OWIC၊ တရစ်ရစ်ကျပ်တဲ့ပြည်ပထွက်ခွင့်နဲ့ ပြည်တွင်းမှာသောင်တင်နေသူတွေ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရဲ့ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) အပါအဝင် ကန့်သတ်ချက်အမျိုးမျိုးကြောင့် ပြည်တွင်းရောက် ခွင့်ပြန်အလုပ်သမား တစ်ထောင်ကျော်ဟာ ပြည်ပကို ပြန်ထွက်ဖို့ ခက်ခဲနေကြပါတယ်။

ဒီလူတွေထဲက အများစုဟာ အရေးတကြီးကိစ္စကြောင့် ခွင့်ယူပြီး ပြည်တွင်းကို ပြန်လာတာ၊ ခွင့်ရက်တွေကို စုပေါင်းယူပြီး ပြန်လာတာလို အကြောင်းအမျိုးမျိုးနဲ့ ပြည်တွင်းကို ပြန်လာကြသူတွေ ပါဝင်ပါတယ်။​

ပြည်ပထွက်ခွာခွင့်ပြုတဲ့လုပ်သားတွေရဲ့စာရင်းကို ထုတ်ပြန်နေတဲ့အလုပ်သမားဝန်ကြီးဌာနပိုင် Safe Migration တယ်လီဂရန်ချန်နယ်က ထုတ်ပြန်ချက်တွေအရ ၂၀၂၆ ခုနှစ် ပထမ ၄ လကျော်အတွင်း ပြည်ပထွက်ခွင့်ကြန့်ကြာနေတဲ့အလုပ်သမား ၁,၄၀၀ နီးပါးရှိနေပါတယ်။​

အချို့ခွင့်ပြန်အလုပ်သမားတွေဟာ ခွင့်ရက်ကျော်တဲ့အထိ လုပ်ငန်းခွင်ထဲ မရောက်နိုင်တော့တာကြောင့် ပြည်ပမှာ ရှိနေတဲ့အလုပ်ကိုပါ စွန့်လွှတ်လိုက်ရတာတွေလည်းရှိနေတယ်လို့ နားလည်ရပါတယ်။

အလုပ်သမားဝန်ကြီးဌာနကတော့ ဒီလုပ်သားတွေထဲက အချက်အလက် စိစစ်ပြီး လူ ၆၀၀ ကျော်ကို မေလ ဒုတိယပတ်ကနေ တတိယပတ်ကနေ OWIC ကတ် လုပ်ပေးမယ်လို့ ကြေညာပါတယ်​။

ဒါပေမဲ့ အဲဒီမတိုင်ခင်ရက်ပိုင်းတုန်းကတော့ ပြည်ပရောက်လုပ်သားတွေ ပြည်တွင်းပြန်မယ်ဆိုရင် မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေကနေ ထောက်ခံစာယူလာရမယ်ဆိုတဲ့အချက်ကို ကြေညာထားပါတယ်။ ပြည်ပရောက်လုပ်သားတွေကလည်း ဒါကို ကန့်သတ်ချက်အသစ်လို့ ရှုမြင်ပါတယ်။​

ဒီအချိန်မှာ ပြည်ပပြန်ထွက်မယ့် မြန်မာလုပ်သားတွေ ပြည်တွင်းမှာ ဘယ်လိုကန့်သတ်ချက်တွေကြား ပိတ်မိနေလဲ။

ကန့်သတ်ချက် ၁ - OWIC အလုပ်ရှင်နာမည်နဲ့ ခွင့်စာက အလုပ်ရှင်နာမည် မကိုက်ညီမှု

Safe Migration ကနေ ထုတ်ပြန်တဲ့အချက်အလက်တွေအရ ပြည်ပကို ပြန်ထွက်မယ့် မြန်မာလုပ်သားတွေ ပြည်တွင်းမှာ ပိတ်မိနေတဲ့ အကြောင်းရင်း ၃ မျိုးရှိနေပါတယ်။ အလုပ်သမားဝန်ကြီးဌာနကတော့ ဒါတွေဟာ ပြည်ပထွက်ခွင့် မကိုက်ညီတဲ့ မှတ်ချက် ၃ မျိုးလို့ သုံးနှုန်းပါတယ်။​

- ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) ကတ်ထဲက အလုပ်ရှင်/ကုမ္ပဏီနာမည်နဲ့ ခွင့်စာမှာ ပါတဲ့နာမည်မတူတာ

- ခွင့်စာမှာပါတဲ့အလုပ်ရှင်ကို ဆက်သွယ်လို့မရတာ

- ခွင့် တစ်လကျော်တာ ကြောင့်ဆိုတဲ့ မှတ်ချက် ၃ မျိုးပါ။

အလုပ်အကိုင် နိုင်ငံကူးလက်မှတ်(PJ) ကိုင်ဆောင်ထားသူတွေအနေနဲ့ OWIC ပါမှ လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေကနေတဆင့် ပြည်ပထွက်ခွာခွင့်ရမယ်လို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့ဖူးပါတယ်။

အဲဒီနောက်ပိုင်း OWIC မရှိသူတွေကို ထွက်ခွာခွင့် မပေးတာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၆ ခုနှစ်၊ မတ်လကနေ စပြီး OWIC ကတ်ရှိတဲ့ပြည်တွင်းပြန် အလုပ်သမားတချို့ဟာ OWIC မှာ ဖော်ပြထားတဲ့အလုပ်ရှင်/ကုမ္ပဏီနာမည်နဲ့ ပြည်တွင်းပြန် ခွင့်စာက အလုပ်ရှင်/ကုမ္ပဏီနာမည် မတူဘူးဆိုပြီး ထွက်ခွာခွင့် ပြန်တင်ရတာတွေ ဖြစ်လာပါတယ်။

"အဲဒါဆိုရင် OWIC ကို အသစ်ပြန်လျှောက်ရတယ်။ အသစ်ပြန်လျှောက်ရင်လည်း အမျိုးသားဆို စစ်မှုထမ်းအသက် အကျုံးဝင်ရင်လည်း မရဘူး။ ရတဲ့အရွယ်ကျပြန်တော့လည်း OWIC ကတ်ရဖို့ ၂ လကနေ ၄ လအထိ ကြာတယ်'' လို့ OWIC ကတ် လျှောက်တဲ့ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင် ကိုမင်းအောင်(နာမည်လွှဲ)က ပြောပါတယ်။

ပြည်ပထွက် အလုပ်သမားတွေကိုင်ဆောင်တဲ့ နိုင်ငံကူးလက်မှတ်(PJ) နဲ့ OWIC ရဲ့သက်တမ်း အတူတူဖြစ်ပါတယ်။​ နှစ်ခုစလုံးရဲ့သက်တမ်းက ၅ နှစ်ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီသက်တမ်း ၅ နှစ်အတွင်းမှာ အလုပ်ရှင်တစ်ယောက်တည်းဆီမှာ အလုပ်လုပ်ဖို့ဆိုတာ ခဲယဉ်းတယ်လို့ ပြည်ပပြန်ထွက်ခွင့် ဆိုင်းငံ့ခံရသူအချို့နဲ့ အလုပ်သမားအေဂျင်စီတွေက ထောက်ပြပါတယ်။

ပြည်ပမှာ အလုပ်လုပ်တဲ့အခါ ပုံစံမျိုးစုံနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ အလုပ်ထုတ်ခံရတာ၊ လစာပိုကောင်းတဲ့ အလုပ်ပေါ်လာတာစတဲ့အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြောင်းတာတွေရှိကြပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံကို ပြန်တဲ့အခါ ခွင့်စာမှာ လက်ရှိအလုပ်ရှင်၊ ကုမ္ပဏီရဲ့နာမည်နဲ့ OWIC ကတ်လျှောက်ချိန်က နာမည်နဲ့ ဘယ်လိုမှ ထပ်တူမညီနိုင်တာကို အခြေတည်ပြီး တင်းကျပ်လိုက်တာကြောင့် ခွင့်ပြန်အလုပ်သမားတွေမှာ အခက်အခဲဖြစ်နေကြတာပါ။

