ကာကွယ်ဆေးတွေ ဘေးကင်းတယ်ဆိုတာ ဘယ်လိုသိနိုင်လဲ၊ ဘယ်လိုစမ်းသပ်လဲ

ကျန်းမာရေးဝန်ထမ်းတစ်ဦးက မိန်းကလေးငယ်တစ်ဦး၏ လက်မောင်းအပေါ်ပိုင်းတွင် ဆေးထိုးပြီးနောက် ပလာစတာကပ်ပေးနေတယ်။ နောက်ခံတွင် ဆေးထိုးအပ်နှင့် ကာကွယ်ဆေးပုလင်းပုံကို တွေ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, ဓာတ်ခွဲခန်းအတွင်း စမ်းသပ်မှုတွေကနေ လူထုကြား အသုံးပြုပြီးတဲ့နောက် ရေရှည်ဘေးကင်းမှု စောင့်ကြည့်စစ်ဆေးတာတွေအထိ ကာကွယ်ဆေးတွေကို အဆင့်ဆင့် စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်
    • ရေးသားသူ, အက်စတာ ကာဟမ်ဘီ
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာ့တလွှား(ကျန်းမာရေး)
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

အမေရိကန်နိုင်ငံဟာ ဝက်သက်ရောဂါ ကင်းစင်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကနေ ၂၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံးရှုံးလိုက်ရပါတယ်။ ကမ္ဘာတဝန်းမှာလည်း ကူးစက်မြန်တဲ့ဝက်သက်ရောဂါ ပြန်လည်ပျံ့နှံ့လာနေပါတယ်။

၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ယူကရိန်း၊ နိုင်ဂျီးရီးယားနဲ့ အီသီယိုးပီးယားအပါအဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ဝက်သက်ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ခဲ့ပါတယ်။

ရောဂါကူးစက်မှုတွေ ပြန်မြင့်လာတာဟာ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာတာနဲ့ အဓိကဆက်စပ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အချက်အလက်တွေအရ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတဝန်း ကလေးငယ် ၈၆ ရာခိုင်နှုန်းဟာ ဝက်သက်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားပြီးဖြစ်ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ ၈၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ဆိုရင် ကာကွယ်ဆေးထိုးနှံမှုနှုန်း ၉၅ ရာခိုင်နှုန်းအထိ ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် လက်ရှိနှုန်းဟာ အဲဒီအဆင့်အောက်မှာ ရှိနေဆဲပါ။ ကာကွယ်ဆေးထိုးဖို့ တွန့်ဆုတ်လာတာဟာ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။

ကာကွယ်ဆေးရဲ့ဘေးကင်းမှု၊ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေအပေါ် စိုးရိမ်မှုတွေကိုလည်း အွန်လိုင်းပေါ်က သတင်းမှားတွေက ပိုပြီး ပျံ့နှံ့စေပါတယ်။

"အင်တာနက်နဲ့ မီဒီယာတွေ အားကောင်းလာတဲ့ ဒီခေတ်မှာ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အယူအဆမှားတွေ၊ ကောလာဟလတွေနဲ့ စိုးရိမ်မှုတွေဟာ ကမ္ဘာတဝန်း အလွန်လျင်မြန်စွာ ပျံ့နှံ့နိုင်ပါတယ်" လို့ လန်ဒန်တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ အပူပိုင်းဒေသ ဆေးပညာကျောင်းက ကလေးကျန်းမာရေးပါမောက္ခ ဟယ်လင် ဘက်ဒ်ဖို့ဒ် က ပြောပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးထိုးဖို့ တွန့်ဆုတ်နေသူတိုင်းကို ကာကွယ်ဆေးဆန့်ကျင်သူတွေလို့ တစ်ခါတည်း သတ်မှတ်လို့မရဘူးလို့ ဗြိတိန်နိုင်ငံ ဟတ်ဒါစ်ဖီးလ်တက္ကသိုလ်က ကြိုတင်ကာကွယ်ရေး ကျန်းမာရေးသုတေသီ ဒေါက်တာ ဆူဆာနာ ကိုလာ ပါလ်မာ က ပြောပါတယ်။

