တရုတ်သွင်းကုန်တွေအပေါ် အိန္ဒိယက အလွန်အမင်း စွဲလမ်းလာတာ ဘာ့ကြောင့်လဲ

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ဒေလီမှာကျင်းပတဲ့ ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး မစခင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (ယာ) နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ဆွဲနှုတ်ဆက်နေပုံ
ဓာတ်ပုံ ပုံစာ, ပိုကြီးထွားလာတဲ့ ကုန်သွယ်ရေး မညီမျှမှုတွေကို ဖြေရှင်းဖို့ ရှီ နဲ့ မိုဒီတို့ ကတိပြုထားကြ
    • ရေးသားသူ, နီခေးလ် အီနမ်ဒါ
    • ရာထူးတာဝန်, ဘီဘီစီသတင်းထောက်၊ မန်ဘိုင်းမြို့
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

အိန္ဒိယနိုင်ငံက အရုပ်ဆိုင်တစ်ဆိုင်ထဲ ဝင်ကြည့်လိုက်ပါ။ ကလေးတစ်ယောက်အတွက် စိတ်ကြိုက်ကစားစရာ အသစ်တစ်ခု ရွေးဝယ်နိုင်သလို အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်ဆံရေး ပိုကောင်းလာအောင် အိန္ဒိယက ဘယ်လိုရုန်းကန်နေရသလဲဆိုတာ ထဲထဲဝင်ဝင် မြင်နိုင်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဖို့နဲ့ အရည်အသွေးမမီတဲ့ ကစားစရာအရုပ်တွေဈေးကွက်ထဲ မဝင်ရောက်လာအောင် ဟန့်တားဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီတုန်းက အိန္ဒိယက တင်သွင်းလာတဲ့ ကစားစရာအရုပ်တွေအပေါ် အခွန်ငွေ ၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး နောက်ဆုံးမှာ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။

လက်လီရောင်းချသူတွေက ဒီအစီအစဉ်ကို အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး ပြည်တွင်းကုမ္ပဏီတွေဟာ နိုင်ငံခြားထုတ်ကုန်တွေရဲ့ အရည်အသွေးကို ဘယ်တော့မှ ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

ဒါပေမဲ့ အကောက်ခွန်နှုန်းထားမြှင့်တင်မှုနဲ့ အရည်အသွေးထိန်းချုပ်ရေးစံနှုန်းတွေ ပေါင်းစပ်ကျင့်သုံးမှုက အလုပ်ဖြစ်ခဲ့ပါတယ်။

အိန္ဒိယရဲ့ ကစားစရာအရုပ် တင်သွင်းမှုဟာ ၂၀၂၀ ပြည့်နှစ်က ဒေါ်လာ သန်း ၃၀၀ နီးပါး(ပေါင် ၂၂၇ သန်း) ကနေ ၂၀၂၆ ခုနှစ်မှာ ဒေါ်လာ သန်း ၁၀၀ အထိ သုံးပုံတစ်ပုံ ကျဆင်းသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပို့ကုန်က ဒေါ်လာ ၁၂၉ သန်းဝန်းကျင်ကနေ ဒေါ်လာ သန်း ၂၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းကစားစရာအရုပ်ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရယူထားတဲ့ တရုတ်နိုင်ငံအပေါ် မှီခိုမှုကိုလည်း အိန္ဒိယက သိသိသာသာ လျှော့ချနိုင်ခဲ့ပါတယ်။

ဒီကဏ္ဍဟာ ပိုကြီးမားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ တစ်ဖက်စောင်းနင်း ပိုဖြစ်လာနေတဲ့ ကုန်သွယ်ရေးဆက်ဆံမှုကို ပြန်လည်ချိန်ညှိဖို့ အိန္ဒိယရဲ့ မအောင်မြင်ခဲ့တဲ့ ကြိုးပမ်းမှုတွေကြား ရှားရှားပါးပါး ခြွင်းချက်တစ်ခု ဖြစ်နေပါတယ်။ ကျွမ်းကျင်သူတချို့ကတော့ ဒီကုန်သွယ်ရေးဆက်ဆံမှုဟာ အခုအခါ ကမ္ဘာပေါ်မှာ မညီမျှမှု အများဆုံး ဆက်ဆံရေးတွေထဲက တစ်ခုဖြစ်နေပြီလို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ဂိုလွမ်ချိုင့်ဝှမ်း ပဋိပက္ခတွေအပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး လုံးဝနီးပါး ပျက်ပြားသွားခဲ့ချိန်မှာ ဒေလီက တရုတ်ကုန်ပစ္စည်းတွေအပေါ် ဈေးနှုန်းလျှော့ချ ရောင်းချမှု တားဆီးရေးအခွန် အများအပြား ချမှတ်ခဲ့ပါတယ်။ TikTok လို တရုတ်အက်ပ်တွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယအကြား ကုန်သွယ်ရေးလိုငွေဟာ ၂၀၂၀ ပြည့်နှစ်က ဒေါ်လာ ၄၄ ဘီလီယံကနေ ဒီနှစ်မှာ အံ့မခန်း ဒေါ်လာ ၁၁၂ ဘီလီယံအထိ တိုးလာခဲ့ပါတယ်။

