချယ်ခံထားရပါတယ်။

ခြေချင်းဝတ်ဒဏ်ရာကြောင့် မတ်လကတည်းက မကစားရသေးတဲ့ အာဆင်နယ်နောက်ခံလူ ဂျူရီယန် တင်းဘားလည်း လူစာရင်းမှာ ပါဝင်လာပါတယ်။

နယ်သာလန်အသင်းဟာ အုပ်စု F မှာ ဂျပန်၊ တူနီးရှား၊ ဆွီဒင်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဂျပန်

ဂျပန်နည်းပြ ဟာဂျီမီ မိုရီယာဆု ကြေညာလာတဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ လီဗာပူးက ဝါတာရု အန်ဒို၊ ခရစ္စတယ်ပဲလေ့စ်က ဒိုင်ချီ ကာမာဒါ၊ လိဒ်စ်အသင်းက အိုတာနာကာနဲ့ ဆဲလ်တစ်အသင်း က ဒိုင်ဇန် မာအီဒါတို့ ပါဝင်လာပါတယ်။

ဒါပေမဲ့ ဘရိုက်တန်တောင်ပံကစားသမား ကာအိုရု မီတိုမာကတော့ ခြေထာက်ဒဏ်ရာကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ဂျပန်ဟာ အုပ်စု F အဖွင့်ပွဲမှာ နယ်သာလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တူနီးရှား၊ ဆွီဒင်တို့နဲ့ ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဆွီဒင်

ဆွီဒင်ရဲ့ကမ္ဘာ့ဖလား လူစာရင်းမှာ အာဆင်နယ်တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်နဲ့ လီဗာပူးတိုက်စစ်မှူး အလက်ဇန်းဒြား အီဆက်တို့ နဲ့ အားဖြည့်ထားပါတယ်။

ဆွီဒင် လူစာရင်းထဲမှာ ဗြိတိန်အခြေစိုက် ကစားသမား ၁၁ ယောက်အထိ ပါဝင်ပါတယ်။

အဲဒီထဲ စတုတ်ခ်အသင်း ဂိုးသမား ဗစ်တာ ယိုဟန်ဆန်၊ ဒါဘီဂိုးသမား ဂျေကော့ဗ် ဇက်တာစထရွမ်တို့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ဒူးဒဏ်ရာကြောင့် ဒီရာသီတစ်လျှောက်လုံး ပွဲတွေလွဲချော်ခဲ့တဲ့ တော့တင်ဟမ်ကစားသမား ယန် ကူလက်ဆက်စကီးကတော့ လူစာရင်းထဲ မပါဝင်ခဲ့ပါဘူး။

ဆွီဒင်ဟာ အုပ်စု F မှာ တူနီးရှား၊ နယ်သာလန်၊ ဂျပန်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တူနီးရှား

တူနီးရှားအသင်း နည်းပြ ဆာဘရီ လမူရှီက နိုင်ငံအသင်းအတွက် ၁၀၁ ပွဲကစားထားတဲ့ ဝါရင့်ကွင်းလယ်လူ ဖာဂျာနီ ဆာစီကို ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဆာစီအပြင် နိုင်ငံအသင်းအတွက် ၉၅ ပွဲ ကစားထားတဲ့ နောက်ခံလူ ယာဆင်း မာရီယာလည်း မပါဝင်ခဲ့ပါဘူး။

ဒီနှစ် ဇန်နဝါရီလမှာ တူနီးရှားနည်းပြ ဖြစ်လာတဲ့ လမူရှီဟာ ဟေတီ၊ ကနေဒါတို့နဲ့ ခြေစမ်းပွဲကတည်းက အဲဒီကစားသမားနှစ်ယောက်ကို အသုံးမပြုခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီအသင်းနဲ့ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ဆာမီ ခါဒီရာရဲ့ ညီဖြစ်သူ ရာနီ ခါဒီရာကိုတော့ တူနီးရှားနိုင်ငံသားပြောင်းပြီးတဲ့နောက်မှာ လူစာရင်းထဲ ထည့်သွင်းထားပါတယ်။