အဲဒီလိုတွန့်ဆုတ်နေသူအများစုဟာ စိတ်ချယုံကြည်နိုင်ဖို့ ရှင်းလင်းချက်နဲ့ အာမခံချက်တွေကို ရှာဖွေနေကြတာသာဖြစ်တယ်လို့ သူက ဘီဘီစီ ကမ္ဘာ့တလွှား(ကျန်းမာရေး)ကို ပြောပါတယ်။

ဒါဆိုရင် ကာကွယ်ဆေးတစ်မျိုး ဘေးကင်းမှုရှိ၊ မရှိကို သိပ္ပံပညာရှင်တွေက ဘယ်လိုစမ်းသပ်ဆုံးဖြတ်ကြသလဲ။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းမှားတွေကိုရော ဘယ်လိုခွဲခြားသိနိုင်မလဲ။

ကာကွယ်ဆေးတွေက ဘယ်လိုအလုပ်လုပ်သလဲ

ကာကွယ်ဆေးအလုပ်လုပ်ပုံ အဆင့်ဆင့် သရုပ်ဖော်ပုံ ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆင့်သုံးဆင့်ပါ ပုံရှင်းလင်းချက်တစ်ခု ဖြစ်ပါတယ်။ ပထမအဆင့်မှာ ကာကွယ်ဆေးထိုးနှံပုံ၊ ဒုတိယအဆင့်မှာ သွေးဖြူဥတွေက ပဋိပစ္စည်း (Antibodies) တွေ ထုတ်လုပ်ပုံနဲ့ တတိယအဆင့်မှာ ခန္ဓာကိုယ်ထဲ ရောဂါပိုး ဝင်ရောက်လာတဲ့အခါ အဲဒီပဋိပစ္စည်းတွေက ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေကို တုံ့ပြန်တိုက်ဖျက်ပုံတို့ကို ဖော်ပြထားပါတယ်။
ဓာတ်ပုံ ပုံစာ, ကာကွယ်ဆေးတွေက ရောဂါပိုးတွေကို ကိုယ်ခံအားစနစ်က မှတ်မိပြီး ပြန်လည်တိုက်ဖျက်နိုင်အောင် ကူညီပေးပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကာကွယ်ဆေးတွေ တီထွင်ထုတ်လုပ်နိုင်ခဲ့တာဟာ ဆေးပညာလောကရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေထဲက တစ်ခုအဖြစ် ဒီနေ့အထိ သတ်မှတ်ခံထားရပါတယ်။ ဝက်သက်၊ မေးခိုင်၊ ဆုံဆို့နဲ့ တုပ်ကွေးလို ရောဂါတွေကြောင့် နှစ်စဉ် သေဆုံးနိုင်သူ ၃ ဒသမ ၅ သန်းကနေ ၅ သန်းအထိကို ကာကွယ်ဆေးတွေက ကာကွယ်ပေးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားပါတယ်။

ကာကွယ်ဆေးတွေဟာ တကယ့်ရောဂါပိုးနဲ့ မထိတွေ့ခင်မှာ အဲဒီရောဂါပိုးကို မှတ်မိပြီး တိုက်ဖျက်နိုင်အောင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

"တကယ့်ရောဂါပိုး ကူးစက်ခံရတာမျိုး မဖြစ်ဘဲ သဘာဝအတိုင်း ရောဂါကူးစက်ခံရတဲ့အခါ ရရှိမယ့် ကိုယ်ခံအားကို ကာကွယ်ဆေးတွေက ပေးနိုင်ပါတယ်" လို့ ဘက်ဒ်ဖို့ဒ်က ရှင်းပြပါတယ်။