ကန့်သတ်ချက် ၂ – ခွင့်စာထဲပါ အလုပ်ရှင်ကို ဆက်သွယ်မရလို့ ထွက်ခွာခွင့် ရပ်ဆိုင်းခြင်း

နောက်ထပ်အသစ်ထပ်ပေါ်လာတဲ့ ကန့်သတ်ချက်တစ်ခုကတော့ ခွင့်စာထဲမှာ ပါဝင်တဲ့ အလုပ်ရှင်ကို ဆက်သွယ်အတည်ပြုမရနိုင်ဘူးဆိုရင် ပြည်ပထွက်ခွာခွင့် မရတာတဲ့အချက်ဖြစ်ပါတယ်။

Safe Migration ကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ရာကနေ ဒီအချက်ကို တွေ့ရှိရတာဖြစ်ပါတယ်။

အဲဒီကာလတွေမှာ အလုပ်ရှင်ကို ဆက်သွယ်မရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်ပထွက်ခွင့်ကို လျှောက်လွှာပြန်တင်ရသူတွေ မရှိသလောက် နည်းတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ တတိယပတ်အတွင်းမှာတော့ အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်၊ လိပ်စာ၊ အီးမေးလ်တွေကို ဆက်သွယ် စမ်းသပ်ထားပေမဲ့ အကြောင်းပြန်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထွက်ခွာခွင့် ရပ်ဆိုင်းခံရတဲ့အလုပ်သမားတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။

ပြည်ပထွက်ခွာခွင့် လျှောက်ထားသူ ခွင့်ယူလာတဲ့ကုမ္ပဏီရဲ့လူ့စွမ်းအားအရင်းအမြစ်ဌာန(HR)ကို သက်ဆိုင်ရာနိုင်ငံမှာ ဖွင့်ထားတဲ့ မြန်မာသံရုံးက သံအရာရှိက ဆက်သွယ် စုံစမ်းတယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သံအရာရှိက ဖုန်းဆက်ချိန်မှာ ဖုန်းမကိုင်တာ၊ ဖုန်းမဝင်တာမျိုးဆိုရင် "အလုပ်ရှင်ဆီ ဆက်သွယ်မရ" ဆိုတဲ့မှတ်ချက်နဲ့ ပြည်ပထွက်ခွာခွင့် မရတဲ့အလုပ်သမားတွေရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။

ဒါပေမဲ့ ပြန်ပထွက်ဖို့ လျှောက်ထားတဲ့ ခွင့်ပြန်အလုပ်သမားတွေကတော့ ဆက်သွယ်ရေးအခြေအနေ၊ ဒေသစံတော်ချိန် ကွာဟချက်၊ မိခင်ကုမ္ပဏီ HR ဌာနက ကိုင်တွယ်ရတဲ့ လုပ်သားပမာဏစတဲ့အချက်တွေကြောင့် ဒါဟာ ယုတ္တိမတန်တဲ့စိစစ်မှုလို့ ဝေဖန်ပြောဆိုပါတယ်။​

ပြည်ပကိုအလုပ်သမားပို့ဆောင်တဲ့အေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ "ဒါတွေက အလုပ်သမားတွေရဲ့ပေါ့ဆမှုကြောင့် မဟုတ်ပါဘူး။ ဝန်ကြီးဌာနဘက်က ထပ်တင်းကျပ်လိုက်တာတွေကြောင့် ဖြစ်လာတာပါ" လို့ ပြောပါတယ်။

ဒီလိုကန့်သတ်ချက်အသစ်တွေကြောင့် ပြည်ပမှာအလုပ်ပြန်ဝင်ဖို့ ရှင်းလင်းတဲ့ အချိန်ဇယား မသတ်မှတ်နိုင်တော့တာနဲ့အတူ ခွင့်ယူပြီး ပြန်လာဖို့ ဆုံးဖြတ်ရခက်လာတဲ့ပြည်ပရောက် အလုပ်သမားတွေလည်း ပိုမိုများပြားလာနေပါတယ်။