ဘန်လေအသင်း က ဟန်နီဘယ် မက်ဂျ်ဘရီ၊ နော့ဝစ်ချ်အသင်းက အန်နစ် ဘန် ဆလီမန်နဲ့ PSG လူငယ်အသင်းရဲ့ တိုက်စစ်မှူး ခါလီလ် အာယာရီတို့လည်း ပါဝင်လာပါတယ်။

တူနီးရှားဟာ အုပ်စု F အဖွင့်ပွဲမှာ ဆွီဒင်အသင်းနဲ့ ကစားသွားရမှာပါ။

အုပ်စု G

ဘယ်လ်ဂျီယံ

ဒဏ်ရာပြဿနာရှိနေတဲ့ တိုက်စစ်မှူး ရိုမဲလု လူကာကူကို ဘယ်လ်ဂျီယံအသင်း နည်းပြ ရူဒီ ဂါစီယာက အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

ဒါဟာ လူကာကူအတွက် လေးကြိမ်မြောက် ယဉ်ပြိုင်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။

အသင်းရဲ့ လူစာရင်းထဲမှာ ရီးရဲမက်ဒရစ် ဂိုးသမား သီဘော့ ကေတွာ၊ ကယ်ဗင် ဒီဘရိုင်း နဲ့ အက်ဆယ် ဝစ်ဆယ်တို့လည်း ပါဝင်ပါတယ်။

အာဆင်နယ်တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်လည်း ရွေးချယ်ခံထားရပါတယ်။

ဘယ်ဂျီယံဟာ အုပ်စု G မှာ အီဂျစ်၊ အီရန်၊ နယူးဇီလန်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အီဂျစ်

လာမယ့်ကမ္ဘာ့ဖလားအတွက် အီဂျစ်အသင်းကို မိုဟာမက် ဆာလက ဦးဆောင်သွားဖို့ ရှိနေပါတယ်။

အသက် ၃၃ နှစ်အရွယ် ဆာလဟာ လီဗာပူးနဲ့ ကိုးနှစ်ကြာ လက်တွဲပြီးတဲ့နောက် ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။

အီဂျစ်အသင်းအတွက် သူကစားခဲ့တဲ့ ၁၁၅ ပွဲမှာ ၆၇ ဂိုး သွင်းယူထားသူလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီး တောင်ပံကစားသမား အိုမာ မာမူရှ်နဲ့ ဘာစီလိုနာ ယူ-၁၉ အသင်းမှာ ကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် ဟမ်ဇ အက်ဒယ်လ်ကာရင်တို့လည်း ပါဝင်လာပါတယ်။

အီဂျစ်ဟာ အုပ်စု G မှာ ဘယ်ဂျီယံ၊ နယူးဇီလန်၊ အီရန်တို့ နဲ့ ကစားရမှာပါ။

အီရန်

အီရန်တိုက်စစ်မှူး ဆာဒါ အဇ်မုန်းကတော့ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော် ဖို့ရှိနေပါတယ်။

အီရန်ရဲ့အပြီးသတ် လူစာရင်းမှာ သူမပါဝင်ခဲ့ပါဘူး။

အဇ်မုန်းဟာ နိုင်ငံအသင်းအတွက် ၉၁ ပွဲကစားပြီး ၅၇ ဂိုး သွင်းထားသူဖြစ်ပါတယ်။

အသင်းရဲ့အားထားရသူဖြစ်ပေမဲ့ အီရန်အစိုးရနဲ့ ပတ်သက်တဲ့အငြင်းပွားမှုတွေကြောင့် ရွေးချယ်မခံရတာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဖြစ်ပုံကတော့ ယူအေအီးရဲ့ နိုင်ငံ့ခေါင်းဆောင် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်တုန် နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ပြီးခဲ့တဲ့ မတ်လကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့တာက အီရန်အစိုးရကို အမျက်ဒေါသထွက် စေခဲ့ပုံရပါတယ်။