ဥပမာ ဝက်သက်၊ ပါးချိတ်ရောင်နဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (MMR) မှာ အဲဒီရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို အားပျော့အောင် ပြုလုပ်ထားတဲ့ ပိုးတွေ ပါဝင်ပါတယ်။ ကာကွယ်ဆေး ထိုးလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က အဲဒီပိုးတွေကို မှတ်မိလာပြီး နောင်မှာ တကယ့်ရောဂါပိုးနဲ့ ထိတွေ့လာရရင်လည်း လျင်မြန်စွာ တုံ့ပြန်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးအားလုံးက ဒီနည်းလမ်းအတိုင်း အလုပ်လုပ်တာတော့ မဟုတ်ပါဘူး။

Messenger RNA (mRNA) ကာကွယ်ဆေးတွေမှာ မျိုးဗီဇဆိုင်ရာ ညွှန်ကြားချက်တွေ ပါဝင်ပြီး အဲဒီညွှန်ကြားချက်တွေက ဆဲလ်တွေကို အန္တရာယ်မရှိတဲ့ ပရိုတင်းတစ်မျိုး ယာယီထုတ်လုပ်စေပါတယ်။

အဲဒီပရိုတင်းက ကိုယ်ခံအားစနစ်ကို တုံ့ပြန်လာအောင် လှုံ့ဆော်ပေးတာပါ။ Pfizer ကိုဗစ်ကာကွယ်ဆေးဟာ mRNA နည်းပညာသုံး ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကို ဘယ်လိုစမ်းသပ်စစ်ဆေးသလဲ

ဒီလုပ်ငန်းစဉ်ကို သိပ္ပံနည်းကျ သုတေသနတွေနဲ့ စတင်ပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တခြားသုတေသီတွေ ဘာတွေ လေ့လာထားသလဲ၊ ဘယ်လိုကောက်ချက်တွေ ချထားသလဲဆိုတာကို အရင်လေ့လာကြပါတယ်။

သိပ္ပံပညာရှင်တွေက စိတ်ကူးသစ်တစ်ခုကို စမ်းသပ်ဖို့ အဆင်သင့်ဖြစ်လာတဲ့အခါ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေ စတင်လုပ်ဆောင်ပါတယ်။ အရင်ဆုံး ဆဲလ်တွေမှာ စမ်းသပ်ပြီးနောက် ကြွက်လို တိရစ္ဆာန်တွေမှာ ဆက်လက်စမ်းသပ်ကြပါတယ်။

နောက်တစ်ဆင့် စမ်းသပ်မှုတွေကို ဆက်လုပ်နိုင်ဖို့အတွက် စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ တိရစ္ဆာန်တွေရဲ့ ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြသနိုင်ရမယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ Vaccine Knowledge Project မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် လူတွေမှာ စမ်းသပ်မှုတွေ ဆက်လုပ်ပါတယ်။ ပုံမှန်အားဖြင့် ဒီစမ်းသပ်မှုတွေကို အဆင့်သုံးဆင့် ခွဲထားပါတယ်။

“ကာကွယ်ဆေးတွေကို ဘယ်လိုတီထွင်ထုတ်လုပ်သလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကာကွယ်ဆေးတစ်မျိုး တီထွင်ထုတ်လုပ်တဲ့ အဆင့်ဆင့်ကို နံပါတ်စဉ်တပ်ထားတဲ့ လမ်းကြောင်းပုံစံနဲ့ ဖော်ပြထားတဲ့ အချက်အလက်ပုံ ဖြစ်ပါတယ်။ ကနဦး စမ်းသပ်လေ့လာမှုကနေ စတင်ပြီး အသုံးပြုခွင့်ရရှိခြင်းနဲ့ ထုတ်လုပ်ခြင်းအထိ အဆင့်ဆင့် ပါဝင်ပါတယ်။ နောက်ဆုံးအဆင့်မှာတော့ အချိန်ကန့်သတ်ချက်မရှိဘဲ ဘေးကင်းမှုကို ဆက်လက်စောင့်ကြည့်စစ်ဆေးတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ကနဦး သုတေသနအဆင့်ကနေ အသုံးပြုခွင့်ရတဲ့အဆင့်နဲ့ ဘေးကင်းမှု ဆက်လက်စောင့်ကြည့်တာတွေအထိ ကာကွယ်ဆေးတစ်မျိုး တီထွင်ထုတ်လုပ်ဖို့ ဘေးကင်းပြီး ထိရောက်မှုရှိမရှိ သေချာစစ်ဆေးရတာကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်

