ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့်တက်တဲ့သတင်းထောက်များအသင်း ညစာစားပွဲမှာ သေနတ်သမားကို ဖမ်းမိ
ဝါရှင်တန် ဟေလ်တန်ဟိုတယ်မှာ ပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းထောက်တွေ ညစာစားပွဲ ကျင်းပနေတဲ့ဟိုတယ်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရအပြီးမှာပဲ အဲဒီမှာရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လုံခြုံရေးအဖွဲ့တွေက ဘေးကင်းကင်းနဲ့ ခေါ်ဆောင်သွားနိုင်ပြီလို့ သိရပါတယ်။
သေနတ်သမားကိုတော့ ဖမ်းမိပြီလို့ ထရမ့်က လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့မိနစ်ပိုင်းကပဲ ရေးတင်ပါတယ်။
ဒီဖြစ်ရပ်အတွင်း ညစာစားပွဲကို တက်ရောက်လာသူတွေဟာ စားပွဲခုံတွေ အောက်မှာ ဝင်ပုန်းနေခဲ့ကြတယ်လို့ အဲဒီမှာရှိနေတဲ့ ဘီဘီစီရဲ့ ဝါရှင်တန်သတင်းထောက်က ရေးပါတယ်။
သေနတ် ၇ ချက်၊ ၈ ချက် ပစ်ခတ်ခဲ့ရတယ်လို့ ပွဲထဲမှာရှိတဲ့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။
သမ္မတ၊ သမ္မတကတော်နဲ့ လုံခြုံရေးပေးသင့်သူအားလုံး ဘေးကင်းပြီလို့ သမ္မတလုံခြုံရေးအဖွဲ့က ပြောပါတယ်။
အခုတော့ ဟိုတယ်အပြင်မှာ လုံခြုံရေး တိုးမြှင့်ထားလိုက်ပြီလို့ သိရပါတယ်။
အခင်းဖြစ်တဲ့အခြေအနေ အိမ်ဖြူတော် သတင်းထောက်အသင်း ဘုတ်အဖွဲ့ဝင် ပြောပြချက်
အိမ်ဖြူတော် သတင်းထောက်များအသင်း ဘုတ်အဖွဲ့ဝင် ကော့တနီ ဆပ်ဘရာမန်နီယန်က ညစာစားပွဲခန်းမထဲက အချိန်အခြေအနေဟာ အခန်းထဲမှာရှိနေသူအများစုအတွက် စိတ်ဒဏ်ရာဖြစ်စရာလို့ အစောပိုင်းတုန်းကပဲ ဘီဘီစီကို ပြောပါတယ်။
သူလည်း ခန်းမထဲမှာရှိနေပြီး သမ္မတ ထရမ့် အပါအဝင် ခန်းမထဲက လူတွေတဝက်လောက်ဟာ ကြမ်းပြင်ပေါ်ကို ရုတ်ချည်း ဝပ်ချလိုက်ကြရတယ်လို့ ပြောပါတယ်။
''ကျွန်မတို့ ကြမ်းပြင်မှာပဲ ဝပ်နေကြတာ'' လို့ သူက ပြောပြီး လုံခြုံရေးတပ်ဖွဲ့ဟာ သမ္မတနဲ့ ဒုတိယသမ္မတတို့ကို စင်နောက်ဘက်ကနေ ခပ်သုတ်သုတ် ခေါ်ထုတ်သွားတဲ့အကြောင်းလည်း သူက ပြောပါတယ်။
ခန်းမထဲမှာ ပြီးခဲ့တဲ့နှစ်တုန်းက ပစ်ခတ်ခံခဲ့ရတဲ့ ကွန်ဆာဗေးတစ် လူငယ် နာမည်ကြီး ချာလီကာ့ခ်ရဲ့ ကျန်ရစ်သူ ဇနီး အဲရစ်ကာ ခါ့ခ်လည်း ရှိနေခဲ့ပြီး သူကိုလည်း လုံခြုံရေးအဖွဲ့က ခေါ်ထုတ်သွားတယ်လို့ သူက ပြောပါတယ်။ အဲရစ်ကာ ခါ့ခ်ဆီမှာ မျက်ရည်တွေ မြင်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
ထရမ့်လုံခြုံရေးအဖွဲ့ဟာ သေနတ်သမားလို့ဆိုသူ အမျိုးသားကို ခန်းမအပြင်ဘက်မှာ ဖမ်းမိခဲ့တာကြောင့် သေနတ်သမားဟာ ပွဲခင်းရှိတဲ့ခန်းမထဲကို မရောက်ခဲ့ဘူးလို့ ပြောပါတယ်။
''နောက်တော့ လုပ်ထုံးလုပ်နည်းအတိုင်း ကျွန်မတို့ကို ထွက်ခွါဖို့ ပြောခဲ့တယ်'' လို့ သူက ပြောပါတယ်။