အီရန်ဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို မက္ကဆီကိုနိုင်ငံကနေပဲ ယှဉ်ပြိုင်သွားရှိပါတယ်။ အီရန်အသင်းဟာ အုပ်စု G မှာ နယူးဇီလန်၊ ဘယ်ဂျီယံ၊ အီဂျစ်အသင်းတွေနဲ့ တစ်အုပ်စုတည်းမှာ ကျပါတယ်။

နယူးဇီလန်

နယူးဇီလန်က သူ့ရဲ့ လူစာရင်းထဲ ဘရိန်းထရီး တောင်းအသင်းရဲ့ နောက်ခံလူ တော်မီ စမစ်နဲ့ နော်တင်ဟမ်ဖောရက်စ် တိုက်စစ်မှူး ခရစ် ဝုဒ်တို့ကို ထည့်သွင်းထားပါတယ်။

စမစ်နဲ့ အသက် ၃၄ နှစ်အရွယ် ဝုဒ်တို့ဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ခဲ့ဖူးပြီး ကမ္ဘာ့ဖလား နှစ်ကြိမ်တိုင်တိုင် ကစားဖူးတဲ့ ပထမဆုံး နယူးဇီလန်ကစားသမားတွေ ဖြစ်လာမှာပါ။

နယူးဇီလန်ဟာ အုပ်စု G မှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ အီရန်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စု H

စပိန်

စပိန်အသင်းကတော့ ဒဏ်ရာရနေတဲ့ လူငယ်ကြယ်ပွင့်ကစားသမား လာမင်း ယာမယ် ကို အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းထားပါတယ်။

အသက် ၁၈ နှစ်အရွယ် ယာမယ်ဟာ ဧပြီ ၂၂ ရက်က ဘာစီလိုနာအသင်းအတွက် ကစားရင်း ခြေထောက် ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်ပိုင်းအထိ လွဲချော်ခဲ့ပါတယ်။

စိတ်ဝင်စားစရာကတော့ စပိန်အသင်းရဲ့ လူစာရင်းထဲ ရီးယဲလ်မက်ဒရစ်ကစားသမား တစ်ယောက်မှ မပါဝင်လာခဲ့တာပါ။ အသင်းရဲ့ လူစာရင်း အခုလို မပါဝင်လာတာဟာ ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်။

အာဆင်နယ်ကစားသမားတွေ ဖြစ်တဲ့ မီကယ် မရီနို၊ ဂိုးသမား ဒေးဗစ် ရာယာ၊ မာတင် ဇူဘီမန်ဒီ၊ မန်စီးတီးက ရိုဒရီ နဲ့ ချဲလ်ဆီးက မာ့ခ် ကူကူရဲလားတို့လူစာရင်းထဲပါဝင်လာပါတယ်။

စပိန်အသင်းဟာ အုပ်စု H မှာ ကိတ်ဗာဒေး၊ ဆော်ဒီအာရေဗျ၊ ဥရုဂွေးအသင်းတွေ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကိတ်ဗာ့ဒ် (Cape Verde)

အိုင်ယာလန် လိဂ်ကလပ်အသင်း ရှမ်းရော့ခ် ရိုဗားစ် ရဲ့ နောက်ခံလူ ရော်ဘတ်တို လိုပက်ဇ် ကို ကိတ်ဗာ့ဒ်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ထည့်သွင်းထားပါတယ်။

အသက် ၃၃ နှစ်အရွယ် လိုပက်ဇ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ရှမ်းရော့ခ် ရိုဗားစ်မှာ ကစားခဲ့တာ ဖြစ်ပြီး အသင်းအတွက် ၂၆၉ ပွဲအထိ ကစားထားသလို ဂိုးပေါင်း ၂၁ ဂိုးလည်း သွင်းယူထားပါတယ်။

ကိတ်ဗာ့ဒ်ဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ဝင်ခွင့်ရဖူးတဲ့ နိုင်ငံတွေအထဲ အရွယ်အစားအရ ဒုတိယမြောက်အသေးဆုံးနိုင်ငံဖြစ်ပြီး တတိယမြောက် လူဦးရေ အနည်းဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