ပထမအဆင့် (Phase One) မှာ စေတနာ့ဝန်ထမ်း အနည်းငယ်ကို ပါဝင်စမ်းသပ်ပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာတဲ့ လူငယ်လူရွယ်တွေကို ရွေးချယ်ပါတယ်။ ဒီအဆင့်မှာ ကာကွယ်ဆေးကြောင့် ကြီးမားတဲ့ ဘေးကင်းရေးပြဿနာတွေ ရှိ၊ မရှိနဲ့ ဘယ်လောက်ပမာဏ ထိုးနှံသင့်သလဲဆိုတာကို စစ်ဆေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ဒုတိယအဆင့် (Phase Two) မှာတော့ စေတနာ့ဝန်ထမ်း အရေအတွက် ပိုများလာပြီး ပုံမှန်အားဖြင့် လူရာဂဏန်းလောက် ပါဝင်ပါတယ်။ သူတို့ဟာ ကာကွယ်ဆေးထိုးမထားတဲ့ လူအုပ်စုတစ်စုနဲ့ နှိုင်းယှဉ်စစ်ဆေးခံရပါတယ်။ အဲဒီအုပ်စုကို ထိန်းချုပ်အုပ်စု (Control Group) လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာ ကာကွယ်ဆေးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားတုံ့ပြန်မှုကို ဆရာဝန်တွေက စစ်ဆေးပါတယ်။

တတိယအဆင့် (Phase Three) မှာတော့ စေတနာ့ဝန်ထမ်း ထောင်ဂဏန်းလောက်အထိ ပါဝင်တဲ့ ပိုမိုကြီးမားတဲ့ လူအုပ်စုနဲ့ စမ်းသပ်ပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့ ထိန်းချုပ်အုပ်စုနဲ့လည်း နှိုင်းယှဉ်စစ်ဆေးပါတယ်။

ဒီစမ်းသပ်မှုတွေကို နိုင်ငံစုံမှာ ပြုလုပ်လေ့ရှိပါတယ်။ အသက်အရွယ်၊ လူမျိုး၊ နောက်ခံအခြေအနေနဲ့ နေထိုင်မှုပတ်ဝန်းကျင် မတူညီတဲ့ လူအုပ်စုတွေမှာ ကာကွယ်ဆေးက ဘေးကင်းပြီး ထိရောက်မှုရှိ၊ မရှိ သေချာစစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။

ကာကွယ်ဆေးတစ်မျိုးကို ဒီအဆင့်သုံးဆင့်လုံး စမ်းသပ်ပြီး အဆင်သင့်ဖြစ်လာဖို့ ဆယ်စုနှစ်နဲ့ချီ ကြာတတ်ပါတယ်။ ဥပမာ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေတဲ့ မန်နင်ဂိုကော့ကယ် (Meningococcal) ပိုးအတွက် MenB ကာကွယ်ဆေးကို ထုတ်လုပ်ဖို့ ၁၅ နှစ်လောက် ကြာခဲ့ပါတယ်။

"ကျန်းမာတဲ့ ကလေးငယ်တွေအားလုံးနီးပါးကို ကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ဘေးကင်းမှုရှိတယ်ဆိုတာကို အလွန်သေချာအောင် စစ်ဆေးဖို့ လိုပါတယ်" လို့ ပါမောက္ခ ဟယ်လင် ဘက်ဒ်ဖို့ဒ်က ပြောပါတယ်။

ဒါပေမဲ့ ထူးခြားတဲ့အရေးပေါ်အခြေအနေတွေမှာတော့ ဘေးကင်းရေးစစ်ဆေးမှုတွေကို လျှော့ချစရာ မလိုဘဲ ကာကွယ်ဆေးတွေကို ပိုမိုမြန်ဆန်စွာ ထုတ်လုပ်စမ်းသပ်နိုင်ပါတယ်။

