"ပြုံးနေတဲ့ စိတ်ကျရောဂါ" ဆိုတာ ဘာလဲ၊ ဘယ်လို သတိပြုမိနိုင်မလဲ

ကာတွန်းပုံစံနဲ့ ဖန်တီးထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ မျက်နှာပုံ။ သူဟာ သိပ်ကို ဝမ်းနည်းနေပုံရပြီး ပြုံးနေတဲ့မျက်နှာပုံပါ မျက်နှာဖုံးတစ်ခုကို သူ့မျက်နှာရှေ့မှာ ကိုင်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, "ပြုံးနေတဲ့ စိတ်ကျရောဂါ" ဆိုတာဟာ တရားဝင် အသိအမှတ် ပြုထားတဲ့ ရောဂါအမည်တစ်ခု မဟုတ်ပေမဲ့ ဒီအသုံးအနှုန်းကို ရှာဖွေမှု ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
    • ရေးသားသူ, အစ္စဘယ်လ် ရှော
    • ရာထူးတာဝန်, ဘီဘီစီ သတင်းထောက်၊ Global Health ဌာန
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

စိတ်ကျရောဂါရှိသူ တစ်ယောက်ကို မြင်ယောင်ကြည့်လိုက်ရင် အိပ်ရာကထဖို့တောင် ခက်ခဲနေသူတစ်ယောက်ကို တွေးမြင်ကောင်း မြင်နိုင်ပါတယ်။

ဒါမှမဟုတ် မကြာခဏ ငိုနေတာ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာ ဒါမှမဟုတ် တစ်နေ့တာကို ဖြတ်သန်းဖို့တောင် အားအင်မရှိသလောက် ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အဲဒီလူကပဲ ညစာစားပွဲမှာ ဟာသတွေ ပြောနေမယ်၊ လူမှုရေးလှုပ်ရှားမှုတွေနဲ့ အလုပ်များနေမယ်၊ အလုပ်မှာ ထူးချွန်နေမယ်လို့တော့ တွေးမြင်မိချင်မှ မြင်မိပါလိမ့်မယ်။

ဒါပေမဲ့ "ပြုံးနေတဲ့ စိတ်ကျရောဂါ" လို့ ခေါ်ကြတဲ့ အခြေအနေရှိသူတွေအတွက်တော့ ဒီလိုပုံစံမျိုး အတိအကျ ပေါ်လွင်နေနိုင်ပါတယ်။

တစ်ခါတလေ အဲဒီပုံစံမျိုး ပေါက်နေသူတွေက မိတ်ဆွေ၊ လက်တွဲဖော် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ဖြစ်နေတတ်ပါတယ်။

'ပြုံးနေတဲ့ စိတ်ကျရောဂါ' ဆိုတာ ဘာလဲ

ကင်မရာကို ကျောခိုင်းထားတဲ့ နှစ်သိမ့် ဆွေးနွေးသူတစ်ဦးနဲ့ ကျောင်းသူတစ်ဦး စကားပြောနေ။ ကျောင်းသူဟာ လက်နှစ်ဖက်ကို ယှက်ထားပြီး ရှေ့ကို ကိုယ်ကိုင်းကာ ပြုံးနေ။ သူဟာ နားကွင်းနဲ့ အားကစားဝတ်စုံ ဝတ်ဆင်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၃၂၂ သန်းလောက် စိတ်ကျရောဂါ ခံစားနေရတယ်လို့ WHO က ဆိုပါတယ်။

"ပြုံးနေတဲ့ စိတ်ကျရောဂါ" ဆိုတာဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ ရောဂါအမည်တစ်ခု မဟုတ်ပေမဲ့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဒီအသုံးအနှုန်းကို ရှာဖွေမှု ၅၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

"ဒါက အပြင်ပန်းမှာ ပျော်ရွှင်နေသလို မြင်ရပေမဲ့ အတွင်းစိတ်မှာတော့ စိတ်ကျပြီး စိတ်ဓာတ်ကျနေတာကို ဆိုလိုပါတယ်" လို့ ဗြိတိန်နိုင်ငံ ကိန်းဘရစ်ချ်တက္ကသိုလ် က စိတ်ကျန်းမာရေး သုတေသီ ဒေါက်တာ အော်လီယီယာ ရီးမက်စ်က ပြောပါတယ်။

