စက်ဘီးစီးသင်ပြီး ဘဝသစ်ကို ထွေးပွေ့နိုင်သူတွေ

ဓာတ်ပုံ ရင်းမြစ်, P Sainath/PARI
- ရေးသားသူ, မူရယ်လီသရန် ကက်စီဝတ်ဝဏ္ဏသန်
- ရာထူးတာဝန်, အကြီးတန်း သတင်းထောက်၊ ဘီဘီစီ တမီလ်ဘာသာ
- ဖတ်ရန်အချိန်: မိနစ် ၆
"အိန္ဒိယက ၁၉၄၇ မှာ လွတ်လပ်တဲ့နိုင်ငံဖြစ်လာပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့လွတ်လပ်ရေးကို ကျွန်မ ရလိုက်တာကတော့ ၁၉၉၂ မှာပါ" လို့ အသက် ၅၅ နှစ် အရွယ် ဂျာရာချစ်သရာက ပြောပါတယ်။ အိန္ဒိယတောင်ပိုင်းက အစိုးရကျောင်း တစ်ကျောင်းမှာ သူက ကျောင်းအုပ်ဆရာမ အဖြစ် အလုပ်လုပ်ပါတယ်။
လွန်ခဲ့တဲ့ ၃၃ နှစ်က ခရိုင် အရာရှိတယောက်ဟာ အပြောင်းအလဲလေးပေမဲ့ အရေးပါတဲ့ အပြောင်းအလဲ တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါကတော့ အမျိုးသမီးတွေ စက်ဘီးစီးသင်ကြဖို့ အားပေးခဲ့တာဖြစ်ပြီး အဲဒီအချိန်က နိုင်ငံအနှံ့စာတတ်မြောက်ရေးလှုပ်ရှားမှုကြီးကို အားပေးတဲ့ အရန်လှုပ်ရှားမှု တစ်ခုပါ။ ဒါက ဂျာရာချစ်သရာရဲ့ဘဝကို ပြောင်းလဲ စေခဲ့ပါတယ်။
အိန္ဒိယရဲ့ တောနယ်ဘက်တွေမှာနေထိုင်ကြပြီး ရှေးရိုးစွဲ မိသားစု အသိုင်းအဝိုင်းက သိန်းနဲ့ချီတဲ့ အမျိုးသမီးတွေထဲ ဂျာရာချစ်သရာ တစ်ယောက်လည်း အပါအဝင်ဖြစ်ကာ သူတို့အများစုက အိမ်ထဲကနေ အိမ်ပြင်ထွက်တာ သိပ်ကို နည်းပါတယ်။ စက်ဘီးစီးလာကြတဲ့ အမျိုးသမီးတွေဟာ အိမ်ပြင်ထွက်လာကြတယ်၊ လွတ်လပ်လာကြပါတယ်။
၁၉၉၀ နှစ်တွေမှာ အဲဒီစက်ဘီးစီးသင်ခဲ့ကြတဲ့အမျိုးသမီးတချို့ဆိုရင် လခကောင်းတဲ့ရုံးအလုပ်တွေကို ရခဲ့ပြီး သူတို့ရဲ့အနာဂတ်နဲ့ သူတို့ရဲ့သားသမီးတွေ၊ မြေးတွေရဲ့ဘဝတွေကို ထုဆစ်ပုံဖော်နိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Arivoli Iyakkam
စွန့်ဦးတီထွင်မှု
အိန္ဒိယမှာ ၁၉၈၈က လူထုတွေကြား စာရေး စာဖတ် တတ်ဖို့၊ အခြေခံအခွင့်အရေးတွေကို သိမြင်လာဖို့ ရည်ရွယ်တဲ့အမျိုးသားစာတတ်မြောက်ရေး လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့တောင်ပိုင်းအစွန်းထိပ်မှာရှိပြီး ချန်နိုင်းမြို့ရဲ့ တောင်ဘက် ၃၈၀ ကီလိုမီတာ အဝေးမှာရှိတဲ့ ပူဒုကော့တိုင်ခရိုင်မှာတော့ အဲဒီလှုပ်ရှားမှုကို "ဉာဏ်အလင်းသစ် လှုပ်ရှားမှု" လို့ အသိများကြပါတယ်။