"နိုင်ငံရေး၊ လုံခြုံရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတွေ အနိမ့်ဆုံးအဆင့် ရောက်နေချိန်မှာတောင် တရုတ်နိုင်ငံအပေါ် အိန္ဒိယရဲ့ စီးပွားရေးမှီခိုမှုက ဆက်လက်နက်ရှိုင်းလာခဲ့ပါတယ်" လို့ တရုတ်အရေးလေ့လာသုံးသပ်မှုဆိုင်ရာ အာရှအသိုင်းအဝိုင်း မူဝါဒရေးရာအဖွဲ့ရဲ့ ဝါရှင်တန်အခြေစိုက် သုတေသီ ကယ်ဗင် ကျောက်ကျိ လီ က ဘီဘီစီ ကို ပြောပါတယ်။

ပိုပြီး စိုးရိမ်စရာကောင်းတာက ဒီကာလအတွင်း တင်သွင်းမှု နှစ်ဆမြင့်တက်ခဲ့ပေမဲ့ တရုတ်နိုင်ငံဆီ ပို့ကုန်ဟာ ကိုဗစ်ကပ်ရောဂါ မဖြစ်မီ အဆင့်အောက်မှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

"အခုအခါ အိန္ဒိယရဲ့ စက်မှုကဏ္ဍ သွင်းကုန် ၃၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက ထောက်ပံ့နေပြီး အိန္ဒိယဟာ အရေးပါတဲ့ ထုတ်ကုန် ၁၀၀ ကျော်အတွက် တရုတ်ကို မှီခိုနေရပါတယ်။ ဒီမညီမျှမှုကလည်း ပိုဆိုးလာနေပါတယ်" လို့ ဒေလီအခြေစိုက် Global Trade and Research Initiative (GTRI) အဖွဲ့က အာဂျေ ဆရီဗက်စတာဗာ က ပြောပါတယ်။

တရုတ်ဘက်က တင်သွင်းမှုတွေ ဒီလိုအရှိန်အဟုန်နဲ့ ဆက်တိုးနေမယ်ဆိုရင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလိုငွေဟာ ဒေါ်လာ ၁၃၄ ဘီလီယံအထိ မြင့်တက်လာနိုင်ပြီး အိန္ဒိယစက်မှုလုပ်ငန်းအပေါ် ဘေဂျင်းရဲ့ ဩဇာလွှမ်းမိုးနိုင်မှု ပိုတိုးလာမယ်လို့ ဆရီဗက်စတာဗာ က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်က ဂါလွမ်ချိုင့်ဝှမ်းမှာ တရုတ်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေအတွသ်ဒ အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့အပြီး ဒေလီမြို့မှာ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားတဲ့ အိန္ဒိယကုန်သည်တွေက တရုတ်နဲ့ တရုတ်ထုတ်ကုန်တွေကို ဆန့်ကျင်တဲ့ စာတန်းတွေ ကိုင်ဆောင်ရင်း အသံတိတ်ဆန္ဒပြနေကြ
ဓာတ်ပုံ ပုံစာ, ၂၀၂၀ ပြည့်နှစ် နယ်စပ်တိုက်ပွဲတွေအပြီး တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ အမြင့်ဆုံးရောက်ခဲ့ပေမဲ့ အခုအခါ ဆက်ဆံရေး ပြန်လည်နွေးထွေးလာနေ