"မြန်မာထဲပြန်ဝင်ပြီး ပြန်ထွက်ဖို့ မလွယ်ကူဘူးဆိုတော့ မိသားစုကို ထိုင်းကို ခေါ်ပြီး ထိုင်းမှာဆုံကြရတယ်။ မလိုလားအပ်ဘဲ ကုန်ကျစရိတ်တွေ များတာပေါ့ဗျာ။ မတတ်နိုင်တဲ့သူဆို မပြန်ကို မပြန်ဖြစ်ကြတော့ဘူး"လို့ စင်ကာပူနိုင်ငံက စက်မှုပိုင်းဆိုင်ရာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုဉာဏ်လင်းအောင်(အမည်လွှဲ)က ဘီဘီစီကို ပြောပါတယ်။

ကန့်သတ်ချက် ၃ - ခွင့်တစ်လကျော်နေတဲ့ ခွင့်ပြန်အလုပ်သမားတွေ

Safe Migration ထုတ်ပြန်ချက်တွေရဲ့မှတ်ချက်တွေမှာ ခွင့်တစ်လကျော်နေလို့ဆိုတဲ့အကြောင်း ပြချက်တော့ တိုက်ရိုက်ဖော်ပြထားတာ မတွေ့ရသေးပါဘူး။

ဒါပေမဲ့ ခွင့်ပြန်အလုပ်သမားတွေရဲ့အခက်အခဲတွေကို ဆွေးနွေး၊ အကူအညီတောင်းနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ခွင့်တစ်လကျော်နေလို့ ခွင့်ပြုစာလုံးဝ ကျမလာသေးဘူးဆိုတာမျိုးတွေကို မတ်နဲ့ ‌ဧပြီမှာ ဆက်တိုက်တွေ့ရပါတယ်။

ပြည်ပအလုပ်သမား‌ရေးရာအသိုင်းအဝိုင်းကတော့ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနဟာ ဒီကန့်သတ်ချက်ကို သီးသန့်ကြေညာတာ မရှိသေးပေမဲ့ လက်တွေ့ မှာ အသုံးချလာတာကို မြင်လာရတယ်လို့ ပြောကြပါတယ်။

"ကျွန်မဆိုရင် တစ်နှစ်လုံး ခွင့်မယူဘဲ ခွင့်တွေ စုထားတယ်။ ပိတ်ရက်တွေနဲ့ စုပြီးမှ ခွင့်ယူလိုက်တာမျိုးပေါ့နော်။ အဲဒီမှာ ခွင့်ရက်ကုန်ခါနီးနား ရောက်လာတဲ့အထိ ထွက်ခွင့် မကျလာဘူး"လို့ ပြီးခဲ့တဲ့မတ်လမှာ ခွင့်ပြန်လာတဲ့ စင်ကာပူမှာ အလုပ်လုပ်တဲ့အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြည်ပအလုပ်သမားတွေကို ပြန်ထွက်ခွင့်အတွက် အကျိုးဆောင်ပေးနေသူတချို့ကလည်း ဒီအခြေအနေ မှန်ကန်ကြောင်းပြောသလို သူတို့ ဝန်ဆောင်မှု ပေးနေရတဲ့အထဲမှာလည်း ခွင့်တစ်လကျော်ကြာလို့ ထွက်ခွာခွင့် မရသေးသူတွေ ပါဝင်နေတယ်လို့ ပြောကြပါတယ်။

ပြည်ပအလုပ်သမားအရေး လေ့လာနေတဲ့ကျွမ်းကျင်သူတချို့ကတော့ ခွင့်တစ်လကျော်အောင် ဘာကြောင့်ယူရတယ်ဆိုတဲ့အကြောင်းအရင်းကို လက်ရေးမူနဲ့ ရေးပြီး ပြည်ပထွက်ခွာခွင့်မှာ တပါတည်းလျှောက်ဖို့ အကြံပြုပါတယ်။

ဒီနည်းလမ်းဟာ ထွက်ခွာခွင့် ကျမယ်၊ မကျဘူးဆိုတာကတော့ မသေချာပေမဲ့ လက်ရှိအခြေအနေအောက်မှာ ကြိုးစားကြည့်လို့ ရနိုင်တဲ့နည်းလမ်းလို့ မှတ်ချက်ပေးပါတယ်။