၁၉၉၁ သန်းခေါင်စာရင်းအရ အဲဒီခရိုင်က အမျိုးသမီး လူဦးရေ တစ်ဝက်နီးပါးလောက်ကပဲ စာရေး စာဖတ် တတ်ကြပါတယ်။ အဲဒီမှာ အမျိုးသမီး ၂၇၀,၀၀၀ က စာမတတ်ကြပါဘူး။
"စာတတ်မြောက်ရေး လှုပ်ရှားမှုအကြောင်း ဆွေးနွေးကြတော့ ဒီအစီအစဥ်ဟာ အမျိုးသမီးတွေအတွက် အထူးအကျိုးရှိမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်" လို့ ဉာဏ်အလင်းသစ် လှုပ်ရှားမှုမှာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူ တစ်ယောက်ဖြစ်တဲ့ ခန်နမ်မယ်က ပြောပြပါတယ်။
စာတတ်မြောက်ရေး လှုပ်ရှားမှုအနေနဲ့ စာသင်ကြားပေးနိုင်တဲ့ စေတနာဝန်ထမ်း အယောက် ၃၀,၀၀၀ လိုမယ်၊ နောက်ပြီး စာသင်ကြားပေးမှုကို အမျိုးသမီးတိုင်း လက်လှမ်းမီနိုင်ဖို့ စက်ဘီး အစီအစဥ်ကို ထည့်စဥ်းစားလာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Arivoli Iyakkam
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စာမတတ်တဲ့ အမျိုးသမီးကို စာသင်မယ့်သူဟာ အမျိုးသမီးပဲဖြစ်ရမယ်လို့ သူ့ရဲ့မိသားစုဝင်တွေက သတ်မှတ်ရည်မှန်းထားတဲ့အချက်နဲ့ အဲဒီအမျိုးသမီးတွေမှာ ခရီးသွားလာဖို့ ယာဥ်တွေ မရှိတဲ့ အချက်တွေက စိန်ခေါ်ချက်တွေ ဖြစ်ပါတယ်။
"အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ စက်ဘီးတို့၊ ဆိုင်ကယ်တို့ မရှိကြပါဘူး။ သူတို့ အမှီခို ကင်းကင်း လွတ်လွတ်လပ်လပ် ခရီးမသွားနိုင်ကြဘူး။ ဒီတော့ အဲဒီအခွင့်အလမ်းက အရေးပါခဲ့တယ်လို့ ကျွန်မထင်တယ်" လို့ အဲဒီအချိန်က ခရိုင်အဆင့်မြင့် အရာရှိတစ်ယောက်ဖြစ်တဲ့ ရှီလာ ရန်နီ ချွန်ကက်က ဘီဘီစီ တမီလ်ဌာနကို ပြောပါတယ်။
"စက်ဘီးက အမျိုးသမီးတွေကို လွတ်လပ်တဲ့ခံစားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို ရစေခဲ့ပါတယ်" လို့ ချွန်ကက်က ပြောပါတယ်။
