တိုက်ရိုက်ထုတ်လွှင့်မှု , ကျားဖြန့်လုပ်ငန်းကြောင့် DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ၊ မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေပြန်လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက်တဲ့သတင်းအပါအဝင်နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းကျင်သုံးဖို့ မလိုအပ်ပေမယ့် အရွယ်ရောက်သူတိုင်း စစ်ပညာသင်ဖို့ လိုအပ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော
  • ကုလက အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို နေပြည်တော် ကန့်ကွက်
  • ပဲခူးနဲ့ မွန်က NUG နဲ့ KNU လက်အောက်ခံ တပ်စခန်းတွေအပါ ပူးပေါင်းအဖွဲ့တွေရဲ့ တပ်စခန်း ၂၈ ခုကို သိမ်းခဲ့တယ်လို့ နေပြည်တော်ပြော
  • ထိုင်းကိုသွားမယ့် မြန်မာလုပ်သားတွေကို လစာ ၂၅ ရာခိုင်နှုန်းလွှဲဖို့ မြို့နယ်ရုံးတွေမှာ ကတိဝန်ခံချက်လက်မှတ်ရေးထိုးခိုင်း
  • မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို မြန်မာကိုမဖြစ်မနေ ပြန်လွှဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးက ကန့်ကွက်
  • ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ရဲ့ ခေါင်းဆောင်နှစ်ဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး အမေရိကန်က ပိတ်ဆို့အရေးယူ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အရွယ်ရောက်သူတိုင်း စစ်ပညာသင်ဖို့ လိုအပ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

    ရှေ့တန်းမှာတွေ့ရတဲ့ NUG ကာကွယ်ရေးဝန်ကြီးနဲ့ တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရှေ့တန်းမှာတွေ့ရတဲ့ NUG ကာကွယ်ရေးဝန်ကြီးနဲ့ တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းကျင့်သုံးဖို့ မလိုအပ်ပေမယ့် အရွယ်ရောက်သူတိုင်း စစ်ပညာမသင်မနေရ ဥပဒေမျိုး ပြဋ္ဌာန်းကျင့်သုံးဖို့ လိုအပ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောလိုက်ပါတယ်။

    စစ်ပညာ၊ စစ်အင်အားကို လူအုပ်စုတစ်စုက လက်ဝါးကြီးအုပ်ထားခြင်း မပြုနိုင်တဲ့ စနစ်တစ်ခုဖြစ်အောင် ပြည်သူတိုင်း စစ်ပညာတတ်မြောက်ဖို့ လိုအပ်တယ်လို့လည်း NUG ဝန်ကြီးက ပြောပါတယ်။

    တစ်ဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့ကလည်း ဒေသခံလူထုတွေကို စစ်သင်တန်းတက်ဖို့ ဖိအားပေးတာ၊ စည်းရုံးသိမ်းသွင်းတာတွေ လုပ်လာတယ်လို့ အဲဒီနေရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

    စစ်တပ်နဲ့ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ အာရက္ခတပ်တော်(အေအေ)ကလည်း သူထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ စစ်သားစုဆောင်းပြီး စစ်သင်တန်းပေးနေတယ်လို့ ရခိုင်ဒေသခံတချို့က ပြောပါတယ်။

    အေအေဟာ ရခိုင်ပြည်နယ်ထဲက စစ်မှုထမ်းသက်နဲ့ အကျုံးဝင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကိုလည်း ပြည်နယ်ထဲက ထွက်ခွာခွင့်ပိတ်ထားပါတယ်။

    အလားတူ ရှမ်းမြောက် ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာလည်း မြို့နဲ့ ရပ်ရွာကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူစု‌ဆောင်းပြီး စစ်သင်တန်းပေးတာတွေလုပ်နေတယ်လို့ ဒေသခံတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

    မြန်မာစစ်တပ်ကလည်း စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်ကတည်းက အသက်သွင်းခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းစစ်မျက်နှာတွေအထိ စေလွှတ်ပြီး တိုက်ပွဲဖော်နေတာဖြစ်ပါတယ်။

    လက်ရှိမှာ တပ်က စစ်မှုထမ်းအပတ်စဉ် ၃၀ အထိ လူစုဆောင်းပြီး စစ်သင်တန်းလေ့ကျင့်‌ပေးနေပြီဖြစ်ပါတယ်။