ဒါပေမဲ့ အလုပ်သမားဝန်ကြီးဌာနဟာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ချိတ်ဆက်သွားတဲ့ အလုပ်သမားအသစ်တွေကိုတော့ ထွက်ခွာခွင့် ပေးနေတာတွေ့ရပါတယ်။

သိန်း ၂၀ ကနေ သိန်း ၅၀ အထိ ပေးနေရတဲ့ ဝန်ဆောင်မှုလမ်းကြောင်း

ပြည်ပပြန်ထွက်ခွာခွင့် ကြန့်ကြာနေတဲ့အလုပ်သမားအချို့ဟာ အလုပ်အကိုင် မထိခိုက်အောင် ကြိုးပမ်း အကူအညီ ရှာဖွေနေရင်း ငွေကြေးသိန်းဆယ်ချီ ပေးရတဲ့ဝန်ဆောင်မှုလမ်းကြောင်းတွေကို ခြေဦးလှည့်ရတာတွေရှိလာပါတယ်။

ခွင့်ပြန်အလုပ်သမားတွေ အတွေ့အကြုံတွေကို ဖော်ပြနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ အလုပ်သမားအသိုင်းအဝိုင်းမှာတော့ "ထွက်ခွာခွင့် စာအမြန်ကျအောင်လုပ်ပေးနိုင်တယ်"၊ "ထွက်ခွာခွင့်ရဖို့ အကူအညီပေးနိုင်တယ်" ဆိုတဲ့ ကြားခံအကျိုးဆောင်တွေကို ပေါ်ပေါ်တင်တင် တွေ့လာရပါတယ်။

အလုပ်သမားတွေအနေနဲ့ပြောကြားချက်အရ ဒီလိုဝန်ဆောင်မှုတွေကို ရယူဖို့ အထောက်အထား၊ အချက်အလက်စုံရင် သိန်း ၂၀ ကနေ ၃၅ သိန်း၊ OWIC ကတ် မရှိဘူးဆိုရင် သိန်း ၅၀ အထိ ပေး ဖြစ်ရပ်တွေရှိနေတယ်လို့ ကိုယ်တိုင်ဝန်ဆောင်မှု ယူခဲ့သူ နှစ်ဦးက အတည်ပြုပါတယ်။

သူတို့ နှစ်ဦးစလုံးဟာ ခွင့်ရက်စေ့ခါနီးအထိ ပြည်ပထွက်ခွင့် ပြန်ကျမလာသေးတာကြောင့် ငွေကြေး ပေးပြီး ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။​

အကျိုးဆောင်ကို ဆက်သွယ်ပြီးနောက် ငွေကြေးနှုန်းထားနဲ့ ပေးချေမယ့်ပုံစံတွေ သဘောတူပြီးတဲ့အခါ နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ OWIC အပါအဝင် အထောက်အထားအစုံကို အကျိုးဆောင်ဆီ ဓာတ်ပုံရိုက်ပြီး ပို့ရတယ်လို့ ပြီးခဲ့တဲ့မတ်လမှာ ဒီလိုဝန်ဆောင်မှုယူခဲ့သူတစ်ဦးက ပြောပါတယ်။

သူက သူ့အလုပ်ရှိတဲ့ စင်ကာပူက နည်းပညာကုမ္ပဏီမှာ အလုပ်ပြန်ဝင်နိုင်ဖို့ မတ်လမှာ ဝန်ဆောင်မှု ယူပြီး ပြည်တွင်းကနေ ထွက်ခဲ့သူဖြစ်ပါတယ်။​

"သွားရင် ဝတ်မယ့်အဝတ်အစား၊ အသုံးအဆောင်တွေကို ညဘက်မှာ ဝတ်ပြပြီး အိတ်တွေကိုပါ တပါတည်း ဓာတ်ပုံရိုက်ရတယ်။ ပြီးရင် ပွဲစားဆီကို ပို့ရတယ်။ ဒီလိုပုံစံနဲ့ လာမှာပါပေါ့။ လေဆိပ်ရောက်တာနဲ့ ကိုယ့်ပုံစံကို ကြည့်ပြီး လူတစ်ယောက်က လာခေါ်တယ်" လို့ သူက ပြောပါတယ်။

