တိုက်ရိုက်ထုတ်လွှင့်မှု , မြန်မာစစ်တပ်အရာရှိ ၅ ဦးကို ဗြိတိန် ဒဏ်ခတ်အရေးယူ၊ ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုက်အဝန်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ တရားမျှတမှုရရှိရေး ပေါင် ၈ သန်းကူညီမယ်

မြန်မာအပေါ် ICJ စီရင်ချက်ကို ဗြိတိန်ကအသိအမှတ်ပြုပြီး မြန်မာစစ်တပ်အရာရှိ ၅ ဦးကိုလည်း ဒဏ်ခတ်အရေးယူတယ်လို့ကြေညာတဲ့သတင်းအပါအဝင် ဒီကနေ့ မြန်မာနဲ့ ကမ္ဘာထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ICJ စီရင်ချက်အပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဗြိတိန်က တရားဝင်အသိအမှတ်ပြုပြီး မြန်မာစစ်တပ်အရာရှိ ငါးဦးကို ဒဏ်ခတ်ပိတ်ဆို့။
  • စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနိုင်တဲ့ လေကြောင်းလောင်စာ တင်ပို့မှုနဲ့ ထောက်ပံ့မှုတွေကို တားမြစ်နိုင်ဖို့ ဥပဒေပြုမယ်လို့ ဗြိတိန်ပြော။
  • ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှုအကူအညီ၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုဆိုင်ရာအပါ စုစုပေါင်း ပေါင် ၈ သန်း ထောက်ပံ့။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာစစ်တပ်အရာရှိ ၅ ဦးကို ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့, ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုက်အဝန်းအတွက် ပေါင် ၅ သန်း ကူညီမယ်

    ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်အစိုးရက အသိအမှတ်ပြုပြီး တဆက်တည်းမှာပဲ မြန်မာစစ်တပ်အရာရှိ ငါးဦးကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း နိုဝင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။

    ဒီကြေညာချက်ဟာ နိုဝင်ဘာ ၁၉ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် ဗြိတိန်အစိုးရက ထပ်မံကြေညာတဲ့ အရေးယူမှုတွေဖြစ်ပါတယ်။

    ပိတ်ဆို့အရေးယူခံရသူတွေထဲမှာ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ် မြတ်သက်ဦး၊ ဗိုလ်ချုပ် ကျော်စိုးနဲ့ ဗိုလ်ချုပ် ကျော်စွာဦးတို့ ပါဝင်ပါတယ်။

    သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တာနဲ့ ကုမ္ပဏီဒါရိုက်တာအဖြစ် တာဝန်ယူခွင့် ပိတ်ပင်တာတွေ ချမှတ်ထားတယ်လို့ ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ဟာ ချင်းပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ရက်စက်ကြမ်းကြုတ်စွာဆက်ဆံတာနဲ့ ဆက်စပ်ပြီး အရေးယူတာလို့ဆိုပါတယ်။

    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကိုတော့ အရပ်သားပြည်သူတွေကို ဖိနှိပ်မှုနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယဖြစ်ဖွယ် အကြောင်းရင်းရှိတာကြောင့် အရေးယူတာလို့ ဆိုပါတယ်။

    အရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် မြတ်သက်ဦးဟာလည်း စစ်တပ်မှာ အကြီးတန်းရာထူးတွေ တာဝန်ယူခဲ့ချိန်က အရပ်သားပြည်သူတွေကို ဖိနှိပ်မှုမှာ စစ်တပ်ကို အထောက်အကူပြုခဲ့တယ်လို့ ဗြိတိန်က သတ်မှတ်ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်မှာ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

    ၂၀၂၆ ခုနှစ် ဇွန်လမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်ချုပ် ကျော်စိုးကိုတော့ ရခိုင်ပြည်နယ်အတွင်း လူနေထူထပ်တဲ့ နေရာတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အရပ်သားပြည်သူတွေကို ဖိနှိပ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ဗြိတိန်က သတ်မှတ်ပါတယ်။ အရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် ကျော်စွာဦးကိုတော့ မြောက်ဦးပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်မှုမှာ တာဝန်ရှိတယ်လို့ သံသယဖြစ်ဖွယ် အကြောင်းရင်းရှိတာကြောင့် အရေးယူတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။အဲဒီတိုက်ခိုက်မှုမှာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