လူတွေအားလုံးဟာ တစ်ခါတလေ စိတ်ဓာတ်ကျတတ်ကြပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းက လူပေါင်း ၃၂၂ သန်းအတွက်တော့ အဲဒီခံစားချက်တွေက စိတ်ကျရောဂါအဖြစ် ပြောင်းလဲသွားတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါဟာ ဆက်တိုက် ဝမ်းနည်းနေတာ ဒါမှမဟုတ် စိတ်ဝင်စားမှုနဲ့ ပျော်ရွှင်မှု ဆုံးရှုံးတာလို လက္ခဏာတွေ သီတင်းပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာ ကြာရှည်လာပြီး အလုပ်၊ လူမှုဆက်ဆံရေး၊ အိပ်စက်မှုနဲ့ နေ့စဉ်ဘဝကို ထိခိုက်လာတဲ့အခါ ဖြစ်လာတတ်ပါတယ်။

ဒါပေမဲ့ စိတ်ကျရောဂါဟာ ကျွန်တော်တို့ မျှော်လင့်ထားသလို ပုံစံမျိုးနဲ့ အမြဲတမ်း ပေါ်လွင်နေတာ မဟုတ်ပါဘူး။

တကယ်တော့ စိတ်ကျရောဂါရှိသူ ၄၀ ရာခိုင်နှုန်းအထိဟာ ပုံမှန်ယူဆထားတဲ့ လက္ခဏာတွေနဲ့ ကွဲပြားတဲ့ "မူမမှန်" ပုံစံ စိတ်ကျရောဂါကို ခံစားရတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြပါတယ်။

ဥပမာအားဖြင့် လူတစ်ယောက်ဟာ ပုံမှန်ထက် အိပ်ချိန် ဒါမှမဟုတ် စားသောက်မှု လျော့နည်းလာမယ့်အစား ပိုများလာနိုင်ပြီး ကောင်းမွန်တဲ့ ဒါမှမဟုတ် စိတ်လှုပ်ရှားစရာ တစ်ခုခု ဖြစ်လာတဲ့အခါမျိုးဆိုရင်တော့ သူ့စိတ်ခံစားချက်က ယာယီ ပြန်ကောင်းလာနိုင်ပါတယ်။

စိတ်ကျရောဂါရှိသူတွေဟာ လူအများနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ရဲ့ လက္ခဏာတွေ ဒါမှမဟုတ် စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားတဲ့ "ဖုံးကွယ်ပြုမူခြင်း" နည်းလမ်းသုံးပြီး သူတို့ကြုံတွေ့နေရတာတွေကို ဖုံးကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။

စိတ်ကျရောဂါကို လူတွေ ဘာကြောင့် ဖုံးကွယ်ကြတာလဲ

"ပြုံးနေတဲ့ စိတ်ကျရောဂါ" ရှိသူတချို့ဟာ သူတို့မှာ စိတ်ကျရောဂါရှိနေမှန်းတောင် သတိမထားမိကြတာကြောင့် အဲဒါကို ဖုံးကွယ်ထားမိနေမှန်း သိမှာမဟုတ်ပါဘူး။

"သူတို့ရဲ့ လက္ခဏာတွေဟာ အလုပ်များပြီး စိတ်ဖိစီးမှုများတဲ့ ဘဝနေထိုင်ပုံကြောင့် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ သူတို့ထင်ကောင်း ထင်နိုင်ပါတယ်" လို့ ရီမက်စ် က ပြောပါတယ်။

တချို့ကတော့ သူတို့ ရုန်းကန်နေရတာကို သတိပြုမိပေမဲ့ တခြားသူတွေ မသိအောင် အပြင်းအထန် ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒီလိုအခြေအနေဟာ အရာရာကို ပြည့်စုံကောင်းမွန်စေချင်သူတွေနဲ့ တာဝန်သိစိတ် အလွန်မြင့်မားသူတွေကြားမှာ အထူးသဖြင့် အဖြစ်များပါတယ်။

"သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက် ကြီးမားကြပြီး ရုန်းကန်နေရတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ တခြားသူတွေကိုဖြစ်စေ ဝန်မခံချင်ကြတာ၊ မသိစေချင်ကြတာ ဖြစ်နိုင်ပါတယ်" လို့ သူက ဆိုပါတယ်။