ဥပမာ ကိုဗစ် ၁၉ ပထမဆုံးကာကွယ်ဆေးကို တစ်နှစ် မပြည့်ခင်အတွင်းမှာပဲ ထုတ်လုပ်ပြီး အသုံးပြုခွင့်ရရှိခဲ့ပါတယ်။ အဲဒီလို မြန်ဆန်ခဲ့တာမှာ အကြောင်းရင်းအတော်များများ ရှိပါတယ်။

ပထမအချက်က သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ပတ်သက်ပြီး အရင်ကတည်းက နှစ်ပေါင်းများစွာ သုတေသနလုပ်ထားတာကြောင့် အဲဒီအခြေခံသုတေသနတွေကို ဆက်လက်အသုံးချနိုင်ခဲ့တာပါ။

နောက်တစ်ချက်က ကပ်ရောဂါ အရေးပေါ်အခြေအနေဖြစ်တာကြောင့် သုတေသနအတွက် ရန်ပုံငွေတွေကို ပိုမိုလွယ်ကူစွာ ရရှိခဲ့ပါတယ်။ ပုံမှန်လို ရန်ပုံငွေလျှောက်ထားပြီး နှစ်နဲ့ချီ စောင့်ဆိုင်းစရာ မလိုခဲ့ပါဘူး။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ ပါဝင်ဖို့ ဆန္ဒရှိသူ အများအပြားလည်း ရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်ဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ စေတနာ့ဝန်ထမ်းတွေကို ရှာဖွေရတာ အချိန်ကြာလေ့ရှိပါတယ်။

ဒါကြောင့် စမ်းသပ်မှုအဆင့်တစ်ခုစီကြားမှာ နှစ်နဲ့ချီ စောင့်ဆိုင်းနေစရာမလိုဘဲ လိုအပ်တဲ့ ဘေးကင်းရေးစစ်ဆေးမှုတွေ အားလုံးကို အချိန်ပိုတိုအတွင်း ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘေးကင်းမှုနဲ့ပတ်သက်ပြီးစိုးရိမ်စရာတွေပေါ်လာရင် ဘာဖြစ်မလဲ

ခရမ်းရောင်အစင်းပါ အင်္ကျီနဲ့ အနက်ရောင်အင်္ကျီဝတ်ထားတဲ့ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆံပင်ကောက်ကောက်နဲ့ အဖြူရောင်အင်္ကျီဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်မောင်းအပေါ်ပိုင်းကို ဆေးထိုးပေးနေမှု။
ဓာတ်ပုံ ပုံစာ, ၂၀၀၉ ခုနှစ် ဇူလိုင်လ - ကမ္ဘာတဝန်း ဝက်တုပ်ကွေးကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်မယ့် ဆေးထုတ်လုပ်ဖို့ နိုင်ငံတွေ အပြိုင်ကြိုးပမ်းနေကြချိန် သြစတြေးလျနိုင်ငံ၊ အဒဲလိတ်မြို့မှာ ပြုလုပ်တဲ့ လူတွေနဲ့ ပထမဆုံးစမ်းသပ်မှုတွေထဲက တစ်ခုမှာ စေတနာ့ဝန်ထမ်းတစ်ဦးကို H1N1 (ဝက်တုပ်ကွေး) ကာကွယ်ဆေး ထိုးပေးနေမှု

ကာကွယ်ဆေးထိုးပြီးနောက် စမ်းသပ်မှုမှာ ပါဝင်သူတွေကို ရောဂါလက္ခဏာတစ်ခုခု ဒါမှမဟုတ် နေမကောင်းဖြစ်တာမျိုး ရှိ၊ မရှိ အနီးကပ် စောင့်ကြည့်စစ်ဆေးပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာတဲ့အဲဒီလိုအခြေအနေတွေကို Adverse Event လို့ ခေါ်ပါတယ်။

အဲဒီလက္ခဏာတွေဟာ ကာကွယ်ဆေးကြောင့် ဖြစ်တာလား၊ တခြားအကြောင်းရင်းကြောင့် ဖြစ်တာလားဆိုတာကို သုတေသီတွေက စုံစမ်းစစ်ဆေးပါတယ်။