အခင်းဖြစ်ပွားပြီးမြင်ကွင်းတွေ
သမ္မတထရမ့် ရှိနေခဲ့တဲ့ ဝါရှင်တန် ဟေလ်တန် ဟိုတယ်မှာ သေနတ်ပစ်ခတ်သံတွေ ကြားရပြီးတဲ့နောက် ပွဲတက်လာသူတွေ စားပွဲအောက်ထဲ ပုန်းခိုနေကြတာတွေကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။
လုံခြုံရေးအဖွဲ့ဝင်တွေကလည်း ဧည့်သည်တော်တွေကို အဆောက်အဦ ထဲကနေ ခေါ်ထုတ်သွားပါတယ်။
လုံခြုံရေးယာဉ်တန်းတွေ
အခမ်းအနားကျင်းပတဲ့ ဝါရှင်တန် ဟေလ်တန်ဟိုတယ်အပြင်မှာတော့ ဒါဇင်နဲ့ ချီတဲ့ ရဲကားတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရဲ့ကားတွေ ရဲ့မီးတန်းတွေ တွေ့ရပါတယ်။ လမ်းတစ်ခုလုံးကိုလည်း ပိတ်ချလိုက်ပြီး ကောင်းကင်မှာလည်း ရဟတ်ယာဥ်အသံတွေ ကြားရပါတယ်။
လမ်းပေါ်မှာတော့ ရိုက်ကူးရေးလုပ်ဖို့ အသင့်ဖြစ်နေတဲ့သတင်းထောက်တွေ ရှိနေပါတယ်။
သမ္မတထရမ့် ယာဉ်တန်းကတော့ လမ်းမပေါ်က ဖြတ်လာပြီး အိမ်ဖြူတော်ကို ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ထွက်သွားပါတယ်။
မေးခွန်းထုတ်စရာဖြစ်နေတဲ့ လုံခြုံရေး
ဒန်နီယယ် ဘုရှ်
ဝါရှင်တန်သတင်းထောက်
အိမ်ဖြူတော်သတင်းထောက်တွေ ညစာစားပွဲမှာရှိနေတဲ့သတင်းထောက်က ဒီဖြစ်စဉ် အကြောင်း ရှင်းပြလာပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အဓိကမေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ဖြစ်စဉ်ဖြစ်ပြီးချင်းချင်းမှာတော့ အိမ်ဖြူတော်သတင်းထောက် ညစာစားပွဲအတွက်ချမှတ်ထားတဲ့လုံခြုံရေး အစီအမံတွေ နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုပြီး မြင့်တက်စေခဲ့ပါတယ်။
ဝါရှင်တန် ဟေလ်တန်ဟိုတယ်မှာလုပ်တဲ့ဒီအခမ်းအနားကို နှစ်စဉ် သမ္မတတွေ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရာနဲ့ချီတဲ့သတင်းထောက်တွေ တက်ရောက်ကြပါတယ်။
အခမ်းအနားတက်ရောက်သူတိုင်းဟာ ခန်းမထဲကို ဝင်ဖို့ ဆိုရင် လေဆိပ်တွေမှာလိုမျိုး စစ်ဆေးမှု တွေ ခံယူရပါတယ်။ ဟိုတယ်အပြင်ဘက်မှာလည်း လုံခြုံရေးတွေ ချထားပါတယ်။
သီအိုရီအရ ဆိုရင် ဒါဟာ ဝါရှင်တန်မှာ လုံခြုံမှုရှိတဲ့အခမ်းအနားတစ်ခု လို့ဆိုနိုင်ပါတယ်။ အရင် ညစာစားပွဲတွေတုန်းက ဒီလိုဖြစ်ရပ်မျိုး တခါမှ မဖြစ်ဖူးပါဘူး။ ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ နောက်လာမယ့် အခမ်းအနားတွေရဲ့လုံခြုံရေးအစီအမံတွေအပေါ် သံသယဝင်စရာဖြစ်လာမှာပါ။
ဖမ်းဆီးခဲ့သူရဲ့ဓာတ်ပုံ ထရမ့်ချပြ
သေနတ်သမားလို့ သံသယရှိသူ အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံကို သမ္မတထရမ့်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ Truth မှာ တင်ထားကြောင်း သူက ပြောပါတယ်။ ပစ်ခတ်မှုရဲ့အစောပိုင်း ရုပ်သံမှတ်တမ်းတွေကိုလည်း ချပြခဲ့ပါတယ်။