တချို့လူတွေက လူမှုအသိုင်းအဝိုင်းရဲ့ အဆိုးမြင်မှုအစွဲတွေကို ကြောက်ရွံ့ကြပြီး တခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကိုလည်း စိုးရိမ်ကြပါတယ်။

တချို့ကတော့ သူတို့ ဝေဖန်ခံရမှာ ဒါမှမဟုတ် အလုပ်နဲ့ လူမှုဆက်ဆံရေးမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ရင်ဆိုင်လာရမှာကို စိုးရိမ်ကြတယ်လို့ လေ့လာချက်တွေက ဖော်ပြပါတယ်။

ဓလေ့ထုံးစံ ဒါမှမဟုတ် မိသားစုရဲ့ မျှော်လင့်ချက်တွေကြောင့်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ပိုခက်ခဲနိုင်ပါတယ်။

စိတ်ကျရောဂါ ဖုံးကွယ်ထားခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ

အပြင်ပန်းမှာ အဆင်ပြေနေသလို ဟန်ဆောင်ထိန်းသိမ်းထားတာဟာ အန္တရာယ်ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

"စိတ်ကျရောဂါက ကျွန်တော်တို့ကို လူတွေနဲ့ အဆက်အသွယ်ပြတ်စေပြီး အထီးကျန်သလို ခံစားစေပါတယ်။ စိတ်ဓာတ်ကျတာအတွက် အကောင်းဆုံး ဖြေဆေးတွေထဲက တစ်ခုကတော့ တခြားသူတွေနဲ့ ဆက်သွယ်ဆက်ဆံတာ ဖြစ်တတ်ပါတယ်" လို့ ဗြိတိန်နိုင်ငံက အက်က်ဆီတာ တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ စိတ်ပညာရှင် ပါမောက္ခ ဘာနီ ဒန်းန်က ပြောပါတယ်။

အဲဒီအတွက် လူတွေအနေနဲ့ သူတို့လိုအပ်တဲ့ အကူအညီကို မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

"ဒီအစောပိုင်းလက္ခဏာတွေကို မထိန်းချုပ်ဘဲ ထားလိုက်မယ်ဆိုရင် ပြင်းထန်တဲ့ နာတာရှည်အခြေအနေတစ်ခုအဖြစ် တဖြည်းဖြည်း ကြီးထွားလာနိုင်သလို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြေလည်း မြင့်တက်လာနိုင်ပါတယ်" လို့ ရီးမက်စ် က ဆိုပါတယ်။

အလွယ်တကူ သတိမပြုမိနိုင်တဲ့ စိတ်ကျရောဂါ လက္ခဏာ ခုနစ်မျိုး

မျက်မှန်ဘောင်အနက်နဲ့ တီရှပ်လက်ရှည် ဝတ်ထားတဲ့ အမျိုးသားတစ်ဦး လက်တော့ပ်ကွန်ပျူတာရှေ့မှာ ထိုင်နေပြီး သူ့ခေါင်းကို လက်တစ်ဖက်နဲ့ ထောက်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, ပုံမှန်ထက် ငြင်းပယ်ခံရတာ ဒါမှမဟုတ် ဝေဖန်ခံရတာကို ပိုပြီး ထိခိုက်လွယ်လာတာဟာ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

အရာရာကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်သလို အပြင်ပန်းမှာ မြင်နေရတဲ့အခါ ပြောင်းလဲလာမှုတချို့ကို အလွယ်တကူ လျစ်လျူရှုမိတတ်ပါတယ်။

၁။ အရင်က ပျော်ရွှင်ကြိုက်နှစ်သက်ခဲ့တဲ့ အရာတွေကို ခံစားလို့ မရတော့ပါဘူး

ပုံမှန်အားဖြင့် မျှော်လင့် စောင့်စားနေကျဖြစ်တဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံတာ၊ အားကစားရုံသွားတာ ဒါမှမဟုတ် အကြိုက်ဆုံး ရုပ်မြင်သံကြားအစီအစဉ်ကို ကြည့်တာလို အရာတွေက တာဝန်တစ်ခုလို ခံစားလာရတယ်ဆိုရင် ဘာ့ကြောင့် ဖြစ်လာရတာလဲ ဆိုတဲ့ အကြောင်းရင်းကို နည်းနည်းပိုပြီး ထဲထဲဝင်ဝင်ဆန်းစစ်ကြည့်သင့်ပါတယ်။

