ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , ICJ စီရင်ချက်နောက်ပိုင်း ရိုဟင်ဂျာအရေး ကုလ၊ OIC၊ အာဆီယံတို့နဲ့ မလေးရှား ဆွေးနွေးမယ်

ICJ စီရင်ချက်နောက်ပိုင်း ရိုဟင်ဂျာအရေး ကုလ၊ OIC၊ အာဆီယံတို့နဲ့ မလေးရှား ဆွေးနွေးမယ်ဆိုတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ထိုင်း ပြည်သူ့ပါတီ(People's Party)ရဲ့အမတ် ရက်ချနော့ ဆရီနော့ခ် ထောင်ဒဏ် ချမှတ်ခံရ
  • ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ပေါ် အမှတ် ၁ အထက်တန်းကျောင်းရဲ့ကျောင်းကထိန် လှည့်လည်ရာမှာ အသံချဲ့စက်တွေ အမြောက်အများကို သုံးခဲ့လို့ ဝေဖန်ခံရ
  • ရခိုင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေထဲ ဒီသီတင်းပတ်အတွင်း မနေ့ကဖြစ်တဲ့ ပေါက်တော၊ နန်းတက်ကျွန်းဖြစ်စဉ်က လူသေဆုံးမှု အများဆုံးဖြစ်
  • စစ်မှုထမ်းအလှည့်ကျရွေးချယ်ခံရသူတချို့ တခြားရပ်ရွာတွေကို ပြောင်းရွှေ့နေထိုင်တာ၊ ပြည်ပထွက်ခွာတာနဲ့ ငွေပေးပြီးအစားထိုးတာတွေ လုပ်နေလို့စောင့်ကြည့်ဆင့်ခေါ် နေတယ်လို့ဆို။
  • စစ်မှုထမ်းအတွက် အာဏာပိုင်တွေအဖြစ် ဟန်ဆောင် ငွေကြေးကောက်ခံပြီး အဓမ္မဖမ်းဆီးမှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးပြီး ၇၁ မှုအရေးထားတယ်လို့ပြော။
  • မြန်မာအပေါ် ICJ စီရင်ချက်ကို ကုလသမဂ္ဂ၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ အာဆီယံတို့နဲ့ ဆွေးနွေးသွားမယ်လို့ မလေးရှားပြော။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. Flowers သီချင်း အဆိုတော် မိုင်လီ မင်္ဂလာဆောင်ပြီ

    ဂရမ်မီဆုရ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးအဆိုတော် မိုင်လီဆိုင်းရပ်စ် တစ်ယောက် လေးနှစ်ကြာ လက်တွဲခဲ့တဲ့ချစ်သူ မက်စ် မိုရမ်ဒိုနဲ့ လက်ထပ်ထိမ်းမြားခဲ့ကြောင်း သူ့ရဲ့ အင်စတာဂရန်အကောင့်ကတဆင့် အသိပေးလာပါတယ်။

    ပန်းတွေကိုယ်တိုင်ဝယ်နိုင်ပါတယ် “I can by myself flowers” ဆိုတဲ့ စာသားနဲ့ လူသိများခဲ့တဲ့ Flowers သီချင်း သီဆိုသူ မိုင်လီဟာ ဒရမ်တီးခတ်သူ အသက် ၂၈ နှစ်အရွယ် မိုရမ်ဒိုနဲ့ နိုဝင်ဘာ ၂၁ ရက်တုန်းက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ လက်ထပ်ခဲ့ကြပါတယ်။

    ပရိသတ်တွေကို စေ့စပ်ကြောင်းလမ်းထားပြီးဖြစ်ကြောင်း မနှစ် ဒီဇင်ဘာမှာ ထုတ်ပြောခဲ့ပြီးနောက် တစ်နှစ်မပြည့်ခင်မှာ မင်္ဂလာပွဲကျင်းပခဲ့ကြတာပါ။

