ရေမှုတ်ကင်ဆာကုနည်း - ဆေးဝါးပြတ်လပ်မှုကြောင့် ပျောက်စေဆရာတွေ အာဖဂန်မှာတန်ခိုးထွား

    • ရေးသားသူ, မာမွန်း ဒူရန်နီ
    • ရာထူးတာဝန်, ဘီဘီစီ အာဖဂန်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

ကန်ဒါဟာမြို့ရဲ့ဆင်ခြေဖုံးတစ်နေရာက ခေတ်မီ အိမ်တစ်လုံးရှေ့မှာ လူဒါဇင်နဲ့ချီ စုဝေးနေကြပါတယ်။

ဒီလူတွေဟာ သူတို့ကြုံနေရတဲ့ ကျန်းမာရေးပြသနာတွေကို အဖြေရှာဖို့၊ သူတို့ အသက်ကို ခြိမ်းခြောက်နေတဲ့ရောဂါတွေကနေ သက်သာရာ သက်သာကြောင်း မျှော်လင့်ချက်နဲ့ ရောက်နေကြတာဖြစ်ပါတယ်။

အရောင်တောက်တောက် နံရံတွေရှိတဲ့အခန်းတွေထဲက တစ်ခန်းမှာတော့ နာမကျန်းဖြစ်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီး၊ ကလေးကြီးငယ် အရွယ်စုံ လှဲလျောင်းနေပါတယ်။

ဒါပေမဲ့ ဒီမှာရှိသူအားလုံး သေလုမြောပါးဖြစ်နေတာ ဒါမှမဟုတ် ရောဂါခံစားနေရတာ မဟုတ်ပါဘူး။

သူတို့အားလုံး လာတွေ့ကြတဲ့ပုဂ္ဂိုလ် နဒါ မိုဟာမက် ကာဒရီက ထောင့်တစ်နေရာမှာ ထိုင်နေပါတယ်။ ဆွတ်ဆွတ်ဖြူ ခေါင်းပေါင်း ဆောင်းထားပြီး ရှည်လျားမည်းမှောင်တဲ့မုတ်ဆိတ်မွေးလည်းထားတဲ့ ကာဒရီက သူ့ကိုယ်သူ ပီရ် ဒါမှမဟုတ် ပျောက်စေဆရာလို့ ခေါ်ပါတယ်။

ကာဒရီဟာ ရေပုလင်းတစ်လုံးက ရေကို ပါးစပ်မှာ ငုံလိုက်ပြီး ရှေ့မှာရှိတဲ့ လူတွေဆီကို ပြန်မှုတ်ထုတ်ပါတယ်။

ဘုရားသခင့် ကျေးဇူးတော်နဲ့ ဒီလိုရိုးရှင်းတဲ့အလုပ်က ကင်ဆာနဲ့ သာလာဆီးမီးယား (သွေးရောဂါတစ်မျိုး၊ ကိုယ်တွင်းအင်္ဂါများ ချို့ယွင်းစေနိုင်) ခံစားနေရတဲ့ လူအများအပြားကို သက်သာရာရစေခဲ့တယ်လို့ သူက ဆိုပါတယ်။

ကာဒရီမှာ ဘာသာရေးပညာအရည်အချင်းနောက်ခံလည်း မရှိသလို ဆေးပညာအရည်အချင်းလည်း လုံးဝ မရှိပါဘူး။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူဟာ ထမင်းချက်အလုပ်လုပ်နေပေမဲ့ အဲဒီတုန်းကတောင် လူတွေက သူ့ဆီ အာမီလက် (လူအချို့က သဘာဝလွန်စွမ်းအားရှိတယ်လို့ ယုံကြည်တဲ့ အရာဝတ္ထုငယ်တွေ)အတွက် ချဉ်းကပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့အခြေအနေ တိုးတက်လာတာနဲ့အမျှ သူ့ဆီ လာရောက်သူဦးရေ သိသိသာသာ တိုးလာတယ်၊ အထူးသဖြင့် ကင်ဆာလူနာတွေလို့ ပြောပါတယ်။

