မေလ ၁၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှု, အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်ကို ရောက်ပြီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်ကို ရောက်ရှိတဲ့ သတင်းအပါအဝင် မေလ ၁၃ ရက် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ဝက်လက်နဲ့ ဒီပဲယင်းနယ်ထဲကို စစ်တပ်ဗုံးကြဲလို့ သံဃာတစ်ပါးအပါ ၂ ဦးထိခိုက်
- မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က လက်ပံတိုရေနံမှော် ဗုံးကြဲခံရလို့ ၁ ဦးသေဆုံး
- လောင်းရှည်-ဆော နဲ့ ဆော-ကျောက်ထု လမ်းပိုင်းတလျှောက်က ရွာတချို့မှာ စစ်တပ်နဲ့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေ
- ယင်းမာပင်မြို့နယ်က အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ် ၂၀ ကျော် သေဆုံးတဲ့ဖြစ်စဉ် ၁နှစ်ပြည့်ပြီဖြစ်ပေမဲ့ မြန်မာကလေးငယ်တွေ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး ရင်ဆိုင်နေရ - IIMM
- ကနီမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၃၀၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ရွာစဉ်လှည့် ဖြန့်ကြက်နေလို့ ရွာပေါင်း ၄၀ ကျော်က လူသောင်းချီ ထွက်ပြေးနေရ
တိုက်ရိုက် ထုတ်လွှင့်ချက်
ထရမ့် တရုတ်ကို ရောက်ရှိ
အရေးကြီးဆုံးဖြတ်ချက်တွေပါမယ့် အစည်းအဝေးလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘေကျင်းမြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
နှစ်ရက်ကြာခရီးစဉ်အတွင်းမှာတော့ သမ္မတထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အလွန်အရေးပါတဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်သွားမှာပါ။
သမ္မတထရမ့်နဲ့အတူ ပေကျင်းကို လိုက်ပါလာကြတဲ့ နာမည်ကြီး စီးပွားရေးခေါင်းဆောင်တွေထဲမှာ အန်ဗီးဒီးယား၊ အက်ပဲလ်၊ တက်စလာ နဲ့ ဘိုးရင်း ကုမ္ပဏီတို့ရဲ့ အမှုဆောင်အရာရှိချုပ်တွေလည်း ပါလာပါတယ်။
ဒါပေမဲ့ ကုန်သွယ်ရေးစစ်ပွဲတွေ၊ အခွန်တိုးမြှင့်မှုတွေနဲ့ ကုန်သွယ်ရေးကန့်သတ်ချက်တွေကြောင့် မကြာသေးခင်နှစ်တွေအတွင်းမှာ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ယေဘုယျအားဖြင့် ကျဆင်းနေခဲ့ပါတယ်။
သမ္မတထရမ့်အတွက် အဓိကပြဿနာတစ်ခုကတော့ ကုန်သွယ်မှု မညီမျှတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဟာ တရုတ်ကို ပြန်ရောင်းတဲ့ပမာဏထက် တရုတ်ဆီကနေ ဒေါ်လာ ဘီလျံ ၂၀၀ ဖိုးလောက် ပိုပြီး ဝယ်ယူခဲ့ရပါတယ်။
ဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကတော့ အမေရိကန်ကုန်ပစ္စည်းတွေကို တရုတ်ဆီ ပိုရောင်းဖို့ဖြစ်ပြီး၊ ဒါဟာ အမေရိကန်ပြည်တွင်းမှာ အလုပ်အကိုင်နဲ့ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်မှာဖြစ်လို့ လူထုထောက်ခံမှု ရနိုင်မယ့် ကိစ္စလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတထရမ့်ရဲ့ ပထမသက်တမ်းတုန်းက နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီချက် ရခဲ့ပေမဲ့ တရုတ်ဘက်က ကတိပေးထားသလောက် မဝယ်တာမျိုး ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတစ်ကြိမ်မှာရော သမိုင်းတကျော့ပြန်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
KNPP ပါတီဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ရဲ့ စျာပန ကို EROs ခေါင်းဆောင်တွေတက်ရောက်
ကရင်နီအမျိူးသားတိုးတက်ရေးပါတီ (KNPP) ပါတီရဲ့အမြဲတမ်းဗဟိုကော်မတီဝင် ရဲဘော် ခွန်းရီမာန်ထူးရဲ့ နာရေးကို ဒီကနေ့ မေလ ၁၃ ရက်က ကရင်နီဒေသမှာ ပြုလုပ်ခဲ့ပါတယ်။