ဥပမာ ပါးစပ်ခြောက်တာ၊ အရေပြားမှာ အဖုအပိန့်ထွက်တာမျိုးဟာ ကာကွယ်ဆေးကြောင့် ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရရင် အဲဒါကို ဘေးထွက်ဆိုးကျိုးလို့ ခေါ်ပါတယ်။

ဘေးထွက်ဆိုးကျိုးရဲ့ပြင်းထန်မှုနဲ့ အန္တရာယ်ရှိနိုင်ခြေအပေါ် မူတည်ပြီး ထပ်မံစုံစမ်းစစ်ဆေးနေချိန်မှာ ကာကွယ်ဆေးစမ်းသပ်မှုကို ယာယီရပ်ဆိုင်းတာမျိုး ဒါမှမဟုတ် လုံးဝရပ်တန့်တာမျိုး လုပ်နိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာလည်း သြစတြေးလျနိုင်ငံထုတ် UQ/CSL ကိုဗစ်ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးတချို့ကို စမ်းသပ်မှုမှာ ပါဝင်သူတွေမှာ HIV ပိုးရှိကြောင်း မှားယွင်းတဲ့စစ်ဆေးရလဒ်တွေ ထွက်ပေါ်လာတာကြောင့် ဆက်လက်ထုတ်လုပ်ဖို့ အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ မလိုလားအပ်တဲ့ တုံ့ပြန်မှုအားလုံးကိုလည်း ကာကွယ်ဆေးကို အများပြည်သူ အသုံးပြုခွင့်ပေးသင့်၊ မပေးသင့် ဆုံးဖြတ်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက စစ်ဆေးသုံးသပ်တဲ့အထောက်အထားတွေအဖြစ် ထည့်သွင်းစဉ်းစားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)လို အဖွဲ့အစည်းတွေက ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ အကြံပြုချက်တွေ ထုတ်ပြန်ပေးပေမဲ့ ကိုယ့်နိုင်ငံက ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးမလားဆိုတာကိုတော့ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့အစိုးရနဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့တွေက ဆုံးဖြတ်တာဖြစ်ပါတယ်။

ဆက်လက်စောင့်ကြည့်စစ်ဆေးခြင်း

ကာကွယ်ဆေးကို အများပြည်သူတွေ စတင်ထိုးနှံခွင့်ပြုပြီးတဲ့နောက်မှာလည်း ဘေးကင်းမှု ရှိ မရှိ ဆက်လက်စောင့်ကြည့်စစ်ဆေးပါတယ်။ ကာကွယ်ဆေးထိုးထားသူတွေအနေနဲ့ ထိုးပြီးနောက် ကြုံတွေ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို မိမိတို့နိုင်ငံရဲ့ဆေးဝါးစည်းမျဉ်းကြီးကြပ်ရေးအဖွဲ့ကို သတင်းပို့ဖို့ တိုက်တွန်းထားပါတယ်။

ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ကာကွယ်ဆေးဆိုတာ မရှိပါဘူး။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးထိုးထားတဲ့နေရာမှာ ခဏတာ နာကျင်တာ၊ ရောင်ရမ်းတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ အဖျားအနည်းငယ်တက်တာတွေ ဖြစ်ပါတယ်။

ပိုပြင်းထန်တဲ့တုံ့ပြန်မှုတွေလည်း ဖြစ်နိုင်ပေမဲ့ အလွန်ရှားပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောပါတယ်။ အရေးကြီးတာက ဒီလိုအန္တရာယ်တွေဟာ ရောဂါကိုယ်တိုင်ကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်တွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်ရှိသလဲဆိုတာပါပဲလို့ ဘက်ဒ်ဖို့ဒ်က ပြောပါတယ်။

ဥပမာ ဝက်သက်ကာကွယ်ဆေးနဲ့ ဆက်စပ်ပြီး အတက်ရောဂါဟာ ရှားပါးပေမဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး အကြိမ် ၃,၀၀၀ ထိုးတိုင်း တစ်ကြိမ်သာ ဒီလိုဖြစ်နိုင်ခြေရှိတယ်လို့ WHO က ဆိုပါတယ်။

