
ဓာတ်ပုံ ရင်းမြစ်, EPA
ဓာတ်ပုံ ပုံစာ, နို၀င်ဘာ ၂၃ ရက် ဒီနေ့ မနက်ပိုင်းမှာ ဘန်ကောက်မြို့က အယူခံရုံးကို ရောက်လာတဲ့ ရက်ချနော့ကို သူ့ပါတီက လုပ်ဖော်ကိုင်ဖက်တွေလည်း အားပေး၀န်းရံခဲ့ပါတယ် ထိုင်း ပြည်သူ့ပါတီ(People’s Party)ရဲ့အမတ် ရက်ချနော့ ဆရီနော့ခ်ဟာ ရာဇသတ်ကြီး ပုဒ်မ ၁၁၂ နဲ့ ကွန်ပျူတာရာဇဝတ်မှုဥပဒေ ပုဒ်မ ၁၄ တို့ကို ချိုးဖောက်မှုနဲ့ အယူခံတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတဲ့ အောက်တရားရုံးရဲ့စီရင်ချက်ကို ပြင်ဆင်ပြီး ဘန်ကောက်မြို့မှာရှိတဲ့ အယူခံရုံးက ထောင် ၃ နှစ်လို့ဆိုပြီး ဒီနေ့မနက်ပိုင်းမှာ အမိန့်ကို ပြင်ဆင်ချမှတ်လိုက်တာဖြစ်ပါတယ်။
လွှတ်တော်အမတ် ရက်ချနော့ဟာ အခုလို အမိန့်ချမှတ်ခံရတာဟာ ၂၀၂၁ ခုနှစ်တုန်းက တွစ်တာ(အခု X) လူမှုကွန်ရက်ပေါ်မှာ သူတင်ခဲ့တဲ့စာတွေက ထိုင်းဘုရင်စနစ်အပေါ် အသရေဖျက်စော်ကားရာ ရောက်တယ်လို့ သတ်မှတ်ခံရတာနဲ့ ဆက်စပ်နေပါတယ်။
ဒီနေ့မနက်ခင်း အယူခံရုံးရဲ့စီရင်ချက်ဟာ မစ္စ ရက်ချနော့ရဲ့ ပထမဆုံး တွိစ်တစ်ခုတည်းကို အဓိကထား ဆုံးဖြတ်ခဲ့တာလို့ အယူခံရုံးမှာသတင်းသွားယူတဲ့ ဘီဘီစီ ထိုင်းဘာသာဌာန သတင်းထောက်က ပြောပါတယ်။
အဲဒီ တွိမှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၈ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိမှု လက်ဝါးကြီးအုပ်မှုအကြောင်း ရေးသားထားပြီး ဘုရင်ရဲ့ပုံတော်တစ်ပုံလည်း ပါဝင်ခဲ့ပါတယ်။
ဒုတိယမြောက် အကြောင်းအရာဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၈ ရက်ကနေ သြဂုတ် ၉ ရက်အတွင်း (ရက်အတိအကျ မသေချာ) အခြားအကောင့်တစ်ခုက ရေးသားခဲ့တဲ့စာကို ပြန်လည်မျှဝေခဲ့မှု (retweet) နဲ့ ပတ်သက်ပြီးတော့ တရားရုံးက တရားခံအကျိုးခံစားခွင့်ပေးတဲ့မူအရ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီပို့စ်နဲ့ပတ်သက်ပြီး လွှတ်တော်အမတ် ရက်ချနော့ ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ မရှင်းလင်းတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအမှုမှာ ရှေ့နေချုပ်ရုံး လက်အောက်ရှိ အထူးရာဇဝတ်မှုများဌာန အမှတ် ၁၀ က အစိုးရရှေ့နေက ရက်ချနော့ကို ရာဇသတ်ကြီး ပုဒ်မ ၁၁၂ နဲ့ ကွန်ပျူတာရာဇဝတ်မှုဥပဒေ ပုဒ်မ ၁၄ တို့အရ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ရာဇဝတ်တရားရုံးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ပြီး ဆိုင်းငံ့ပြစ်ဒဏ် မပေးခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘတ် ၅၀၀,၀၀၀ အာမခံနဲ့ ပြန်လွတ်လာခဲ့တာကြောင့် လွှတ်တော်အမတ် အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သလို ၂၀၂၆ ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပျက်ခဲ့ပါဘူး။
ဒီနေ့ အယူခံတရားရုံးက အောက်တရားရုံးရဲ့ပြစ်ဒဏ်ကို ဆက်လက်အတည်ပြုခဲ့တဲ့အတွက် ရက်ချနော့ရဲ့ ရှေ့နေဘက်က အမြင့်ဆုံးတရားရုံးကို ဆက်လက်အယူခံဝင်နိုင်ဖို့ အာမခံပြန်လည် လျှောက်ထားရမှာ ဖြစ်ပါတယ်။
တရားရုံးက ယာယီအာမခံ ပေးမယ်ဆိုရင် သူဟာ လွှတ်တော်အမတ် ရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။
အခုတော့ သူဟာ အယူခံရုံးအမိန့်နဲ့ပတ်သက်ပြီး အာမခံ ရ၊ မရကို ဆက်ပြီး စောင့်ဆိုင်းနေပါတယ်။
ဒီအတောအတွင်း အာမခံ မရဘူးဆိုရင် သူဟာ အမတ်အဖြစ်ကနေ ပျက်ပြယ်မှာဖြစ်ပါတယ်။