သူဟာ လူကြီးရောဂါနဲ့ မေ ၁၀ ရက်က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ် ရှိပြီဖြစ်ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ပအို့ဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်နီပြည်အတိုင်ပင်ခံကော်စီ (KSCC)၊ ကရင်နီပြည်အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
ရဲဘော် ခွန်းရီမာန်ထူးဟာ ၁၉၇၈ ခုနှစ်မှာ စစ်တပ်ကို ရရာလက်နက်နဲ့ ခုခံတော်လှန်ခဲ့သူတွေထဲမှာပါ၀င်ခဲ့တဲ့ ကရင်နီတော်လှန်ရေး ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။
ကရင်အမျိုးသား အစည်းအရုံး(KNU)ကတော့ တော်လှန်ရေးသက်တမ်း နှစ်ပေါင်း ၅၀ ကျော်ရှိတဲ့ အသက် ၈၂ အရွယ် ခွန်းရီမာန်ထူး ကွယ်လွန်ခြင်းဟာ KNPP အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုလို့ပြောပါတယ်။
ဝက်လက်နဲ့ ဒီပဲယင်းမြို့နယ်ထဲကို စစ်တပ်ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့တောင်ခြမ်းက နဘဲပင်လှရွာကို စစ်တပ်က ဒီနေ့ မေလ ၁၃ ရက် မွန်းလွဲပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
ကြဲလိုက်တဲ့ဗုံးဟာ နဘဲပင်လှရွာက ဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သံဃာတစ်ပါးနဲ့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်လည်း ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။
မေလ ပထမ သီတင်းပတ်တုန်းကလည်း စစ်တပ်ကြဲလိုက်တဲ့ဗုံးဟာ ဝက်လက်မြို့နယ်၊ ချက်ပြဲကျေးရွာက စားသောက်ဆိုင်ပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာပဲ စစ်တပ်က ဒီပဲယင်းမြို့နယ်အနောက်ခြမ်း၊ ဘုတ်ထမ်းရွာအနီးက တောတိုက်ထဲကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်လေယာဉ် ၂ စင်းနဲ့ လာကြဲသွားတာ၊ အထိအခိုက် မသိရသေးဘူး” လို့ သူက ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ စစ်ကိုင်း၊ ဒီပဲယင်းနဲ့ ဝက်လက်နယ်တွေက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းမထုတ်သေးပါဘူး။
နေပြည်တော်ကို ပုံမှန်ဆက်ဆံရေးရှိလိုတဲ့အဖွဲ့ဝင်နိုင်ငံအချို့ရဲ့ ဖိအားကို တောင့်ခံဖို့ အာဆီယံကို APHR တိုက်တွန်း
နေပြည်တော်ကို သံတမန်ရေးပုံမှန်ဆက်ဆံမှု ပြန်ပေးလိုတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ ဖိအားကို အာဆီယံတစ်ခုလုံးအနေနဲ့ တောင့်ခံဖို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့(APHR)က စာထုတ် တိုက်တွန်းပါတယ်။
အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကြာတဲ့အထိ မြန်မာက လူထုတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရဆဲလို့လည်း APHR အမတ်တွေက မေလ ၁၂ ရက် သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ကိုယ်ကျိုးစီးပွားတွေ ရောယှက်မှုကြောင့်သာမက ဘုံဆုံးဖြတ်ချက်ချတဲ့အခါ လိုက်လျောညီထွေနေထိုင်လိုတဲ့အိမ်နီးချင်းနိုင်ငံတွေ ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခွင့်ရနေတာကလည်း ဒီလိုဖြစ်ရပ်တွေအတွက် အကြောင်းရင်းခံတွေ ဖြစ်နေတယ်လို့ APHR အမတ်တွေက ထောက်ပြပါတယ်။
APHR ကတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ကိုယ်စားလှယ်တွေကို တရားဝင်မိတ်ဖက်တွေအဖြစ် အသိအမှတ်ပြုဖို့၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာတဲ့ နေပြည်တော်အစိုးရအစုအဖွဲ့ကို ဒီအတွက်အကျိုးဆက်ရှိမှာဖြစ်ကြောင်း ပြတ်ပြတ်သားသားပြသဖို့နဲ့ အမှီအခိုကင်းပြီး စစ်တပ်ထိန်းချုပ်မှုမရှိတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ရေးလုပ်ဖို့ တိုက်တွန်းပါတယ်။
နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို ဖောက်ဖျက်ပြီး မြန်မာကို ခွဲခြားဆက်ဆံနေတယ်လို့ မေလ ၁၀ ရက်မှာ သတင်းထုတ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက် မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းတယ်လို့ဆိုပြီး နေပြည်တော်က ခေါင်းဆောင်တွေကို အာဆီယံဆွေးနွေးပွဲကို မတက်ရောက်ခိုင်းဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုပဲ တက်ရောက်စေတဲ့ဆုံးဖြတ်ချက်ကို အာဆီယံဘက်က ဆက်လက်ထားရှိထားပါတယ်။
မြန်မာကို မုတ်သုံ ဘယ်လိုဝင်မလဲ
မေလ ဒုတိယ ၁၀ ရက်ပတ်အတွင်း (မေ ၁၁ - မေ ၂၀) မှာဆိုရင် ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်ရှိနိုင်ပြီး ၁ ကြိမ်ကတော့ မုန်တိုင်းငယ်အဖြစ် ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
လက်ရှိအခြေအနေအရတော့ မိုးကြီးနိုင်တဲ့ ဖြစ်စဉ်တွေနဲ့အတူ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်သတိထားကြဖို့ကို မိုးလေဝသကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA) ကလည်း ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ မကွေး၊ ရခိုင်၊ မွန်၊ ရန်ကုန်နဲ့ ဧရာဝတီတို့မှာ မိုးကြီးနိုင်တဲ့အန္တရာယ်ရှိတယ်ဆိုပြီး မေ ၁၀ ရက်ကတည်းက "အနီရောင်သတိပေးချက်" ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ အိမ်အဆောက်အဦတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အမြန်စတင်ဖို့လည်း တိုက်တွန်းထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ထရမ့်နဲ့ ရှီတွေ့ဆုံမှု - စူပါအင်အားကြီး အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကိုဘယ်လိုပုံဖော်ပေးနိုင်မလဲ
ဘေကျင်းမြို့က တီရန်နန်မင်ရင်ပြင်မှာ လုံခြုံရေးတိုးမြှင့်ထားတာ ရက်ပေါင်းမနည်းတော့ပါဘူး။ လူမှုကွန်ရက်မှာလည်း အထူးဂုဏ်ပြုတပ် စီတန်းလှည့်လည်တာ ဒါမှမဟုတ် အခမ်းအနားကြီးတစ်ခုကို ကျင်းပတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နေပါတယ်။
ဒီပွဲကြီးအတွက် ကြိုတင်ပြင်ဆင်တာက ခပ်တိုးတိုးကျိတ်ကျိတ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တစ်ခုခုပြသဖို့ အသင့်ဖြစ်နေတဲ့ပုံပါ။
ထရမ့်ရဲ့တရုတ်ခရီးမှာ နှစ်ဖက်ဆွေးနွေးတာ၊ ကြိုဆိုပွဲကျင်းပတာအပြင် ဟိုးတစ်ချိန်တုန်းက တရုတ်ဧကရာဇ်တွေ သီးနှံအထွက်ကောင်းအောင် သွားရောက်ဆုတောင်းကြတဲ့ ကောင်းကင်ကျောင်းတော်ကိုလည်း လည်ပတ်မှာဖြစ်ပါတယ်။
ပြီးတော့ ထရမ့်ရော တရုတ်သမ္မတ ရှီကျင့်ဖျင်ပါ အခုခရီးစဉ်ကနေ အသီးအပွင့်တွေ ဆောင်ကျဉ်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံက ခေါင်းဆောင်တွေရဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ လာမယ့်နှစ်တွေအတွင်း လက်ငင်းအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စတွေကို လုပ်ဆောင်ကြဖို့ရှိနေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က LPDF ထိန်းချုပ်ရေနံမှော် ဗုံးကြဲခံရလို့ ၁ ဦးသေဆုံး
မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က လက်ပံတိုရေနံမှော်ကို စစ်တပ်က ဒီနေ့ မေလ ၁၃ ရက်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဗုံးကြဲမှုကြောင့် သက်ကြီးပိုင်းအရွယ်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ကနဦးသိရတဲ့အကြောင်း သူက ဆက်ပြောပါတယ်။
စစ်တပ်ကြဲလိုက်တဲ့ဗုံးဟာ ရေနံမှော်အနီးက စက်ပစ္စည်းဆိုင်တစ်ဆိုင်ပေါ်ကို ကျရောက်ကွဲခဲ့တာကြောင့် ဆိုင်မီးလောင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
