ရန်ကုန်၊အင်းစိန်ထောင်ကနေ ရွေးကောက်ပွဲအမှုနဲ့ ထောင်ဒဏ်ချခံရတဲ့ အနုပညာရှင်အချို့ပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီကနေ့ဧပြီ ၃၀ ရက် ကဆုန်လပြည့်နေ့လွတ်ငြိမ်းမှာ ရွေးကောက်ပွဲကာကွယ်တားဆီးဥပဒေနဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ဒါရိုက်တာအောင်ချမ်းလူတို့အပါအဝင် အဲဒီဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူအချို့ ရန်ကုန်၊အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ထောင်သတင်းရင်းမြစ်ဆီကသိရပါတယ်။
" ရွေးကောက်ပွဲကာကွယ်တားဆီးနဲ့ဖမ်းခံရသူ အားလုံးကိုလွှတ်ပေးတာတော့ မဟုတ်ပါဘူး။ ဒါရိုက်တာမိုက်တီးဆို ကျန်ခဲ့တယ်ကြားပါတယ်။ ကျန်တဲ့သူတွေ ဆက်ကြည့်နေတုန်းပါ။ လွတ်တာကတော့ နိုင်ငံရေးအမှုနည်းပါတယ်၊ တခြားပြစ်မှုသမားတွေပိုများပါတယ်" လို့ အင်းစိန်ထောင်သတင်းရင်းမြစ်ကပြောပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဟောင်းလည်းဖြစ် နိုင်ငံရေးသမားတစ်ဦလည်းဖြစ်တဲ့ ဦးကျော်ဇေယျလည်း ဒီနေ့လွတ်ငြိမ်းမှာပါဝင်လာတယ်လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။
ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက ရွေးကောက်ပွဲ ကာကွယ်တားဆီးရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါရိုက်တာမိုက်တီး ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - ကနဲ့ အရေးယူ ထောင်ချခံခဲ့ရပြီး ခံဝန်လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ဥပဒေနဲ့ ထပ်မံအရေးယူခံရချိန်မှာ ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ထပ်ပေါင်းကျခံရမယ်လို့ အဲဒီအချိန်တုန်းကစစ်ကော်မရှင်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြန်လွတ်လာတယ်ဆိုတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဘီဘီစီကဆက်သွယ်နေပြီး သီးခြားအတည်ပြုဖို့ကြိုးစားနေပါတယ်။
ဒီတကြိမ်မှာရန်ကုန်အင်းစိန်ထောင်ကနေအကျဉ်းသား ၆၀၀ နီးပါးလွှတ်ပေးခဲ့တယ်လို့ ထောင်သတင်းရင်းမြစ်ကပြောပါတယ်။
တဖက်မှာလည်းရန်ကုန်အင်းစိန်ထောင်တင်မကတခြားအကျဉ်းထောင်တွေကနေလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုနည်းပါးတယ်လို့နိုင်ငံရေးအကျဉ်းသားလှုပ်ရှားသူတွေက ပြောကြပါတယ်။