မပြည့်စုံတဲ့ ကျန်းမာရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပြောအရ အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ်စဉ် ကင်ဆာလူနာ ၂၄,၀၀၀ ကျော်ရှိပြီး ကင်ဆာကြောင့် နှစ်စဉ် သေဆုံးသူ ၁၇,၀၀၀ လောက် ရှိပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာဝန်၊ သူနာပြုတွေ ရှားပါးတာကြောင့် လူနာတော်တော်များများဟာ တရားဝင်ရောဂါရှာဖွေတာမျိုး မလုပ်နိုင်သလို တကယ့် လက်တွေ့မှာ ရောဂါဖြစ်နေသူ ကိန်းဂဏန်းအရေအတွက်က ဒီထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ဌာနတွေ မရှိတာနဲ့ ရှားပါးတဲ့ ဆေးကုသရေးစင်တာတစ်ခုကို သုံးစွဲရတဲ့ ကုန်ကျစရိတ် (ဥပမာ တာလီဘန်အစိုးရက ကဘူးလ်မြို့မှာ မကြာသေးမီက ဆောက်လုပ်ခဲ့တဲ့ အထူးပြုကင်ဆာဆေးရုံ)ကြောင့် လူတွေဟာ ပျောက်စေဆရာတွေဆီ ပိုမိုအားကိုးလာကြပါတယ်။

ကျွမ်းကျင်သူတွေက အာဖဂန်နစ္စတန်ဟာ ဒေသတွင်းမှာ ကင်ဆာနှုန်းအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆားနယ်ထားတဲ့အစားအစာတွေ၊ နာစဝါလို့သိကြတဲ့ ဆေးရွက်ကြီးဝါးတာကို အလွန်အကျွံစားသုံးတာနဲ့ ပုံမှန်မဟုတ်တဲ့ မြင့်မားတဲ့လေထုညစ်ညမ်းမှုတွေကလည်း ကင်ဆာဖြစ်ရတဲ့အကြောင်းရင်းတွေထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအကူအညီတွေ သိသိသာသာ လျှော့ချခံခဲ့ရပါတယ်။ ဥပမာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) က ရန်ပုံငွေအကန့်အသတ်ကြောင့် ဒေသဆိုင်ရာ အဓိကဆေးဘက်ဆိုင်ရာစင်တာဖြစ်တဲ့ ကန်ဒါဟာမြို့ရဲ့ Mirwais ဆေးရုံကို ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပါတယ်။

အာဖဂန် နစ္စတန်မှာ တာလီဘန်တွေ အာဏာသိမ်းလို့ ခေတ္တရပ်ဆိုင်းလိုက်တဲ့ ရန်ပုံငွေကြောင့် အခုအခါ ဆေးရုံဟာ အရင်းအမြစ်နည်းပါးပြီး လူနာတွေကို အခြေခံဆေးဝါးတွေနဲ့ ပစ္စည်းတွေတောင် ကိုယ်တိုင်ဝယ်ယူခိုင်းနေရပါတယ်။

ဒီလိုအလွန်အမင်း ပြတ်လပ်မှုရဲ့သက်ရောက်မှုကို အနည်းဆုံး တောင်ပိုင်းအာဖဂန်နစ္စတန်မှာ ပါကစ္စတန်နဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်မှုက တစ်စိတ်တစ်ပိုင်း လျော့ပါးစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၈ လအထိ ကန်ဒါဟာမြို့ခံတွေ ဗီဇာမလိုဘဲ လွတ်လပ်စွာဖြတ်ကျော်နိုင်ပြီး သေးငယ်တဲ့ဝေဒနာအတွက်တောင် ပိုကောင်းတဲ့ဆေးရုံတွေကို ကုသမှုခံယူဖို့ သွားနိုင်ခဲ့ပါတယ်။

အဲဒီသွားလာမှုဟာ အခုအခါ ပြတ်တောက်သွားပါပြီ။ Chaman–Spin Boldak နယ်စပ်ဖြတ်ကျော်နေရာတွေဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့အပြီး အကြိမ်ကြိမ်အပိတ်ခံရတာ၊ တင်းကျပ်တဲ့ထိန်းချုပ်မှုတွေက ဒေသတွင်း ကြီးကြီးမားမားမှီခိုနေရတဲ့ ပါကစ္စတန်ကနေ တင်သွင်းဖူးတဲ့ဆေးဝါးတွေကို အခုအကန့်အသတ်ဖြစ်စေပါတယ်။

ဒီအချက်အားလုံးက အာဖဂန်နစ္စတန်ရဲ့ ပျက်စီးလွယ်ပြီးသား ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။

