သတင်းထူး, အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ရောက်နေ
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုဂီအိုနို ဟာ နေပြည်တော်ကို ဒီနေ့ရောက်ရှိနေတယ်လို့ အင်ဒိုနီးရှားနဲ့ နေပြည်တော်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဝန်ကြီး ဆိုဂီအိုနိုဟာ မနေ့က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီးတဲ့နောက် အပြန်ခရီးမှာ နေပြည်တော်ကိုဝင်ရောက်တာလို့ နားလည်ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့ ဖိတ်ကြားချက်နဲ့ နေပြည်တော်ကို သွားတာလို့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဝန်ကြီး ဆိုဂီအိုနိုရဲ့ နေပြည်တော်ခရီးစဥ် အသေးစိတ်ကို ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်မယ်လို့ပြောပြီး နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်နေတာကို အတည်ပြုပါတယ်။
ဘန်ကောက်အခြေစိုက် အာဆီယံရေးရာအထူးပြုလေ့လာတဲ့ အကဲခတ်တစ်ဦးကတော့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးဟာ တစ်နိုင်ငံံချင်းအလိုက်ကြိုးစားလာတဲ့ မြန်မာ့အရေးချဥ်းကပ်မှုလို့ ဆိုပါတယ်။
''Own Assessment၊ Own Feedback နဲ့ Push for Engagement ပေါ့။ သူတို့ တစ်နိုင်ငံချင်း ကိုယ်တိုင်သုံးသပ်အကဲဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ချက်ပေးခြင်းနဲ့ ထိတွေ့ဆက်ဆံမှု (Engagement) တိုးမြှင့်ဖို့ လုပ်နေတာလို့ နားလည်ရပါတယ်'' လို့ အကဲခတ်က ပြောပါတယ်။
အင်ဒိုနီးရှားဝန်ကြီးရဲ့ အခုခရီးစဥ်ဟာ တစ်လနီးပါးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး နောက်တစ်ဦးရဲ့ခရီးစဥ်လည်း ဖြစ်ပါတယ်။ သူ့မတိုင်ခင် မေလ ၁၉ ရက်ကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို နေ့ချင်းပြန်ခရီးသွားခဲ့ပါသေးတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ရှေ့မှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သွားရောက်ထားပါတယ်။
သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ကတော့ အာဆီယံနဲ့ နေပြည်တော်ကြား ဆက်ဆံရေးကောင်းမွန်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ် သူ့ရဲ့ အိန္ဒိယ ခရီးစဥ်အတွင်း မီဒီယာတွေကို ပြောထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံထဲက တစ်နိုင်ငံ၊ နှစ်နိုင်ငံလောက်ကသာ မြန်မာအပေါ် တင်းမာတဲ့ သဘောထားရှိနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။