ကိတ်ဗာ့ဒ် အသင်းဟာ အုပ်စု H အဖွင့်ပွဲမှာ စပိန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်အပြီး ဥရုဂွေးနဲ့ ဆော်ဒီ အာရေးဗျအသင်းတွေကို ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗျ

ပြင်သစ်ကလပ် လန်းစ်အသင်းရဲ့ နောက်ခံလူ ဆော့ဒ် အဘ်ဒူလ်ဟာမစ်ကို ဆော်ဒီအာရေးဗျရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ထည့်သွင်းထားပါတယ်။

ဆော်ဒီအသင်းရဲ့ လူစာရင်းထဲ အဘ်ဒူလ်ဟာမစ်ဟာ ပြည်ပပြိုင်ပွဲတွေမှာ ကစားနေတဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျအသင်းဟာ အုပ်စု H မှာ ဥရုဂွေးနဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီး စပိန်၊ ကိတ်ဗာ့ဒ် အသင်းတွေနဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဥရုဂွေး

မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူ မန်နူယယ် အူဂါတေးကို ဥရုဂွေးရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ထည့်သွင်းထားပေမဲ့ ဝါရင့်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်တော့ မပါဝင်ခဲ့ပါဘူး။

အူဂါတေးအပြင် ဝုဗ်အသင်း နောက်ခံလူ ဆန်တီယာဂို ဘွေးနို နဲ့ စပါးအသင်း ကွင်းလယ်လူ ရိုဒရီဂို ဘန်တန်ကာတို့လည်း ပါဝင်လာပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ဒါဝင် နူနက်ဇ်ဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့ပေမဲ့ နည်းပြ ဘီယယ်ဆာရဲ့လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဥရုဂွေးဟာ အုပ်စု H မှာ ဆော်ဒီအာရေဗျ၊ ကိတ်ဗာ့ဒ်နဲ့ စပိန်အသင်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စု I

ပြင်သစ်

လာမယ့် ကမ္ဘာ့ဖလားအတွက် ပြင်သစ်အသင်းရဲ့ တိုက်စစ်ကို ကီလီယန် အမ်ဘာပေ နဲ့ Ballon d'Or ဆုရှင် အူစမန် ဒမ်ဘီလီတို့က ဦးဆောင်သွားမှာပါ။

ရီးရဲ မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ ဒဏ်ရာပြဿနာ တချို့ရှိပေမဲ့ အသင်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူသွားဖို့ ရှိနေပါတယ်။

ဒမ်ဘီလီကတော့ ပြီးခဲ့တဲ့ရာသီ PSG နဲ့အတူ ချန်ပီယံလိဂ်ဖလားရခဲ့သလို ဂိုးပေါင်း ၃၅ ဂိုး သွင်းယူခဲ့ပြီး Ballon d'Or ဆုကို ဆွတ်ခူးထားတာပါ။

ဘိုင်ယန်မြူးနစ်အသင်းက မိုက်ကယ် အိုလိစ် ၊ PSG အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဒယ်ဇယ်ရေ ဒွေး၊ မန်စီးတီးက ရာယန် ချာကီနဲ့ အာဆင်နယ်အသင်း နောက်ခံလူ ဝီလျံ ဆာလီဘာတို့လည်း အသင်းရဲ့ လူစာရင်းထဲ ပါဝင်ပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စု I မှာ ဆီနီဂေါ၊ အီရတ်နဲ့ နော်ဝေအသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဆီနီဂေါ

အယ်လ်နာဆာအသင်း တိုက်စစ်မှူး ဆာဒီယို မာနေးကို ဆီနီဂေါအသင်း ရဲ့ ၂၆ ယောက် လူစာရင်းမှာ ထည့်သွင်းထားပါတယ်။