    ကယ်လီဖိုးနီးယားက နာမည်ကြီး Palm Springs က သီးသန့်အပန်းဖြေစခန်းတစ်ခုမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ရွှေရောင် ဂိုးလ်ဒန် ရီထရီဗာအမျိုးအစား ခွေးနဲ့အတူရိုက်ကူးထားတဲ့ မင်္ဂလာမောင်နှံရဲ့ ဓာတ်ပုံကို မျှဝေလာပါတယ်။

    အဆိုတော် မိုင်လီဆိုင်းရပ်စ်ရဲ့ မိသားစုဝင်တွေလည်း မင်္ဂလာပွဲကိုတက်ရောက်ခဲ့ကြပြီး နာမည်ကျော် အဆိုတော်တချို့လည်း သူ့ရဲ့အင်စတာဂရန်အကောင့်မှာ မင်္ဂလာပွဲဂုဏ်ပြုကြောင်း မှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။

    အမေရိကန်လူငယ်ဟာသဇာတ်လမ်း ဟန်နာ မွန်တားနား ဇာတ်ကောင်နဲ့လူသိခဲ့တဲ့ မိုင်လီဟာ Party in the U.S.A၊ Wrecking Ball ၊ Malibu စတဲ့ ကမ္ဘာကျော် ပေါ့ပ် သီချင်းတွေလည်းထွက်ရှိခဲ့ပါတယ်။

    မိုင်လီဟာ နာမည်ကျော်သိပ္ပံဇာတ်လမ်းတွဲ Hunger Games နဲ့ရုပ်နာရှင် နာမည်ကျော် လီယမ် ဟမ်းစ်ဝါ့သ် နဲ့ ဆယ်စုနှစ်တစ်ခုနီးပါးကြာလက်တွဲခဲ့ပြီးနောက် လက်ထပ်ခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်မှာ တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

    အဲဒီနောက် အမျိုးသမီးတစ်ဦးရဲ့ တကိုယ်တော်ရှင်သန်ရပ်တည်ပုံအကြောင်း ဖော်ကျူးထားတဲ့ Flowers သီချင်းထွက်ရှိလာခဲ့ပြီး ၂၀၂၄ ခုနှစ် ဂရမ်မီတေးဂီတဆုပေးပွဲမှာ အကောင်းဆုံး ပေါ့ပ် သီချင်းဆုကို ရရှိခဲ့သူပါ။

    ပြီးခဲ့တဲ့ သြဂုတ်လကမှ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာကျော် အမေရိကန် ကန်ထရီး ကျေးလက်ဂီတ အဆိုတော်ကြီး ဒေါ်လီပါတန် ဟာ မိုင်လီဆိုင်းရပ်စ်ရဲ့ မွေးစားမိခင်လည်းဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာလုပ်တဲ့ မင်္ဂလာပွဲမှာ အဆိုတော်ကြီး ဒေါ်လီပါတန်ရဲ့ တေးသီချင်းဖွင့်ခဲ့တယ် ဆိုပြီးလည်း အမေရိကန်အနုပညာသတင်းတွေမှာ ဖော်ပြထားပါတယ်။

    ကမ္ဘာကျော် အမေရိကန်အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော် တေလာဆွဇ်လည်း အခုနှစ် ဇူလိုင်လတုန်းက အမေရိကန်ဘောလုံးသမား ထရဲဗစ် ကဲလ်ဆီ နဲ့ လက်ထပ်ထားပါတယ်။

  2. ICJ ရဲ့ မြန်မာအပေါ် စီရင်ချက် ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေရှိလာနိုင်

    မြန်မာဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ြဖတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မဲ ၉ မဲ၊ ၆ မဲနဲ့ အများစုသဘောတူ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ လက်ရှိ တရားရုံးမှာ ကြားနာနေတဲ့တခြား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွေအပေါ်မှာလည်း သိသာတဲ့ သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။

    အထူးသဖြင့် လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ရှိကြောင်း သက်သေပြဖို့ လိုအပ်တဲ့ သက်သေအထောက်အထား စံနှုန်းကို ပြန်လည်အတည်ပြုပြီး ပိုမိုရှင်းလင်းစေခဲ့တာကြောင့် ဖြစ်ပါတယ်။

    အဲဒီအမှုတွေထဲမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာ အစ္စရေးက ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အမှုလည်း ပါဝင်ပါတယ်။ ဒီစွပ်စွဲချက်ကို အစ္စရေးက အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

    ICJ ရဲ့ ဒီထူးခြားတဲ့ ဆုံးဖြတ်ချက်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ အာဏာကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ ထိန်းညှိဖို့ ချမှတ်ခဲ့တဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို ယုံကြည်သူတွေအတွက်လည်း အားဖြစ်စေပါတယ်။

    အပြည်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. မိုးမိတ်နဲ့ သပိတ်ကျင်းကြား ရွာတွေကို KIA က ဦးဆောင်ပြီး ပြန်သိမ်း

    ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်က မိုးမိတ် - သပိတ်ကျင်းလမ်းပိုင်းပေါ်မှာ စစ်တပ် တပ်စွဲထားတဲ့ ကင်းချောင်း၊ ပေကုန်းနဲ့ သစ်ဆိမ့်ကုန်းရွာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က တော်လှန်ရေးအဖွဲ့ တွေ ပူးပေါင်းပြီး ပြန်လည်သိမ်းလိုက်တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

    “သပိတ်ကျင်းက တွင်းငယ်ရွာဘက်တော့ မရောက်သေးပါဘူး။ ကြားက စစ်တပ်ထိုင်တဲ့နေရာတွေကို ရတာပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒါကြောင့် အခု KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းလိုက်တဲ့ကျေးရွာတွေဟာ မိုးမိတ်ကနေ သပိတ်ကျင်းမြို့နယ်ဘက်ကို သွားတဲ့ကျေးရွာတွေလို့ နားလည်ရပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကြားက စစ်ရေးအရအချက်အခြာကျတဲ့နေရာတွေကို နိုဝင်ဘာ ၂၁ ရက်မှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ပြန်သိမ်းပိုက်ခဲ့တာပါ။

    အဲဒီရွာတွေမှာ ရှိတဲ့စစ်တပ်စခန်းတွေကို ကျောင်းသားတပ် (ABSDF)၊ ကချင် KPDF၊ KIA ရဲ့ တပ်မဟာ ၄ နဲ့ ၁၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း KIA ပြန်ကြားရေးဌာနကလည်း သတင်းထုတ်ပါတယ်။

    ရှမ်းမြောက်က မိုးမိတ်နဲ့ မန္တလေးက မိုးကုတ်မြို့တို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလမှာ တအာင်းတပ် (TNLA) ဦးဆောင်ကာ သိမ်းယူခဲ့ပေမဲ့ စစ်တပ်နဲ့အပစ်ရပ် သဘောတူချိန်မှာ ပြန်ပေးခဲ့ရပါတယ်။

    စစ်တပ်ဘက်ကလည်း မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ မြေပြင်စစ်ကြောင်းပြန်ထိုးပြီး KIA ဦးဆောင်တဲ့အမှတ် ၁ စစ်ဒေသက သိမ်းပိုက်ခဲ့တဲ့ စဉ့်ကူး၊ သပိတ်ကျင်း၊ တွင်းငယ်တကြောကို မနှစ်က ပြန်သိမ်းခဲ့ပါတယ်။

    အခုလိုရှမ်းမြောက်နဲ့ မန္တလေးကြား တိုက်ပွဲပြန်ဖြစ်တာနဲ့ပတ်သက်လို့ စစ်တပ်ဘက်က ဒီနေ့ နေ့လယ်ပိုင်းအထိ တစုံတရာထုတ်ပြောတာမရှိသေးပါဘူး။

    ဒါပေမဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ် အင်းတော် - ဝန်းသို -ကောလင်း - ကျွန်းလှ - ကန့်ဘလူ လမ်းကြောင်းကို မြန်မာစစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မနေ့တုန်းက သတင်းထုတ်ပြန်လာပါတယ်။