စစ်တပ်ရဲ့ ဂျိုင်ရို ကော်ပတာ ၃ စီးဟာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တက်လာတာလို့ စစ်တပ်ရဲ့လေကြောင်းတွေကို ကင်းထောက်နေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း စစ်တပ်က မြိုင်-ပေါက်အစပ်က တော်လှန်ရေးအင်အားစုဘက်က ထိန်းချုပ်ထားတဲ့ ရေနံမှော်တွေဘက်ကို လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်ခဲ့လို့ ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့သလို နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG) တို့ကြား ပေါက်-မြိုင်အစပ်က ရေနံမှော်လုပ်ကွက်တွေနဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့ မေ ၁၃ ရက်မှာတော့ ရေနံမှော်လုပ်ကွက်တွေနဲ့ပတ်သက်လို့ လုပ်ပိုင်ခွင့် တာဝန်များခွဲဝေရေးအစည်းအဝေးပြုလုပ်ခဲ့ကြတယ်လို့ NUG က သတင်းထုတ်လာပါတယ်။
တစ်ဖက်မှာလည်း မြိုင်မြို့ပေါ်မှာရှိတဲ့ စစ်တပ်ကနေ အဲဒီဒေသမှာ အခြေစိုက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေဆီကနေတဆင့် လက်နက်ချဖို့နဲ့ မချရင် ထိုးစစ်ဆင်တော့မယ်ဆိုပြီး ပြောဆိုခိုင်းတာတွေ လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဆန်၊ ဆီ၊ ဆားတွေလည်း တင်ခွင့်ပြုမှာမဟုတ်ဘူး” ဆိုပြီး လူထုကတဆင့် အသိပေးပြောတာတွေရှိတယ်” လို့ သူကဖြည့်ပြောပါတယ်။
မကွေးတိုင်းထဲက မြိုင်-ပခုက္ကူလမ်းကြောင်းကို စစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ဖို့လုပ်နေပြီး ဒီလမ်းကြောင်းကနေ ရိက္ခာသယ်ယူတာတွေမလုပ်ဖို့ ပြည်သူတွေကို စစ်တပ်က သတိပေးထားတယ်လို့ သိရပါတယ်။
ပခုက္ကူမြို့ဟာ မြိုင်ရဲ့ အရှေ့တောင်ဘက်မှာရှိပြီး ၂၇ မိုင်ကျော် ကွာဝေးပါတယ်။
စစ်တပ်ကတော့ မြိုင်ဒေသထဲက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
ချင်း၊ ရခိုင်ဒေသနဲ့ ဆက်နေတဲ့ မကွေး၊ ဆော- ကျောက်ထုလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်
မကွေးတိုင်း၊ ဆောမြို့နယ်ထဲက လောင်းရှည်-ဆော နဲ့ ဆော-ကျောက်ထု လမ်းပိုင်းတလျှောက်က ရွာတချို့မှာ စစ်တပ်နဲ့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်တွေကြား ဒီနေ့ မေလ ၁၃ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဆောမြို့ကနေ တောင်ဘက် လောင်းရှည်ရွာလမ်းပိုင်းနဲ့ မြောက်ဘက် ကျောက်ထုမြို့လမ်းပိုင်း တစ်ဖက်တစ်ချပ်မှာ စစ်တပ်စစ်ကြောင်းနေသလို တော်လှန်ရေးတပ်တချို့နဲ့လည်း တိုက်ပွဲတွေဖြစ်နေတာလို့ သူကဆက်ပြောပါတယ်။
စစ်တပ်က“တော်လှန်ရေးတပ်တွေခြေကုပ်ယူတယ်လို့ယူဆတဲ့ တိုက်ပွဲနေရာတွေကို လေကြောင်းဆက်တိုက်နေတယ်” လို့ သူကဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ နှစ်ဖက်တိုက်ပွဲဟာ မိုးတွင်းပိုင်းအထိ လနဲ့ချီ ပြင်းထန်နိုင်တာကြောင့် လောင်းရှည်-ကျောက်ထု လမ်းပိုင်းဘေးက ရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြဖို့ သတိပေးထုတ်ပြန်ထားကြပါတယ်။
မနေ့ မေ ၁၂ ရက်တုန်းက စစ်တပ်ရဲ့ အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)ကနေ စစ်တပ်ရဲ့ မော်တော်ယာဉ် ၁၇ စီးပါတဲ့ ယာဉ်တန်းတစ်ခု လောင်းရှည်ရွာကိုရောက်လာပြီး ယာဉ်ပေါ်မှာပါလာတဲ့ စစ်အင်အား ၃၅၀ ကျော်ကို အဲဒီရွာမှာ ချထားခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
ယာဉ်တန်းမှာပါတဲ့ စစ်ကားတွေ ကပစ ၂၅ ထဲကို ပြန်ဦးတည်ထွက်ခွာသွားပြီးနောက် ဒီနေ့ မေလ ၁၃ ရက်မှာတော့ လောင်းရှည်မှာ ချထားခဲ့တဲ့ အင်အား ၃၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ လောင်းရှည်-ဆောလမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတာလို့ သူက ဆက်ပြောပါတယ်။
