မြန်မာမှာ လူ ၃ ဦးမှာ ၂ ဦး ဆင်းရဲနွမ်းပါးနေ (သို့) ဆင်းရဲနွမ်းပါးမှုအန္တရာယ်ရှိနေ - UNDP

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ လူဦးရေ ၃၇ သန်းကျော်၊ စုစုပေါင်း ၆၈ ရာခိုင်နှုန်းဟာ လက်ရှိ ဆင်းရဲနွမ်းပါးနေသူတွေ ဒါမှမဟုတ် ဆင်းရဲနွမ်းပါးမှုထဲကျရောက်နိုင်ခြေရှိသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
UNDP ရဲ့ အစီရင်ခံစာအရ မြန်မာလူဦးရေရဲ့ ၃၂.၆ ရာခိုင်နှုန်းဖြစ်တဲ့ ၁၇.၉ သန်းခန့်ဟာ လက်ရှိ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရပါတယ်။ နောက်ထပ် ၁၉.၅ သန်းခန့်ကတော့ အဲဒီဆင်းရဲနွမ်းပါးမှုထဲ ကျရောက်နိုင်ခြေရှိသူတွေ ဖြစ်ပါတယ်။
အဲဒီလူဦးရေ နှစ်စုရဲ့ စုစုပေါင်း ၃၇ သန်းကျော်ရှိတာကြောင့် လူ ၃ ဦး မှာ ၂ ဦးထက်ပိုတဲ့ ပမာဏဟာ လက်ရှိဆင်းရဲနွမ်းပါးနေသူ ဒါမှမဟုတ် ဆင်းရဲနွမ်းပါးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရသူ ဖြစ်တယ်လို့ နားလည်ရပါတယ်။
ဒီအချက်တွေကို UNDP ရဲ့ “Layers of Deprivation: Multidimensional Poverty in Myanmar” အမည်ရှိ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုဆိုတာ ဝင်ငွေနည်းပါးမှုတစ်ခုတည်းကိုသာ ကြည့်တာမဟုတ်ဘဲ ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းဆိုင်ရာ ချို့တဲ့မှုတွေကိုပါ ထည့်သွင်းတိုင်းတာတာ ဖြစ်ပါတယ်။
အစီရင်ခံစာအရ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်းဆိုင်ရာ ချို့တဲ့မှုတွေဟာ တိုင်းတာထားတဲ့ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ဖြစ်စေတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။
ဒါဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ သင့်တင့်လျောက်ပတ်တဲ့ အိမ်ရာ၊ သန့်ရှင်းတဲ့ရေနဲ့ အခြေခံသန့်ရှင်းရေးဝန်ဆောင်မှုတွေ ရရှိဖို့ အခက်အခဲရှိနေတဲ့ အိမ်ထောင်စုတွေရဲ့ အခြေအနေကို ဖော်ပြနေတာပါ။
ဒေသအလိုက်ကြည့်မယ်ဆိုရင် လုံခြုံရေးအခြေအနေဆိုးရွားပြီး ဝန်ဆောင်မှုတွေရရှိဖို့ အခက်အခဲရှိနေတဲ့ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ ဆင်းရဲနွမ်းပါးမှု ပိုမိုပြင်းထန်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှု အပြင်းထန်ဆုံး ကြုံတွေ့နေရတဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ လူဦးရေ သုံးပုံနှစ်ပုံကျော်ဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးနေပြီး သုံးပုံတစ်ပုံနီးပါးကတော့ ပြင်းထန်တဲ့ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တချို့ထက် ဆင်းရဲနွမ်းပါးမှုနှုန်း နိမ့်ကျနေပေမဲ့ မြို့ပြနဲ့ မြို့ပြအစွန်အဖျားဒေသတွေမှာ နေထိုင်သူတွေရဲ့ အားနည်းချက်တွေကြောင့် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးသူ အရေအတွက် များပြားနေတယ်လို့ UNDP က ဆိုပါတယ်။
နိုင်ငံတွင်းမှာ လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေ ထပ်တလဲလဲ ကြုံတွေ့ရတာကြောင့် အိမ်ထောင်စုတွေရဲ့ ဝင်ငွေနဲ့ စုဆောင်းငွေတွေ ထိခိုက်လာသလို ကျန်းမာရေး၊ ပညာရေးနဲ့ အခြားအခြေခံဝန်ဆောင်မှုတွေ လက်လှမ်းမီဖို့လည်း ပိုမိုခက်ခဲလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါတွေကြောင့် အကျပ်အတည်းတွေကို ရင်ဆိုင်နိုင်စွမ်းလည်း လျော့နည်းလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်ကစပြီး အခွင့်အလမ်းနည်းပါးမှုနဲ့ မသေချာမရေရာမှုတွေကြောင့် မြန်မာနိုင်ငံက လူငယ် အနည်းဆုံးတစ်သန်းခန့် နိုင်ငံကနေ ထွက်ခွာသွားနိုင်တယ်လို့လည်း UNDP က ခန့်မှန်းထားပါတယ်။
ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံတစ်ဝန်းက အိမ်ထောင်စု ၇,၄၆၃ စုကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကောက်ယူထားတဲ့ စစ်တမ်းအချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။ စစ်တမ်းကို ၂၀၂၅ ခုနှစ်အတွင်း ကောက်ယူခဲ့ပြီး UNDP က အစီရင်ခံစာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။