  2. ICJ အမှု - ရက်စွဲမှတ်တမ်း

    မြန်မာဟာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်ကျူးလွန်တယ်လို့ ICJ တရားရုံးက ဆုံးဖြတ်
    ဓာတ်ပုံ ပုံစာ, မြန်မာဟာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်ကျူးလွန်တယ်လို့ ICJ တရားရုံးက ဆုံးဖြတ်

    ၂၀၁၉ ခုနှစ်မှာ မြန်မာအပေါ် အာဖရိကတိုက်က နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတရားရုံး ICJ မှာ အကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်တဲ့ Genocide လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့ပါတယ်။

    ၂၀၂၆ ခုနှစ်၊ နို၀င်ဘာ ၁၉ မှာတော့ နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က ICJ တရားရုံးဟာ မြန်မာဟာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်ကျူးလွန်တယ်လို့ အမိန့်ချဆုံးဖြတ်လိုက်ပါတယ်။

    ဒီအမှု ဘယ်လိုစတင်ဖြစ်ပေါ်ပြီး ဘယ်လိုဆက်လက်ကြားနာစစ်ဆေးခဲ့ကြလဲဆိုတာ နေ့စွဲအလိုက် ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  3. ကုလရဲ့ ရိုဟင်ဂျာအခွင့်အရေးမူကြမ်း နေပြည်တော်ပယ်ချ

    ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေး
    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေး

    ကုလသမဂ္ဂကနေ အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်တယ်လို့ နေပြည်တော်ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီးဌာနကနေ ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာ ၁၈ ရက် နယူးယောက်မြို့မှာလုပ်တဲ့ ကုလအထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ကြားနေမဲ ၃၀ တို့နဲ့ အတည်ပြုခဲ့တာပါ။

    နေပြည်တော်ကတော့ ဒီဆုံးဖြတ်ချက်အဆိုဟာ မြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိဘူးလို့ပြောပြီး သက်ဆိုင်ရာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ် တက်ရောက်ခြင်းမရှိတဲ့အခြေအနေမှာ အတည်ပြုခဲ့တာကြောင့် ပယ်ချတာလို့ ဆိုပါတယ်။

    ကုလရဲ့အဲဒီအစည်းအဝေးကို မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းတက်ရောက်ခဲ့တာဖြစ်ပြီး မူကြမ်းကိုလည်း ထောက်ခံထားပါတယ်။

    ဒီဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံတဝန်း အပစ်အခတ်ရပ်စဲဖို့၊ လေကြောင်းတိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်ဖို့နဲ့ စစ်တပ်ကို လက်နက်နဲ့ လေယာဉ်ဆီ လွှဲပြောင်းရောင်းချတာတွေ ရပ်တန့်ဖို့ တိုက်ရိုက်တောင်းဆိုချက်တွေ အားနည်းနေတယ်လို့ သူက ထောက်ပြထားပါတယ်။

    နေပြည်တော်ကတော့ ကုလအဖွဲ့ဝင် နိုင်ငံတချို့ဟာ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်ကို နိုင်ငံရေးအရ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုတာကြောင့် တဖက်သတ်သတင်းတွေပေါ် မူတည်ပြီး ကာယကံရှင်နိုင်ငံရဲ့ သဘောဆန္ဒမပါဘဲ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်တဲ့ ဆုံးဖြတ်ချက်‌အဆိုတွေ ချမှတ်ဖို့ ဆောင်ရွက်နေကြတယ်လို့ ထုတ်‌ပြောပါတယ်။

    အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကတော့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက် နယ်သာလန်၊ သည်ဟိတ်မြို့က ICJ ရုံးချုပ်ကနေ စီရင်ချက်ချလိုက်ပါတယ်။

    မြန်မာနိုင်ငံရဲ့လုပ်ရပ်တွေအတွက် ရိုဟင်ဂျာတွေကို ပြန်လည်ကုစားပေးဖို့ တာဝန်ရှိသလို ပြန်လည်ကုစားပေးမှုဟာ နစ်နာဆုံးရှုံးမှုနဲ့ အချိုးညီရမှာဖြစ်ပြီး လျော်ကြေးပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေကိုတော့ တရားစွဲဆိုမှုရဲ့ နောက်ထပ်အဆင့်တစ်ခုမှာ ဆုံးဖြတ်သတ်မှတ်သွားမှာဖြစ်ပါတယ်။