  4. တော်၀င်ဥပဒေ ပုဒ်မကို ချိုးဖောက်မှုနဲ့ ထိုင်းပြည်သူ့ပါတီအမတ် ထောင် ၃ နှစ်ချမှတ်ခံရ

    ထိုင်း ပြည်သူ့ပါတီ(People’s Party)ရဲ့အမတ် ရက်ချနော့ ဆရီနော့ခ်ဟာ ရာဇသတ်ကြီး ပုဒ်မ ၁၁၂ နဲ့ ကွန်ပျူတာရာဇဝတ်မှုဥပဒေ ပုဒ်မ ၁၄ တို့ကို ချိုးဖောက်မှုနဲ့ အယူခံတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

    ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတဲ့ အောက်တရားရုံးရဲ့စီရင်ချက်ကို ပြင်ဆင်ပြီး ဘန်ကောက်မြို့မှာရှိတဲ့ အယူခံရုံးက ထောင် ၃ နှစ်လို့ဆိုပြီး ဒီနေ့မနက်ပိုင်းမှာ အမိန့်ကို ပြင်ဆင်ချမှတ်လိုက်တာဖြစ်ပါတယ်။

    လွှတ်တော်အမတ် ရက်ချနော့ဟာ အခုလို အမိန့်ချမှတ်ခံရတာဟာ ၂၀၂၁ ခုနှစ်တုန်းက တွစ်တာ(အခု X) လူမှုကွန်ရက်ပေါ်မှာ သူတင်ခဲ့တဲ့စာတွေက ထိုင်းဘုရင်စနစ်အပေါ် အသရေဖျက်စော်ကားရာ ရောက်တယ်လို့ သတ်မှတ်ခံရတာနဲ့ ဆက်စပ်နေပါတယ်။

    ဒီနေ့မနက်ခင်း အယူခံရုံးရဲ့စီရင်ချက်ဟာ မစ္စ ရက်ချနော့ရဲ့ ပထမဆုံး တွိစ်တစ်ခုတည်းကို အဓိကထား ဆုံးဖြတ်ခဲ့တာလို့ အယူခံရုံးမှာသတင်းသွားယူတဲ့ ဘီဘီစီ ထိုင်းဘာသာဌာန သတင်းထောက်က ပြောပါတယ်။

    အဲဒီ တွိမှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၈ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိမှု လက်ဝါးကြီးအုပ်မှုအကြောင်း ရေးသားထားပြီး ဘုရင်ရဲ့ပုံတော်တစ်ပုံလည်း ပါဝင်ခဲ့ပါတယ်။

    ဒုတိယမြောက် အကြောင်းအရာဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၈ ရက်ကနေ သြဂုတ် ၉ ရက်အတွင်း (ရက်အတိအကျ မသေချာ) အခြားအကောင့်တစ်ခုက ရေးသားခဲ့တဲ့စာကို ပြန်လည်မျှဝေခဲ့မှု (retweet) နဲ့ ပတ်သက်ပြီးတော့ တရားရုံးက တရားခံအကျိုးခံစားခွင့်ပေးတဲ့မူအရ ဆုံးဖြတ်ခဲ့ပါတယ်။

    အဲဒီပို့စ်နဲ့ပတ်သက်ပြီး လွှတ်တော်အမတ် ရက်ချနော့ ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ မရှင်းလင်းတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီအမှုမှာ ရှေ့နေချုပ်ရုံး လက်အောက်ရှိ အထူးရာဇဝတ်မှုများဌာန အမှတ် ၁၀ က အစိုးရရှေ့နေက ရက်ချနော့ကို ရာဇသတ်ကြီး ပုဒ်မ ၁၁၂ နဲ့ ကွန်ပျူတာရာဇဝတ်မှုဥပဒေ ပုဒ်မ ၁၄ တို့အရ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