မာနေးဟာ ၂၀၂၂ ကမ္ဘာ့ဖလား လူစာရင်းမှာပါခဲ့ပေမဲ့ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဆာဒီယို မာနေးအပါအဝင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး နီကိုလပ် ဂျက်ဆင်၊ အဲဗာတန်အသင်းကစားသမား အီလီမန် အန်ဂျေး နဲ့ ခရစ္စတယ်ပဲလေ့စ်က အစ္စမေးလာ ဆားတို့ပါဝင်မှာပါ။

ဆီနီဂေါအသင်းဟာ အုပ်စု I အဖွင့်ပွဲမှာ ပြင်သစ်အသင်း နဲ့ ဇွန်လ ၁၆ ရက်မှာ ကစားသွားရမှာဖြစ်ပြီး ဇွန်လ ၂၂ ရက်မှာ နော်ဝေး၊ ဇွန်လ ၂၆ ရက်မှာ အီရတ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

အီရတ်

Ipswich အသင်း တိုက်စစ်မှူး အလီ အယ်လ်ဟာမာဒီနဲ့ မန်ယူလူငယ်အသင်းကစားသမား ဇီဒိန်း အစ်ဘယ်တို့ အီရတ် လူစာရင်းထဲမှာ ပါဝင်လာပါတယ်။

သူဟာ အင်္ဂလန် ကလပ်အသင်းတစ်ခုမှာ ကစားနေတဲ့ ပထမဆုံး အီရတ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အီရတ်ဟာ အုပ်စု I မှာ နော်ဝေ၊ ပြင်သစ်နဲ့ ဆီနီဂေါအသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

နော်ဝေ

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဟာ နော်ဝေရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပါတယ်။

အော်ဒီဂတ်နဲ့အတူ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင် ဟာလန်း၊ ဖူလ်ဟမ်က အော်စကာ ဘော့ဘ်နဲ့ ခရစ္စတယ် ပဲလေ့စ်က ယော်ဂန် စထရန် လာဆန်တို့လည်း ပါဝင်လာပါတယ်။

နော်ဝေရဲ့ လူစာရင်းကြေညာမှုကလည်း တမူထူးခြားပါတယ်။

နော်ဝေဘုရင်ကိုယ်တိုင် ရုပ်သံဗီဒီယိုကနေတစ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နော်ဝေဟာ အုပ်စု I အဖွင့်ပွဲမှာ အီရတ်နဲ့ ကစားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဆီနီဂေါ၊ ပြင်သစ် အသင်းတွေနဲ့ ယှဉ်ပြိုင်သွားရဖို့ရှိပါတယ်။

အုပ်စု J

အာဂျင်တီးနား

အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဒီတစ်ခေါက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ကစားသွားဖို့ရှိပါတယ်။

ဒါဟာ သူ့ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာပါ။

မက်ဆီဟာ ကမ္ဘာ့ဖလားပွဲ ၂၆ ပွဲ ကစားထားပြီး လက်ရှိမှာ ကမ္ဘာ့ဖလားပွဲအများဆုံး ကစားထားသူအဖြစ် စံချိန်တင်ထားပါတယ်။ ဒါဟာ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့အတူ ကမ္ဘာ့ဖလား ခြောက်ကြိမ် ကစားဖူးတဲ့ တစ်ဦးတည်းသော အမျိုးသားဘောလုံးသမားတွေ ဖြစ်လာမှာပါ။

အာဂျင်တီးနားရဲ့ လူစာရင်းမှာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးဂိုးသမားဆုရှင် အီမီလီယာနို မာတီနက်ဇ်၊ မန်ယူနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်နဲ့ စပါးအသင်း နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးတို့လည်း ပါဝင်လာပါတယ်။

လီဗာပူးက အလက်ဆစ် မက်အယ်လစ္စတာနဲ့ ချဲလ်ဆီးက အန်ဇို ဖာနန်ဒက်ဇ်တို့လည်း အာဂျင်တီးနားရဲ့ လူစာရင်းမှာ ပါဝင်လာပါတယ်။