  4. ပဲခူးနဲ့ မွန်က တပ်စခန်း ၂၈ ခု သိမ်းခဲ့တယ်လို့ နေပြည်တော်ပြော

    တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ စစ်လက်နက် အသုံးအဆောင်တွေလို့ နေပြည်တော်ထုတ်ပြန်လာတဲ့ပုံ
    ဓာတ်ပုံ ပုံစာ, တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ စစ်လက်နက် အသုံးအဆောင်တွေလို့ နေပြည်တော်ထုတ်ပြန်လာတဲ့ပုံ

    ပဲခူး၊ ‌ရွှေကျင်နဲ့ မွန်၊ သိမ်ဇရပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) အပါအဝင် ပူးပေါင်းအဖွဲ့တွေရဲ့ တပ်စခန်း ၂၈ ခုကို နိုဝင်ဘာလအတွင်း စစ်တပ်က သိမ်းလိုက်တယ်လို့ နေပြည်တော်က ဒီနေ့ နိုဝင်ဘာ ၂၀ ရက် သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    တပ်စခန်း ၂၈ ခုထဲ ၁၁ ခုကတော့ ပဲခူး၊ ရွှေကျင်မြို့နယ်ထဲက တပ်စခန်းတွေဖြစ်ပြီး စခန်း ၁၇ ခုက‌တော့ မွန်၊ သိမ်ဇရပ်က တပ်စခန်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးပါတယ်။

    ဒါ့အပြင် NUG ရဲ့ အထူးတိုင်းစစ်ဌာနတစ်ခုကိုလည်း သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

    နိုဝင်ဘာလ ၃ ရက်ကနေ ၁၉ ရက်အထိ သီတင်းပတ် ၂ ပတ်ကျော်အတွင်း စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်က ပြောပါတယ်။

    ရွှေကျင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်သိမ်းလိုက်တဲ့ စခန်းအများစုက ယာယီတပ်စခန်းတွေသာဖြစ်ပြီး စစ်ဗျူဟာအရ ဆုတ်လိုက်တဲ့ စခန်းတွေလို့ ဘီဘီစီကို ပြောပါတယ်။

    “ရန်သူတိုးရင် ဆုတ်မယ်။ ရန်သူဆုတ်ရင် တိုးမယ်။ ပြောက်ကျားဗျူဟာအရ ယာယီတပ်စခန်းတွေ အရွှေ့အပြောင်းလုပ်ရတာ အထူးအဆန်းမဟုတ်ဘူး” လို့ သူက ဆက်ပြောပါတယ်။

    မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ စစ်တပ်ဘက်က အင်အားသာလွန်နေတာကြောင့် တော်လှန်‌ရေးနဲ့ပူးပေါင်းတပ်တွေဘက် အင်အားကို ချွေတာပြီး လိုသလိုဆောင်ရွက်နေရတဲ့သဘောလို့ ဆိုပါတယ်။

    နေပြည်‌တော်ကတော့ နိုဝင်ဘာလထဲ ပဲခူးနဲ့ မွန်ဒေသမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်‌ရေးတပ်တွေဘက်က ခေါင်းဆောင် ၂ ဦးအပါ ရုပ်အလောင်း ၇ လောင်းနဲ့ လက်နက် ၃၇ လက်အပြင် စစ်အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

  5. မြန်မာလုပ်သားတွေ လစာ ၂၅ ရာခိုင်နှုန်းလွှဲဖို့ မိသားစုကိုပါ အာမခံခိုင်း

    ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ကူးမယ့်အလုပ်သမားတချို့ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ကူးမယ့်အလုပ်သမားတချို့ (ပုံဟောင်း)

    ထိုင်းကိုသွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ နိုင်ငံထဲက မိသားစုဆီ လွှဲပို့မယ်ဆိုတဲ့ ကတိဝန်ခံချက်ကို လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

    “အရင်က လုပ်သားစာချုပ်ထဲမှာပဲထိုးရတာ၊ အခုက အလုပ်သမားမိသားစုရော အလုပ်သမားရော အေဂျင်စီဘက်ကလူရော မြို့နယ်ရုံးမှာ ဝန်ခံချက်သွားထိုးရတော့မှာ”လို့ သူက ရှင်းပြပါတယ်။

