အိန္ဒိယရဲ့ နိုင်ငံရေးဇာတ်ကောင်သစ် - ပိုးဟပ်

နိုင်ငံရေးသတင်းစာရှင်းလင်းပွဲပုံစံ ဖန်တီးထားသော မြင်ကွင်းတစ်ခုမှာ ပိုးဟပ်ခေါင်းနဲ့ လူပုံစံဇာတ်ကောင်တစ်ဦးက အနက်ရောင်ဝတ်စုံဝတ်ဆင်ကာ မိုက်ခရိုဖုန်းတွေတပ်ဆင်ထားတဲ့ စင်မြင့်ပေါ်မှာ ရပ်နေပါတယ်။ စင်မြင့်နဲ့ နောက်ခံမှာ “Cockroach Janta Party” ဆိုတဲ့ စာသားနဲ့ အတူ လိမ္မော်၊ အဖြူ၊ အစိမ်းရောင်တွေနဲ့ ဒီဇိုင်းဆွဲထားတဲ့ ပိုးဟပ်အမှတ်တံဆိပ်ကို ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screengrab from Cockroach Janta Party's website

ဓာတ်ပုံ ပုံစာ, CJP (ပိုးဟပ်ပြည်သူ့ပါတီ) ဟာ နိုင်ငံရေးကို လေးလေးနက်နက်မဟုတ်တဲ့၊ စည်းကမ်း မတင်းကျပ်တဲ့ သရော်ဟန်ပုံစံနဲ့ ချဉ်းကပ်လာပါတယ်။
    • ရေးသားသူ, ဇိုယာမာတိန်
    • ရေးသားပေးပို့သည့်နေရာ, ဒေလီသတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

အိန္ဒိယနိုင်ငံရေးလောကမှာ ထူးခြားတဲ့ လာဘ်ကောင် သင်္ကေတသစ်တစ်ခု ထွက်ပေါ်လာပါတယ်၊ အဲဒါကတော့ ပိုးဟပ်ပါ။

ဒါက အိန္ဒိယရဲ့ လက်ရှိအာဏာရပါတီဖြစ်တဲ့ ဘီဂျေပီပါတီ (Bharatiya Janata Party - BJP) ရဲ့ ကြာပန်းတံဆိပ် မဟုတ်သလို အတိုက်အခံ ကွန်ဂရက်ပါတီရဲ့ လက်ဝါးပုံတံဆိပ်လည်း မဟုတ်ပါဘူး။

ဒါပေမဲ့ ခေါင်းမာတယ်၊ ရွံရှာခံရတယ်၊ ဖျက်ဆီးရခက်တယ်လို့ ယူဆကြတဲ့ 'ပိုးဟပ်' သင်္ကေတဖြစ်ပါတယ်။ လတ်တလောကာလမှာ ထင်မှတ်မထားဘဲ ဒီပိုးဟပ်ဟာ အွန်လိုင်းပေါ်က အိန္ဒိယလူငယ်တွေအတွက် သူတို့ဘဝနဲ့ ဆက်စပ်လို့ရနိုင်တဲ့ နိုင်ငံရေးပြယုဂ်တစ်ခု ဖြစ်လာနေပါတယ်။

ဒီပိုးဟပ်ဟာ အိန္ဒိယရဲ့ တရားသူကြီးချုပ် ဆူရီယာခန့် ရဲ့ အငြင်းပွားဖွယ်မှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်မှာ လူအများအာရုံစိုက်မှုရလာခဲ့တာပါ။

