ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းတရားဖြန့်ဝေမှုအတွက် လူမှုကွန်ရက်ကုမ္ပဏီတွေတာဝန်ယူဖို့ MIP တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုဟင်ဂျာတွေအပေါ် အမုန်းတရားဖြန့်ဝေမှုနဲ့ လှုံ့ဆော်မှုတွေကို လူမှုကွန်ရက်ပလက်ဖောင်းတွေရဲ့အခန်းကဏ္ဍမှာ တာဝန်ခံမှုရှိစေဖို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က တိုက်တွန်းလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုအတွက် စီရင်ချက်ချမယ့် နိုဝင်ဘာ ၁၉ ရက်မှာ MIP က အခုလိုထုတ်ပြန်လိုက်တာပါ။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပွားချိန်မှာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့လူမှုကွန်ရက်စာမျက်နှာတွေဟာ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းတရားတွေကိုဖြန့်ဝေခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတွေက ဖော်ထုတ်ထားတယ်လို့ MIP က ပြောပါတယ်။
အဲဒီလို အမုန်းတရားဖြန့်ဝေမှုနဲ့ လှုံ့ဆော်မှုတွေကို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေက တားဆီးဖို့ ပျက်ကွက်ခဲ့တာဟာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါကြောင့် Facebook လို လူမှုကွန်ရက်ပလက်ဖောင်းတွေအပါအဝင် နည်းပညာကုမ္ပဏီတွေဟာ သူတို့ရဲ့ပလက်ဖောင်းတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အသုံးချခံရတာနဲ့ပတ်သက်ပြီး တာဝန်ယူရမယ်လို့ MIP က ဆိုပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုဖော်ဆောင်နိုင်ဖို့ လူမှုကွန်ရက်ပေါ်က ဒစ်ဂျစ်တယ်သက်သေအထောက်အထားတွေကို စနစ်တကျ ထိန်းသိမ်းထားဖို့နဲ့ သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ရယူအသုံးပြုနိုင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ မြန်မာဘာသာနဲ့ တိုင်းရင်းသားလူနည်းစုဘာသာစကားတွေအတွက် အွန်လိုင်းအကြောင်းအရာတွေကို စိစစ်ထိန်းညှိမှု ပိုအားကောင်းစေဖို့၊ စည်းမျဉ်းချိုးဖောက်သူတွေကို ထိရောက်စွာ အရေးယူဖို့နဲ့ ပလက်ဖောင်းကုမ္ပဏီတွေရဲ့ စည်းမျဉ်းအကောင်အထည်ဖော်မှု ပွင့်လင်းမြင်သာစေဖို့လည်း MIP က တောင်းဆိုထားပါတယ်။
ICJ ရဲ့စီရင်ချက် ဘယ်လိုပဲထွက်လာပါစေ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေရဲ့အခန်းကဏ္ဍကို ဆက်လက်အလေးထားဖို့ လိုအပ်တယ်လို့ MIP က ပြောပါတယ်။







