ICJ ရဲ့စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာအာဏာပိုင်တွေကို ဘင်္ဂလားဒေ့ရှ်တောင်းဆို
ရိုဟင်ဂျာအရေး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ စီရင်ချက်ကို ကြိုဆိုလက်ခံသလို စီရင်ချက်မှာပါတဲ့ တာဝန်ဝတ္တရားတွေကို ထိထိရောက်ရောက် စနစ်တကျအကောင်အထည်ဖော်လုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက စာထုတ်တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာအနေနဲ့လည်း ရိုဟင်ဂျာတွေအပေါ် ပြန်လည်ကုစားရေးမှာ အကူအညီပေးကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်တဲ့စာထဲမှာ တိုက်တွန်းထားပါတယ်။
ကုစားရေးမှာလည်း ရိုဟင်ဂျာတွေကို မူလနေရပ်ကို ပြန်လည်ပို့ဆောင်ရေးကသာ အကျပ်အတည်းအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က ထုတ်ပြောပါတယ်။
ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် အဓိကကျတဲ့ တွန်းအားတစ်ခုဖြစ်လာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရိုဟင်ဂျာတွေ မြန်မာကနေရပ်မပြန်နိုင်ခင် အချိန်ကာလစပ်ကြားမှာလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ပိုတိုးပေးဖို့ ကုလနဲ့ နိုင်ငံတကာမိတ်ဖက်တွေကို ဘင်္ဂလားဒေ့ရှ်ကတောင်းဆိုပါတယ်။
တစ်ဖက်မှာလည်း ICJ ရဲ့ စီရင်ချပြီး နောက်တစ်နေ့မှာပဲ ကုလရဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ(UGNA)ရဲ့ သဘာပတိဖြစ်သူ ဒေါက်တာ ကာလစ်လာ ရေမန်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းကို ရောက်ရှိလာတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်(RRRC)ကနေ ထုတ်ပြန်ပါတယ်။
သဘာပတိအနေနဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခဝေဒနာများကို မေ့လျော့ထားတာမဟုတ်ကြောင်းနဲ့ တရားမျှတမှုကိုရှာဖွေဖို့ လက်တွေ့လုပ်ဆောင်ရမယ့်အချက်တွေကိုလည်း ပြောကြားခဲ့တယ်လို့ RRRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူ တူရကီနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မICJ ရဲ့ စီရင်ချက်ပါ အချက်တွေကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို စာထုတ်ပြီး တောင်းဆိုပါတယ်။
ရိုဟင်ဂျာတွေရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံချက်ပေးနိုင်မယ့်လုပ်ဆောင်ချက်တွေ စတင်ဖို့ စာထဲမှာ တိုက်တွန်းထားပါတယ်။