    ရာဇဝတ်တရားရုံးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ပြီး ဆိုင်းငံ့ပြစ်ဒဏ် မပေးခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘတ် ၅၀၀,၀၀၀ အာမခံနဲ့ ပြန်လွတ်လာခဲ့တာကြောင့် လွှတ်တော်အမတ် အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သလို ၂၀၂၆ ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပျက်ခဲ့ပါဘူး။

    ဒီနေ့ အယူခံတရားရုံးက အောက်တရားရုံးရဲ့ပြစ်ဒဏ်ကို ဆက်လက်အတည်ပြုခဲ့တဲ့အတွက် ရက်ချနော့ရဲ့ ရှေ့နေဘက်က အမြင့်ဆုံးတရားရုံးကို ဆက်လက်အယူခံဝင်နိုင်ဖို့ အာမခံပြန်လည် လျှောက်ထားရမှာ ဖြစ်ပါတယ်။

    တရားရုံးက ယာယီအာမခံ ပေးမယ်ဆိုရင် သူဟာ လွှတ်တော်အမတ် ရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

    အခုတော့ သူဟာ အယူခံရုံးအမိန့်နဲ့ပတ်သက်ပြီး အာမခံ ရ၊ မရကို ဆက်ပြီး စောင့်ဆိုင်းနေပါတယ်။

    ဒီအတောအတွင်း အာမခံ မရဘူးဆိုရင် သူဟာ အမတ်အဖြစ်ကနေ ပျက်ပြယ်မှာဖြစ်ပါတယ်။

  5. ကထိန်ပွဲမှာ လော်စပီကာ ငှားရမ်းသူ ပိုများလာ၊ အသံဆူညံလို့ ဝေဖန်မှုတွေ မြင့်တက်

    ဧရာဝတီနဲ့ ရန်ကုန်တိုင်းတို့က အခုနှစ် ကထိန်အလှူပေးရာမှာ အသံချဲ့စက်စနစ် ဆောင်းဘောက်စ်၊ လော်စပီကာတွေ ငှားရမ်းသူပိုများလာတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်သူတချို့ဆီကနေ သိရပါတယ်။

    “ဧရာဝတီတိုင်းဆိုရင် ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်းဘက် ဖျော်ဖြေရတယ်။ ရန်ကုန်တိုင်းဆိုင်ရင် မှော်ဘီဘက်အထိ သွားရပါတယ်။ တောင်ဒဂုံကနေတောင် ငှားတာတွေ ရှိပါတယ်” လို့ နယ်လှည့်ကာ အသံချဲ့စက်၀န်ဆောင်မှုပေးတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ငှားရမ်းခတွေကလည်း ဒေသပေါ်မူတည်ပြီး မြန်မာငွေကျပ် သိန်း ၂၀ ကနေ သိန်း ၃၀ အထိ ပေါက်ဈေးရှိနေပါတယ်။

    နိုဝင်ဘာ ၂၀ ရက်တုန်းကလည်း ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ပေါ် အမှတ် ၁ အထက်တန်းကျောင်းရဲ့ကျောင်းကထိန် လှည့်လည်ရာမှာ အသံချဲ့စက်တွေ အမြောက်အများကို သုံးခဲ့တာကြောင့် Tiktok အသုံးပြုသူတွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

    “ဓနုဖြူ အထက ၁ ကထိန်က လော်စပီကာ အကြီးကြီးတွေ ငှားပြီး လှည့်တာထုံးစံပါပဲ။ ဒီနှစ်ကတော့ ပိုများတယ်။ ကား ၅ စီး လောက်ရှိတယ်၊ ကျောင်းသားတွေကိုယ်တိုင် စုငှားတာပါ။ ဆရာဆရာမတွေတော့ သိပ်သဘောကျပုံ မရဘူး” လို့ ဓနုဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

    သီတင်းကျွတ်လပြည့်ကနေ တန်ဆောင်မုန်းလပြည့်အထိ ဘုံကထိန်ကာလမှာ လော်စပီကာ ဖွင့်လှစ်တာနဲ့ပတ်သက်လို့ ပွဲတော်နှစ်ခြိုက်သူနဲ့ ဆူညံသံ မလိုလားသူတွေကြား အငြင်းပွားမှုတွေ အရင်ကတည်းက ရှိခဲ့ပါတယ်။

    ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာ ပွဲတော်ကာလ ဆူညံမှုတွေ လျော့သွားခဲ့ပေမဲ့ အခုနှစ်ထဲမှာတော့ တကျော့ပြန်များလာကြောင်း ဆိုရှယ်မီဒီယာပလက်ဖောင်းအစုံမှာ ရေးသားဖော်ပြနေကြပါတယ်။

    မြန်မာမှာ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားတဲ့အသံချဲ့စက်ဥပဒေရှိပြီး အသံဖွင့်ဖို့ ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခွင့်ပြုပေးရမှာဖြစ်သလို စည်းကမ်းဖောက်သူကို အရေးယူတာနဲ့အရေးယူဖို့ အကြောင်းကြားရမယ့် တာဝန်ရှိကြောင်းလည်း ပြဋ္ဌာန်းထားပါတယ်။

  6. ရခိုင်၊ ပေါက်တောမှာ နှစ်ရက်အတွင်း စစ်တပ်လေကြောင်းဗုံးကြဲမှု ၄ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ၂ ရက်အတွင်း လေကြောင်းကနေ ဗုံးကြဲတာကြောင့် လသားကလေးငယ်အပါအ၀င် သေဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၃ ဦးအထိရှိတယ်လို့ အေအေက သတင်းထုတ်ပြန်ပါတယ်။

    စစ်တပ်ဟာ နိုဝင်ဘာ ၂၀ နဲ့ ၂၂ ရက်နေ့တွေမှာ သဝင်ချောင်း၊ ဓားကိုင်နဲ့ နန်းတက်ကျွန်းရွာတို့ကို ဆက်တိုက်လေကြောင်းဗုံးကြဲခဲ့ရာ ၄ ဦး သေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။

    မနေ့ ၂၂ ရက်နေ့မှာဖြစ်ခဲ့တဲ့ နန်းတက်ကျွန်းရွာဖြစ်စဉ်မှာဆိုရင် ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ လေကြောင်းဗုံးကြဲခဲ့လို့ ၅ လသားအရွယ် ကလေးငယ်အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၉ ဦးထဲမှာလည်း ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး အထိပါဝင်ပါတယ်။

    သဝင်ချောင်းနဲ့ ဓားကိုင်ရွာတို့ကိုတော့ ၂၀ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခန့်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး သဝင်ချောင်းရွာက ၄ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

    အဲဒီရွာတွေဟာ ကျွဲကူးမြစ်ရဲ့တဖက်ကမ်းစီမှာ တည်ရှိပြီး စစ်တပ်နဲ့ အေအေကြား စစ်ရေး တင်းမာနေတဲ့ စစ်တွေ - ပေါက်တောကြားမှာရှိတဲ့ဒေသတွေလည်းဖြစ်ပါတယ်။

    နိုဝင်ဘာတတိယအပတ်ထဲမှာလည်း စစ်တပ်က ရခိုင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး လူသေဆုံးမှုတွေလည်း ဆက်မြင့်တက်နေတာကို အေအေရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    အဲဒီအချက်အလက်တွေအရ နိုဝင်ဘာ ၁၆ ရက်ကစလို့ ၂၂ ရက်အထိ သံတွဲ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ မြောက်ဦး မြို့နယ်တွေက မြို့ပေါ်ရော ကျေးရွာတွေကိုပါ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ပြည်သူထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ဖြစ်နေပါတယ်။

    ဒီသီတင်းပတ်ထဲ မနေ့ကဖြစ်တဲ့ ပေါက်တော၊ နန်းတက်ကျွန်းဖြစ်စဉ်ကတော့ လူသေဆုံးမှု အများဆုံးလည်းဖြစ်ပါတယ်။