အာဂျင်တီးနားဟာ အုပ်စု J မှာ သူ့ရဲ့အဖွင့်ပွဲစဉ်အဖြစ် အယ်လ်ဂျီးရီးယား အသင်းနဲ့ ကစားသွားမှာပါ။

အယ်လ်ဂျီးရီးယား

ပြင်သစ်ရဲ့ ဂန္တဝင်ကစားသမား ဇီဒန်းရဲ့ သားဖြစ်သူ လူကာ ဇီဒန်းဟာ အယ်လ်ဂျီးရီးယားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

မန်ချက်စတာစီးတီးနဲ့ လက်စတာအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ရီးယက် မာရက်ဇ်လည်း အသင်းမှာ ပါဝင်နေပြီး သူဟာ အသက် ၃၅ နှစ်ရှိပြီ ဖြစ်ပေမဲ့ အသင်းရဲ့ အဓိကစားသမားတစ်ဦးအဖြစ် ဆက်ပြီး အရေးပါနေဆဲပါ။

အယ်ဂျီးရီးယားဟာ အုပ်စု J မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်း၊ ဩစတြီးယား၊ ဂျော်ဒန်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဩစတြီးယား

ဝက်စ်ဟမ်းနဲ့ စတုတ်ခ်တိုက်စစ်မှူးဟောင်း မာကို အာနော် တိုဗစ်ချ်ကို ဩစတြီးယားရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ထည့်သွင်းထားပါတယ်။

ဩစတြီးယားအသင်းဟာ ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။

အသင်းရဲ့ လူစာရင်းမှာ ဒေါ့မွန်ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇာနဲ့ ကာနီ ချူကွမ်မီကာတို့ ပါဝင်ပါတယ်။

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ဒေးဗစ် အလာဘာကတော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

နည်းပြကတော့ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြဟောင်း ရာ့ဖ် ရန်းနစ် ဖြစ်ပါတယ်။

ဩစတြီးယားဟာ အုပ်စု J မှာ သူ့ရဲ့ ပထမဆုံးပွဲစဉ် အဖြစ် ဂျော်ဒန်အသင်း နဲ့ ကစားသွားမှာ ဖြစ်ပါတယ်။

ဂျော်ဒန်

ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဝင်ခွင့်ရခဲ့တဲ့ ဂျော်ဒန်အသင်းကလည်း သူ့ရဲ့ ၂၆ ယောက် လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နည်းပြ ဂျမား ဆယ်လာမီရဲ့ လူစာရင်းထဲမှာ ပြင်သစ်ကလပ်အသင်း တစ်ခုမှာ တိုက်စစ်မှူးအဖြစ် ကစားနေတဲ့ မူဆာ အယ်လ်တာမာရီ ပါဝင်နေပါတယ်။

ဂိုးအများဆုံးသွင်းထားသူ အယ်လ်ဆိုင်လီယာ အသင်းက အလီ အော်လ်ဝမ်လည်း အသင်းရဲ့ လူစာရင်းမှာ ပါဝင်ပါတယ်။

အသင်းခေါင်းဆောင် အီဆန် ဟက်ဒတ်ဟာ ခြေမျက်စိ ဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပေမဲ့ ပြန်လည်သက်သာလာခဲ့လို့ အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းခံခဲ့ရပါတယ်။

ဂျော်ဒန်ဟာ အုပ်စု J မှာ ဩစတြီးယား၊ အယ်ဂျီးရီးယားနဲ့ အာဂျင်တီးနားအသင်းတွေ နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စု K

ပေါ်တူဂီ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့ရဲ့ ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်ကစား သွားဖို့ ရှိပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်ဆက်တိုက် ကစားခွင့်ရခဲ့တဲ့ ကစားသမား ခြောက်ဦးထဲမှာ ရော်နယ်ဒို လည်း တစ်ယောက်အပါအဝင်ပါ။