တစ်ဖက်မှာတော့ ဝက်သက်ရောဂါ ကူးစက်ခံရသူ အယောက် ၁,၀၀၀ မှာ တစ်ယောက်လောက်ဟာ ဦးနှောက်ရောင်ရောဂါဖြစ်နိုင်ပြီး တက်တာ အပါအဝင် နောက်ဆက်တွဲပြဿနာတွေ ကြုံရနိုင်တယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။

"သဘာဝအတိုင်း ဝက်သက်ရောဂါ ကူးစက်ခံရတာနဲ့ နှိုင်းယှဉ်ရင် ကာကွယ်ဆေးထိုးပြီးနောက် အမြဲတမ်းတက်တဲ့ရောဂါ ဖြစ်လာနိုင်ခြေက အများကြီး နည်းပါတယ်" လို့ ဘက်ဒ်ဖို့ဒ်က ရှင်းပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ MMR ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် မေးခွန်းထုတ်ခဲ့သလို ကလေးတွေကို ထိုးပေးတဲ့ကာကွယ်ဆေးတွေဟာ အော်တစ်ဇင်ရောဂါနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးအရေအတွက် လျှော့ချဖို့ အမိန့်တစ်ရပ်ကိုလည်း သူ လက်မှတ်ရေးထိုးခဲ့ပြီး MMR ကာကွယ်ဆေးကို တစ်ကြိမ်တည်း မထိုးဘဲ ခွဲထိုးဖို့ အကြံပြုခဲ့ပါတယ်။ ကာကွယ်ဆေးနည်းနည်းပဲ ထိုးရတဲ့ကလေးတွေမှာ အော်တစ်ဇင်ဖြစ်ပွားနှုန်း ပိုနည်းတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ MMR ကာကွယ်ဆေးနဲ့ အော်တစ်ဇင်ရောဂါကြား ဆက်စပ်မှု မရှိဘူးဆိုတာကို လေ့လာမှုအများအပြားက တွေ့ရှိထားပါတယ်။ အဲဒီထဲမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ခဲ့တဲ့ WHO ရဲ့ကျယ်ကျယ်ပြန့်ပြန့် လေ့လာချက်လည်း ပါဝင်ပါတယ်။

နိုင်ငံအများအပြားက ကလေးသန်းပေါင်းများစွာနဲ့ ပတ်သက်တဲ့လေ့လာမှု ဒါဇင်နဲ့ချီက အချက် အလက်တွေကို ဆန်းစစ်ခဲ့တဲ့အဲဒီလေ့လာမှုမှာ "ကာကွယ်ဆေးထိုးနှံတာနဲ့ အော်တစ်ဇင်ရောဂါကြား အကြောင်းရင်း ဆက်စပ်မှု မရှိဘူး" လို့ တွေ့ရှိခဲ့ပါတယ်။

MMR ကာကွယ်ဆေးနဲ့ အော်တစ်ဇင်ရောဂါ ဆက်စပ်နိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကို အစပြုစေခဲ့တဲ့ ၁၉၉၈ ခုနှစ် လေ့လာမှုတစ်ခုကိုလည်း နောက်ပိုင်းမှာ မှားယွင်းကြောင်း ဖော်ထုတ်ခဲ့ပြီး ဆေးပညာဂျာနယ် The Lancet က ၂၀၁၀ ပြည့်နှစ်မှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်တဲ့သတင်းမှားတွေကို ဘယ်လိုခွဲခြားမလဲ

အမျိုးသမီးငယ်တစ်ဦးက ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ရင်း လက်ထဲက ဖုန်းကို မျက်မှောင်ကြုတ်ပြီး နားမလည်သလို ကြည့်နေပါတယ်။
ဓာတ်ပုံ ပုံစာ, အွန်လိုင်းပေါ်မှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ပြောဆိုထားချက်တိုင်းဟာ သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ကိုက်ညီတာ မဟုတ်ပါဘူး။ မူရင်းရင်းမြစ်ကို ရှာဖွေကြည့်ပြီး ယုံကြည်စိတ်ချရတဲ့ ပညာရှင်တွေ စိစစ်သုံးသပ်ထားတဲ့ သုတေသနတွေအပေါ် အခြေခံထားတာ ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်