တရားရုံးကြားနာမှုတစ်ခုအတွင်း သူက သတင်းစာပညာနဲ့ တက်ကြွလှုပ်ရှားမှုဘက်ကို ဦးတည်သွားနေကြတဲ့ အလုပ်လက်မဲ့ လူငယ်တွေကို ပိုးဟပ်တွေ၊ ကပ်ပါးကောင်တွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ သူက ဒီမှတ်ချက်ဟာ အိန္ဒိယလူငယ်အားလုံးကို မရည်ညွှန်းဘဲ "အလိမ်အညာ ဘွဲ့လက်မှတ်အတု ကိုင်ဆောင်ထားသူတွေ" ကိုသာ ရည်ညွှန်းပြောဆိုတာဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒီမှတ်ချက်တွေဟာ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး ဒေါသနဲ့တုံ့ပြန်မှုတွေ၊ လှောင်ပြောင်မှု မီးမ် (meme) တွေနဲ့အတူ "Cockroach Janta Party" (ပိုးဟပ်ပြည်သူ့ပါတီ) - CJP လို့ခေါ်တဲ့ ဟာသဆန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါဟာ CJP ဟာ တရားဝင်နိုင်ငံရေးပါတီတစ်ခုတော့ မဟုတ်ဘဲ "သရော်စာဆန်ဆန် အွန်လိုင်းအုပ်စု"တစ်ခုသာဖြစ်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ သတ်မှတ်ချက်တွေထဲမှာအလုပ်လက်မဲ့ဖြစ်ရမယ်၊ ပျင်းရိရမယ်၊ အွန်လိုင်းပေါ်အမြဲရှိနေသူဖြစ်ရမယ်၊ "ပရော်ဖက်ရှင်နယ်ကျကျ စောဒကတက် ပြောဆိုနိုင်စွမ်းရှိရမယ်" ဆိုတဲ့ ဟာသဆန်တဲ့ စည်းကမ်းချက်တွေပါဝင်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီအဖွဲ့ကို အဘီဂျိ ဒစ်ပ်ကေး က စတင်ဖန်တီးခဲ့တာဖြစ်ပြီး သူဟာ နိုင်ငံရေးဆက်သွယ်ရေး မဟာဗျူဟာပညာရှင်တစ်ယောက်ဖြစ်သလို ဘော်စတွန် တက္ကသိုလ်က ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ သူက ဒီစိတ်ကူးဟာ ဟာသအနေနဲ့ စတင်ခဲ့တာလို့ ပြောပါတယ်။

အမေရိကန်ကို မပြောင်းရွှေ့ခင်မှာတော့ သူဟာ Aam Aadmi Party (AAP) ပါတီနဲ့ အလုပ်လုပ်ခဲ့ဖူးပါတယ်။ AAP ဟာ အဂတိလိုက်စားမှုဆန့်ကျင်ရေး လှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး ဆိုရှယ်မီဒီယာအသုံးပြုမှု အားကောင်းတာကြောင့်လည်း လူသိများပါတယ်။

"ကျွန်တော်တို့အားလုံး စုစည်းပြီး ပလက်ဖောင်းတစ်ခုလောက် စလုပ်ရင် ကောင်းမလားလို့ တွေးခဲ့တာပါ" လို့ သူက ဘီဘီစီ မရသီဌာန ကို ပြောပါတယ်။

နောက်ဆက်တွဲကတော့ သူမျှော်မှန်းထားတာထက် အများကြီး ပိုကြီးမားသွားခဲ့ပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ CJP ဟာ ဂူးဂဲလ်ဖောင်ဖြည့်ပြီး အဖွဲ့ဝင်စာရင်းပေးသွင်းသူ သောင်းနဲ့ချီ ရရှိခဲ့ပြီး #MainBhiCockroach ("ကျွန်တော်လည်း ပိုးဟပ်ပဲ") ဆိုတဲ့ hashtag လည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါ့အပြင် အတိုက်အခံခေါင်းဆောင်တချို့ရဲ့ ထောက်ခံမှုကိုလည်း ရရှိခဲ့ပါတယ်။

ဒီလှုပ်ရှားမှုဟာ အွန်လိုင်းကနေ အပြင်လောကထဲအထိ ပျံ့နှံ့သွားခဲ့ပြီး လူငယ် စေတနာ့ဝန်ထမ်းတွေဟာ သန့်ရှင်းရေးလှုပ်ရှားမှုတွေနဲ့ ဆန္ဒပြပွဲတွေမှာ ပိုးဟပ်ဝတ်စုံတွေ ဝတ်ဆင်ပြီး ပါဝင်လာခဲ့ကြပါတယ်။ ဒါဟာ သူတို့အပေါ် တပ်ထားတဲ့ အမှတ်တံဆိပ်ကို ဟာသဆန်ဆန်နဲ့ လက်ခံအသုံးချတဲ့ ပုံစံတစ်မျိုးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ CJP ရဲ့ အင်စတာဂရမ် အကောင့်ဟာ ဖော်လိုဝါ ၁၀ သန်းကျော်သွားခဲ့ပြီး ဖော်လိုဝါ ၈.၇ သန်းခန့်ရှိတဲ့ Bharatiya Janata Party (BJP) ရဲ့ တရားဝင်အကောင့်ကိုတောင် ကျော်တက်သွားခဲ့ပါတယ်။ BJP ကို အဖွဲ့ဝင်အရေအတွက်အရ ကမ္ဘာ့အကြီးဆုံး နိုင်ငံရေးပါတီအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလေ့ရှိပါတယ်။