စက်တင်ဘာလက ဒေလီမှာ ကျင်းပခဲ့တဲ့ BRICS ထိပ်သီးအစည်းအဝေးရဲ့ သီးခြားတွေ့ဆုံမှုအတွင်း အာရှအင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနွေးထွေးလာနေချိန်မှာ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က ဒီ "ဖွဲ့စည်းပုံဆိုင်ရာ ကုန်သွယ်ရေးမညီမျှမှုတွေနဲ့ ထောက်ပံ့ရေးကွင်းဆက် ပြဿနာတွေ" ကို ဖြေရှင်းဖို့ ကတိပြုခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ်သွင်းကုန်တွေဟာ အိန္ဒိယစက်မှုစီးပွားရေးထဲ သိပ်ကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဖြစ်တာကြောင့် အိန္ဒိယအစိုးရအတွက် ဒီလုပ်ငန်းက အရမ်းခက်ခဲမယ်လို့ ကျွမ်းကျင်သူတွေက ဘီဘီစီ ကို ပြောပါတယ်။

အဓိကအကြောင်းရင်းကတော့ အိန္ဒိယဟာ နောက်ဆုံးပေါ် ထုတ်ကုန်တွေကို သုံးစွဲဖို့အတွက်ပဲ တရုတ်ကို မှီခိုနေတာ မဟုတ်တော့ဘဲ ကုန်ပစ္စည်းတွေထုတ်လုပ်ဖို့အတွက်ပါ ပိုမှီခိုလာနေတာ ဖြစ်ပါတယ်။

အမှန်တော့ အိန္ဒိယဟာ စမတ်ဖုန်းနဲ့ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းတွေလို အချောထည်ကုန်ပစ္စည်း တင်သွင်းမှုအပေါ် မှီခိုရတာကို လျှော့ချနိုင်ခဲ့ပြီး အခုအခါ ကမ္ဘာ့ အိုင်ဖုန်းထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံကျော်ကို ထုတ်လုပ်နေပါတယ်။

"ဒါပေမဲ့ ထုတ်လုပ်မှုအများစုဟာ အစိတ်အပိုင်းတွေ တပ်ဆင်တဲ့အဆင့်မှာပဲ ရှိနေပြီး အထူးသဖြင့် တရုတ်နိုင်ငံက တင်သွင်းတဲ့ အစိတ်အပိုင်းတွေအပေါ် အများကြီး မှီခိုနေရဆဲ ဖြစ်ပါတယ်" လို့ ဆရီဗက်စတာဗာ က ပြောပါတယ်။

စက်မှုသုံးစက်ယန္တရားတွေ၊ ဘက်ထရီထုတ်လုပ်ရေး ကုန်ကြမ်းတွေ၊ ဓာတုပစ္စည်းတွေ၊ ဆိုလာဆဲလ်တွေနဲ့ ကုန်ထုတ်လုပ်ရေးသုံး စက်ပစ္စည်းတွေမှာလည်း အလားတူအခြေအနေ ဖြစ်ပါတယ်။

Observer Research Foundation (ORF) သုတေသနအဖွဲ့ရဲ့ အဆိုအရ လျှပ်စစ်စက်ပစ္စည်းနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေက သွင်းကုန်စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းအထိ ရှိပြီး စက်ယန္တရားနဲ့ စက်မှုအသုံးအဆောင်ပစ္စည်းတွေက ၂၁ ဒသမ ၇ ရာခိုင်နှုန်းနဲ့ နောက်က လိုက်ပါတယ်။ အော်ဂဲနစ်ဓာတုပစ္စည်းတွေနဲ့ ပလတ်စတစ်တွေကလည်း သိသာတဲ့ ဝေစုတစ်ရပ် ရှိပါတယ်။

"ဒီကုန်ပစ္စည်းတွေ ပြတ်တောက်သွားမယ်ဆိုရင် သုံးစွဲမှုကိုပဲ ထိခိုက်မှာ မဟုတ်ဘဲ ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်သွားမှာပါ" လို့ ORF ရဲ့ စီးပွားရေး သံတမန်ရေးရာသစ် ဌာနမှ သုတေသီ ဆူမြာ ဘောင်မစ် က ပြောပါတယ်။

ဒါဟာ တရုတ်နိုင်ငံက သွင်းယူတဲ့ ထုတ်လုပ်ရေးပစ္စည်းတွေကို ပြည်တွင်းထုတ်ကုန်တွေနဲ့ အစားထိုးဖို့ အိန္ဒိယအတွက် ခက်ခဲနေတယ်ဆိုတာ ပြသနေတယ်လို့ သူက ဆိုပါတယ်။