ဒီအဆိုကို ဘယ်သူက ပြောတာလဲ

အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ လူချင်းတွေ့ပြီး ပြောတာပဲဖြစ်ဖြစ် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အဆိုတစ်ခုကို ပြောနေသူဟာ ဘယ်သူလဲဆိုတာ စဉ်းစားကြည့်ပါ။ ဆေးပညာနဲ့ပတ်သက်တဲ့ နောက်ခံအတွေ့အကြုံရှိသူလား။ ကာကွယ်ဆေးအကြောင်း ပြောဆိုဖို့ ဘယ်လိုအရည်အချင်းရှိသူလဲ။ သာမန်လူတစ်ယောက်ဆိုရင် သူပြောတဲ့အချက်အလက်တွေကို ဘယ်က ရသလဲ၊ ဘယ်ရင်းမြစ်ကို ကိုးကားထားသလဲဆိုတာ ဖော်ပြထားပါသလား။

တခြားရင်းမြစ်တွေကလည်း အဲဒီအဆိုကို ထောက်ခံထားသလား

သူတို့ပြောတဲ့အချက်တွေကို တခြားနေရာတွေမှာလည်း တွေ့ရပါသလား။ ဥပမာ တခြားသုတေသနတွေမှာလည်း အလားတူ တွေ့ရှိထားပါသလား။

"နိုင်ငံမတူတဲ့၊ အဖွဲ့အစည်းမတူတဲ့၊ နောက်ခံအတွေ့အကြုံမတူတဲ့ကျွမ်းကျင်သူတွေက တူညီတဲ့ ကောက်ချက်တစ်ခုကို ရောက်ရှိနေကြတယ်ဆိုရင် ရင်းမြစ်တစ်ခုတည်းကို အားကိုးတာထက် ပိုပြီး စိတ်ချရပါတယ်" လို့ ကိုလာ ပါလ်မာက ရှင်းပြပါတယ်။

ကမ္ဘာတဝန်းက ကျန်းမာရေးပညာရှင်တွေ စုပေါင်းပါဝင်ပြီး သိပ္ပံနည်းကျအထောက်အထားတွေအပေါ် အခြေခံကာ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)လို ယုံကြည်စိတ်ချရတဲ့ရင်းမြစ်တွေနဲ့လည်း အဆိုတွေကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။

ကျန်းမာရေးပညာရှင်တွေနဲ့တိုင်ပင်ပါ

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိရင် လူမှုကွန်ရက်ပေါ်က အချက်အလက်တွေကိုပဲ အားကိုးမနေဘဲ ယုံကြည်စိတ်ချရတဲ့ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးထိုးဖို့ ဆုံးဖြတ်ရာမှာ ယုံကြည်မှုက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ကိုလာ ပါလ်မာက ရှင်းပြပါတယ်။

"မေးခွန်းက ကာကွယ်ဆေးကို ယုံကြည်သလားဆိုတာထက် ကာကွယ်ဆေး ဘေးကင်းတယ်လို့ ပြောနေသူတွေကို ယုံကြည်သလားဆိုတာက ပိုအရေးကြီးတာ ဖြစ်နိုင်ပါတယ်" လို့ သူက ပြောပါတယ်။

အဲဒီလိုအာမခံပြောဆိုချက်တွေကို အကဲဖြတ်နိုင်ဖို့ နည်းလမ်းတစ်ခုကတော့ သက်သေအထောက်အထားတွေကို ကိုယ်တိုင်နားလည်အောင် လေ့လာဖို့ပါပဲ။ ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ၊ အသုံးပြုခွင့်မရခင် ဘယ်လိုဘေးကင်းမှု စစ်ဆေးမှုတွေကို ဖြတ်သန်းရသလဲဆိုတာ သိထားဖို့ လိုပါတယ်။