နို၀င်ဘာ ၁၉ ရက် ICJ စီရင်ချက်နဲ့ ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာဟာ ရခိုင်မှာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်ကျူးလွန်တယ်လို့ ICJ အမိန့်ချ
ICJ ရဲ့ မြန်မာအပေါ် စီရင်ချက်နဲ့ အဲဒီစီရင်ချက်အပေါ် မြန်မာအာဏာပိုင်တွေ၊ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- မြန်မာဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုအတွက် ICJ တရားရုံးက ဒီနေ့ အပြီးသတ်စီရင်ချက်ချမယ်။
- ရိုဟင်ဂျာတွေအပေါ် အမုန်းတရားဖြန့်ဝေမှုတွေမှာ လူမှုကွန်ရက်ပလက်ဖောင်းတွေရဲ့ အခန်းကဏ္ဍ တာဝန်ခံမှုရှိစေဖို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က တိုက်တွန်းပါတယ်။
- ရိုဟင်ဂျာတွေနဲ့တသားတည်းရပ်တည်ကြောင်း ရန်ကုန်မြို့နဲ့ ချင်းမိုင်မြို့တွေမှာ လူငယ်အချို့ဦးဆောင်ပြီး ဆန္ဒပြလှုပ်ရှားမှုတွေပြုလုပ်။
- ICJ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက်တရားမျှတမှုရရှိရေးမှာ အရေးပါတဲ့မှတ်တိုင်ဖြစ်လာနိုင်တယ်လို့ HRW က ပြောထားပါတယ်။
- ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ရိုဟင်ဂျာတွေက ICJ တရားရုံးရဲ့ စီရင်ချက်တိုက်ရိုက်ထုတ်လွှင့်မှုကို စုဝေးကြည့်ရှုဖို့ ပြင်ဆင်ထားကြပါတယ်။
- ICJ အမှုကို နိုင်ငံရေးကွဲပြားမှုထက် နိုင်ငံ့အကျိုးစီးပွားနဲ့ ချဉ်းကပ်ဖို့ စစ်တပ်ထောက်ခံသူတွေက တိုက်တွန်းနေကြပါတယ်။
- စစ်တပ်ထောက်ခံသူတွေက ICJ ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အခြေအနေရှိလာရင် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ တုံ့ပြန်ဖို့၊လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ မိတ်ဖက်နိုင်ငံတွေရဲ့အကူအညီရယူဖို့ တိုက်တွန်းနေကြပါတယ်။
- မြန်မာဘက်ခြမ်း၊ ရခိုင်ပြည်နယ်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တိုက်တွန်း။
တိုက်ရိုက် ထုတ်လွှင့်ချက်
ICJ စီရင်ချက်ထွက်ပြီးနောက် မြန်မာစစ်သံမှူးကို နှင်ထုတ်မယ်လို့ ဗြိတိန်ပြော
ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုတွေအပေါ် ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာစစ်သံမှူးကို ဗြိတိန်နိုင်ငံကနေ နှင်ထုတ်မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက ကြေညာပါတယ်။
ICJ ရဲ့ စီရင်ချက်ဟာ သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ ဗြိတိန်အနေနဲ့ တရားရုံးနဲ့ နိုင်ငံတကာဥပဒေအခြေပြုစနစ်ကို အပြည့်အဝထောက်ခံကြောင်း မစ္စတာ မီလီဘန်းက ပြောပါတယ်။
ဒီစီရင်ချက်အပေါ် အခြေခံပြီး မြန်မာစစ်အာဏာပိုင်တွေအပေါ် ရှိပြီးသား ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံခိုင်မာစေတဲ့အနေနဲ့ မြန်မာစစ်သံမှူးကို ဗြိတိန်နိုင်ငံကနေ နှင်ထုတ်ဖို့ အမိန့်ထုတ်ထားသလို ICJ စီရင်ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့လည်း အရေးတကြီး တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာသံရုံးရဲ့ ယာယီတာဝန်ခံကိုလည်း ဆင့်ခေါ်ထားပြီး တာဝန်ရှိသူတွေကို တာဝန်ခံစေရေးအတွက် လာမယ့်ရက်ပိုင်းအတွင်း နောက်ထပ်အရေးယူမှုတွေကို ကြေညာသွားမယ်လို့ မစ္စတာ မီလီဘန်းက ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ နှစ်ပေါင်းများစွာ အကြမ်းဖက်မှု၊ နေရပ်စွန့်ခွာရမှုနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကို ခံစားခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ICJ ရဲ့ စီရင်ချက်ကို အပြည့်အဝလိုက်နာရမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စီရင်ချက် အကောင်အထည်ဖော်ရေး၊ တာဝန်ခံမှုရှိစေရေးနဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေးမှာ ပါဝင်ဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဗြိတိန်ဟာ ရိုဟင်ဂျာတွေကို ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်သလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျကာ အားလုံးပါဝင်နိုင်တဲ့ အနာဂတ်တစ်ရပ် ပေါ်ထွန်းလာရေးကိုလည်း ထောက်ခံသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဗြိတိန်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း ICJ ဆုံးဖြတ်
တရားသူကြီးက ၁၀ နဲ့ ၁၁ ခုမြောက် ဆုံးဖြတ်ချက်တွေကို ဖတ်ကြားခဲ့ပါတယ်။
- မဲ ၁၀ မဲ၊ ၅ မဲနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့အတွက် ရိုဟင်ဂျာလူမျိုးစုနဲ့ အဲဒီလူမျိုးစုဝင်တွေကို လျော်ကြေးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပါတယ်။
- မဲ ၁၀ မဲ၊ ၅ မဲနဲ့ ရိုဟင်ဂျာတွေအတွက် ပေးရမယ့် လျော်ကြေးပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေ၊ အခြားပြန်လည်ကုစားမှုတွေကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆက်လက်ဆုံးဖြတ်သတ်မှတ်ပေးရမယ်လို့ ဆုံးဖြတ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေအတွက် ရိုဟင်ဂျာတွေကို ပြန်လည်ကုစားပေးဖို့ တာဝန်ရှိပေမဲ့ လျော်ကြေးပေးရမယ့် ပမာဏကိုတော့ အခုအချိန်မှာ သတ်မှတ်မထားသေးဘူးလို့ တရားသူကြီး အီဝါဆာဝါက ပြောပါတယ်။
ပြန်လည်ကုစားပေးမှုဟာ နစ်နာဆုံးရှုံးမှုနဲ့ အချိုးညီရမှာဖြစ်ပြီး လျော်ကြေးပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေကိုတော့ တရားစွဲဆိုမှုရဲ့ နောက်ထပ်အဆင့်တစ်ခုမှာ ဆုံးဖြတ်သတ်မှတ်သွားရမယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဒီစီရင်ချက်ချမှတ်တဲ့နေ့ကစပြီး ၂ နှစ်အတွင်း ပြန်လည်ကုစားပေးရေးအတွက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို မြန်မာနိုင်ငံက ပြုစုတင်ပြရမယ်လို့ တရားသူကြီးက ပြောပါတယ်။
ဂမ်ဘီယာနိုင်ငံဘက်ကတော့ ပြစ်မှုကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာနစ်နာသူအားလုံးကို အပြည့်အဝ ပြန်လည်ကုစားပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ တင်ပြခဲ့ပါတယ်။
နောင်မှာ လူမျိုးတုံးသတ်ဖြတ်မှု ထပ်မံချိုးဖောက်တာမျိုး မဖြစ်ဖို့ မြန်မာကို ICJ ဆုံးဖြတ်
တရားရုံးရဲ့ အဋ္ဌမနဲ့ နဝမမြောက် ဆုံးဖြတ်ချက်တွေကတော့ -
- မဲ ၉ မဲ၊ ၆ မဲနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်အရ မြန်မာနိုင်ငံက လိုက်နာရမယ့် တာဝန်တွေကို ချိုးဖောက်မှု ထပ်မံမဖြစ်ပွားစေရေး အာမခံချက်တွေနဲ့ ကတိကဝတ်တွေ ပေးရမယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။