ဒါပေမဲ့ ဖော်လိုဝါ ၂ သိန်းကျော်ရှိတဲ့ CJP ရဲ့ X မီဒီယာအကောင့်ကိုတော့ လက်ရှိမှာ အိန္ဒိယ အတွင်း ကြည့်ရှုလို့မရတော့ဘဲ ဝင်ကြည့်သူတွေကို "ဥပဒေဆိုင်ရာ တောင်းဆိုမှုတစ်ခုကြောင့် ပိတ်ထားသည်" ဆိုတဲ့ စာကိုသာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုရဲ့ အရှိန်အဟုန်ကတော့ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။

လိမ္မော်ရောင်၊ အဖြူရောင်နဲ့ အစိမ်းရောင်တို့ပါဝင်တဲ့ စက်ဝိုင်းပုံ တံဆိပ်အဝိုင်းထဲမှာ မျက်မှန်အမည်း တပ်ဆင်ထားတဲ့ ပိုးဟပ်တစ်ကောင်က မိုက်ခရိုဖုန်းပါတဲ့ စင်မြင့်နောက်ကွယ်မှာ ရပ်နေတဲ့ပုံစံ ဖြစ်ပါတယ်။ အဲဒီတံဆိပ်ရဲ့ အောက်မှာတော့ "Cockroach Janta Party" လို့ စာသားအထူနဲ့ ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screengrab from Cockroach Janta Party's website

ဓာတ်ပုံ ပုံစာ, ဒီပါတီမှာ အဖွဲ့ဝင်အဖြစ်လျှောက်ထားဖို့ ဂူဂဲလ်ဖောင်ပါတဲ့ ဝက်ဘ်ဆိုက်တစ်ခုလည်း ရှိပါတယ်။

ထောက်ခံသူတွေအတွက်တော့ ဒီလှုပ်ရှားမှုဟာ လွန်လွန်ကဲကဲ ထိန်းချုပ်ခံထားရပြီး မတူကွဲပြားတဲ့အမြင်တွေကို လက်မခံဘူးလို့ လူအများက မြင်ကြတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ခုထဲမှာ "လတ်ဆတ်တဲ့လေကိုရှူရသလို" ဖြစ်ကြရတယ်လို့ ထောက်ခံသူတစ်ဦးက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ထောက်ခံသူတွေထဲမှာ အတိုက်အခံနိုင်ငံရေးသမားတွေဖြစ်တဲ့ မဟူအာမွိုက်ထရာ၊ ကီရ်တီအာဇတ်တို့အပြင် ဝါရင့်ရှေ့နေ ပရာရှန့်ဘူရှန်လည်း ပါဝင်ပါတယ်။

တစ်ဖက်မှာတော့ ဝေဖန်သူတွေက ဒီလှုပ်ရှားမှုကို အတိုက်အခံနဲ့ ဆက်နွယ်နေတဲ့''အွန်လိုင်းနိုင်ငံရေးပြဇာတ်"တစ်ခုသာဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ သူတို့က ဒစ်ပ်ကေး ဟာ အရင်က Aam Aadmi Party (AAP) နဲ့ ဆက်စပ်ခဲ့ဖူးတာကို ထောက်ပြပြီး ဒီအရာဟာ "အလိုအလျောက်ပေါ်ပေါက်လာတဲ့ တော်လှန်ပုန်ကန်မှု" ထက် စနစ်တကျပြင်ဆင်ထားတဲ့ ဒစ်ဂျစ်တယ်နိုင်ငံရေးသာဖြစ်တယ်လို့ ပြောကြပါတယ်။