ဆေးကုဖို့အခက်

နာဇီးရ်အဲမက်မိုင်ဝမ်းဒ်ဝါလ်ရဲ့ ဇနီး ရှူကရီယာဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာ စတင်ခံစားရပါတယ်။ သူဟာ ဇနီးဖြစ်သူနဲ့အတူ ပါကစ္စတန်ကို သွားရောက်ခဲ့ပြီး ဦးနှောက်အကျိတ်လို့ စစ်ဆေးတွေ့ရှိလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

"ခွဲစိတ်ကုသပြီးနောက်မှာ ကျွန်တော့်ဇနီးရဲ့အခြေအနေ ကောင်းလာပါတယ်" လို့ မိုင်ဝမ်းဒ်ဝါလ်က ပြောပါတယ်။ "သူ့ကိုယ်အလေးချိန် ပြန်တက်လာပြီး ခြောက်လကြာအောင် အဆင်ပြေနေပုံရပါတယ်။ ဒါပေမဲ့ သူရဲ့ကျန်းမာရေးက တဖြည်းဖြည်း ပြန်ဆိုးလာပါတယ်။"

ဒီစုံတွဲဟာ ဒေါက်တာတွေရဲ့အကြံပေးချက်အရ ပါကစ္စတန်ကို စိတ်ပျက်အားငယ်စွာနဲ့ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အဲဒီအချိန်မှာ နယ်စပ်က အခမဲ့ခရီးသွားလာမှုအတွက် ပိတ်ထားပါတယ်။

"ကျွန်တော် ပါကစ္စတန်ဗီဇာ သုံးကြိမ်လျှောက်ထားပေမဲ့ တစ်ကြိမ်တိုင်း ငြင်းပယ်ခံရပါတယ်" လို့ မိုင်ဝမ်းဒ်ဝါလ်က ပြောပါတယ်။ "ကျွန်တော် ကဘူးလ်ကို သွားခဲ့ပေမဲ့ အဲဒီမှာတောင် ကင်ဆာကုသရေးစင်တာမှာ ဓာတ်ရောင်ခြည်ကုထုံး မရှိပါဘူး။ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။"

ရှူကရီယာဟာ မတ်လမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ အသက် ၂၄ နှစ်သာ ရှိပါသေးတယ်။

ကန်ဒါဟာမြို့က ပျောက်စေဆရာရဲ့အိမ်ကို ပြန်ကြည့်ရင်တော့ လူတွေ သူ့အိမ်တံခါးရှေ့ကို တဖွဲဖွဲ ဆက်လက်ရောက်ရှိနေတယ်လို့ ကာဒရီက ဆိုပါတယ်။ အများစုဟာ နောက်ဆုံးမျှော်လင့်ချက် ကောက်ရိုးတမျှင်ပဲ ဖြစ်လိုဖြစ်ငြား အကူအညီ လာရှာကြတာဖြစ်ပါတယ်။ "ကင်ဆာလူနာတွေ အာဖဂန်နစ္စတန်ရဲ့နေရာပေါင်းစုံကနေ ကျွန်တော့်ဆီ လာကြတယ်။ တစ်နေ့ကို အယောက် ၂၅၀ ကနေ ၃၀၀၊ ၄၀၀ အထိတောင် ရောက်လာလေ့ရှိကြတယ်" လို့ သူက ဆိုပါတယ်။

ဟာဘီဘူလာရဲ့သား အဆက်ဒ်ဟာ သူတို့ထဲက တစ်ဦးဖြစ်ပါတယ်။

ဟာဘီဘူလာဟာ သားဖြစ်သူကို အနာနဲ့ဆေး တွေ့လိုတွေ့ငြား အိမ်နီးချင်း ပါကစ္စတန်ကို သွားခဲ့ပေမဲ့ ရောဂါကျွမ်းနေပြီလို့သာ သိခဲ့ရပါတယ်။ အဆက်ဒ်ကို အိမ်ပြန်ခေါ်သွားပြီး သူ့ဘဝနောက်ဆုံးအချိန်တွေကို မိသားစုက အနားမှာရှိနေပေးဖို့ပဲ ဆရာဝန်တွေက အကြံပြုခဲ့ပါတယ်။​

အရှုံးမပေးဘဲ "စိတ်အေးချမ်းမှု" တစ်မျိုးကို ရှာဖွေရင်း ဟာဘီဘူလာဟာ အာဖဂန်နစ္စတန်ကို ပြန်လာပြီး သူငယ်ချင်းတွေဆီကနေ ကာဒရီဟာ ကင်ဆာဝေဒနာရှင်တွေ အများအပြားကို သက်သာပျောက်ကင်းစေခဲ့တယ်လို့ ကြားရတဲ့အပေါ်မူတည်ပြီး အဆက်ဒ်ကို ကာဒရီဆီ ခေါ်သွားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီမှာလည်း မျှော်လင့်ချက် မရှိခဲ့ပါဘူး။