    မြန်မာစစ်တပ်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြုလုပ်ခဲ့တဲ့ အခုနှစ် ဧပြီလနောက်ပိုင်းကစလို့ ရခိုင်စစ်မျက်နှာပြင်မှာ လေယာဉ်အုပ်ဖွဲ့ပျံသန်းပြီး ဗုံးအလုံးရေ အမြောက်အများကြဲချတဲ့ပုံစံနဲ့ ပြောင်းလဲတိုက်ခိုက်လာတယ်လို့ စစ်ရေးစောင့်ကြည့်တဲ့အဖွဲ့တွေက ထောက်ပြထားပါတယ်။

  7. စစ်မှုထမ်းဖို့ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေ, အာဏာပိုင်ဟန်ဆောင် အဓမ္မဖမ်းဆီးမှုနဲ့ ငွေကြေးကောက်ခံမှုတွေကြောင့် လူ ၁၉၉ ဦးကို အရေးယူထားတယ်လို့ဆို

    စစ်မှုထမ်းဖို့ အလှည့်ကျရွေးချယ်ခံရသူတချို့ဟာ တခြားရပ်ရွာတွေကို ပြောင်းရွှေ့နေထိုင်တာ၊ ပြည်ပကို ထွက်ခွာတာနဲ့ လူစားထိုးတာတွေ လုပ်ဆောင်နေတဲ့အတွက် အဲဒီလို ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြောပါတယ်။

    အဲဒီလို ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေတဲ့ အပေါ် မသမာသူများကပါ တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး တချို့မြို့ရွာတွေမှာ လူတွေကို အဓမ္မဖမ်းဆီးပြီး ငွေကြေးရယူကာ စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒါ့အပြင် တချို့ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း စစ်မှုထမ်းသွားမယ့်သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး လစဉ်ငွေကောက်ခံတာနဲ့ စစ်မှုထမ်းဖို့ ရှောင်တိမ်းသူတွေအစား လူစားထိုးထမ်းဆောင်စေဖို့ ငွေကြေးကောက်ခံတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

    အဲဒီလို အဓမ္မဖမ်းဆီးဆင့်ခေါ်တာနဲ့ တရားမဝင်ငွေကြေးကောက်ခံတာတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို ချိုးဖောက်ပြီး လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ပြောပါတယ်။

    အဲဒီလို အာဏာပိုင်ဟန်ဆောင်ငွေကြေးကောက်ခံမှုနဲ့ အဓမ္မဖမ်းဆီးမှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ငွေကြေးတောင်းခံမှုနဲ့ ပတ်သက်တဲ့ အမှု ၄၉ မှုမှာ လူ ၁၀၂ ဦးနဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းမှုနဲ့ပတ်သက်တဲ့ အမှု ၂၂ မှုမှာ လူ ၉၇ ဦး၊ စုစုပေါင်း အမှု ၇၁ မှုနဲ့ လူ ၁၉၉ ဦးကို အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တစ်ဖက်မှာလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံ ငွေကြေးကောက်ခံမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက် ၁၈၂ ခု ရရှိခဲ့ရာမှာ ၉၁ ခုကို အရေးယူဆောင်ရွက်ပြီးစီးခဲ့ပြီး ၅၆ ခုကို စိစစ်နေဆဲဖြစ်ကာ ၃၅ ခုကို မမှန်မကန်တိုင်ကြားမှုအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