- မဲ ၁၀ မဲ၊ ၅ မဲနဲ့ တရားရုံးရဲ့ စီရင်ချက်မှာ ဖော်ပြထားတဲ့အတိုင်း နစ်နာမှုတွေကို ပြန်လည်ကုစားပေးဖို့ လိုအပ်တဲ့ အစီအမံတွေကို မြန်မာနိုင်ငံက ချမှတ်ဆောင်ရွက်ရမယ်လို့ ဆုံးဖြတ်ပါတယ်။
ဒီပြန်လည်ကုစားမှုတွေမှာ ဘယ်လိုအချက်တွေ ပါဝင်မလဲဆိုတာကိုတော့ စီရင်ချက်အပြည့်အစုံ ထွက်လာတဲ့အခါ သိရမှာဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်တွေကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့ကြောင်း ICJ ဆုံးဖြတ်
တရားသူကြီးချုပ် ယူဂျီ အီဝါဆာဝါက ပဉ္စမ၊ ဆဋ္ဌမနဲ့ သတ္တမမြောက် ဆုံးဖြတ်ချက်တွေကို ဆက်လက်ဖတ်ကြားခဲ့ပါတယ်။
- မဲ ၁၄ မဲ၊ ၁ မဲနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းရမယ့် တာဝန်ကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ပါတယ်။
- မဲ ၁၄ မဲ၊ ၁ မဲနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၅ ပါ တာဝန်တွေကို ဆက်လက်ချိုးဖောက်နေမှုရှိပါက လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး အဲဒီချိုးဖောက်မှုတွေကို ရပ်တန့်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။
- မဲ ၁၃ မဲ၊ ၂ မဲနဲ့ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၃ ကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ ယူဆဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိသူအားလုံးကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံအနေနဲ့ ချက်ချင်းနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။
ICJ စီရင်ချက်ဟာ ရိုဟင်ဂျာတွေရဲ့ ခံစားခဲ့ရမှုကို အသိအမှတ်ပြုတဲ့ ကာလကြာရှည်စောင့်ဆိုင်းခဲ့ရတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း HRW ပြော
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ဟာ မြန်မာစစ်တပ်ရဲ့ လက်ချက်ကြောင့် ရိုဟင်ဂျာတွေ ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ကာလကြာရှည်စောင့်ဆိုင်းပြီးမှ အသိအမှတ်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch - HRW) က ပြောပါတယ်။
ဒီစီရင်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အခြားကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံခဲ့ရသူတွေအတွက် ကမ္ဘာတစ်ဝန်း တရားမျှတမှုရရှိရေး ကြိုးပမ်းရာမှာ အရေးပါတဲ့ စံနမူနာတစ်ခုလည်း ဖြစ်လာတယ်လို့ HRW ရဲ့ အပြည်ပြည်ဆိုင်ရာတရားမျှတမှုဆိုင်ရာ အကြီးတန်းအကြံပေး မာရီယာ အယ်လီနာ ဗီနိုလီ (Maria Elena Vignoli) က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ စီရင်ချက်ကို အမြန်ဆုံး လိုက်နာပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ရပ်တန့်သင့်တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံအစိုးရတွေက ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံပြီး မိမိဆန္ဒအလျောက် ပြန်လာနိုင်ရေး သေချာအောင် ဆောင်ရွက်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။
ICJ မှာ မဲခွဲဆုံးဖြတ်ချက်တွေ ဘယ်လိုထွက်ခဲ့သလဲ, မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး တားဆီးဖို့ ပျက်ကွက်ခဲ့ကြောင်းဆုံးဖြတ်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို တစ်ခုချင်းစီ ဖော်ပြနေပါတယ်။
