ICJ ရဲ့ မြန်မာအပေါ် စီရင်ချက် ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေရှိလာနိုင်

    • ရေးသားသူ, ဂျရမီဘိုဝင်
    • ရာထူးတာဝန်, နိုင်ငံတကာရေးရာအယ်ဒီတာ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဒီစီရင်ချက်ဟာ သမိုင်းဝင်ပါတယ်။ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခံရတဲ့ ပထမဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံဟာ အခုဆိုရင် သမိုင်းမှာ အမည်းစက်တစ်ခု ကျန်ရစ်ခဲ့ပါပြီ။

ရိုဟင်ဂျာတွေဟာ ရသင့်ရထိုက်တဲ့ တရားမျှတမှုကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အခုမှ ရရှိလာတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေက ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် လူပေါင်း အနည်းဆုံး ၁၀,၀၀၀ သေဆုံးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ဆိုးရွားတဲ့ဖြစ်ရပ်တွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် နေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြီးမားတဲ့ ဒုက္ခသည်စခန်းတွေမှာတော့ လူအုပ်ကြီးတွေဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါက တရားရုံးရဲ့ စီရင်ချက်ကို ဖတ်ကြားတာကို ကြည့်ရှုဖို့ ဖန်သားပြင်တွေရှေ့မှာ စုဝေးခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ ဒီအမှုကို တရားရုံးမှာ စတင်တင်သွင်းခဲ့ပြီးနောက် တရားရုံးက ကြားနာခဲ့တဲ့ သက်သေအထောက်အထားတချို့ကို တရားသူကြီး အီဝါဆာဝါက ပြန်လည်ထောက်ပြခဲ့ပါတယ်။ အဲဒီအထောက်အထားတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ကျေးရွာတွေကို ဖျက်ဆီးမှုတွေ ပါဝင်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ရိုဟင်ဂျာတွေကို သူတို့ရဲ့နေအိမ်တွေအတွင်းမှာပဲ မီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မဲ ၉ မဲ၊ ၆ မဲနဲ့ အများစုသဘောတူ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ လက်ရှိ တရားရုံးမှာ ကြားနာနေတဲ့တခြား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွေအပေါ်မှာလည်း သိသာတဲ့ သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ အထူးသဖြင့် လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ရှိကြောင်း သက်သေပြဖို့ လိုအပ်တဲ့ သက်သေအထောက်အထား စံနှုန်းကို ပြန်လည်အတည်ပြုပြီး ပိုမိုရှင်းလင်းစေခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီအမှုတွေထဲမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာ အစ္စရေးက ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အမှုလည်း ပါဝင်ပါတယ်။ ဒီစွပ်စွဲချက်ကို အစ္စရေးက အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

ICJ ရဲ့ ဒီထူးခြားတဲ့ ဆုံးဖြတ်ချက်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ အာဏာကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ ထိန်းညှိဖို့ ချမှတ်ခဲ့တဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို ယုံကြည်သူတွေအတွက်လည်း အားဖြစ်စေပါတယ်။

၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ဟာ နာဇီတွေ မရှုံးနိမ့်ခင် နှစ်တွေက ဖြစ်ပွားခဲ့တဲ့ အကန့်အသတ်မဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ စစ်ပွဲတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့ ကုလသမဂ္ဂကို ဗဟိုပြုပြီး တည်ဆောက်ခဲ့တဲ့ နိုင်ငံတကာစနစ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်နောက်ပိုင်း ချမှတ်ခဲ့တဲ့ နိုင်ငံတကာစည်းမျဉ်းတွေနဲ့ သဘောတူစာချုပ်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ခေတ်ကာလမှာ အရင်က မကြုံဖူးတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သူတို့ သုံးဦး တရုတ်နိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့နေ့မှာပဲ ICJ က နိုင်ငံတကာဥပဒေဟာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ အရပ်သားတွေအပေါ် အင်အားသုံးတိုက်ခိုက်မှုတွေမှာလည်း အကျိုးဆက်တွေ ရှိလာနိုင်ကြောင်း ပြသနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ကြောင်း အဓိကအချက်ကို ဘယ်လိုသက်သေပြခဲ့သလဲဆိုတာကို ရှေ့နေတွေက အသေးစိတ်လေ့လာကြမှာ ဖြစ်ပါတယ်။

ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုအမှုတစ်ခုကို တင်သွင်းရာမှာ အဲဒီလို ကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိကြောင်း သက်သေပြနိုင်ဖို့က အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ဖြစ်ပွားခဲ့ကြောင်း ပြသရုံနဲ့တော့ မလုံလောက်ပါဘူး။