အဲဒီလူက သူ့အတွက် ထွက်ခွာခွင့်စာဆိုပြီး ပေးပြီးနောက် လေဆိပ်မှာ စစ်ဆေးခံရတဲ့အခါ ထွက်ခွာခွင့်ကျတဲ့နံပါတ်ချင်းတူတဲ့သူ နှစ်ဦး ဖြစ်နေတာကို ကြုံခဲ့ရပေမဲ့ ဝန်ဆောင်မှု ယူထားသူဖြစ်တာကြောင့် အဆင်ပြေသွားတယ်လို့ အမျိုးသမီးက သူ့အတွေ့အကြုံကို ပြောပါတယ်။

သူ့လိုပဲ ဝန်ဆောင်မှုယူပြီး ပြည်ပထွက်သူတွေလည်း အတူပါလာတယ်လို့ သူက ထပ်ပြောပါတယ်။

ငွေကြေးယူပြီး ဝန်ဆောင်မှုပေးတဲ့ အကျိုးတော်ဆောင်တစ်ယောက်ကို ဘီဘီစီက မေးကြည့်တဲ့အခါ ဒီငွေကြေးတွေဟာ သူတစ်ယောက်တည်းမဟုတ်ဘဲ လုပ်ငန်းစဉ်အတွင်း အနည်းဆုံး အဆင့် ၄ ဆင့်လောက်ကို စီးဆင်းသွားတယ်လို့ ပြောပါတယ်။

ဝန်ဆောင်မှုယူမယ့်သူ ရတာနဲ့ သူကနေ နောက်ထပ်အကျိုးဆောင်တစ်ဦးကို ဖုန်းနဲ့ချိတ်ဆက်၊ အချက်အလက်တွေကို ပို့‌ပေးလိုက်ရပါတယ်။

နောက်အကျိုးဆောင်ကနေ လေဆိပ်မှာ အချက်အလက်တွေကို စစ်ဆေးခွင့်ရှိတဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တာဖြစ်တယ်လို့ သူရဲ့အတွေ့အကြုံပေါ်မူတည်ပြီး အကျိုးဆောင်က ပြောပါတယ်။

ငွေကြေးယူပြီး ပြည်ပထွက်ခွာခွင့်ပေးနေတဲ့လမ်းကြောင်းမှာ ဌာနဆိုင်ရာတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေအတွက် ဘီဘီစီက အလုပ်သမားဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်ဖြေဆိုတာ မရှိသေးပါဘူး။

နေပြည်တော်အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပထွက်ခွာတာတွေနဲ့ ဆက်စပ်ပြီး မမှန်မကန်လိမ်လည်တင်ပြသူနဲ့ နောက်ကွယ်က ပါဝင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါအပြင် လိမ်လည်တင်ပြတဲ့သူကိုလည်း ကာလသတ်မှတ်ချက်တစ်ခုအနေနဲ့ ပြည်ပထွက်ခွာခွင့်ပိတ်တာ၊ အမည်မည်းစာရင်း (Blacklist) ထည့်သွင်းတာတွေ လုပ်ဆောင်မှာလို့လည်း သတိပေးထားပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေဟာ အလုပ်သမားတွေကို စိုးရိမ်မှုနဲ့ အချိန်ဖိအားကြောင့် ဒီလိုငွေကြေးအမြတ်ထုတ်တဲ့ဝန်ဆောင်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့အခြေအနေကို ဖန်တီးပေးသလို ဖြစ်နေတယ်လို့ ပြည်ပအလုပ်သမားတွေကို တရားဝင်ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းရှင်အချို့က သုံးသပ်ကြပါတယ်။