လတ်တလောတုံ့ပြန်ကြတာတွေအပြင် ဒီလှုပ်ရှားမှုဟာ အွန်လိုင်းပေါ်မှာ နိုင်ငံရေးအကြောင်းအရာတွေကို အမြဲထိတွေ့နေရပေမဲ့ အဲဒီနိုင်ငံရေးထဲမှာ သူတို့ကိုယ်တိုင် ကိုယ်စားပြုခံရတယ်လို့ မခံစားရတဲ့ အိန္ဒိယလူငယ်အများစုရဲ့ "လူငယ်မျိုးဆက်တစ်ခုလုံးရဲ့ ငြီးငွေ့မှု"ကို ဖော်ပြတဲ့ သင်္ကေတတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူငယ်အများဆုံးရှိတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၁.၄ ဘီလျံအနက် ထက်ဝက်ခန့်က အသက် ၃၀ အောက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်နိုင်ငံရေးမှာ ပါဝင်မှုကတော့ သူတို့အတွက် အကန့်အသတ်ရှိနေဆဲ ဖြစ်ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အိန္ဒိယလူငယ်တွေထဲက ၂၉ ရာခိုင်နှုန်းဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကို လုံးဝရှောင်ကြဥ်ကြပြီး နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်နေသူကတော့ ၁၁ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပါတယ်။

"လူတွေက သူတို့ရဲ့အသံတွေကို နားထောင်ခံရတယ်၊ ကိုယ်စားပြုခံရတယ်လို့ မခံစားရတဲ့အတွက် စိတ်ပျက်နေကြတာပါ" လို့ ဒစ်ပ်ကေးက ပြောပါတယ်။

တောင်အာရှဒေသတစ်ဝန်းမှာလည်း မကြာသေးခင်နှစ်တွေအတွင်း လူငယ်ဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှုလှိုင်းတွေ ပေါ်ပေါက်ခဲ့ပြီး သိရိလင်္ကာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို လှုပ်ခတ်စေခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အနာဂတ်မရေရာမှုတွေအပေါ် ဒေါသထွက်မှုကနေ အဓိက ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ လက်ရှိအချိန်ထိ အဲဒီလိုအဆင့်မျိုး လူထုဆန္ဒပြလှုပ်ရှားမှုကြီးတွေ မဖြစ်ပေါ်သေးပေမဲ့ အခြေခံကျတဲ့ ဖိအားတွေကတော့ ဆင်တူနေပါတယ်။

လျင်မြန်စွာ ကြီးထွားနေတဲ့ စီးပွားရေးဟာလည်း အလုပ်အကိုင်နဲ့ တန်းတူညီမျှမှုမရှိတဲ့အပေါ် စိုးရိမ်မှုတွေ၊ ဒါမှမဟုတ် နေထိုင်ရပ်တည်ဖို့ ကုန်ကျစရိတ်မြင့်တက်မှုဒဏ်တွေအပေါ် လျော့ပါးသက်သာစေတာ မရှိသေးပါဘူး။

လူကြီးဘဝထဲ ဝင်ရောက်လာတဲ့ လူငယ်အများစုအတွက်တော့ ပညာရေးဟာ တည်ငြိမ်တဲ့အနာဂတ်ကို အာမခံမပေးနိုင်တော့သလို လူမှုစီးပွားရေးအဆင့်တက်နိုင်မယ်ဆိုတဲ့ ကတိကဝတ်တွေကလည်း မရေမရာဖြစ်လာနေတယ်လို့ ခံစားနေကြရပါတယ်။

ဒစ်ပ်ကေး ကတော့ နီပေါ ဒါမှမဟုတ် သိရိလင်္ကာ က နိုင်ငံရေးအုံကြွမှုတွေနဲ့ နှိုင်းယှဉ်တာကို လက်မခံဘဲ အိန္ဒိယရဲ့ အခြေအနေက မတူဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လူငယ်တွေကြားက စိတ်ပျက်မှုနဲ့ ဖိအားတွေကတော့ အမှန်တကယ်ရှိနေဆဲဖြစ်ပြီး အဲဒါတွေကို ပိုပြီး ကွဲပြားပြီး အွန်လိုင်းအခြေပြု ပုံစံတွေနဲ့ ဖော်ပြနေကြတာလို့ သူက ဆိုပါတယ်။