ဥရောပဂျူးလူမျိုးတွေကို နာဇီတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် (Holocaust) အပြီး ကုလသမဂ္ဂက အတည်ပြုခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်မှာ အဓိကသတ်မှတ်ထားတဲ့ စကားရပ်ကတော့ "အမျိုးသား၊ လူမျိုးစု၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးအုပ်စုတစ်စုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သည့် လုပ်ရပ်များ" ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ရေးဆွဲခဲ့သူတွေထဲမှာ Holocaust ဖြစ်ရပ်ကနေ အသက်ရှင်လွတ်မြောက်လာတဲ့ ဂျူးလူမျိုး ရာဖေးလ် လမ်ကင် (Raphael Lemkin) က ဦးဆောင်ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သက်သေပြနိုင်ဖို့ လိုအပ်တဲ့ စံနှုန်းကို တမင်တကာ မြင့်မြင့်မားမား သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က စီရင်ချက်ချဖို့ အချိန်အကြာကြီး ယူခဲ့ရတာ ဖြစ်ပါတယ်။

ရှေ့နေတွေနဲ့ စုံစမ်းစစ်ဆေးသူတွေအတွက် အကောင်းဆုံးအခြေအနေမှာတော့ အစိုးရရဲ့ စာရွက်စာတမ်းတွေနဲ့ စစ်ဘက်အမိန့်စာတွေကနေ သက်သေအထောက်အထားတွေ စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလို သက်သေတွေ ရရှိဖို့ ခက်ခဲပြီး တစ်ခါတရံ မဖြစ်နိုင်သလောက်ပါပဲ။

လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ အစိုးရတွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်လေ့မရှိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို အခြေခံပြီး လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း သက်သေတွေကို တရားရုံးက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်၊ Blavatnik အစိုးရမူဝါဒလေ့လာရေးကျောင်းရဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးဆိုင်ရာ ပါမောက္ခ ဂျနီနာ ဒီးလ် (Janina Dill) ရဲ့ ရှင်းပြချက်က ပြည့်စုံပါတယ်။

"လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိကြောင်းကို လုပ်ရပ်တွေ ထပ်တလဲလဲ ဖြစ်ပေါ်ခဲ့တဲ့ ပုံစံကို ကြည့်ပြီး ကောက်ချက်ချနိုင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ရည်ရွယ်ချက်တစ်ခုတည်းဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့အတွက်ပဲ ကျူးလွန်ခဲ့ရမယ်လို့ မဆိုလိုပါဘူး။ အဲဒီလိုသာဆိုရင် တန်ပြန်တိုက်ခိုက်ရေး၊ အပြစ်ပေးရေး ဒါမှမဟုတ် နေရပ်စွန့်ခွာစေရေးလို တခြားရည်ရွယ်ချက်တွေလည်း ရှိခဲ့ကြောင်း ပြသနိုင်တာနဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတဲ့ အချက်ကို ပယ်ချရတော့မှာ ဖြစ်ပါတယ်။

တရားရုံးက ဒီရည်ရွယ်ချက်တွေဟာ ဖြစ်နိုင်ခြေရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရရှိထားတဲ့ သက်သေအထောက်အထားအားလုံးကို ခြုံငုံကြည့်တဲ့အခါ လူမျိုးတုံးသတ်ဖြတ်မှုဟာ ရည်ရွယ်ချက်တစ်ခုအဖြစ် ပါဝင်နေတယ်လို့ မယူဆဘဲ ရှင်းပြလို့မရဘူးဆိုပြီး ဆုံးဖြတ်ခဲ့တာပါ" သူကပြောပါတယ်။

တစ်နည်းအားဖြင့် နိုင်ငံတစ်နိုင်ငံဟာ တိုက်ခိုက်ခံရတာဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တန်ပြန်ထိုးစစ်ဆင်ဖို့ တပ်ဖွဲ့တွေကို အမိန့်ပေးခဲ့တာဖြစ်စေ၊ အဲဒီနိုင်ငံရဲ့ လုပ်ရပ်တွေကို ခြုံငုံသုံးသပ်လိုက်တဲ့အခါ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဖြစ်နိုင်တယ်ဆိုတဲ့ သဘောပါ။

တရားသူကြီးတွေက အမှုတစ်ခုချင်းစီကို သူ့ရဲ့အခြေအနေနဲ့သူ သီးခြားစီ သုံးသပ်ဆုံးဖြတ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုပုံအပေါ် သက်ရောက်မှုရှိတာကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမှုဟာ ICJ မှာ လက်ရှိကြားနာနေတဲ့ တခြားလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွေအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။