ပွင့်လင်းမြင်သာမှုရှိစေဖို့ အခုလို မျှဝေခဲ့တာလို့ သမ္မတထရမ့်က ပြောပါတယ်။
သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်မှုကြောင့် အမေရိကန် Secret Service အရာရှိ ထိမှန်သွားခဲ့တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီအရာရှိ ဝတ်ထားတဲ့ကျည်ကာက သူ့အသက်ကို ကယ်တင်သွားတယ်လို့ ဆိုပါတယ်။
"ကျွန်တော် အဲဒီအရာရှိနဲ့ပြောပြီးပါပြီ။ သူ အခြေအနေ ကောင်းပါတယ်" လို့ ထရမ့်က ပြောပါတယ်။
"သူ့ရဲ့စိတ်အခြေအနေကလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ သူ့ကို ချစ်ခင်ကြောင်း၊ လေးစားကြောင်း ပြောခဲ့ပါတယ်။ သူ ကိုယ့်သူတော့ ဂုဏ်ယူလို့မဆုံး ဖြစ်နေပါတယ်"
အားလုံးစည်းလုံးဖို့ အခမ်းအနားကျင်းပခဲ့တာလို့ ထရမ့်ပြော
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဝါရှင်တန် ဟေလ်တန် ဟိုတယ် ကနေ အိမ်ဖြူတော်ပြန်ရောက်လာတဲ့ သမ္မတထရမ့်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
သူ့ဘေးနားမှာတော့ အမိမြေလုံခြု့ရေးဝန်ကြီးဌာန ရဲ့ ဝန်ကြီး နဲ့ ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ဒါရိုက်တာလည်း ရှိနေပါတယ်။
"ဒီအခမ်းအနားက လွတ်လပ်စွာပြောဆိုခွင့် အတွက် ရည်ရွယ်တဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲအခမ်းအနားက အားလုံးစည်းလုံးညီညွတ်စေဖို့ ကျင်းပခဲ့တာ" လို့ သူက ပြောပါတယ်။
ထရမ့်က သူ့ရဲ့ ပန်ဆေဗေးနီးယားပြည်နယ်မှာ လုပ်ကြံခံရမှုကို ရည်ညွန်းပြောဆို
ဒီလုပ်ကြံမှုက ပထမဆုံးအကြိမ်တော့ မဟုတ်ဘူးလို့ ထရမ့်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရီပတ်ဘလီကန် ပါတီဝင်တစ်ဦးကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြသေးတယ်လို့ သူက ပြောပါတယ်။
နောက်ပြီး သမ္မတထရမ့်က သူ သမ္မတအဖြစ် ဒုတိယအကြိမ်အရွေးမခံရခင်မှာ သူ့ကို နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ဖြစ်ရပ်တွေကို ရည်ညွှန်းပြောတာဖြစ်ပါတယ်။
ပန်ဆေဗေးနီးယားပြည်နယ်က ဟောပြောပွဲမှာတစ်ကြိမ်၊ ဖလော်ရီဒါပြည်နယ်က ကမ်းခြေမှာ ဂေါက်ရိုက်နေတဲ့အချိန် သူကြုံခဲ့ရတဲ့ သေနတ်ပစ်ခတ် လုပ်ကြံဖို့ ကြိုးပမ်းမှုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။
သံသယရှိ သေနတ်သမားက "နေမကောင်းသူ" လို့ ထရမ့်ပြော
ဖမ်းဆီးထားတဲ့ သံသယရှိသူ သေနတ်သမားဟာ "အတော်လေး နေမကောင်းဖြစ်နေတဲ့သူ" လို့ သမ္မတထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