အခုလာမယ့် ကမ္ဘာ့ဖလားအတွက် ပေါ်တူဂီရဲ့ ကစားသမားစာရင်းမှာလည်း ရော် နယ်ဒို ပါဝင်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ပွဲပေါင်း ၂၂၆ ပွဲ ကစားထားပြီး ၁၄၃ ဂိုး သွင်းယူထားတဲ့ စံချိန်တင်ထားတာပါ။

နည်းပြ ရောဘတ်တို မာတီနက်ဇ်ရဲ့လူစာရင်းကတော့ အံ့အားသင့်စရာ မရှိပါဘူး။

မန်ယူကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်၊ PSG ကစားသမားတွေဖြစ်တဲ့ ဗီတင်ညာ၊ ဂျိုအာ နီဗက်စ်၊ နူနို မန်ဒက်စ်နဲ့ ဂွန်ဆာလို ရာမို့စ်တို့လည်း ပါဝင်လာပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စု K အဖွင့်ပွဲမှာ ကွန်ဂိုအသင်း နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

ဥဇဘက်ကစ္စတန်

မန်ချက်စတာစီးတီးအသင်း နောက်ခံလူ အဘ်ဒူကိုဒီယာ ခူဆာနော့ဗ်ကို ဥဇဘက်ကစ္စတန်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ရွေးချယ်ထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ခူဆာနော့ဗ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ လန်းစ်အသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ ပထမဆုံး ဥဇဘက်ကစ္စတန် ကစားသမား လည်းဖြစ်ပါတယ်။

သူဟာ မန်စီးတီးအတွက်ပွဲပေါင်း ၄၇ ပွဲ ကစားထားသူပါ။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း FA ဖလားနဲ့ ကာရာဘောင်းဖလား ဆွတ်ခူးခဲ့မှုမှာလည်း အရေးပါခဲ့သူပါ။

ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဥဇဘက်ကစ္စတန်အသင်းကိုတော့ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းရဲ့ဂန္တဝင် နည်းပြ ဖာဘီယို ကန်နာဗာရိုက ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ဥဇဘက်ကစ္စတန်ဟာ အုပ်စု K မှာ ကိုလံဘီယာ၊ ပေါ်တူဂီ၊ ကွန်ဂိုအသင်းတို့ နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

ကိုလံဘီယာ

ကိုလံဘီယာရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ရီးရဲမက်ဒရစ်ကစားသမားဟောင်း ဟားမတ်စ် ရော့ဒရီဂတ်ဇ်လည်း ပါဝင်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ကွင်းလယ်လူ ရော့ဒရီးဂတ်ဇ်ဟာ တစ်ရာသီလုံး ဖျားနာမှု ပြဿနာတွေကြောင့် မကြာခဏ ပွဲတွေ လွဲချော် ခဲ့တာပါ။ ဒါပေမဲ့လည်း ကမ္ဘာ့ဖလားလူစာရင်းမှာတော့ ပါဝင်လာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့တောင်ပံကစားသမား လူဝီ ဒီးယာ့ဇ်၊ ခရစ္စတယ်ပဲလေ့စ်က ဒန်နီယယ် မူညို့ဇ်နဲ့ ဂျက်ဖာဆန် လာမာတို့လည်း လူစာရင်းမှာ ပါဝင်ပါတယ်။

အာဆင်နယ်ဂိုးသမားဟောင်း ဒေးဗစ် အော့စပီနာလည်း ရွေးချယ်ခံထားရပါတယ်။

ကိုလံဘီယာဟာ အုပ်စု K အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၇ ရက်မှာ ဥဇဘက်ကစ္စတန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အုပ်စု L