"ဂျန်ဇီ (Gen Z)လူငယ်တွေက အစဥ်အလာနိုင်ငံရေးပါတီတွေကို စိတ်ပျက်လက်လျှော့သွားကြပြီး သူတို့နားလည်တဲ့ ဘာသာစကားနဲ့ ကိုယ်ပိုင် နိုင်ငံရေးမျက်နှာစာတစ်ခု ဖန်တီးချင်နေကြတာပါ" လို့ သူက ပြောပါတယ်။

CJP ရဲ့ ဝက်ဘ်ဆိုက်ကိုကြည့်ရင်လည်း ဒါကို တွေ့နိုင်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်ဟာ နိုင်ငံရေး ပါတီတခုရဲ့ ပါတီကြေညာစာတမ်းတစ်ခုထက်ပိုပြီး အင်တာနက်ယဥ်ကျေးမှုထဲက ပေါက်ဖွားလာတဲ့ အရာတစ်ခုလို ပိုခံစားရစေပါတယ်။

သူတို့က ကိုယ့်အဖွဲ့ကို "ပျင်းတဲ့သူတွေနဲ့ အလုပ်လက်မဲ့တွေရဲ့အသံ" လို့ ဖော်ပြထားပြီး "စပွန်ဆာလုံးဝမရှိ" သလို "ခေါင်းမာတဲ့ အုပ်စုတစ်စု''လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် "အရာအားလုံး အဆင်ပြေနေသလို ဟန်ဆောင်ရတာကို စိတ်ကုန်နေတဲ့သူတွေ" ကို ဒီလှုပ်ရှားမှုထဲ ဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဝက်ဘ်ဆိုက်ထဲမှာ "တမင်ဟာသလုပ်ထားတဲ့ လျှောက်လွှာပုံစံတွေ"တွေ၊ ရည်ရွယ်ချက်ရှိရှိ "မသေသပ်တဲ့ပုံစံလို တမင်ဖန်တီးထားတဲ့" ဒီဇိုင်းပုံစံတွေနဲ့ အဖွဲ့အစည်းကြီးတစ်ခုထက်စာရင် အချင်းချင်း နောက်ပြောင်တဲ့ပုံစံနဲ့ ပုံဖော်ထားမျိုးကိုလည်း တွေ့နိုင်ပါတယ်။

Cockroach Janta Party ပါတီကို တည်ထောင်သူ အဘီဂျိ ဒစ်ပ်ကေးက ဂျာကင်အမည်းရောင်နဲ့ တီရှပ်အမည်းရောင်ကို ဝတ်ဆင်ထားပါတယ်။ သူရဲ့ ဆံပင်တွေဟာ ဖရိုဖရဲ ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Abhijeet Dipke/X

ဓာတ်ပုံ ပုံစာ, CJP အဖွဲ့ကို အသက် ၃၀ အရွယ်ရှိ ဘော်စတန်မြို့မှာ ပညာသင်ကြားနေတဲ့အဘ်ဟိဂျိတ်ဒစ်ပ်ကေး ကစတင်တည်ထောင်ခဲ့ပါတယ်။

ဒါပေမဲ့ ဟာသပုံစံအောက်ကနေပဲ နိုင်ငံရေးတောင်းဆိုချက်တွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့ တာဝန်ခံမှု၊ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုနဲ့ အမျိုးသမီးတွေ ပါဝင်ခွင့် ပိုမိုရရှိရေးတို့ ဖြစ်ပါတယ်။ ဒီအချက်တွေကတော့ အွန်လိုင်းပေါ်မှာ သတင်းဆိုးတွေဖတ်ရင်း အချိန်ကုန်နေတာ၊ အလုပ်လက်မဲ့ဖြစ်တာနဲ့ နိုင်ငံရေးအပေါ် စိတ်ကုန်နေတာတွေအပေါ် ကိုယ့်ကိုယ်ကိုယ် သရော်တဲ့ ဟာသတွေနဲ့အတူ ယှဥ်တွဲပြီး ရှိနေပါတယ်။