ပထမဆုံး အဆိုပြုချက်သုံးခုအပေါ် တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကတော့ -
- မဲ ၉ မဲ၊ ၆ မဲနဲ့ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ပါတယ်။
- မဲ ၉ မဲ၊ ၆ မဲနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ လူပုဂ္ဂိုလ်တွေက ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ မြန်မာနိုင်ငံက တာဝန်ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ပါတယ်။
- မဲ ၁၄ မဲ၊ ၁ မဲနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့ လူသိရှင်ကြား လှုံ့ဆော်ခဲ့တယ်ဆိုတဲ့အချက်ကိုတော့ တရားရုံးက လက်မခံခဲ့ပါဘူး။
သတင်းထူး, ရိုဟင်ဂျာနစ်နာသူတွေကို လျော်ကြေးပေးဖို့ မြန်မာမှာ တာဝန်ရှိကြောင်း ICJ ဆုံးဖြတ်
မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့အတွက် နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် လျော်ကြေးပေးပြီး ပြန်လည်ကုစားပေးဖို့ တာဝန်ရှိတယ်လို့ ICJ တရားသူကြီးက ပြောပါတယ်။
ဒီစီရင်ချက်ချမှတ်တဲ့နေ့ကစပြီး နှစ်နှစ်အတွင်း ပြန်လည်ကုစားပေးရေးအတွက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံက တင်ပြရမှာဖြစ်ပါတယ်။
လျော်ကြေးပမာဏနဲ့ ဘယ်လိုပေးအပ်မယ်ဆိုတဲ့ နည်းလမ်းတွေကိုတော့ တရားရုံးက နောက်ထပ်တရားစွဲဆိုမှုအဆင့်မှာ ဆက်လက်ဆုံးဖြတ်သတ်မှတ်သွားမယ်လို့ တရားသူကြီးက ပြောပါတယ်။
လျော်ကြေးပမာဏဟာ နစ်နာဆုံးရှုံးမှုနဲ့ အချိုးညီရမှာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံကလည်း နစ်နာသူရိုဟင်ဂျာတွေအတွက် အပြည့်အဝ ပြန်လည်ကုစားပေးဖို့ တောင်းဆိုထားပါတယ်။
သတင်းထူး, မြန်မာ ဂျီနိုဆိုက်ကျူးလွန်တယ်လို့ ICJ အမိန့်ချ
မြန်မာဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက် ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ကြောင်း ICJ ဥက္ကဋ္ဌ တရားသူကြီးက ဆုံးဖြတ်ချက် ၁ အနေနဲ့ ကြေညာလိုက်ပါတယ်။
ဒါကို ICJ တရားသူကြီး ၁၅ ဦးထဲက ၉ ဦးက မဲပေးခဲ့တယ်လို့ဆိုပါတယ်။
သတင်းထူး, မြန်မာဟာ ဂျီနိုဆိုက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ICJ ပြော
မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်စွမ်း ရှိခဲ့ပေမဲ့ ပျက်ကွက်ခဲ့တယ်လို့ ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါက ပြောပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ မတိုင်ခင်ကတည်းက ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး ကော်မရှင်အမျိုးမျိုး ဖွဲ့စည်းခဲ့ပေမဲ့ အဲဒီကော်မရှင်အချို့ဟာ ထိရောက်တဲ့ တရားရေးဆိုင်ရာ အရေးယူမှုတွေအထိ မရောက်ရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
အဲဒီကော်မတီနဲ့ ကော်မရှင်တွေဟာ မြန်မာစစ်တပ်အဖွဲ့ဝင်တွေကို တရားစွဲဆိုအရေးယူနိုင်တဲ့အဆင့်အထိ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း တရားသူကြီးက ဆိုပါတယ်။