အခက်ဆက်ကြုံရတဲ့ ကန့်သတ်ချက်အသစ်တွေ

လက်ရှိအချိန်မှာတော့ ခွင့်ပြန်နဲ့ ပြည်ပပြန်ထွက်ခွင့် မရတဲ့ အလုပ်သမားတွေဟာ သတ်မှတ်ကာလအတွင်း ပြန်လာဖို့ တစ်ဖက်နိုင်ငံက အလုပ်ရှင်၊ အလုပ်ခေါင်းဆောင်တွေရဲ့သတိပေးမှုတွေနေကြပါပြီ။

ငွေကြေးသိန်း ဆယ်ချီသုံးပြီး ဝန်ဆောင်မှု မယူနိုင်တဲ့အလုပ်သမားတွေဟာ ပြည်ပပြန်ထွက်ခွင့်ရဖို့ အခွင့်အလမ်းနည်းလာသလို အလုပ်လက်မဲ့ဖြစ်မယ့်အခြေအနေအတွက် စိုးရိမ်ချက်တွေလည်း မြင့်တက်နေကြပါတယ်။

"အလုပ်ခေါင်းဆောင်ကလည်း ဘယ်နေ့ပြန်လာမလဲ မေးနေပြီ။ ကျွန်တော်ပြန်လာနိုင်တဲ့အထိ စောင့် မစောင့်တော့ သူဌေးအပေါ် မူတည်တာပေါ့။ ဒါပေမဲ့ မရဖို့ များပါတယ်။ နောက်အလုပ်ရှာရတော့မှာပေါ့" လို့ ထိုင်းကနေ ခွင့်နဲ့ပြန်ခဲ့ပေမဲ့ ခွင့်ရက်ကျော်သွားတဲ့တိုင်အောင် ပြည်ပပြန်ထွက်ခွင့် မရတဲ့ ကိုမင်းသန့်အောင်(နာမည်လွှဲ)က ဘီဘီစီကို ပြောပါတယ်။

ရှိပြီးသား အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးရမယ့်အခြေအနေ ကြုံနေရတဲ့အလုပ်သမားတွေရှိနေတာကိုလည်း ပြည်ပအလုပ်သမားပို့ဆောင်ရေးလုပ်ငန်း နှစ်ခုက အတည်ပြုပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ မပြောပါဘူး။

OWIC ကတ်ဟာ ပြည်ပရောက် အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေအရ ခံစားခွင့်တွေကို ရရှိစေဖို့နဲ့ အလုပ်သမားရေးရာပြဿနာတွေဖြစ်လာရင် အလွယ်တကူ ဖြေရှင်းပေးနိုင်အောင် ထုတ်ပေးတာလို့ အလုပ်သမားဝန်ကြီးဌာနက အကြိမ်ကြိမ်ထုတ်ပြောပါတယ်။​

"တကယ်တော့ OWIC ကတ်ဆိုတာက ပြည်တွင်းမှာသာ ဒီလောက်ကျပ်နေတာ။ တခြားနိုင်ငံမှာ အသိအမှတ်ပြုတာမရှိဘူး။ ရဲစစ်ရင်လည်း နိုင်ငံကူးလက်မှတ်ကိုပဲ စစ်တာ။ OWIC ကတ်ပြလို့မရဘူး"လို့ ကိုမင်းသန့်အောင်က ပြောပါတယ်။

ငွေကြေးဝန်ဆောင်မှုနဲ့ စင်ကာပူကို ရောက်သွားတဲ့အလုပ်သမားအမျိုးသမီး နှစ်ဦးကလည်း ကိုမင်းသန့်အောင်ပြောတဲ့အချက်ကို သူတို့အတွေ့အရ ထောက်ခံကြောင်း ပြောပါတယ်။

ပြည်ပရောက်အလုပ်သမားအသိုင်းအဝိုင်းကတော့ ပေးဆောင်သင့်တဲ့ဝန်ငွေခွန်တွေ ပေးဆောင်ထားရတဲ့အချိန်မှာ အလုပ်သမားတွေ အဆင်ပြေပြေ ပြည်ပပြန်ထွက်ခွင့်ရအောင် လုပ်ထုံးလုပ်နည်းတွေကို ဖြေလျှော့ပေးဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။​