ဒီအဖွဲ့ရဲ့ လေသံဟာ သရော်မှုနဲ့ အမှန်တရားကြားက နေရာတစ်ခုမှာ ရှိနေပြီး ဒါကပဲ သူတို့ရဲ့ ဆွဲဆောင်မှု ဖြစ်နေပါတယ်။ ဒီဟာသတွေ လူတွေဆီ ပျံ့နှံ့ရောက်ရှိတယ်ဆိုတာကလည်း လူတွေရဲ့ ရင်ထဲမှာ ဒီစိတ်ပျက်မှုတွေဟာ ရင်းနှီးနေတဲ့အရာတွေ ဖြစ်နေလို့ပါ။ အဲဒီစိတ်ပျက်မှုတွေက အလုပ်အကိုင်အခွင့်အလမ်း၊ မညီမျှမှု၊ အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံရေးက ဖယ်ကြဥ်ခံရမှုတို့ ဖြစ်ပါတယ်။

လူအများကတော့ ပိုးဟပ်ကို လာဘ်ကောင်အဖြစ် ရွေးချယ်တာကိုယ်နှိုက်က အဓိပ္ပာယ်ရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ပိုးဟပ် (cockroach) ဆိုတာ သူရဲကောင်းဆန်တာမျိုး၊ မျှော်မှန်းစရာကောင်းတာမျိုးမဟုတ်ဘဲ ပိုပြီးအခြေခံကျတဲ့အရာကို ကိုယ်စားပြုပါတယ်။ ခံနိုင်ရည်ရှိမှု၊ အခြေအနေဆိုးတွေထဲမှာလည်း လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်မှုနဲ့ မျှော်လင့်ချက်အနည်းဆုံးနဲ့တောင် အသက်ရှင်ကျန်ရစ်နိုင်တဲ့စွမ်းရည်တို့ပါ။ ဟာသနဲ့ နိုင်ငံရေးကို အရောအနှောလုပ်ထားတဲ့ ဒီလိုပုံစံကလည်း အသစ်အဆန်းတော့ မဟုတ်ပါဘူး။

အီတလီမှာဆိုရင် ကြယ်ငါးပွင့်လှုပ်ရှားမှုကို လုပ်ရာမှာ ဟာသကို နိုင်ငံရေးအင်အားအဖြစ် ပြောင်းလဲအသုံးချခဲ့တဲ့ အီတလီနိုင်ငံသား လူရွှင်တော် ဘက်ပဲလ် ဂရီးလိုရဲ့အခန်းကဏ္ဍကို လူတွေ ပြောကြပါတယ်။ ယူကရိန်းမှာလည်း ဟာသသရုပ်ဆောင် ဗလာဒီမီယာ ဇလန်းစကီးဟာ တီဗီဇာတ်လမ်းထဲမှာ သမ္မတအဖြစ် သရုပ်ဆောင်ခဲ့ရာကနေ တကယ့်နိုင်ငံရေးခေါင်းဆောင်အဖြစ် တက်လာခဲ့တာက စိတ်ဝင်စားစရာ ပြောင်းလဲမှုတစ်ခုပါ။

အမေရိကန်မှာတော့ ဒေါ်နယ်ထရမ့်သမ္မတဖြစ်ချိန်မှာ တကယ့်နိုင်ငံရေးအခြေအနေက မကြာခဏဆိုသလို သရော်စာနဲ့ တူလာလို့ သရော်စာတွေတောင် သရော်စာမဖြစ်တော့တဲ့အခြေအနေမျိုး စဖြစ်နေပြီဆိုတဲ့ ပြောဆိုမှုတွေကို ထပ်တလဲလဲ ဖြစ်ပေါ်စေခဲ့ပါတယ်။

အိန္ဒိယရဲ့ပုံစံကတော့ ပိုပြီး အွန်လိုင်းပေါ်က သရော်မှုပိုဆန်ပါတယ်။ မီးမ် meme တွေကို အခြေခံပြီး hashtag တွေ၊ ခြေကုန်လက်ပန်းကျတာတွေ နဲ့ ခနဲ့တဲ့တဲ့ စိတ်ပျက်အားငယ်တာတွေကနေ ပေါ်ပေါက်လာတဲ့ ပိုးမွှားသဏ္ဌာန်ပြု လှုပ်ရှားမှုတစ်ခု ဖြစ်လာပါတယ်။