စစ်တပ်တွင်း စစ်ခုံရုံးတွေကနေ အရေးယူအပြစ်ပေးမှုတွေ ရှိခဲ့ပေမဲ့ အဲဒီလို အရေးယူမှုတွေဟာ အနည်းအကျဉ်းသာ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ အစီရင်ခံစာမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု သံသယရှိသူတွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး စတင်ဆောင်ရွက်ဖို့ လုံလောက်တဲ့ အချက်အလက်တွေ ပါဝင်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိထားကြောင်း တရားသူကြီးက ပြောပါတယ်။
ဒီအချက်တွေကို ခြုံငုံသုံးသပ်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု သံသယနဲ့ပတ်သက်ပြီး လွတ်လပ်ပွင့်လင်းပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပေမဲ့ အဲဒီလို လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ တရားရုံးက တွေ့ရှိထားတယ်လို့ဆိုပါတယ်။
ICJ ဥက္ကဋ္ဌ တရားသူကြီးက တရားရုံးတွေ့ရှိချက်တွေကို ဆက်လက်ဖတ်ကြားနေ
နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်လို့ မြန်မာကို ဂမ်ဘီယာက စွပ်စွဲတရားစွဲဆိုထားတဲ့အမှုမှာ တရားရုံးတွေ့ရှိချက်တွေကို ဥက္ကဋ္ဌ တရားသူကြီးက ဆက်လက်ဖတ်ကြားနေပါတယ်။
အစောပိုင်းတုန်းကတော့ ၂၀၁၇ စစ်တပ်နယ်မြေရှင်းလင်းရေးတွေမှာ ရိုဟင်ဂျာထောင်ချီ သတ်ဖြတ်ခံရတာ၊ ရိုဟင်ဂျာတွေ ပစ်မှတ်ထားခံရတာတဲ့အချက်တွေဟာ သက်သေထင်ရှားတယ်လို့ တရားရုံးက တွေ့ရှိတဲ့အကြောင်း တရားသူကြီး ယူဂျီ အီ၀ါဆာ၀ါက ဖတ်ကြားသွားပါတယ်။
အခုတော့ ဂမ်ဘီယာက ICJ ကို တိုင်ကြားထားတဲ့အတိုင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ရှိ မရှိကို တရားရုံးတွေ့ရှိချက်၊ သုံးသပ်ချက်တွေနဲ့ ဂျီနိုဆိုက်ကွန်ဗန်းရှင်းပါအချက်တွေကို တိုက်ဆိုင် ကိုးကားပြပြီး တရားသူကြီးက ဆက်လက် ဖတ်ကြားနေပါတယ်။
ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါာဆက်လက်ဖတ်ကြားနေ
ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါက မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေနဲ့ အတိုင်းအတာဟာ ရိုဟင်ဂျာတွေကို အပြစ်ပေးဖို့ လိုအပ်တဲ့ အတိုင်းအတာထက် အများကြီး ကျော်လွန်နေပြီး ရိုဟင်ဂျာလူမျိုးစုရဲ့ အစိတ်အပိုင်းအများအပြားကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိကြောင်း ပြသနေတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို ရှင်းပြနိုင်တဲ့ ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်တစ်ခုတည်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူထုရဲ့ အစိတ်အပိုင်းအများအပြားကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်ဆိုတာပဲလို့ တရားရုံးက ယူဆတယ်” လို့ သူက ပြောပါတယ်။
ICJ တရားသူကြီးပြောကြားချက်ကို ရိုဟင်ဂျာတွေ အကောင်းမြင်
ဂမ်ဘီယာကို မြန်မာက စွပ်စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ICJ တရားသူကြီးရဲ့တွေ့ရှိချက် ဖတ်ကြားချက်တွေကို အားရတဲ့အကြောင်း ညီညွတ်သော ရိုဟင်ဂျာကောင်စီ (UCR) ယာယီဥက္ကဋ္ဌ ကိုခင်မောင်က ဘီဘီစီကို ပြောပါတယ်။
“တရားသူကြီး ပြောကြားထားတာတွေကို ကြည့်ရင် ကျွန်တော်တို့ အတော်လေး အကောင်းမြင်ထားပါတယ်။ တရားရုံးက မှန်ကန်တဲ့ အချက်တွေကို ကိုင်တွယ်ဆွေးနွေးနေသလို ကျွန်တော်တို့ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ဒုက္ခတွေကိုလည်း အသိအမှတ်ပြုနေပါတယ်'' လို့ သူက ပြောပါတယ်။