    ထိုင်းကိုအလုပ်သွားလုပ်မယ့်သူတွေ ကတိဝန်ခံချက်ထိုးစေဖို့ကို နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်မှာ ညွှန်ကြားလိုက်တာလို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “အလုပ်သမားနေထိုင်တဲ့ သက်ဆိုင်ရာ မြို့နယ်ရုံးမှာ လက်မှတ်ထိုးရမယ်။ ပြီးရင် အေဂျင်စီကတဆင့် ဝန်ကြီးဌာနကိုတင်ပြရမယ့်သဘောပေါ့” လို့ သူက ဆက်ပြောပါတယ်။

    သတင်းရင်းမြစ်ပြောပြတဲ့ အချက်အလက်တွေအရ အေဂျင်စီတွေဘက်ကလည်း အလုပ်သမားဘက်က တရားဝင်လမ်းကြောင်းနဲ့ လုပ်ခ ၂၅ ရာခိုင်နှုန်းငွေလွှဲရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရမယ့်သူအဖြစ် ကတိဝန်ခံချက်မှာ လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

    “အေဂျင်စီတွေကိုပါ ထပ်ကျပ်လိုက်တာပေါ့။ လုပ်သားဘက်က မလွှဲရင် အေဂျင်စီက စိုက်လျော်ရတာ၊ လိုင်စင်ပိတ်သိမ်းခံရတာတွေ ဖြစ်လာမှာ” လို့ အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ ထိုင်းကိုသွားမယ့်လုပ်သားတွေသာ ကတိဝန်ခံချက်ထိုးရဦးမှာဖြစ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

    “ထိုင်းကတော့ လုပ်သားပိုများလို့ အလုပ်သမားများတဲ့နိုင်ငံကို အရင်တင်းကြပ်လိုက်တာလို့ သူက ထပ်ပြောပါတယ်။

    တစ်ဖက်မှာလည်း ထိုင်းအလုပ်သမားဝန်ကြီးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို မဖြစ်မနေ ပြန်လွှဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ကန့်ကွက်တယ်လို့ ပြောထားပါတယ်။

    နေပြည်တော်အနေနဲ့ ဒီလိုမဖြစ်မနေလွှဲဖို့ဖိအားပေးနေတာဟာ နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့လည်း ထိုင်းအလုပ်သမားဝန်ကြီးက ထောက်ပြထားပါတယ်။

  6. ဗုဒ္ဓနဲ့ အစ္စလာမ် ရပ်ဝန်းဆုံရာက ရခိုင်နဲ့ ရိုဟင်ဂျာ

    ဘင်္ဂလား ၁၂ မြို့နဲ့ မြန်မာပြည် အောက်ပိုင်းထိ သြဇာလွှမ်းမိုးခဲ့တဲ့ ပဒေသရာဇ်နိုင်ငံ ရခိုင်ပြည်
    ဓာတ်ပုံ ပုံစာ, ဘင်္ဂလား ၁၂ မြို့နဲ့ မြန်မာပြည် အောက်ပိုင်းထိ သြဇာလွှမ်းမိုးခဲ့တဲ့ ပဒေသရာဇ်နိုင်ငံ ရခိုင်ပြည်

    ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်စွန်းက ရခိုင်ပြည်ဟာ တချိန်က ဘင်္ဂလား ၁၂ မြို့နဲ့ မြန်မာပြည်အောက်ပိုင်းထိ သြဇာလွှမ်းမိုးခဲ့တဲ့ ပဒေသရာဇ်နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ၁၈ ရာစုနှောင်းမှာ မြန်မာလက်အောက် ကျရောက်ရာကနေ အနှစ် ၂၄ဝ ကျော်အတွင်း မြန်မာ၊ ဗြိတိသျှနဲ့ ဂျပန်လက်နက်နိုင်ငံတွေအောက်ကို ကျရောက်ခဲ့သလို ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ထောင်စုအဝင် ရခိုင်တိုင်းအဖြစ်ကနေ ၁၉၇၄ က စပြီး ပြည်နယ်တခုအဖြစ် ပြောင်းလဲရပ်တည်လာခဲ့ပါတယ်။

    ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရခိုင်ဟာ မြန်မာစကားပြော မျိုးနွယ်စုတခုအဖြစ် သတ်မှတ်ခံရတဲ့အခြေအနေကနေ သီးခြားလူမျိုးနဲ့ ဒေသအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကို တွေ့ခဲ့ရသလို ဒေသတွင်းနေ ရိုဟင်ဂျာမျိုးနွယ်တွေနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ အကြိမ်ကြိမ် ဖြစ်လို့ ကမ္ဘာထိ ရိုက်ခတ်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. ကျားဖြန့်လုပ်ငန်းကြောင့် DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

    DKBA ထိန်းချုပ်ကျောက်ခက်ဒေသထဲက ကျားဖြန့်အဆောက်အဦ
    ဓာတ်ပုံ ပုံစာ, DKBA ထိန်းချုပ်ကျောက်ခက် ဒေသထဲက ကျားဖြန့်အဆောက်အဦ

    ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ရဲ့ ခေါင်းဆောင်နှစ်ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး၊ သူနဲ့ဆက်စပ်တဲ့ ကုမ္ပဏီနှစ်ခုကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။

    အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝနဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး စောအေဝမ်းတို့ကို ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနှစ်ဦးဟာ အွန်လိုင်းငွေလိမ်စင်တာတွေကို လုံခြုံရေးနဲ့ အကာအကွယ်ပေးနေသလို လူကုန်ကူးခံရပြီး အဲဒီစင်တာတွေမှာ အတင်းအကျပ် အလုပ်လုပ်ခိုင်းခံရသူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။

    စောအေဝမ်းဟာ ထိုင်း-မြန်မာနယ်စပ်အနီး ဘုရားသုံးဆူဒေသမှာ လုံခြုံရေးကို ကြီးကြပ်နေသူဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့လည်း အမေရိကန်ဘက်က ပြောပါတယ်။

    အဲဒီဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် အဆောက်အအုံအသစ်တွေ တိုးချဲ့ဆောက်လုပ်လာပြီး အဲဒီလုပ်ငန်းတွေလုပ်ကိုင်သူတွေကို DKBA က ကူညီပေးနော့ အမေရိကန်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။

    အခုအရေးယူမှုမှာ ကမ္ဘောဒီးယားနိုင်ငံသား ကျောက်ဟွေ့ နဲ့ သူပိုင်ဆိုင်တဲ့ ကမ္ဘောဒီးယားအခြေစိုက် ကုမ္ပဏီနှစ်ခုလည်း ပါဝင်ပါတယ်။ ကျောက်ဟွေ့ဟာ အွန်လိုင်းငွေလိမ်စင်တာတစ်ခုကို ကိုယ်တိုင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သလို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လူတွေကို ပစ်မှတ်ထားပြီး ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှု အယောင်ဆောင်ငွေလိမ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။

    သူဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ Prince Group ရဲ့ ငွေလိမ်စင်တာတစ်ခုကိုလည်း ငှားရမ်းအသုံးပြုခဲ့ပြီး အဲဒီအဖွဲ့ခေါင်းဆောင် ချန်ကျိကို လုံခြုံရေးအကာအကွယ်အတွက် ငွေပေးခဲ့တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်စင်တာတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားတွေ ဒေါ်လာ ၁၈ ဒသမ ၂ ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီငွေပမာဏဟာ အခုအရေးယူခံရသူတွေကြောင့်သာ ဆုံးရှုံးခဲ့တာမဟုတ်ဘဲ ဒေသတွင်း ငွေလိမ်လုပ်ငန်းအားလုံးနဲ့ ဆက်စပ်တဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။

    အရေးယူမှုအရ သတ်မှတ်ခံရသူတွေရဲ့ အမေရိကန်ပိုင်နက်အတွင်းရှိ ပိုင်ဆိုင်မှုတွေနဲ့ အမေရိကန်နိုင်ငံသားတွေ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်ဘဏ္ဍာရေးစနစ်ကို အသုံးပြုပြီး သူတို့နဲ့ ငွေကြေးဆိုင်ရာ အရောင်းအဝယ်လုပ်ဆောင်တာတွေကိုလည်း တားမြစ်ထားပါတယ်။

    အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း ငွေလိမ်လုပ်ငန်းတွေ ပိတ်သိမ်းဖို့၊ အဲဒီလုပ်ငန်းတွေကို ဦးဆောင်သူတွေနဲ့ ကာကွယ်ပေးသူတွေကို တရားစွဲဆိုဖို့၊ လူကုန်ကူးခံရသူတွေကို ရှာဖွေကူညီပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