"ပုံမှန်ဝါသနာတွေမှာ ပျော်ရွှင်မှု ဒါမှမဟုတ် စိတ်ဝင်စားမှု မရှိတော့တာကို အလုပ်များလွန်းတာနဲ့ တက်သုတ်ရိုက် လုပ်နေရတဲ့ ဘဝနေထိုင်ပုံကြောင့်လို့ အလွယ်တကူ ယူဆတတ်ကြပါတယ်" လို့ ရီးမက်စ်က ဆိုပါတယ်။

၂။ လက်တွေ၊ ခြေတွေ ပုံမှန်မဟုတ်ဘဲ လေးလံနေတယ်

"Leaden paralysis" လို့ ခေါ်တဲ့ ဒီအခြေအနေမှာ ခြေလက်တွေ လေးလံနေသလို ခံစားရပြီး နေ့စဉ်လှုပ်ရှားသွားလာရတာက ပုံမှန်ထက် ပိုအားစိုက်ရသလို ဖြစ်တတ်ပါတယ်။ ဒါဟာ မူမမှန်ပုံစံ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၃။ ချိန်းဆိုထားတာတွေကို ဆက်တိုက် ဖျက်နေတယ်

တခြားသူတွေနဲ့ အတူရှိနေတဲ့အခါ တစ်ခါတလေ "အကောင်းဆုံးအခြေအနေပုံမျိုး" ဖြစ်နေတတ်ပေမဲ့ စိတ်ခံစားချက် ကျဆင်းသွားပြီး ကိုယ့်ခံစားချက်ကို ဆက်လက်ဖုံးကွယ်မထားနိုင်တော့တဲ့အခါမျိုးမှာတော့ ချိန်းဆိုထားတာတွေကို ဖျက်ပစ်တတ်ပါတယ်။

၄။ ပိုအိပ်နေပေမဲ့ ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်တယ်

ပုံမှန်လုပ်နေကျ လှုပ်ရှားမှုအားလုံးကို ဆက်လုပ်နေချိန်မှာပဲ ပိုပိုပြီး အားအင်ကုန်ခန်းလာသလို ခံစားနေရနိုင်ပါတယ်။

" အထူးသဖြင့် ညနေပိုင်းတွေမှာ ခက်ခဲနိုင်ပါတယ်။ ဒီအခြေအနေရှိသူတွေဟာ တစ်နေ့တာအဆုံးမှာ ပိုပြီး နေထိုင်မကောင်းသလို ခံစားရနိုင်ပြီး ပုံမှန်ထက် ပိုအိပ်ဖို့ လိုအပ်နိုင်ပါတယ်" လို့ ရီးမက်စ်က ဆိုပါတယ်။

၅။ ဝေဖန်ခံရတာ ဒါမှမဟုတ် ငြင်းပယ်ခံရတာကို ပိုပြီး ထိခိုက်လွယ်လာတယ်

ကိုယ့်အထက်အရာရှိက အမှတ်မထင် ပြောလိုက်တဲ့ စကားတစ်ခွန်း ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်က ချိန်းဆိုထားတာကို ဖျက်လိုက်တာမျိုးက ကိုယ့်ကို ပုံမှန်ထက် အများကြီး ပိုစိတ်ထိခိုက် နာကျင်စေနိုင်ပါတယ်။

ဒါမျိုးကို ADHD ရှိသူတွေမှာ တွေ့ရလေ့ရှိပြီး ဝေဖန်ခံရတာ ဒါမှမဟုတ် ငြင်းပယ်ခံရတာကို ပိုစိတ်ထိခိုက်လွယ်လာတတ်တာဟာ မူမမှန်ပုံစံ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ရီးမက်စ်က ဆိုပါတယ်။