ဒါကြောင့် အမှုရဲ့ရလဒ်အပေါ် အကောင်းမြင်ထားပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တရားရုံးက အသိအမှတ်ပြုလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာတော့ ICJ တရားရုံးကြားနာမှုကို ဒုက္ခသည်တွေ ရုပ်သံကနေ စု၀ေး စောင့်ကြည့်နေကြပါတယ်။
မြန်မာက ရည်ရွယ်ချက်ရှိရှိလူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အချက်တွေ ICJ ပြော
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တဲ့ ခိုင်လုံတဲ့ အချက်တွေ ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားသူကြီးက ပြောပါတယ်။
ဒီအချက်ကို ကဏ္ဍ ၃ ခုနဲ့ ထောက်ပြပြီး တရားသူကြီးကပြောခဲ့ပါတယ်။
ရိုဟင်ဂျာတွေ အတင်းအဓမ္မ တိမ်းရှောင်ခဲ့ရမှု၊ နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံရမှု၊ မြန်မာစစ်တပ်က အမုန်းစကားတွေကို ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်တွေတွေ့ရကြောင်း တရားသူကြီးကပြောပါတယ်။
နောက်တစ်ခုတော့ ရိုဟင်ဂျာတွေကို သီးသန့်ပစ်မှတ်ထားမှုဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေနဲ့ သူတို့ရဲ့ နေအိမ်တွေ၊ ရွာတွေပဲ ထိခိုက်ခဲ့တယ်ဆိုတဲ့ အချက်ကို အချက်အလက်တွေကို ကိုးကားပြီးတရားသူကြီးကပြောပါတယ်။
နောက်ဆုံးတစ်ခုကတော့ ရိုဟင်ဂျာမျိုးဆက် ရေရှည်ရှင်သန်ရေးအတွက် အရေးပါတဲ့ ကလေးငယ်တွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွင်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း အသက် ၅ နှစ် အောက် ကလေးငယ် နှစ်ထောင့် တစ်ရာ့ကိုးဦး သေဆုံးခဲ့တဲ့ ယုံကြည်ရတဲ့ သက်သေရှိတယ်လို့ ဆိုပါတယ်။
ဒီအချက်တွေစုပေါင်းလိုက်ရင် မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်ဆိုတာညွှန်ပြနေတယ်လို့ ICJ တရားသူကြီးက ပြောပါတယ်။
သတင်းထူး, ရိုဟင်ဂျာ ၈ သိန်းကျော်ပစ်မှတ်ထားခံရတယ်လို့ တရားသူကြီးပြော
မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာတွေ အကြိမ်ကြိမ်ထွက်ပြေးခဲ့ကြရပြီး ရိုဟင်ဂျာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ တရားရုံးက သုံးသပ်တွေ့ရှိတဲ့အကြောင်း ICJ တရားသူကြီးက ပြောပါတယ်။
၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး မတိုင်ခင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာ ၈ သိန်းကျော်ဟာ မြန်မာနိုင်ငံရဲ့ ပစ်မှတ်ထားမှုကို ခံခဲ့ရတယ်လို့ တရားရုံးက တွေ့ရှိထားတယ်လို့ဆိုပါတယ်။
ရဲစခန်းတွေကို အာဆာ(ARSA) အဖွဲ့က တိုက်ခိုက်လို့ စစ်တပ်က ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးတွေမှာ ရိုဟင်ဂျာတွေ ပစ်မှတ်ထားခံခဲ့ရတာ ၂၀၁၇ ခုနှစ်မှာမှ မဟုတ်ဘူးလို့လည်း တရားသူကြီးက ရုံးတော်ရဲ့တွေ့ရှိချက်ကို ဖတ်ပြပါတယ်။
အရင်က စစ်တပ်စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေကို စစ်တပ်က ပစ်မှတ်ထားခဲ့တယ်လို့ဆိုတာကို တရားရုံးက သုံးသပ်တွေ့ရှိတဲ့အကြောင်း ပြောပါတယ်။
၁၉၉၈ ခုနှစ်၊ ၁၉၉၁ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်တွေမှာလည်း ရိုဟင်ဂျာတွေဟာ ထွက်ပြေးခဲ့ကြရတယ်လို့ သူက ပြောပါတယ်။
ဒီအရေအတွက်ဟာ သိသိသာသာ များပြားတဲ့ အရေအတွက်ဖြစ်တယ်လို့ တရားသူကြီး ယူဂျီ အီဝါဆာဝါက ပြောပါတယ်။