"ကျွန်တော်တို့ ဒီလိုဖြစ်ရပ်မျိုး မဖြစ်စေချင်ကြပါဘူး" လို့ သူကပြောပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်ကို ရည်ရွယ်ကျင်းပတဲ့ ဒီအခမ်းအနားရဲ့ စီစဉ်သူတွေကို သမ္မတ ထရမ့်က ကျေးဇူးတင်ခဲ့ပါတယ်။
"လှပလှတဲ့ ညနေခင်းမှာ ကောင်းမွန်တဲ့ ပွဲအခင်းအကျင်းဖြစ်အောင် စီစဉ်နိုင်ခဲ့တယ်" လို့ အခမ်းအနားစီစဉ်သူတွေကို ထရမ့်က ချီးကျူးခဲ့ပါတယ်။
ဒီအခမ်းအနားကို လာမယ့် ရက် ၃၀ အတွင်း ပြန်ပြီး ကျင်းပသွားဖို့ ရှိတယ်လို့ ထရမ့်က ပြောပါတယ်။ အဲဒီပွဲဟာ "ပိုကြီးမယ်၊ ပိုကောင်းမယ်" လို့ သူက ပြောပါတယ်။
ဒီအဖြစ်အပျက်ကို တာဝန်ယူမှုရှိရှိ သတင်းတင်ဆက်ခဲ့တဲ့ သတင်းဌာနတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
ဒီပစ်ခတ်မှုကြောင့် အခမ်းအနားကို အိမ်ဖြူတော်ခန်းမဆောင်မှာ ပြောင်းလုပ်ဖို့ လိုပြီလို့ ထရမ့်ပြောပါတယ်။ အိမ်ဖြူတော်က ဆောက်လုပ်ဆဲ ခန်းမဆောင်ကို ရည်ညွှန်းပြီး ထရမ့်က ပြောသွားတာလည်း ရှိပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက အိမ်ဖြူတော်မှာ ခန်းမဆောင်တစ်ခု လိုချင်နေခဲ့တာ နှစ်ပေါင်း ၁၅၀ လောက်ရှိပြီလို့ ထရမ့်က ပြောပါတယ်။
ဒီနေ့ ပစ်ခတ်မှုဟာ "အိမ်ဖြူတော်မှာ ကျွန်တော်တို့ စီစဉ်ထားတဲ့ လုံခြုံရေး အစီအစဉ်တွေ ဘာကြောင့် လိုအပ်တယ်ဆိုတာ ပြသလိုက်တာပဲ" လို့ ထရမ့်က ပြောပါတယ်။
"ခင်ဗျားတို့ တခါမှ မမြင်ဖူး၊ မကြုံဖူးတဲ့ လုံခြုံရေးအစီအမံတွေ ကျွန်တော်တို့ လိုအပ်နေပြီ"
လူတွေက နာမည်ကြီးတွေကိုပဲ ပစ်မှတ်ထားတယ် - ထရမ့်
လုပ်ကြံဖို့ကြိုးပမ်းခံရတာ မကြာခဏဖြစ်နေတဲ့အပေါ် ဘယ်လို အမြင်ရှိလဲလို့ သတင်းထောက်တစ်ယောက်က သမ္မတထရမ့်ကို မေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှု နှစ်ကြိမ် ရှိခဲ့ပါတယ်။ ဒီ တစ်ကြိမ်မှာတော့ သေနတ်ပစ်သမားရဲ့ရည်ရွယ်ချက်ကို ရဲတပ်ဖွဲ့က ထုတ်မပြောသေးပါဘူး။
ထရမ့်က လုပ်ကြံမှုတွေကို သူ လေ့လာခဲ့တဲ့အကြောင်း ပြောပါတယ်။ သူ့ရဲ့ လေ့လာမှုတွေအရ လူတွေဟာ "ကြီးမားတဲ့သက်ရောက်မှုတွေ" လုပ်နေတဲ့သူကိုပဲ ပစ်မှတ်ထားကြတယ်လို့ ဆိုပါတယ်။ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အမေရိကန်သမ္မတဟောင်း အေဘရာဟင် လင်ကွန်းကို သူက ခိုင်းနှိုင်းပြပါတယ်။
"နာမည်ကြီးတွေ"ပဲ ပစ်မှတ်ထားခံရတာလို့ သူက ဆက်ပြောပါတယ်။
"ဒီလိုပြောရတာတော့ မကြိုက်ပေမဲ့ ဒီအတွက် ကျွန်တော် ဂုဏ်ယူနေမိပါတယ်" လို့ သူက ပြောပါတယ်။ သူ့အစိုးရအဖွဲ့က တိုင်းပြည်အတွက် ကောင်းကျိုး အမြောက်အများစွမ်းဆောင် နိုင်ခဲ့တော့ ဒါကို တချို့လူတွေက မနှစ်လိုကြဘူးလို့ ထရမ့်က ပြောပါတယ်။
ဒီဖြစ်ရပ်နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။