ချင်း၊ ရခိုင်ဒေသနဲ့ ဆက်နေတဲ့ မကွေး၊ ဆော- ကျောက်ထုလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, ယောအလင်းတန်း
မကွေးတိုင်း၊ ဆောမြို့နယ်ထဲက လောင်းရှည်-ဆော နဲ့ ဆော-ကျောက်ထု လမ်းပိုင်းတလျှောက်က ရွာတချို့မှာ စစ်တပ်နဲ့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်တွေကြား ဒီနေ့ မေလ ၁၃ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဆောမြို့ကနေ တောင်ဘက် လောင်းရှည်ရွာလမ်းပိုင်းနဲ့ မြောက်ဘက် ကျောက်ထုမြို့လမ်းပိုင်း တစ်ဖက်တစ်ချပ်မှာ စစ်တပ်စစ်ကြောင်းနေသလို တော်လှန်ရေးတပ်တချို့နဲ့လည်း တိုက်ပွဲတွေဖြစ်နေတာလို့ သူကဆက်ပြောပါတယ်။
စစ်တပ်က“တော်လှန်ရေးတပ်တွေခြေကုပ်ယူတယ်လို့ယူဆတဲ့ တိုက်ပွဲနေရာတွေကို လေကြောင်းဆက်တိုက်နေတယ်” လို့ သူကဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ နှစ်ဖက်တိုက်ပွဲဟာ မိုးတွင်းပိုင်းအထိ လနဲ့ချီ ပြင်းထန်နိုင်တာကြောင့် လောင်းရှည်-ကျောက်ထု လမ်းပိုင်းဘေးက ရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြဖို့ သတိပေးထုတ်ပြန်ထားကြပါတယ်။
မနေ့ မေ ၁၂ ရက်တုန်းက စစ်တပ်ရဲ့ အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)ကနေ စစ်တပ်ရဲ့ မော်တော်ယာဉ် ၁၇ စီးပါတဲ့ ယာဉ်တန်းတစ်ခု လောင်းရှည်ရွာကိုရောက်လာပြီး ယာဉ်ပေါ်မှာပါလာတဲ့ စစ်အင်အား ၃၅၀ ကျော်ကို အဲဒီရွာမှာ ချထားခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
ယာဉ်တန်းမှာပါတဲ့ စစ်ကားတွေ ကပစ ၂၅ ထဲကို ပြန်ဦးတည်ထွက်ခွာသွားပြီးနောက် ဒီနေ့ မေလ ၁၃ ရက်မှာတော့ လောင်းရှည်မှာ ချထားခဲ့တဲ့ အင်အား ၃၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ လောင်းရှည်-ဆောလမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတာလို့ သူက ဆက်ပြောပါတယ်။
“တောင်ဘို့ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး နားနေတယ်။ အနီးနားရွာတွေမှာလည်း ကင်းပုန်းတွေချထားတယ်” လို့ သူက ရှင်းပြပါတယ်။
တစ်ဖက် ဆော-ကျောက်ထုလမ်းပိုင်းမှာလည်း စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)ကနေ ထွက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်စစ်ကြောင်းဟာ ကံကြီးရွာတဝိုက်မှာ စစ်ကြောင်းဆက်ထိုးနေပြီး မေလ ၁၃ ရက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဆောမြို့ ဟာ မကွေး၊ ရခိုင်နဲ့ ချင်း ပြည်နယ်ဒေသသုံးခုကို ဆက်သွယ်ထားတဲ့ အချက်အချာကျဒေသတစ်ခုဖြစ်သလို ဆောမြို့နယ်ထဲက ကံကြီးရွာမှာလည်း စစ်တပ်စစ်ကြောင်းတကြောင်းက အထိုင်ချထားတာဖြစ်ပါတယ်။
မေလ ၁၃ ရက်မနက်ပိုင်းကစပြီး ဆော-ကျောက်ထုလမ်းပိုင်းက ရွာပေါင်း ဆယ်ချီထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေရပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ အဲဒီလမ်းပိုင်းက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။