အဲဒီအုပ်စုရဲ့ အရွယ်အစားကို အခြေခံပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်အရ အရေးပါတဲ့ အရေအတွက်ရှိတဲ့ လူအုပ်စုတစ်စုအဖြစ် သတ်မှတ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ရိုဟင်ဂျာတွေရဲ့ မွေးဖွားနှုန်း လျှော့ချဖို့ မြန်မာက မူဝါဒတွေ ချမှတ်ခဲ့တယ်လို့ ICJ တရားသူကြီး ပြော
ရိုဟင်ဂျာတွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေက သူတို့ရဲ့ မွေးဖွားနှုန်းအပေါ် ဘယ်လိုသက်ရောက်ခဲ့သလဲဆိုတာကို ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ “ဘင်္ဂါလီ” လို့ သတ်မှတ်ခေါ်ဆိုသူတွေအတွက် အိမ်ထောင်ပြုခွင့် အထူးခွင့်ပြုချက် ရယူရမယ့် ဒေသဆိုင်ရာအမိန့်တွေ ချမှတ်ခဲ့သလို အိမ်ထောင်သည်စုံတွဲတွေမှာ ကလေးနှစ်ယောက်ထက် ပိုမယူရဘူးဆိုတဲ့ ကန့်သတ်ချက်တွေလည်း ရှိခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။
အဲဒီမူဝါဒတွေကြောင့် ရိုဟင်ဂျာတွေရဲ့ မွေးဖွားနှုန်းကို လျှော့ချနိုင်ခဲ့ခြင်း မရှိပေမဲ့ ဒီအုပ်စုရဲ့ မွေးဖွားနှုန်းကို လျှော့ချဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံဘက်က လက်ခံထားတယ်လို့ သူက ရှင်းပြပါတယ်။
“ဒီအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး အဲဒီအမိန့်ဟာ ရိုဟင်ဂျာအုပ်စုကို ဦးတည်တဲ့ အတင်းအကျပ်ချမှတ်ထားတဲ့ အစီအမံတစ်ခုဖြစ်ပြီး အနည်းဆုံးအားဖြင့်တော့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့အချိန်အပါအဝင် အဲဒီအုပ်စုအတွင်း မွေးဖွားမှုကို လျှော့ချဖို့ ရည်ရွယ်ခဲ့တယ်လို့ တရားရုံးက ယုံကြည်တယ်” လို့ တရားသူကြီးက ပြောပါတယ်။
ဒီအစီအမံဟာ ရိုဟင်ဂျာတွေ မျိုးဆက်မပြန့်ပွားနိုင်အောင် တားဆီးဖို့ နိုင်ငံတော်ဘက်က ရည်ရွယ်ချက်ရှိခဲ့ကြောင်း ပြသတဲ့ အချက်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အသုံးပြုခဲ့တာဟာလည်း ရိုဟင်ဂျာလူထုရဲ့ မျိုးဆက်ပြန့်ပွားလိုတဲ့ ဆန္ဒနဲ့ စွမ်းရည်ကို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။
သတင်းထူး, ၂၀၁၇ ခုနှစ်စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၁၀,၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရ - ICJ
၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာ ၁၀,၀၀၀ ခန့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတယ်လို့ တရားရုံးက စိစစ်ရရှိထားတဲ့ သက်သေအထောက်အထားတွေအပေါ် အခြေခံပြီး ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါက ပြောပါတယ်။
အမှုအသွားအလာရ တရားရုံးက ကနဦးသုံးသပ်ထားတဲ့အတိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အကာအကွယ်ရသင့်တဲ့လူအစုအဖွဲ့တွေပါ၀င်တဲ့ သတ်ဖြတ်မှုကြီးကြီးမားမားတွေကို ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးတွေအတောအတွင်း ပြုလုပ်ခဲ့တဲ့ အချက်ပေါ်လွင်နေတယ်။
ဒါကြောင့် အဲဒီနယ်မြေရှင်းလင်းမှုတွေမှာ ရိုဟင်ဂျာ ၁၀,၀၀၀ ကျော် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ သက်သေထင်ရှားတယ်လို့ တရားရုံးက မှတ်ယူထားတဲ့အကြောင်းလည်း သူက ပြောပါတယ်။
ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါ ဆုံးဖြတ်ချက်အခြေခံမယ့်အချက်တွေကိုဆက်ရှင်းပြနေ
ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရေးနဲ့ ကျူးလွန်သူတွေကို အရေးယူရေးအတွက် နိုင်ငံတွေရဲ့ တာဝန်ဝတ္တရားတွေအကြောင်း ဆက်လက်ရှင်းပြနေပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အဲဒီနိုင်ငံနဲ့ သက်ဆိုင်တယ်လို့ သတ်မှတ်နိုင်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အုပ်စုတွေက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အခြားတားမြစ်ထားတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ရင် အဲဒီနိုင်ငံမှာ တာဝန်ရှိတယ်လို့ သတ်မှတ်နိုင်ကြောင်း တရားရုံးက အသိအမှတ်ပြုထားတယ်လို့ သူက ပြောပါတယ်။
လူပုဂ္ဂိုလ်တစ်ဦးချင်းစီဟာ ပြစ်မှုဆိုင်ရာ တာဝန်ယူရနိုင်ပေမဲ့ နိုင်ငံတွေမှာတော့ နိုင်ငံတကာဥပဒေအရ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေ ရှိတယ်လို့ သူက ရှင်းပြပါတယ်။
အဲဒီတာဝန်ဝတ္တရားတွေဟာ နိုင်ငံတကာဥပဒေအရ ဖြစ်ပေါ်လာတဲ့ တာဝန်တွေဖြစ်ပြီး ပြစ်မှုဆိုင်ရာ သဘောသဘာဝတော့ မဟုတ်ဘူးလို့ တရားသူကြီး အီဝါဆာဝါက ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ မတူကွဲပြားတဲ့ တိုင်းရင်းသားဖြစ်တယ်လို့ ICJ တရားသူကြီးပြော
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တရားရုံးဥက္ကဋ္ဌက ဂျပန်နိုင်ငံသား တရားသူကြီး ယူဂျီ အီဝါဆာဝါ က ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုအဖြစ်အကျုံးဝင်တယ်လို့ တွေ့ရှိတယ်လို့ ပြောပါတယ်။
သက်သေအထောက်အထားတွေအရ ရိုဟင်ဂျာဘာသာစကားက မြန်မာက ဘာသာစကားတွေ နဲ့ ကွဲပြားမှု ရှိတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေက မြန်မာဌာနေတိုင်းရင်းသားပါလို့ သက်သေထောက်အထားတွေကိုမှီငြမ်းပြီး ပြောဆိုတာ နဲ့ ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်တွေနဲ့ချီနှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ အချက်ကို လည်း တရားရုံးက ထည့်သွင်းစဉ်းစားပါတယ်။
ဒါ့ကြောင့် ရိုဟင်ဂျာတွေဟာ သီးသန့်လူမျိုးစုအမှတ်အသားဖြစ်သလို မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုအဖြစ် အကျုံးဝင်ပြီး အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ တရားရုံးကတွေ့ရှိတယ်လို့ သူကပြောပါတယ်။
သတင်းထူး, ရိုဟင်ဂျာတွေမှာ ဘာသာစကားနဲ့ သမိုင်းရှိတယ်လို့ တရားရုံးသုံးသပ်
မြန်မာက ရိုဟင်ဂျာတွေဟာ ကွဲပြားတဲ့တိုင်းရင်းသားအုပ်စုအဖြစ် တရားရုံးက နားလည် သုံးသပ်ထားကြောင်း ICJ တရားရုံးဥက္ကဋ္ဌက ဖတ်ကြားပါတယ်။
ရိုဟင်ဂျာဘာသာစကားဟာ မြန်မာမှာရှိတဲ့တခြား ဘာသာစကားတွေလိုပဲ ကွဲပြားတဲ့ဘာသာစကားဖြစ်တယ်ဆိုတာကို ဘာသာဗေဒဆိုင်ရာလေ့လာချက်တွေနဲ့ သမိုင်းအထောက်အထားတွေက ရှင်းရှင်းလင်းဖော်ပြထားတယ်လို့လည်း သူက ပြောပါတယ်။
တရားရုံးဟာ ဒီလိုအချက်တွေကို ထည့်သွင်းစဉ်းစားခဲ့သလို တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ် ကိုယ်တိုင်သတ်မှတ်ထားတဲ့ရိုဟင်ဂျာတွေဟာ မြန်မာမှာ အဖယ်ကျဉ်ခံအသိုင်းအ၀ိုင်းဖြစ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ဒါကြောင့် ရိုဟင်ဂျာတွေဟာ အပြည်ပြည်ဆိုင်ရာဥပဒေအရ အကာအကွယ်ပေးသင့်တဲ့အစုအဖွဲ့အဖြစ် သတ်မှတ်ခံရသင့်တယ်ဆိုတာ တရားရုံးက တွေ့ရှိတယ်လို့ သူက ပြောပါတယ်။