အဲဒီအမှုတွေထဲမှာ အထင်ရှားဆုံးကတော့ ဂါဇာမှာ ပါလက်စတိုင်းပြည်သူတွေကို သတ်ဖြတ်ပြီး အိုးအိမ်အဆောက်အအုံတွေ ဖျက်ဆီးခဲ့မှုတွေနဲ့ပတ်သက်လို့ အစ္စရေးကို တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ ဥပဒေအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ ဗြိတိန်ရှေ့နေကြီး ဖိလစ် ဆန်းဒ်စ် (Philippe Sands KC) ဟာ စီရင်ချက်ချမှတ်မှုကို နားထောင်ဖို့ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က ICJ တရားခွင်မှာ ရှိနေခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလက ICJ မှာ မြန်မာနိုင်ငံအပေါ် အမှုကို လျှောက်လဲချက်ပေးနေချိန်မှာ ဂါဇာအရေးဟာ "အခန်းထဲမှာရှိနေတဲ့ ဆင်ကြီးတစ်ကောင်လိုပဲ" ဖြစ်နေခဲ့တယ်လို့ သူက ဘီဘီစီ ရဲ့ World at One အစီအစဉ်ကို ပြောပါတယ်။ ဆိုလိုတာကတော့ ဒီအမှုမှာ တရားရုံးရဲ့ ဆုံးဖြတ်ပုံဟာ နောက်ထပ်ကြားနာမယ့် အမှုအပေါ် သက်ရောက်မှုရှိမယ်ဆိုတာ အားလုံးသိထားကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီရင်ချက်မှာ ICJ တရားသူကြီးတွေ ချမှတ်ခဲ့တဲ့ ချဉ်းကပ်ပုံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို သက်သေပြဖို့ လိုအပ်တဲ့ သက်သေအထောက်အထား စံနှုန်းကို ပိုမိုရှင်းလင်းစေခဲ့တယ်လို့ ဆန်းဒ်စ်က ဘီဘီစီ ကို ပြောပါတယ်။

"ဂမ်ဘီယာသာ ဒီအမှုမှာ ရှုံးခဲ့မယ်ဆိုရင် တောင်အာဖရိကရဲ့ အမှုဟာလည်း လက်တွေ့အားဖြင့် ဆက်လက်လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

"ဒါပေမဲ့ အခု ဂမ်ဘီယာ အနိုင်ရခဲ့တဲ့အတွက် တောင်အာဖရိကရဲ့အမှုအတွက် တံခါးဖွင့်ထားဆဲ ဖြစ်ပါတယ်။ ဒါဟာ တောင်အာဖရိက အနိုင်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံးက ဆုံးဖြတ်မယ်လို့လည်း မဆိုလိုပါဘူး။

"ဆိုလိုတာကတော့ သက်သေအထောက်အထားဆိုင်ရာ စံနှုန်းကို အခုအခါမှာ အလွန်ရှင်းလင်းစွာ သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်ပြီး နောက်ထပ်အမှုမှာ ပါဝင်နေတဲ့ အဖွဲ့တွေ၊ တခြားအမှုတွေမှာ ပါဝင်နေတဲ့ အဖွဲ့တွေကလည်း အဲဒီစံနှုန်းတွေနဲ့ ကိုက်ညီအောင် သက်သေပြကြရတော့မှာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ ဒီစီရင်ချက်ကြောင့် ဝမ်းမြောက်မှုနဲ့ စိတ်သက်သာရာရမှုတွေ ခံစားရမှာ သေချာပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုနီးပါး သူတို့ ရင်ဆိုင်နေခဲ့ရတဲ့ ဆင်းရဲကျပ်တည်းပြီး အန္တရာယ်များတဲ့နေထိုင်မှုအခြေအနေတွေကတော့ ချက်ချင်းကောင်းမွန်လာမှာတော့ မဟုတ်ပါဘူး။

တရားရုံးမှာ သူ့ရဲ့စီရင်ချက်တွေကို အတင်းအကျပ် အကောင်အထည်ဖော်စေနိုင်တဲ့ ယန္တရား မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာတွေအတွက် နစ်နာကြေးပေးဖို့ မြန်မာနိုင်ငံကို အမိန့်ချမှတ်ထားပါတယ်။

အဲဒီလို လုပ်ဆောင်ဖို့ကတော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ကျေးရွာပေါင်း ရာနဲ့ချီပြီး မြေပြင်ကနေ အပြီးတိုင် ဖျက်ဆီးခံထားရသလို မြန်မာအစိုးရကလည်း တရားရုံးရဲ့ စီရင်ချက်ကို အလွယ်တကူ လက်ခံဖို့ မရှိနိုင်ပါဘူး။

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်တဲ့ သံတမန်ရေးရာကိစ္စတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တာဝန်ယူကိုင်တွယ်နေတဲ့ ဗြိတိန်ဟာ အဲဒီအရေးမှာ "အဓိကတာဝန်ခံနိုင်ငံ" (pen holder) လို့ သတ်မှတ်ခံထားရပါတယ်။