    အခု အရေးယူခံရသူ စစ်တပ်အရာရှိ ၅ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တာနဲ့ ကုမ္ပဏီဒါရိုက်တာအဖြစ် တာဝန်ယူခွင့် ပိတ်ပင်တာတွေ ချမှတ်ထားတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့တာနဲ့ ထောက်ပံ့တာတွေကို ပစ်မှတ်ထားတဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့လည်း ဗြိတိန်အစိုးရက စီစဉ်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်း
    ဓာတ်ပုံ ပုံစာ, ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်း

    ဗြိတိန်အစိုးရဟာ ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုင်းအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှုအကူအညီ ပေါင် ၅ သန်းနဲ့ မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ တရားမျှတမှုရရှိရေးအတွက် ပေါင် ၃ သန်း စုစုပေါင်း ပေါင် ၈ သန်းအထိ ထပ်မံထောက်ပံ့သွားမယ်လို့လည်း ကြေညာပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမှုအသိုက်အဝန်းထဲက လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူ ၃ သိန်းခွဲ အတွက် ပေါင် ၅ သန်း ထပ်မံထောက်ပံ့မယ်လို့ ဆိုပါတယ်။အဲဒီအကူအညီကို အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ကာကွယ်ပေးရေး၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ထောက်ပံ့ရေး၊ အာဟာရချို့တဲ့တဲ့ ကလေးငယ်တွေကို ကုသပေးရေးတို့မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထိခိုက်ခံခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှုရရှိရေး၊ ချိုးဖောက်မှုဆိုင်ရာ သက်သေတွေ စုဆောင်းမှတ်တမ်းတင်ရေးတို့အတွက် ပေါင် ၃ သန်း ထပ်မံပံ့ပိုးသွားမယ်လို့ဆိုပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းကတော့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို အရေးယူမှုမရှိဘဲ ထားလို့မရကြောင်းနဲ့ ICJ ရဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်နောက်ပိုင်း ဗြိတိန်အနေနဲ့ အရေးယူဆောင်ရွက်နေကြောင်း ပြောပါတယ်။

    ဗြိတိန်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နဲ့ ဆက်နွှယ်သူတွေကို ပိတ်ဆို့အရေးယူမှု ၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး လူပုဂ္ဂိုလ် ၄၂ ဦးနဲ့ အဖွဲ့အစည်း ၃၉ ခုကို အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒီမတိုင်ခင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာတရားရုံး (ICJ) က စီရင်ချက်ချပြီးတဲ့နောက် မြန်မာစစ်သံမှူးကို ဗြိတိန်နိုင်ငံကနေ နှင်ထုတ်ဖို့ အမိန့်ပေးလိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက နိုဝင်ဘာ ၁၉ ရက်မှာ ကြေညာပါတယ်။

    ICJ စီရင်ချက်အပေါ် ချက်ချင်းတုံ့ပြန်တဲ့အနေနဲ့ အခုလို ဆောင်ရွက်တာဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူဖို့လည်း ဗြိတိန်က တောင်းဆိုထားပါတယ်။

    ဒါ့အပြင် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ယာယီတာဝန်ခံ (Chargé d’Affaires) ကိုလည်း ဆင့်ခေါ်ပြီး ICJ စီရင်ချက်နဲ့ပတ်သက်တဲ့ ဗြိတိန်ရဲ့ ရပ်တည်ချက်ကို ပြောကြားမယ်လို့ မစ္စတာမီလီဘန်းက ဆိုပါတယ်။

    မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး ဗြိတိန်က ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောထားပါတယ်။

  2. မင်္ဂလာပါ။ ၂၀၂၆ နိုဝင်ဘာ ၂၄ ရက် ဘီဘီစီရဲ့ ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေလို့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။