  8. မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက်

    ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမော်န်ဝီဝတ်
    ဓာတ်ပုံ ပုံစာ, ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမော်န်ဝီဝတ်

    ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို မဖြစ်မနေ ပြန်လွှဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးက ကန့်ကွက်လိုက်ပါတယ်။

    အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ သူတို့ကိုယ်တိုင် ရရှိပိုင်ဆိုင်တဲ့ ဝင်ငွေဖြစ်တဲ့အတွက် အဲဒီထဲက ငွေပမာဏတစ်ခုကို မဖြစ်မနေ ပြန်လွှဲခိုင်းတာဟာ နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမော်န်ဝီဝတ် က နိုဝင်ဘာ ၁၈ ရက်က ပြောပါတယ်။

    ဒီကိစ္စအပြင် မြန်မာအလုပ်သမားတွေအတွက် နိုင်ငံသားဖြစ်မှု အထောက်အထားလက်မှတ် (CI) ထုတ်ပေးနေတဲ့ စင်တာတွေရဲ့ လုပ်ငန်းစဉ်တွေမှာ မသမာတဲ့ ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ထံ တရားဝင်စာပေးပို့ကာ ဆွေးနွေးသွားမယ်လို့လည်း သူက ပြောပါတယ်။

    CI လုပ်ငန်းစဉ်တွေအတွင်း သတ်မှတ်ထားတဲ့ အခကြေးငွေထက် ပိုမိုကောက်ခံတာ၊ ပွဲစားခနဲ့ အခြားအပိုကြေးတွေ တောင်းခံတာ ရှိမရှိ စစ်ဆေးသွားမှာဖြစ်ပြီး ထိုင်းအရာရှိတွေ ပါဝင်ပတ်သက်မှုရှိမရှိကိုလည်း စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

    စစ်ဆေးမှုတွေအတွင်း ဥပဒေချိုးဖောက်မှုတွေ တွေ့ရှိရင် ပါဝင်ပတ်သက်သူတွေကို နိုင်ငံသားဖြစ်မှုမရွေး ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

    မြန်မာဘက်ကတော့ CI လက်မှတ်လျှောက်ထားသူတွေအတွက် အနည်းဆုံး တစ်နှစ်စာ ဝင်ငွေခွန်ပေးဆောင်ထားကြောင်းနဲ့ သုံးလစာ ငွေလွှဲထားကြောင်း အထောက်အထား တင်ပြဖို့လည်း သတ်မှတ်ထားပါတယ်။ အဲဒီသတ်မှတ်ချက်တွေအရ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို ပြန်လွှဲပေးရပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။

    ဒီသတ်မှတ်ချက်တွေကြောင့် CI လက်မှတ်ရဖို့ အခက်အခဲရှိနေတဲ့ မြန်မာအလုပ်သမား အများအပြားရှိနေပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ကိုယ်စားလှယ်အဖွဲ့ရဲ့ စစ်တမ်းအရ အလုပ်သမား ၂၀ သိန်းကျော်က CI လုပ်ငန်းစဉ်ကို မလိုက်နာလိုကြောင်း သိရပါတယ်။

    ထိုင်းအလုပ်သမားအခွင့်အရေးအဖွဲ့တွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေကလည်း CI လုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းဖို့နဲ့ ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုထားကြပါတယ်။

    ဒါပေမဲ့ ထိုင်းအလုပ်သမားဝန်ကြီးကတော့ အလုပ်သမားတွေရဲ့ နိုင်ငံသားဖြစ်မှုကို အတည်ပြုဖို့ လိုအပ်တာကြောင့် CI စင်တာတွေကို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

    မြန်မာအာဏာပိုင်တွေက ထိုင်းနိုင်ငံမှာ အထောက်အထားမပြည့်စုံဘဲ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၇ သိန်းဝန်းကျင်ကို CI လက်မှတ်ထုတ်ပေးဖို့ဆိုပေမဲ့ နိုဝင်ဘာလဆန်းအထိ CI လျှောက်ထားသူ ၁၅,၀၀၀ ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။

  9. မင်္ဂလာပါ။

    နိုဝင်ဘာ ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှုစတင်ပြီဖြစ်ပါတယ်။ တစ်နေ့တာသတင်းတွေကို ဒီစာမျက်နှာမှာ တစ်စုတစ်စည်းတည်း ဖတ်နိုင်ပါပြီ။