ဗြိတိန်က ထုတ်ပြန်ချက်တစ်စောင်မှာ "ဒီလို ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ တရားရုံးရဲ့ စီရင်ချက်ဟာ ဒီလိုရာဇဝတ်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ကျူးလွန်လို့မရဘူးဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကား ပေးနိုင်အောင် သေချာလုပ်ဆောင်ရပါမယ်" လို့ ပြောထားပါတယ်။

ဗြိတိန်ဟာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ တောင်းဆိုထားသလို လန်ဒန်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာစစ်သံမှူးကိုလည်း နှင်ထုတ်နေပြီး လာမယ့်ရက်ပိုင်းအတွင်း နောက်ထပ်အစီအမံတွေ လုပ်ဆောင်မယ်လို့ ကတိပြုထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂကနေတစ်ဆင့် လုပ်ဆောင်နိုင်တာတွေက အကန့်အသတ်ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို တရုတ် ဒါမှမဟုတ် ရုရှားနိုင်ငံ၊ နှစ်နိုင်ငံစလုံးက ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ထရမ့်အစိုးရအဖွဲ့ဘက်ကလည်း ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ICJ ရဲ့ စီရင်ချက် မချမှတ်ခင်ကတည်းက အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ဟာ ၂၀၂၂ ခုနှစ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ခ် ဝေါ့ဇ် (Mike Waltz) ကတော့ ပြီးခဲ့တဲ့လမှာ လူမျိုးတုံးသတ်ဖြတ်မှုကို သက်သေပြဖို့ လိုအပ်တဲ့ ဥပဒေဆိုင်ရာ စံနှုန်းကို "မလျှော့ချဖို့" ICJ ကို သတိပေးထားပါတယ်။

သူက အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ စစ်သားတွေကို ကာကွယ်ဖို့အတွက် အခုလို ပြောဆိုတာဖြစ်သလို ICJ မှာ အစ္စရေးဘက်က ခုခံချေပနေမှုကို ထောက်ခံတာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ကောက်ယူခဲ့ကြပါတယ်။

ဆိုလိုတာက "လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း သက်သေပြဖို့ လိုအပ်တဲ့ ဥပဒေစံနှုန်းကို ICJ က လျှော့ချလိုက်ရင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ စစ်သားတွေပါ နောင်မှာ နိုင်ငံတကာဥပဒေအရ တရားစွဲဆိုခံရနိုင်ခြေ ပိုများလာနိုင်တာကြောင့်'' လို့ နားလည်ကြပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ "လက်ဝဲဝါဒီ၊ ကမ္ဘာလုံးဆိုင်ရာဝါဒီနဲ့ ဂျူးဆန့်ကျင်ရေး ရည်ရွယ်ချက်" လို့ သူခေါ်ဆိုခဲ့တဲ့အရာကိုလည်း ဝေါ့ဇ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အဲဒီလို ပြောဆိုရာမှာတော့ ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ ကြားနာခဲ့တဲ့အမှုမှာ တရားသူကြီးအဖြစ် ပါဝင်ခဲ့သူ နာဗီ ပီလေး (Navi Pillay) ကိုလည်း ဝေါ့ဇ်က အမည်တပ်ပြီး ဝေဖန်ခဲ့ပါတယ်။

သူဟာ လွန်ခဲ့တဲ့တစ်နှစ်က ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ထရမ့်အစိုးရဘက်က ဘယ်လိုခြိမ်းခြောက်မှုတွေ ရှိနေပါစေ၊ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိရေးက ဂါဇာမှာ အစ္စရေးရဲ့ လုပ်ရပ်တွေ၊ ICJ မှာ တောင်အာဖရိကက တင်သွင်းထားတဲ့ အမှုနဲ့ ဂါဇာအပျက်အစီးတွေကြားမှာ ဆက်လက်ဒုက္ခရောက်နေကြတဲ့ ပါလက်စတိုင်းတွေရဲ့ အခြေအနေအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ပြန်လည်ရောက်ရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး တစ်နှစ်ကျော်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁,၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ စာရေးသူက ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအမှုကို အစ္စရေးအပေါ် တင်သွင်းထားတဲ့အမှုအတွက် အစမ်းလေ့ကျင့်မှုတစ်ခုလို သဘောထားတာဟာ မှားယွင်းလိမ့်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်က ဂျန်နီနာ ဒီးလ်က "အဲဒီလို သဘောထားတာဟာ ကျွန်မတို့ရဲ့ အာရုံစိုက်မှုကို အဓိကထားသင့်တဲ့ ရိုဟင်ဂျာတွေအရေးကနေ အာရုံလွဲသွားစေနိုင်ပါတယ်" လို့ ပြောပါတယ်။

"သူတို့ရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးဖို့ တရားရေးဆောင်ရွက်မှုဟာ ကမ္ဘာက ပိုပြီးအာရုံစိုက်ဖို့ ရွေးချယ်ထားတဲ့ ပဋိပက္ခတစ်ခုအတွက် စမ်းသပ်အမှုတစ်ခု မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။