"အမျိုးသမီးစေတနာ့ဝန်ထမ်းတွေ ခေါ်တာကို တချို့အရာရှိတွေက ကန့်ကွက်ကြတယ်၊ အမျိုးသမီးတွေဟာ ဝေးလံခေါင်သီတဲ့ရွာတွေကို သွားနိုင်မှာ မဟုတ်ဘူးလို့ သူတို့က ပြောကြတယ်။ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူး(မစ္စ ချွန်ကက်)က ဒီလိုငြင်းချက်ထုတ်တာတွေကို ပယ်ချခဲ့တယ်" လို့ ခန်နမ်မယ်က ပြောပါတယ်။
"အမျိုးသမီးတွေ အမှီအခို ကင်းကင်း ခရီးသွားနိုင်တဲ့အခါ အမျိုးသမီးတွေ ဒီအလုပ်ကို လုပ်နိုင်ကြတယ်ဆိုတာကို သူတို့ သဘောပေါက်သွားကြတယ်" လို့ ခန်နမ်မယ်က ပြောပါတယ်။ "အမျိုးသားတွေ စိုက်ထူထားတဲ့ အတားအဆီးတွေကို သူတို့ ချိုးဖျက်နိုင်ဖို့အတွက် ဒါက (စက်ဘီးစီးတာက) အထောက်အကူ ပေးခဲ့တယ်။"
အောင်မြင်မှု ဇာတ်လမ်းတွေ

ဒီစီမံချက်က လူမှုအလွှာအမျိုးမျိုးက အမျိုးသမီးတွေ ဆီကို သွားဖို့ ရည်ရွယ်တာပါ။ သင်ကြားမယ့်သူတွေတင် မဟုတ်ပါဘူး၊ သင်ကြားမယ့်သူတွေလည်း စိန်ခေါ်မှုတွေနဲ့ပါ။
"အဲဒီအချိန်မှာ ကျွန်မ နေရ ထိုင်ရတာက ကျွန်တစ်ယောက်လိုပဲ" လို့ နှိုင်းယှဥ်ချက်အရ ပညာတတ် တစ်ယောက်ဖြစ်တဲ့ ဂျာရာချစ်သရာက ပြောပါတယ်။ "ကျွန်မ အဖေက ကျွန်မကို ပြူတင်းပေါက်တွေကို မဖွင့်ဖို့၊ အိမ်ပြင်ကို မကြည့်ဖို့ တားဆီးထားတယ်။"
အဲဒီခေတ်ကာလမှာ အိမ်ထောင်မရှိသေးတဲ့ မိန်းမပျိုတွေဟာ ယောက်ျားတွေရဲ့ မြင်နိုင်တဲ့နေရာမှာ မနေကြရပါဘူး။
"ဆယ်တန်းလည်းပြီးရော၊ ကျွန်မကို စက်ချုပ် သင်၊ ဒါမှမဟုတ် လက်နှိပ်စက်ရိုက်တာ သင်လို့ ကျွန်မ ဆွေမျိုးတွေက အကြံပေးကြတာ" လို့ သူက ပြန်ပြောပြပါတယ်။ ဒီအလုပ်တွေဟာ အမျိုးသမီးတွေအတွက် သင့်တော်ပြီး လုံခြုံမှုရှိတဲ့ အလုပ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
ဂျရာချစ်သရာဟာ သင်္ချာမှာ ၉၉ မှတ်ရခဲ့ပါတယ်။ ဒီအကြံပြုချက်တွေက သူ့ရဲ့စိတ်ဓာတ်ကို ရိုက်ချခဲ့ပါတယ်။ သူ့အမေက သူမင်္ဂလာဆောင်စဥ်က လက်ဖွဲ့ရတဲ့ဆွဲကြိုးကို ပေါင်နှံပြီး သူ့ကို ကျောင်းဆရာမဖြစ်အောင် တက္ကသိုလ်ကို ပို့ခဲ့ပါတယ်။
စာတတ်မြောက်ရေး စီမံချက်အရ သူ့ရဲ့ ရွာနီးချင်း ရွာတစ်ရွာက မွတ်ဆလင် အမျိုးသမီးတွေကို စာသင်ပေးဖို့ သူ့ကို ရွေးချယ်ကြပါတယ်။