ထုတ်လုပ်ရေးပစ္စည်းနဲ့ ကုန်ကြမ်းတွေကို ပိုမှီခိုလာတာအပြင် အခြား မက်ခရိုစီးပွားရေး အခြေအနေတွေကြောင့်လည်း အိန္ဒိယဆီ တရုတ်သွင်းကုန်ဝင်ရောက်မှုက တိုးလာနေပါတယ်။

တရုတ်နိုင်ငံမှာ သံမဏိကနေ ဆိုလာပြားနဲ့ လျှပ်စစ်ကားတွေအထိ ကဏ္ဍအသီးသီးမှာ ထုတ်လုပ်နိုင်စွမ်း အလွန်ပိုလျှံနေပြီး စီးပွားရေးနှေးကွေးလာတာကြောင့် ထုတ်လုပ်သမျှကို ပြည်တွင်းဈေးကွက်က စုပ်ယူနိုင်ခြင်း မရှိပါဘူး။

ဒါကြောင့် ထုတ်လုပ်သူတွေဟာ ပြည်ပဈေးကွက်တွေဘက် ပိုမိုလှည့်လာပြီး ကုန်ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းချလာကြပါတယ်။

တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးပိုငွေဟာ ဒုတိယနှစ်ဆက်တိုက် ဒေါ်လာ တစ်ထရီလီယံကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီကုန်ပစ္စည်း အများအပြား အိန္ဒိယနိုင်ငံဆီ ရောက်လာတာဟာ အိန္ဒိယက စီးပွားရေးကဏ္ဍ အမျိုးမျိုးမှာ ကုန်ထုတ်လုပ်မှုကို အလျင်အမြန် တိုးချဲ့နေတဲ့အတွက် ဖြစ်သလို "အနောက်နိုင်ငံဈေးကွက်တွေက အခွန်တွေနဲ့ တခြားကန့်သတ်ချက်တွေ ချမှတ်လာတာ" ကြောင့်လည်း ဖြစ်တယ်လို့ ဆရီဗက်စတာဗာ က ပြောပါတယ်။

အိန္ဒိယတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ် ပြည်နယ်မှာရှိတဲ့ Foxconn နည်းပညာကုမ္ပဏီလိမစ်တက် ရဲ့ စက်ရုံတစ်ရုံမှာ ဝန်ထမ်းတစ်ဦးက မိုဘိုင်းဖုန်းတွေရဲ့ ကင်မရာအရည်အသွေးကို စမ်းသပ်နေ
ဓာတ်ပုံ ပုံစာ, အိန္ဒိယက စမတ်ဖုန်းတင်သွင်းမှုကို လျှော့ချနိုင်ခဲ့ပေမဲ့ အစိတ်အပိုင်းတွေအတွက် တရုတ်နိုင်ငံကို အများကြီး မှီခိုနေရပါတယ်။

တစ်ဖက်မှာတော့ တရုတ်ဈေးကွက်ထဲ ဝင်ရောက်ခွင့် မရတာဟာ အိန္ဒိယကုမ္ပဏီတွေအတွက် အဓိကစိန်ခေါ်မှုတစ်ခုအဖြစ် ဆက်ရှိနေပါတယ်။

"အိန္ဒိယထုတ်ကုန်တွေဟာ တရုတ်နိုင်ငံမှာ အကောက်ခွန်နဲ့ အကောက်ခွန်မဟုတ်တဲ့ အတားအဆီး အမျိုးမျိုးကို ရင်ဆိုင်ရတာကြောင့် ပို့ကုန်ပမာဏတိုးချဲ့ဖို့ ခက်ခဲပါတယ်" လို့ လီက ပြောပါတယ်။

"အပြန်အလှန် ဈေးကွက်ဝင်ရောက်ခွင့်ရဖို့ အလေးအနက် တွန်းအားပေးမှုမရှိဘဲ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာနေမယ်ဆိုရင် နိုင်ငံရေးဆက်ဆံရေး တိုးတက်လာပေမဲ့ စီးပွားရေးမှီခိုမှုကတော့ အရင်အတိုင်းပဲ ရှိနေမယ့် အခြေအနေကို အိန္ဒိယ ရင်ဆိုင်ရနိုင်ပါတယ်။"