“တောင်ဘို့ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး နားနေတယ်။ အနီးနားရွာတွေမှာလည်း ကင်းပုန်းတွေချထားတယ်” လို့ သူက ရှင်းပြပါတယ်။
တစ်ဖက် ဆော-ကျောက်ထုလမ်းပိုင်းမှာလည်း စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)ကနေ ထွက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်စစ်ကြောင်းဟာ ကံကြီးရွာတဝိုက်မှာ စစ်ကြောင်းဆက်ထိုးနေပြီး မေလ ၁၃ ရက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဆောမြို့ ဟာ မကွေး၊ ရခိုင်နဲ့ ချင်း ပြည်နယ်ဒေသသုံးခုကို ဆက်သွယ်ထားတဲ့ အချက်အချာကျဒေသတစ်ခုဖြစ်သလို ဆောမြို့နယ်ထဲက ကံကြီးရွာမှာလည်း စစ်တပ်စစ်ကြောင်းတကြောင်းက အထိုင်ချထားတာဖြစ်ပါတယ်။
မေလ ၁၃ ရက်မနက်ပိုင်းကစပြီး ဆော-ကျောက်ထုလမ်းပိုင်းက ရွာပေါင်း ဆယ်ချီထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေရပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ အဲဒီလမ်းပိုင်းက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
အီရန်စစ်ပွဲ - ခရီးသွားတာလျှော့ပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ မိုဒီတိုက်တွန်း
အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်မှာ အိန္ဒိယနိုင်ငံသားတွေအနေနဲ့ အိမ်ကနေ အလုပ်လုပ်ဖို့၊ ရွှေဝယ်ယူမှု လျှော့ချဖို့နဲ့ နိုင်ငံခြားခရီးသွားလာမှုကို ကန့်သတ်ကြဖို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်နေတဲ့ စစ်ပွဲကြောင့် ပါရှန်ပင်လယ်ကွေ့အတွင်းမှာရှိတဲ့ဟော်မုဇ် ရေလက်ကြားဟာ နှစ်လခွဲကျော်ကြာ ပိတ်ဆို့ခံထားရပြီး အိန္ဒိယဟာ ပြည်တွင်းမှာ သုံးစွဲတဲ့ ရေနံရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် ရေနံသွင်းကုန်ကျစရိတ်ဟာ ဒေါ်လာဘီလျံပေါင်းများစွာ မြင့်တက်လာနေပါတယ်။
ဟိုက်ဒရာဘတ်မြို့မှာ ပြောကြားခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ လတ်တလော တိုက်တွန်းချက်ဟာ "အရေးအကြီးဆုံး" တိုက်တွန်းချက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
မြန်မာကလေးငယ်တွေ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု သားကောင်ဖြစ်နေရ - IIMM
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ် ၂၀ ကျော် သေဆုံးတဲ့ဖြစ်စဉ် ၁နှစ်ပြည့်ပြီဖြစ်ပေမဲ့ မြန်မာကလေးငယ်တွေဟာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က စာထုတ်ပြောပါတယ်။
မေလအစောပိုင်းတုန်းကလည်း ချင်းပြည်နယ်ထဲက ကလေးကစားကွင်းတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခဲ့လို အသက် ၅ လကနေ ၁၀ နှစ်ကြားအရွယ် ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို IIMM က မနေ့ မေလ ၁၂ ရက်တုန်းက ထုတ်တဲ့သူတို့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။
၂၀၂၅ ခုနှစ်မှာလည်း မန္တလေး၊ ပဲခူး၊ ရခိုင်၊ စစ်ကိုင်း၊ တနင်္သာရီစတဲ့ တိုင်းနဲ့ပြည်နယ်တွေက ကျေးရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ IIMM က ဆိုပါတယ်။
ပစ်မှတ်နဲ့ အရပ်သား မခွဲခြားတဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့ လူနေအိမ်တွေ တိုက်ခိုက်ခံရပြီး ကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရတဲ့ ၁ နှစ်တာအတွင်း ဖြစ်စဉ်တွေကိုလည်း ဆက်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့ IIMM က ပြောပါတယ်။