    အဓမ္မစစ်မှုထမ်းဆင့်ခေါ်မှုနဲ့ပတ်သက်ပြီး တိုင်ကြားချက် ၄၃ ခု ရရှိခဲ့ရာမှာ ၁၇ ခုကို အရေးယူဆောင်ရွက်ပြီးစီးခဲ့ပြီး ၁၄ ခုကို စိစစ်နေဆဲဖြစ်ကာ ၁၂ ခုကို မမှန်မကန်တိုင်ကြားမှုအဖြစ် သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီလုပ်ရပ်တွေကို စိစစ်ဖော်ထုတ်အရေးယူနေပြီး အဓမ္မခြိမ်းခြောက်ဆင့်ခေါ်တာ၊ ညအချိန် ဖမ်းဆီးခေါ်ဆောင်တာ၊ ငွေကြေးနဲ့ လူစားထိုးဆင့်ခေါ်တာနဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ တရားမဝင်ငွေကောက်ခံတာတွေ လျော့နည်းပပျောက်စေဖို့ ဆက်လက်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်တယ်လို့ပြော‌‌ပေမယ့် အဓမ္မဖမ်းဆီးခံရမှုတွေ ဆက်မြင့်တက်နေသလို ငွေကြေးတောင်းခံမှုနဲ့ စစ်မှုထမ်းဖို့ ရှောင်တိမ်းသူတွေအပေါ် ဖိအားပေးမှုတွေရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက ‌ပြောထားပါတယ်။

    စစ်မှုထမ်းဆင့်ခေါ်မှုမှာ အဓမ္မဖမ်းဆီးမှုနဲ့ ငွေကြေးတောင်းခံမှုတွေ ရှိနေကြောင်း အာဏာပိုင်တွေကိုယ်တိုင်ဝန်ခံထားပြီး လူ့အခွင့်အရေးအဖွဲ့တွေကလည်း အဲဒီလိုလုပ်ရပ်တွေကို အစောပိုင်းကတည်းက မှတ်တမ်းတင်ထောက်ပြထားပါတယ်။

  8. မြန်မာအပေါ် ICJ စီရင်ချက်အပြီး မလေးရှားက ကုလ၊ OIC နဲ့ အာဆီယံတို့နဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးမယ်

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) က စီရင်ချက်ချမှတ်ပြီးနောက် အဲဒီစီရင်ချက်နဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို ကုလသမဂ္ဂ၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ အာဆီယံတို့နဲ့ ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံက ပြောပါတယ်။

    ရိုဟင်ဂျာအရေးကို ရေရှည်ဖြေရှင်းနိုင်ဖို့နဲ့ မလေးရှားနိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေ လျော့ပါးစေမယ့် လက်တွေ့ကျတဲ့ အစီအမံတွေ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

    နိုဝင်ဘာ ၁၉ ရက်က ICJ ရဲ့ စီရင်ချက်ဟာ ထိခိုက်လွယ်တဲ့ လူ့အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ နိုင်ငံတကာဥပဒေကို လိုက်နာရေးဆိုင်ရာ မလေးရှားရဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    မလေးရှားနိုင်ငံမှာ UNHCR မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၃၃,၄၀၀ ခန့် ရှိတယ်လို့ စက်တင်ဘာ ၃၀ ရက်အထိ စာရင်းကို ကိုးကားပြီး မလေးရှားသတင်းဌာန Free Malaysia Today က ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာအရေး ရေရှည်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အားလုံး ပူးပေါင်းပြီး လက်တွေ့ကျတဲ့ အစီအမံတွေ ဆောင်ရွက်ဖို့ မလေးရှားက တိုက်တွန်းထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လကတော့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇူလိုင် ၂၉ ရက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    ဒါပေမဲ့ စက်တင်ဘာ ၂၉ ရက်မှာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပြန်ပို့ခဲ့ရာမှာ ရိုဟင်ဂျာတွေ မပါဝင်ခဲ့ဘူးလို့ အန်ဝါက အောက်တိုဘာ ၆ ရက် လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံသားတွေ ပြန်ပို့ရေးကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သူက ပြောခဲ့ပါတယ်။

    မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲကလည်း သဘောတူထားတဲ့ ၅,၀၀၀ ပြန်ပို့ပြီးနောက်မှာပါ လုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်၊ သတ်မှတ်ခွဲတမ်းမရှိဘူးလို့ အောက်တိုဘာ ၆ ရက်မှာ ပြောထားပါတယ်။

  9. မင်္ဂလာပါ။ ၂၀၂၆ နိုဝင်ဘာ ၂၃ ရက် ဘီဘီစီရဲ့ ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေလို့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။