၆။ အမြဲတမ်း ဟာသပြောသူ ဒါမှမဟုတ် ကူညီတတ်သူ ဖြစ်နေတယ်

စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်ဟာ အမြဲတမ်း လူတွေနဲ့ အဆက်အသွယ်ဖြတ်နေမှာ မဟုတ်ပါဘူး။ တစ်ခါတလေ လုံးဝ ဆန့်ကျင်ဘက်လို ပြုမူတတ်ပြီး ပါတီပွဲတွေမှာ အသက်ဝင်ဆုံးသူတစ်ယောက် ဖြစ်နေတတ်တာ၊ အလုပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ နှစ်မြှုပ်ထားတတ်တာ ဒါမှမဟုတ် တခြားသူတွေကို ကူညီဖို့ အလွန်အမင်း ကြိုးစားနေတတ်တာမျိုး ဖြစ်နိုင်ပါတယ်။

၇။ ကိုယ့်အတွင်းစိတ်က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အဆိုးမြင်ပြောဆိုနေတယ်

အပြင်ပန်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလို မြင်ရပေမဲ့ အတွင်းစိတ်မှာတော့ ကိုယ့်ကိုယ်ကိုယ် ပြန် ဝေဖန်နေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သံသယဝင်တာ၊ ကိုယ့်မှာ တန်ဖိုးမရှိဘူးလို့ ခံစားရတာနဲ့ အတွင်းစိတ် ဟာတာတာဖြစ်နေတယ်လို့ တွေးမိတာတွေဟာ စိတ်ကျရောဂါ ဖြစ်နိုင်ခြေရှိတဲ့ သတိပေးလက္ခဏာတွေ ဖြစ်ပါတယ်။

ဘာတွေက အကူအညီဖြစ်နိုင်လဲ

"ပြုံးနေတဲ့ စိတ်ကျရောဂါ" ဆိုတဲ့ အသုံးအနှုန်းကိုယ်တိုင်ကို ဝေဖန်သူတွေလည်း ရှိပါတယ်။

ဒီအသုံးအနှုန်းဟာ လူတွေကို သူတို့ကြုံတွေ့နေရတဲ့ အခြေအနေကို သတိပြုမိစေပြီး အမည်တပ်နိုင်အောင် ကူညီပေးနိုင်ပေမဲ့ ရှုပ်ထွေးတဲ့ အတွေ့အကြုံတစ်ခုကို "ရိုးရှင်းလွန်းအောင်" ဖော်ပြရာလည်း ရောက်နိုင်တယ်လို့ ရီးမက်စ်က ဆိုပါတယ်။

"'ပြုံးနေတယ်' ဆိုတဲ့ စကားလုံးက ရွှင်လန်းပျော်ရွှင်မှုကို တွေးမိစေပါတယ်။ ဒါပေမဲ့ ဒီအခြေအနေရဲ့ အဓိကလက္ခဏာကတော့ တကယ်တမ်းမှာ မျှော်လင့်ချက်မဲ့မှု၊ အတွင်းစိတ် ဟာတာတာဖြစ်မှုနဲ့ ကိုယ့်မှာ တန်ဖိုးမရှိဘူးလို့ ခံစားရမှုတွေ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

ကိုယ်ယုံကြည်ရသူတစ်ယောက်ကို ကိုယ့်ခံစားချက်အကြောင်း နည်းနည်းချင်း ပြောပြတာကနေ စတင်ဖို့ ဒန်းန် က အကြံပြုပါတယ်။

"ဒီလိုပြောပြတာက တခြားသူတွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေနိုင်တယ်၊ သူတို့နဲ့ နီးကပ်ဆက်နွှယ်နေတယ်လို့ ခံစားရစေနိုင်တယ်၊ ဒီလိုခံစားနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိလာစေနိုင်တယ်ဆိုတာကို လူတွေက အံ့အားသင့်စွာ တွေ့ရှိကြပါတယ်" လို့ သူက ဆိုပါတယ်။

ရုန်းကန်နေရတယ်ဆိုရင် ဆရာဝန်နဲ့ စကားပြောဖို့လည်း သူက အကြံပြုပါတယ်။

"စကားပြောကုသမှု၊ စိတ်ကျရောဂါကုဆေးတွေနဲ့ လူမှုရေးဆိုင်ရာ ကုသမှုတွေက ထိရောက်မှု ရှိနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိပါတယ်" လို့ သူက ဆိုပါတယ်။