တိုက်ရိုက်ထုတ်လွှင့်မှု, အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ အဆောက်အအုံတွေပြိုကျ၊ ဆူနာမီဘေးရှောင်ရန်သတိပေး

အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ အဆောက်အအုံတွေပြိုကျ၊ ဆူနာမီဘေးရှောင်ရန်သတိပေးတဲ့သတင်းအပါအဝင် ဇွန် ၈ ရက် နိုင်ငံတကာနဲ့ ပြည်တွင်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဖိလစ်ပိုင်တောင်ပိုင်းမှာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိတဲ့ အားပြင်းငလျင်တစ်ခု ဒီနေ့မနက်ပိုင်း လှုပ်ခတ်။
  • ငလျင်က ဖိလစ်ပိုင် တောင်ပိုင်းမင်ဒါနာအို ကျွန်းပေါ်က ဂျန်နရယ် ဆန်းတို့စ်မြို့ ကမ်းလွန်ကိုဗဟိုပြု။
  • ဖိလစ်ပိုင်အပါအဝင် အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း ဆူနာမီသတိပေးချက်တွေထုတ်ပြန်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ငလျင် - အသေအပျောက်များရတဲ့အချက် ၇ ချက်

    ဒီနေ့ မနက်ပိုင်း ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်အပြီး အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဒီနေ့ မနက်ပိုင်း ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်အပြီး အခြေအနေ

    ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းအား ၇.၈ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ မင်ဒါနာအိုကျွန်း ကမ်းလွန်ကို ဗဟိုပြု လှုပ်ခတ်သွားပါတယ်။​

    ငလျင်ကြောင့် ဖိလစ်ပိုင်အပြင် အင်ဒိုနီးရှားနဲ့ ဂျပန်တို့မှာလည်း ဆူနာမီရေလှိုင်းသတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

    ငလျင်ကြောင့် အဆောက်အဦတွေ ပြိုကျ ပျက်စီးတယ်လို့ သတင်းတွေပေါ်နေပေမဲ့ ထိခိုက်သေဆုံးမှုအရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး။

    AFP သတင်းဌာနကတော့ ငလျင်ကြောင့် လူ ၁ ဦး သေဆုံးတယ်လို့ သတင်းရေးသားပါတယ်။

    ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း စီဘူးမြို့မှာ အားပြင်း တဲ့ ငလျင်ကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးပါတယ်။​

    စီဘူးငလျင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်ကတည်း အင်အားပြင်းပြင်းနဲ့မလှုပ်ရှားတဲ့ မြေလွှာပြတ်ရွေ့ကြော အားပြင်းပြင်းနဲ့ရွေ့တာကြောင့် အခုလောက်ပြင်းထန်ခဲ့တာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ငလျင်လေ့လာရေးဌာန အကြီးအကဲက ပြောခဲ့ပါတယ်။​

    ငလျင်တစ်ခု လှုပ်ခတ်တဲ့အခါ လူသေဆုံးမှု အရေအတွက်နဲ့ ပျက်စီးမှု အဆင့်ကို သက်ရောက်စေတဲ့အကြောင်းအရာတွေထဲက ၇ ချက်နဲ့ တိုင်းတာပါတယ်။​

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  2. မကွေး၊ မြစ်ခြေမြို့မှာ စစ်ကြောင်းဝင်ပြီးနောက် သတ်ဖြတ်ခံရသူ ၃၇ ဦးအထိရှိလာ

    မြစ်ခြေမြို့တစ်နေရာ စစ်ကြောင်းဝင်ရောက်ပြီးနောက်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြစ်ခြေမြို့တစ်နေရာ စစ်ကြောင်းဝင်ရောက်ပြီးနောက်မြင်ကွင်း

    ပုဂံမြို့တစ်ဖက်ကမ်း မကွေးတိုင်း၊ မြစ်ခြေမြို့နဲ့ အနီးနားရွာတွေမှာ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်း ၃၇ လောင်းအထိ ထပ်တိုးရှိလာတယ်လို့ ဒီအခြေအနေကို သိထားတဲ့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။

    မြစ်ခြေနဲ့ အနီးနားရွာတွေ စစ်ကြောင်းထိုးခံရပြီး တစ်လနီးပါးအကြာ စစ်တပ်စစ်ကြောင်းတွေ ပြန်ထွက်သွားပြီးနောက် ဒေသခံတချို့ ရွာတွေထဲ ပြန်ဝင်ရောက်ချိန်မှာ အခုလို အလောင်းတွေ တွေ့ရတာလို့ သူကရှင်းပြပါတယ်။

    အသတ်ခံလိုက်ရသူအများစုဟာ စစ်ကြောင်းတွေ ရွာထဲက ပြန်ထွက်သွားပြီထင်ပြီး နေအိမ်မှာ ရိက္ခာနဲ့ ပစ္စည်းတချို့ ပြန်ယူကြချိန် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာလို့ မြစ်ခြေဒေသခံတစ်ဦးက ပြောပါတယ်။

    “၂၄ လောင်းကနေ ထပ်တိုးလာတာ၊ အလောင်းတချို့က ပုံပျက်နေပြီဖြစ်လို့ သေဆုံးသူ ဘယ်သူဘယ်ဝါ ဆိုတာတွေ အတည်ပြုနေရတုန်းပါ” လို့ သူက ဆိုပါတယ်။

    သေဆုံးမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ မြစ်ခြေမြို့ပေါ်အပါအဝင် မြစ်ခြေမြို့နယ်ထဲက မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်းအပါအဝင် ရွာပေါင်း ၁၀ ရွာထက်မနည်းကို စစ်တပ်ရဲ့ ပူးပေါင်းစစ်ကြောင်းတွေ မေလ ၁၀ ရက်ကတည်းက ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတာလို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

    စစ်တပ်ရဲ့ စစ်ကြောင်းတွေဝင်ရောက်လာချိန်ကတည်းက မြစ်ခြေမြို့ခံတွေအပါအဝင် အနီးနားကျေးရွာက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်အခြေအနေသိသူတစ်ချို့က ပြောပါတယ်။

    နေပြည်‌တော်ဘက်ကတော့ မြစ်ခြေမြို့က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၈ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  3. ဖိလစ်ပိုင်မှာငလျင်ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံး - ဖိလစ်ပိုင်ရဲတပ်ဖွဲ့

    ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း AFP သတင်းဌာနက ဂျင်နရယ် ဆန်းတိုစ် မြို့ရှိ ရဲအရာရှိတစ်ဦးကို ကိုးကားပြီးသတင်း‌ဖော်ပြပါတယ်။

    ရဲတပ်ကြပ်ကြီး ရောဘတ် ဒါဂွန် က “အဆောက်အအုံအများအပြား ပြိုကျခဲ့ပါတယ်” လို့ ပြောကြားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတာကြောင့် ပြိုကျအဆောက်အအုံအရေအတွက် မသိရသေးကြောင်း ဆိုပါတယ်။

  4. ငလျင်ကြောင့် ဖိလစ်ပိုင် ဂျင်နရယ်ဆန်းတိုစ်လေဆိပ် ယာယီရပ်ဆိုင်းထား

    ဂျင်နရယ်ဆန်တိုစ် လေဆိပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဂျင်နရယ်ဆန်တိုစ် လေဆိပ်

    ဖိလစ်ပိုင် နိုင်ငံမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAP) ရဲ့ ပြောကြားချက်အရ ဖိလစ်ပိုင်မှာ ငလျင်လှုပ်ခတ်မှုအပြီး ဘေးကင်းလုံခြုံရေး စစ်ဆေးအကဲဖြတ်တွေ ပြုလုပ်နိုင်ရေး အတွက် ဂျင်နရယ်ဆန်းတိုစ် လေဆိပ်ရဲ့ လုပ်ငန်းလည်ပတ်မှုများကို ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ မင်ဒါနာအိုဒေသက အခြားလေဆိပ် တွေမှာတော့လုပ်ငန်းလည်ပတ်မှုများ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

  5. ဖိလစ်ပိုင်မှာ အားပြင်းငလျင်လှုပ်၊ အဆောက်အဦတွေပြိုကျ

    ဖိလစ်ပိုင်မှာကျောင်းစဖွင့်တဲ့‌နေ့မှာ အားပြင်းငလျင်လှုပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်မှာကျောင်းစဖွင့်တဲ့‌နေ့မှာ အားပြင်းငလျင်လှုပ်

    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိတဲ့ အားပြင်း ငလျင်တစ်ခု ဒီနေ့မနက်ပိုင်း ဒေသစံတော်ချိန် ၇ နာရီခွဲခန့်မှာ လှုပ်ခတ်သွားပါတယ်။​

    ငလျင်ဟာ ဖိလစ်ပိုင် တောင်ပိုင်းက အဓိကကျွန်းမကြီးဖြစ်တဲ့ မင်ဒါနာအို ကျွန်းပေါ်က ဂျန်နရယ် ဆန်းတို့စ်မြို့ ကမ်းလွန်ကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပါတယ်​။ဖိလစ်ပိုင်နိုင်ငံတလွှား အစိုးရကျောင်းတွေ စဖွင့်တဲ့ ဒီနေ့မှာ ငလျင်လှုပ်ခတ်မှု ဖြစ်လာတာပါ။

    ဒီငလျင်ကြောင့် ဖိလစ်ပိုင်အပါအဝင် ဒေသတွင်းက အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း ဆူနာမီရေလှိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    ငလျင်ဟာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိပြီး မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားတာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်စောင့်ကြည့်ရေးအင်စတီကျုက ပြောပါတယ်။​

    ဒါပေမဲ့ တခြားငလျင်စောင့်ကြည့်ရေးစင်တာတွေကတော့ ငလျင်ပြင်းအားဟာ ၇.၈ မဂ္ဂနီကျုရှိတယ်လို့ မှတ်တမ်းတင်ပါတယ်။

    ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ လူထုကို ကုန်းမြင့်ဘက်ကို ရွှေ့ပြောင်းဖို့ တိုက်တွန်းပြီး အစိုးရ အေဂျင်စီတွေကိုလည်း သူကိုယ်တိုင် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။​

  6. မင်္ဂလာပါ။ ဘီဘီစီမြန်မာပိုင်းရဲ့ ဇွန် ၈ ရက်နောက်ဆုံးရ ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။