အဲဒီရွာကို သွားဖို့ ခြေလျင်သွားဖို့ မဖြစ်နိုင်တော့ သူ စက်ဘီး စီးတတ်အောင် သင်ခဲ့ပါတယ်။
"ကျွန်မက စကတ်အရှည်နဲ့ ဆာရီ ဝတ်လေ့ ရှိပါတယ်။ အဲဒီတုန်းက မိန်းမစီး စက်ဘီးဆိုတာလည်းမရှိဘူး၊ ဒီတော့ ယောက်ျားစီး စက်ဘီးနဲ့ပဲ သင်ခဲ့တယ်" လို့ သူက ပြန်ပြောပြပါတယ်။
ယောက်ျားစီး စက်ဘီးက ရှေ့ဘားတန်း ပါတာမို့ အမျိုးသမီးတွေအဖို့ ဆာရီနဲ့ တက်ရ ဆင်းရတာ မလွယ်လှပါဘူး။ ဒါပေမဲ့ သူ့အတွက် ရလဒ်က အထူးပျော်ရွှင်မှုကို ပေးခဲ့ပါတယ်။
"ကျွန်မရဲ့ ဘဝက ချက်ချင်းကို ပြောင်းသွားတာ၊ ကျွန်မကိုယ် ကျွန်မ လိပ်ပြာလေး တစ်ကောင်လို တောင် ထင်သွားမိတယ်။ ညနေရောက်လာရင် ကျွန်မ စက်ဘီးနင်းပြီး စာသင်ပေးရမယ့်နေရာကို သွားပြီလေ။"
"အစပိုင်းမှာ အဖေက သိပ်သဘောမတူဘူး၊ ဒါပေမဲ့ သူ စိတ်ပြောင်းသွားပြီး ကျွန်မအတွက် စက်ဘီး တစ်စီး သူ ဝယ်ပေးတယ်။ ကျွန်မ ဘဝမှာ အဲဒီနေ့က အကောင်းဆုံးနေ့ပါပဲ" လို့ ဂျရာချစ်သရာက ပြောပါတယ်။

အခုအချိန်မှာ အသက် ၆၀ နား ကပ်လာပြီဖြစ်တဲ့ ဗာဆန်သာက အဲဒီတုန်းက စာမတတ်သေးပါဘူး။ သူက ဒါလစ်အနွယ် ဆင်းရဲတဲ့မိသားစုကပါ။ အိန္ဒိယမှာ သူတို့လို ဇာတ်နိမ့်မျိုးတွေကို လူမှုအသိုင်းအဝိုင်းက ဖယ်ကျဥ်ထားတာ ရာစုနှစ်များစွာ ရှိခဲ့ပါတယ်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တာဖြစ်ပြီး သူ့ ခင်ပွန်းဖြစ်သူကလည်း စာမတတ်ပါဘူး။
သူက ကာယအားသုံးပြီး ကျောက်ခွဲတဲ့ အလုပ်ကို ကျောက်ကျင်းတခုမှာ အလုပ်လုပ်နေတုန်း ဉာဏ်အလင်းသစ် လှုပ်ရှားမှုက ကိုယ်စားလှယ်တွေက သူ့ကို စာသင်ဖို့ လာစည်းရုံးခဲ့ကြပါတယ်။
"စာတတ်မြောက်ရေး လှုပ်ရှားမှုက လူတွေက ကျွန်မတို့ စက်ဘီးစီးတာ သင်မယ်ဆိုရင် သူတို့ စက်ဘီးတွေ ပေးမယ်လို့ ကျွန်မတို့ကို ပြောကြတယ်" လို့ ဗာဆန်သာက ဘီဘီစီကို ပြောပါတယ်။
သူက အစတုန်းက ရှက်နေခဲ့ပေမဲ့ သူ့ရွာ တရွာလုံးက ဒါကို စိတ်ဝင်စားကြတော့ သူလည်း စက်ဘီးစီး သင်ခဲ့ပါတယ်။
"အဲဒီအချိန်မှာ ကျွန်မတို့ရွာမှာ စက်ဘီးရှိတဲ့ အိမ်က နည်းနည်းပဲရှိတာ။ ကျွန်မ စက်ဘီး တစ်စီး ငှားပြီး စက်ဘီးစီးသင်ခဲ့တယ်။"