မလိုအပ်ဘဲ တင်သွင်းနေရတာကို လျှော့ချဖို့နဲ့ ပို့ကုန်စွမ်းဆောင်ရည် တိုးတက်အောင်လုပ်ဖို့ ရေရှည်ဖြေရှင်းချက်က ကုန်ထုတ်လုပ်မှုကို အားကောင်းအောင်လုပ်ဖို့ ဖြစ်တယ်လို့ ဆရီဗက်စတာဗာ က ပြောပါတယ်။

ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ကဏ္ဍအလိုက် စက်မှုမူဝါဒတွေနဲ့ အခြေခံစီးပွားရေးအခြေအနေတွေ ပိုမိုကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဈေးနှုန်းသင့်တင့်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ ချေးငွေ၊ ထိရောက်တဲ့ ကုန်စည်ပို့ဆောင်ရေးနဲ့ တည်ငြိမ်တဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ အိန္ဒိယက အားနည်းနေဆဲ နယ်ပယ်တွေ ဖြစ်ပါတယ်။

အိန္ဒိယက မကြာသေးခင်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းတွေကိုလည်း ဖြေလျှော့ပေးခဲ့တာကြောင့် အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့လိုတဲ့ တရုတ်ကုမ္ပဏီတွေအတွက် လမ်းပွင့်လာနိုင်ပါတယ်။

ဒါပေမဲ့ ဒီရင်းနှီးမြှုပ်နှံမှုတွေကိုလည်း သေသေချာချာ စိစစ်ဖို့ လိုအပ်မယ်လို့ သူက ထပ်ပြောပါတယ်။

"ဖြန့်ချိရေးကွန်ရက်တွေကိုပဲ တိုးချဲ့တာ ဒါမှမဟုတ် တရုတ်အစိတ်အပိုင်းတွေကို အသုံးပြုပြီး ထုတ်ကုန်တွေ တပ်ဆင်တာမျိုးသာ လုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ သွင်းကုန်တိုးလာစေပြီး မှီခိုမှုကို ပိုနက်ရှိုင်းစေနိုင်ပါတယ်။

ဒါကြောင့် ခွင့်ပြုချက်ပေးတဲ့အခါ နည်းပညာလွှဲပြောင်းမှု၊ ပြည်တွင်းတန်ဖိုးဖြည့်တင်းမှု၊ ပြည်တွင်းအစိတ်အပိုင်း ထုတ်လုပ်မှုနဲ့ အိန္ဒိယကနေ ပို့ကုန်တင်ပို့မှုတွေကို ဦးစားပေးသင့်ပါတယ်။"

ပိုမိုလက်တွေ့ကျတဲ့ အစီအမံအနေနဲ့ အိန္ဒိယဟာ ကုန်သွယ်ရေးမညီမျှမှုကို လျှော့ချဖို့ ကဏ္ဍအလိုက် တရုတ်နိုင်ငံဆီ ပို့ကုန်တိုးမြှင့်ရေးကို အာရုံစိုက်နိုင်တယ်လို့ လီက ပြောပါတယ်။

တရုတ်နိုင်ငံမှာ လူဦးရေ အိုမင်းလာပြီး ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ဆေးဝါးကဏ္ဍလို နယ်ပယ်တွေဟာ သင့်လျော်တဲ့ ရွေးချယ်စရာ ဖြစ်နိုင်ပါတယ်။

"ဒါပေမဲ့ ဒေါ်လာ ၁၁၂ ဘီလီယံရှိတဲ့ ကုန်သွယ်ရေးလိုငွေကို အထူးသီးသန့် ပို့ကုန်ကဏ္ဍလေးတွေ ရှာဖွေခြင်းတစ်ခုတည်းနဲ့ လျှော့ချနိုင်မှာ မဟုတ်ပါဘူး" လို့ သူက ထပ်ပြောပါတယ်။

"အဓိကမေးခွန်းကတော့ ဆက်ဆံရေး ပိုမိုကျယ်ပြန့်စွာ ပုံမှန်ပြန်ဖြစ်လာရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ဈေးကွက်ဝင်ရောက်ခွင့်နဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က လိုက်လျောမှုတွေပေးဖို့ အဆင်သင့်ရှိသလား၊ ဆန္ဒရှိသလားဆိုတာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ဒီကိစ္စကို ဆွေးနွေးလာအောင် ဖိအားပေးနိုင်ဖို့ အိန္ဒိယက ကိုယ်ပိုင်အားသာချက်တစ်ရပ် ရှာဖွေရမှာ ဖြစ်ပါတယ်။"