"သူတို့က ကျွန်တော့်သားကို ဓာတ်ပုံရိုက်၊ ဆယ်ရက်အတွင်း သူ့မျက်နှာ ပြောင်းသွားတာ သူကိုယ်သူတောင် မမှတ်မိတော့ဘူးလို့ ပြောပြီး အဲဒီဓာတ်ပုံကို သိမ်းထားဖို့ ပြောပါတယ်" ဟု ဟာဘီဘူလာက ပြောပြပါတယ်။

အဲဒီလို ပြောပေမယ့် အဆက်ဒ်ရဲ့အခြေအနေ ဆိုးရွားလာပြီး ဆေးရုံအပို့လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။ "ကျွန်တော် သားကို ဆုံးရှုံးလိုက်ရတယ်။ သူ့မှာ ကလေးငါးယောက်နဲ့ မုဆိုးမတစ်ယောက် ကျန်ရစ်ခဲ့တယ်" လို့ ဟာဘီဘူလာက ငိုကြွေးပါတယ်။

"ကျွန်တော့်သားကို အခြေအမြစ်မရှိတဲ့ကတိတွေနဲ့ လှည့်စားခံခဲ့တယ်။ သူက ငွေနဲ့ အာမီလက်တွေ ပေးဆက်ခဲ့ပေမဲ့ ကင်ဆာကနေ မသက်သာခဲ့ဘူး" လို့ ပြောပါတယ်။

ဟာဘီဘူလာအဆိုအရ ကာဒရီဟာ သိုးတစ်ကောင်ကို အခကြေးငွေအဖြစ် လက်ခံယူပေမဲ့ "ပူဇော်ဖို့နဲ့ သယ်ယူပို့ဆောင်ရေးအတွက်" ငွေအမြောက်အမြားကိုလည်း တောင်းဆိုတယ်လို့ ဆိုပါတယ်။

ကာဒရီဟာ "လိမ်လည်သူ" တစ်ယောက်လို့ ဟာဘီဘူလာက ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ကန်ဒါဟာမြို့ဆင်ခြေဖုံးက နောက်လူနာတစ်ယောက်ကလည်း အရေပြားကင်ဆာအတွက် နတ်ကွန်းတွေနဲ့ ကာဒရီလို အပါအဝင် ပရဆေး (ပျောက်စေ) ဆရာတွေ ဆီ အကြိမ်ကြိမ် သွားရောက်ဖူးခဲ့တယ်လို့ ဆိုပါတယ်။

"ကာဒရီက ကျွန်တော့်ကို ပါကစ္စတန် ဒါမှမဟုတ် တခြားတစ်နေရာကို မသွားဖို့၊ သိုးတစ်ကောင် ယူလာဖို့ ပြောပါတယ်။ 'ဘုရားသခင် အလိုတော်ရှိရင် မင်း လုံးဝပျောက်ကင်းသွားလိမ့်မယ်' လို့ ပြောကြောင်း ပြန်ပြောပြပါတယ်။"

သူဟာ ဆုတောင်းဖို့ ကာဒရီဆီ ၇ ရက်ကြာ သွားရောက်ခဲ့ပြီး ဆက်ထရီအက်ဇုန်းထိုးဆေးတွေ၊ ကိုအမောက်စီကလာဗ် နဲ့ ဩဂမန်တင် သောက်ဆေးတွေကိုလည်း ရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါတွေဟာ ဘက်တီးရီးယားပိုးဝင်မှုတွေကို ကုသဖို့ ပုံမှန်သုံးတာထက် ပြင်းထန်တဲ့ ပဋိဇီဝဆေးတွေဖြစ်ပါတယ်။

"ဒါတွေနဲ့ ကုနေတဲ့ကြားက ကျွန်တော့်အခြေအနေ မပြောင်းလဲပါဘူး။ အချိန်ရှိတုန်းတစ်ခုခုလုပ်မှဖြစ်မယ်လို့ ကျွန်တော် သိလိုက်တယ်။ ဒါကြောင့် ပါကစ္စတန်က လာဟိုးမြို့ရှိ Shaukat Khanum ရှူးခတ် ခါနမ်ဆေးရုံမှာ ကုသမှုခံယူဖို့ သွားရတော့တယ်" လို့ ဆိုပါတယ်။