စစချင်းအမြင်မှာ ထူးဆန်းသလို ထင်ရပေမဲ့ အိန္ဒိယနိုင်ငံရေးအခြေအနေထဲမှာတော့ လုံးဝမအံ့ဩရမယ့်အရာတော့ မဟုတ်ပါဘူး။

နိုင်ငံရေးသမားတွေကိုယ်တိုင်ကလည်း ပြကွက်ဆန်မှုရဲ့ စွမ်းအားကို ကြာရှည်အသုံးချလာခဲ့ကြပြီး၊ ဟိမဝန္တာတောင်တန်းတွေမှာ တရားထိုင်ပြသတာကနေ အမတ်တွေကို ဘတ်စ်ကားတွေနဲ့ ခေါ်ဆောင်သွားပြီး ဒါမှမဟုတ် ဟိုတယ်တွေထဲမှာ ပုန်းအောင်းခိုင်းပြီးနောက် ပါတီပြောင်းခိုင်းတာတွေထိ ပါဝင်ပါတယ်။

အွန်လိုင်းကမ်ပိန်းတွေကတော့ လူတွေဆီက အာရုံစိုက်မှု အများဆုံး ရနိုင်အောင် အထူးတလည် စီစဉ်ထားတဲ့ လူထုကြားရောက်လွယ်တဲ့ ဗီဒီယိုတွေ၊ မှတ်မိလွယ်တဲ့ ဆောင်ပုဒ်တွေပေါ်မှာပဲ အမှီပြုကြပါတယ်။

ဒီလိုနောက်ခံအခြေအနေတွေကိုကြည့်ရင် ပိုးမွှားကို အခြေခံယူထားတဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုဟာ ထူးဆန်းစွာ ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုလိုတောင် ဖြစ်နေပါတယ်။

အဲဒါကလည်း ဒီလှုပ်ရှားမှုက ဘာကြောင့်မြန်မြန် ပျံ့နှံ့သွားရသလဲဆိုတာ ရှင်းပြရာမှာ အထောက်အကူဖြစ်စေပါတယ်။ အဓိကကတော့ အိန္ဒိယလူငယ်တွေက နောက်ထပ်နိုင်ငံရေးပါတီတစ်ခုကို လိုချင်နေတာမဟုတ်ဘဲ သူတို့ရဲ့ မကျေနပ်မှုတွေကို ဖော်ပြနိုင်မယ့် ဘာသာစကား တစ်ခုကို ရှာဖွေနေတာကြောင့်ပါ။

"CJP ကတော့ အစပဲလို့ ကျွန်တော်ထင်တယ်"လို့ ဒစ်ပ်ကေးက ပြောပါတယ်။ "လူငယ်တွေက လက်ရှိနိုင်ငံရေးစနစ်ကို စိတ်ပျက်နေကြပြီး နောက်ထပ်လူငယ်အဖွဲ့အစည်းတွေ ထပ်ပေါ်လာမယ်လို့ ယုံကြည်တယ်" လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီအပေါ် တချို့ကတော့ သံသယရှိကြပြီး CJP က သူမြန်မြန် ပေါ်လာသလိုပဲ မြန်မြန်ပဲ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် CJP ကတော့ အိန္ဒိယနိုင်ငံရေးလောကမှာ ထူးခြားတဲ့အရာတစ်ခုကိုတော့ လုပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ အချိန်ခဏတာအတွင်း သူတို့ရဲ့ တည်ရှိမှုကို လူတွေ သတိပြုမိကြတယ်လို့ လူငယ်တချို့ကို ခံစားမိစေတာပါ။

အရင်ခေတ်တွေမှာတော့ လူငယ်နိုင်ငံရေးအမျက်ဒေါသတွေကနေ မူဝါဒစာတမ်းကြေညာချက်တွေ ထွက်ပေါ်စေခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာတော့ အဲဒီအမျက်ဒေါသက တစ်ခါတရံ ပိုးမွှားလာဘ်ကောင်ကို အသုံးပြုတဲ့ မီးမ် meme ပါတီတွေ ထွက်ပေါ်လာစေပါတယ်။

(ဒီသတင်းကို ဘီဘီစီ မရသီဌာနနဲ့ ပူးပေါင်းရေးသားပါတယ်။)