နောက်ပိုင်းမှာ သူ့ ကိုယ်ပိုင် စက်ဘီးတစ်စီးကို သူဝယ်နိုင်ခဲ့ပြီး အဲဒီစက်ဘီးနဲ့ သူ့အိမ် အတွက် သူ ရေခပ်နိုင်ခဲ့ပါတယ်။
သူ စာရေး စာဖတ် တတ်လာပြီးတဲ့နောက် သူ့လို အမျိုးသမီး ၃ ယောက် ပေါင်းကာ ကျောက်ကျင်းတခုကို လေလံဆွဲပြီး သူတို့ရဲ့ကိုယ်ပိုင် စီးပွားရေးကို စတင်ခဲ့ကြပါတယ်။
စက်ဘီးစီးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တက်လာစေတယ်၊ အမှီအခိုကင်းလာပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလာနိုင်တယ်လို့ ဗာဆန်သာက ပြောပါတယ်။ အခုတော့ ဆရာဝန် ဖြစ်ချင်တဲ့ သူ့ မြေးမကို သူ ထောက်ပံ့ကူညီနေပါတယ်။
သမိုင်းအမွေ ဆက်ခံခြင်း

ဓာတ်ပုံ ရင်းမြစ်, Arivoli Iyakkam
ဒီခေတ်မှာတော့ ပူဒုကော့တိုင်က ရွာတိုင်းလိုလိုမှာ ဗာဆန်ထရာလို့ အမျိုးသမီးမျိုးတွေကို ဒါဇင်နဲ့ ချီပြီး တွေ့နိုင်ပါပြီ။
စာတတ်မြောက်လာတော့ အမျိုးသမီးတွေ အနေနဲ့ သူတို့ကို လုပ်ခလျှော့ပေးထားတာကို သိလာပါတယ်။ လခတွေ ပိုပေးဖို့လည်း သူတို့ တောင်းဆိုနိုင်လာကြပါတယ်။
အဲဒီအခါက ရွာတွေမှာ လမ်းတွေကလည်း မကောင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်ကလည်း သိပ်မဖြစ်ထွန်းတာမို့ အမျိုးသမီးတွေဟာ အိမ်ပြင်ထွက်ပြီး တစ်နေရာကနေ တစ်နေရာကို သွားချင်ရင် ယောက်ျားသား ဆွေမျိုးတွေကိုပဲ အားကိုးကြရပါတယ်။ ဒီတော့ စက်ဘီးစီးတတ်တာက သူတို့ အမှီအခိုကင်းကင်း သူတို့ သွားလိုရာ ခရီးကို သွားနိုင်စေပါတယ်။
၁၉၉၂ သြဂုတ်လ ၁၁ ရက်မှာ ပူဒုကော့တိုင်က သူတို့ ခရိုင် တစ်ခုလုံး စာတတ်မြောက်ပြီလို့ ကြေညာနိုင်ခဲ့ပါတယ်။
ဒီနေ့မှာတော့ ပူဒုကော့တိုင်မှာ စက်ဘီးစီးနေကြတဲ့ အမျိုးသမီးတွေက အများအပြားပါ။
ဂျာရာချစ်သရာက စက်ဘီးမစီးတော့ပါဘူး၊ သူ ဆိုင်ကယ် စီးနေပါတယ်။ သူ့ သမီးဆိုရင် ကားတစ်စီးတောင် ဝယ်ထားပါပြီ။
"စက်ဘီးစီးတာက ကျွန်မလို လူတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ဖြစ်လာပါတယ်" လို့ ဂျရာချစ်သရာက ဆိုရင်း "ဘယ်သူ့ကိုမှ မှီခိုစရာ မလိုတော့ဘူးဆိုတာ သဘောပေါက်လာတယ်" လို့ ပြောပါတယ်။