သူဟာ အဲဒီမှာ ဆေးကုသမှု ခံယူပြီးနောက် နောက်ဆုံးမှာ ပြန်လည်သက်သာလာခဲ့ပါတယ်။

ဆေးပညာကို အစားမထိုးနိုင်

ကျွမ်းကျင်သူတွေက ဆက်ထရီအက်ဇုန်းကို သွေးကြောသွင်းဆေးအဖြစ်သာ သွင်းဖို့ လိုအပ်ပြီး ဒီပဋိဇီဝဆေးတွေထဲက ဘယ်တစ်မျိုးမျိုးကိုမှ ကင်ဆာကုသရာမှာ အသုံးမပြုကြောင်း သတိပေးပါတယ်။ အထူးကုသမားတော်တွေရဲ့အကြံပေးချက်မပါဘဲ ဒီလိုဆေးကို အလွဲသုံးစားလုပ်တာဟာ အန္တရာယ်ရှိပြီး ဆေးယဉ်ပါးမှုအပါအဝင် ပြဿနာများစွာကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

သူ့ဝန်ဆောင်မှုတွေအတွက် ငွေကြေးတောင်းခံတာကို ငြင်းဆိုပေမဲ့ သူလုပ်သမျှအတွက် ကျေးဇူးတင်ကြောင်း လူတချို့က သူ့ကို ငွေကြေး ကမ်းလှမ်းတာပါလို့ ကာဒရီက ဘီဘီစီ ကို တုံ့ပြန် ပြောကြားခဲ့ပါတယ်။

"လူတွေကို မေးကြည့်ပါ" လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် သူက "ဆရာဝန်တစ်ဦးနဲ့ တိုင်ပင်ပြီး" သူ့ဆီလာရောက်သူတွေအတွက် ဆေးညွှန်းပေးတယ်၊ ဘယ်သူကိုမှ ထပ်မံဆေးကုသမှု မခံယူဖို့ တားဆီးတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဆွဲနိုင်ရေး အားကိုးတကြီးရှာကြသူတွေကို ဒီလိုဝန်ဆောင်မှုတွေ ပေးနေတာ ကာဒရီတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

နန်ဂါဟာရ်မြို့က မိုဟာမက်အဇစ်ဆာအီဒီရဲ့အမွှာသမီးနှစ်ယောက်မှာ သာလာဆီးမီးယား လို့ခေါ်တဲ့ သွေးအားနည်း ရောဂါရှိပြီး အသက်ရှင်နေအောင် လစဉ်သွေးသွင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဆွေမျိုးအချို့ရဲ့အကြံပြုချက်အရ သူဟာ သမီးတွေကို ပျောက်စေ ဆရာတွေဆီ ခေါ်သွားခဲ့ပေမဲ့ သူတို့ရဲ့အခြေအနေ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

"တချို့က ဘာမစားနဲ့ ညာမစားနဲ့လို့ ပြောပြီး တချို့က ရေစင်တွေ ပေးကြတယ်" လို့ ဆာအီဒီက ပြောပါတယ်။ "ဒါပေမဲ့ ပြောင်းလဲ တိုးတက်မှုမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဆေးကုသမှု စတင်ခဲ့ပြီး အခုတော့ သူတို့ရဲ့အခြေအနေ အရမ်းကောင်းပါတယ်။"

ကျွမ်းကျင်သူတွေကတော့ ဆုတောင်းခြင်းနဲ့ ဝိညာဉ်ရေးရာကုသခြင်းဟာ နာတာရှည်နဲ့ အသက်အန္တရာယ်ရှိတဲ့ရောဂါတွေ ခံစားနေရသူများအတွက် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့နဲ့ နှစ်သိမ့်မှု ပေးစွမ်းနိုင်ပေမဲ့ ဒါဟာ ဆေးဘက်ဆိုင်ရာကုသမှုကို အစားမထိုးသင့်ဘူးလို့ သတိပေးပါတယ်။

ကန်ဒါဟာမြို့က သာမန်အိမ်ရှေ့မှာ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေကြတဲ့ ဝေဒနာရှင်တွေအတွက်တော့ ဒီအကြံဉာဏ်က လက်ခံရခက်ခဲနိုင်ပါတယ်။ သူတို့မှာ မျှော်လင့်ချက်ဇော ကပ်နေတာကြောင့်ဖြစ်ပါတယ်။​

BBC Global Journalism အဖွဲ့လည်း ပါဝင်ရေးသားပါတယ်။​