IIMM အဖွဲ့ကို ဦးဆောင်သူ နီကိုလပ်စ် ကွမ်ဂျီအန်ကလည်း “ကလေးတွေကို တိုက်ခိုက်တယ်ဆိုတာ အင်မတန်မှ စက်ဆုပ်ဖွယ် ကောင်းပါတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ အကြောက်တရားကင်းကင်းနဲ့ အိပ်စက်ခွင့်၊ ပညာသင်ယူခွင့်၊ ပြေးလွှားဆော့ကစားခွင့် ရှိရမှာပါ” လို့ ပြောပါတယ်။
မြန်မာလေတပ်ရဲ့ဖွဲ့စည်းပုံ၊ အမိန့်စီးဆင်းမှု အဆင့်ဆင့်နဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို IIMM အနေနဲ့ အချက်အလက် စုဆောင်း စိစစ်နေပြီး တာဝန်ရှိတဲ့သူတွေ တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်အာဏာအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၅ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၄၀ ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေ သေဆုံးဒဏ်ရာရတဲ့အချက်အလက်တွေကို စုဆောင်းရရှိထားတယ်လို့ IIMM က ဖော်ပြထားပါတယ်။
ကနီမြို့နယ်မှာ PDF ရဲ့တိုက်ခိုက်ခံရတဲ့စစ်ကြောင်း ရွာစဉ်လှည့်နေလို့ လူ သောင်းချီ စစ်ရှောင်နေရ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၃၀၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ရွာစဉ်လှည့် ဖြန့်ကြက်နေတာကြောင့် ရွာပေါင်း ၄၀ ကျော်က လူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်အခြေစိုက် ဗျူဟာ ၄၇ ကနေ သတင်းထုတ်ပြန်ပါတယ်။
ဘန့်ဘွေးရွာကနေထွက်လာတဲ့ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၁၀ ဦးခန့် ထိခိုက်တယ်လို့ ယင်းမာပင်အခြေစိုက် ဗျူဟာ ၄၇ က မနေ့က သတင်းထုတ်ပါတယ်။ အဲဒီစစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်၊ ထရော်ကျင်းရွာကနေ ကနီမြို့နယ်၊ ချောင်းမကျေးရွာဘက်ကို ရောက်လာချိန် လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုပေမဲ့ ဒီအရေအတွက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ဗျူဟာ ၄၇ ထုတ်ပြန်ချက်မှာတော့ အဲဒီစစ်ကြောင်းမှာပါလာတဲ့ စစ်သား ၅ ဦး ကလည်း PDF တွေနဲ့ ချိတ်ဆက်ပြီး လက်နက်ချခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာ စစ်တပ်စစ်ကြောင်းတွေဟာ ကနီမြို့အနီးက ရေလယ်ကျွန်း၊ ချောင်းမရွာနဲ့ ချင်းတောင်ရွာတဝိုက်စတဲ့နေရာတွေမှာ တပ်ခွဲအထိုင်ချပြီး ဆက်ရှိနေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။ ကနီဒေသမှာ စစ်တပ်စစ်ကြောင်းထိုးမှုဟာ ဒီနေ့ မေလ ၁၃ ရက်အထိ လဝက်ကျော်ကြာနေပြီဖြစ်ပြီး အဲဒီစစ်ကြောင်းတွေဟာ ကျေးရွာပေါင်း ၃၁ ရွာထက်မနည်းကို ဖြန့်ကြက်ဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။စစ်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် ကနီမြို့နယ်ထဲက ကျေးရွာပေါင်း ၄၄ ရွာက ဒေသခံလူထု ၃၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။
မိုးဦးကျနေပြီဖြစ်တာကြောင့် စစ်ရှောင်ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ သူက ဖြည့်ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်က စစ်ကြောင်းထိုးတဲ့ လဝက်ကျော် ကာလအတွင်း စစ်တပ်က ရွာပေါင်း ၆ ရွာထက်မနည်းကို တိုက်လေယာယာဉ်အပြင် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ လူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။
မြန်မာစစ်တပ်ကတော့ ကနီဒေသက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ မေလ ၁၃ ရက်မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
မင်္ဂလာပါ။ မေလ ၁၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။