အင်္ဂလန်

အံ့ဩစရာကောင်းတာက ဖေးလ် ဖိုဒန်၊ ကိုးလ် ပါလ်မား နဲ့ အလက်ဇန်းဒါး-အာနိုးလ်တို့ဟာ နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန်အသင်း ကမ္ဘာ့ဖလား လူစာရင်းမှာ မပါဝင်ခဲ့ကြပါဘူး။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား၊ ချဲလ်ဆီးနောက်ခံလူ လဗီ ကိုဝဲ နဲ့ အေစီမီလန်နောက်ခံလူ ဖီကာယို တိုမိုရီတို့လည်း အသင်းရဲ့ လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ အာဆင်နယ်တောင်ပံကစားသမား ဘူကာယို ဆာကာ၊ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်၊ အက်ဇီ တို့ကတော့ လူစာရင်းမှာ ပါဝင်လာပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဘာစီလိုနာတိုက်စစ်မှူး ဟယ်ရီ ကိန်းတို့လည်း ရွေးချယ်ခံထားရပါတယ်။

အင်္ဂလန်ဟာ အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၇ ရက်မှာ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ခရိုအေးရှား

ဝါရင့်ကွင်းလယ်လူ လူကာ မိုဒရစ် ကို ခရိုအေးရှားရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ဆက်ပြီး ထည့်သွင်းထားပါတယ်။

၂၀၁၈ Ballon d'Or ဆုရှင် မိုဒရစ်ဟာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပေမဲ့ နည်းပြ ဇလတ်ကို ဒါလစ်ရဲ့ လူ၂၆ ယောက် လူစာရင်းမှာ ပါဝင်လာခဲ့တာပါ။

မန်စီးတီးနောက်ခံလူ ယော်ရှ်ကို ဂဗာဒီယောလ် လည်း ဇန်နဝါရီလက ခြေထောက် ဒဏ်ရာ ရခဲ့ပေမဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ခရိုအေးရှားဟာ အုပ်စု L အဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

ဂါနာ

အာဆင်နယ်ကွင်းလယ်လူဟောင်း သောမတ်စ် ပါတေးကို ဂါနာရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ထည့်သွင်းထားပါတယ်။

ပါတေးဟာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အာဆင်နယ်အတွက်ပွဲပေါင်း ၁၆၇ ပွဲ ကစားခဲ့ပြီး စာချုပ်ကုန်ဆုံးသွားတာကြောင့် ပြီးခဲ့တဲ့နွေရာသီကမှ အသင်းကနေ ထွက်ခွာခဲ့တာပါ။

မန်စီးတီးတိုက်စစ်ကစားသမား အန်တွိုင်း ဆီမန်ယို၊ ကိုဗင်ထရီတိုက်စစ်မှူး ဘရန်ဒန် သောမတ်စ်-အဆန်တေးနဲ့ လက်စတာကစားသမားတွေဖြစ်တဲ့ ဂျော်ဒန် အာယူး၊ အဘ်ဒူ ဖာတာဝူတို့လည်း ပါဝင်လာပါတယ်။

ဂါနာဟာ အုပ်စုအဆင့် ပထမဆုံးပွဲစဉ် အဖြစ် ပနားမားအသင်း နဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ကစားသွားရမှာပါ။

ပနားမား

ပနားမားရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ နောဝစ်ချ်စီးတီးနောက်ခံလူ ဟိုဆေး ကော်ဒိုဘာကို ထည့်သွင်းထားပါတယ်။

အသက် ၂၄ နှစ်အရွယ် ကော်ဒိုဘာဟာ ၂၀၂၄ ခုနှစ်မှာ နောဝစ်ချ်အသင်းကို ရောက်ရှိလာခဲ့ပြီး ဒီရာသီ ပွဲပေါင်း ၃၀ ကစားထားပါတယ်။

သူဟာ ပနားမား လူစာရင်းထဲမှာ ယူကေအခြေစိုက်အသင်းမှာ ကစားနေတဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

ပနားမားအသင်းဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိတာလည်း ဖြစ်ပါတယ်။

ပနားမားဟာ အုပ်စု L မှာ အင်္ဂလန်၊ ခရိုအေးရှား၊ ဂါနာတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

၂၀၁၈ တုန်းကလည်း အင်္ဂလန်နဲ့ တစ်အုပ်စုတည်း ကျခဲ့ပေမဲ့ အမှတ်တစ်မှတ်မှ မရဘဲ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။