သတိလစ်နေတဲ့ မြို့တော်ဝန်ကို ရာထူးကနေဖယ်ရှားဖို့ ဂျပန်ကောင်စီ မဲခွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အယ်လက်ထရာ နေစမစ်သ်
- ရေးသားသူ, Jake Lapham
- ဖတ်ရန်အချိန်: မိနစ် ၁
ဂျပန်နိုင်ငံမှာ လနဲ့ချီ သတိလစ် မေ့မျောနေတဲ့ မြို့တော်ဝန်ကို ရာထူးကနေ ဖယ်ရှားဖို့ မြို့တော်ကောင်စီက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
အသက် ၇၂ နှစ်အရွယ် ကီကူအို ဟာတာကီယာမာ ဟာ ၂၀၀၈ ခုနှစ်ကတည်းက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက ဟာချီရိုဂါတာမြို့ရဲ့ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့ဖေဖော်ဝါရီလက နာမကျန်းဖြစ်ပြီး ဦးနှောက်သွေးယိုစိမ့်မှု ဝေဒနာ ခံစားခဲ့ရပါတယ်။
အခု မြို့တော်ဝန်ကို အယုံအကြည်မရှိကြောင်း မြို့တော်ကောင်စီက တစ်ညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြတဲ့အတွက် မေလ ၁၉ ရက်နေ့မှာ သူ့ရဲ့ မြို့တော်ဝန်ရာထူးကို အလိုအလျောက် လက်လွှတ်ရမှာ ဖြစ်ပါတယ်။
နာမကျန်းမှုကြောင့် မြို့တော်ဝန်တစ်ဦးအပေါ် အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်တာမျိုးဟာ သိပ်ကို ရှားတယ်လို့ ဂျပန်နိုင်ငံရဲ့ မြို့နယ်နဲ့ ကျေးရွာ ကောင်စီအဖွဲ့အစည်းက ပြောပါတယ်။
မစ္စတာ ဟာတာကီယာမာ ကို ရာထူးကနေ ဖယ်ရှားရတာဟာ ခက်ခဲတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်တယ်လို့ မဲခွဲဖို့ အဆိုတင်သွင်းသူတွေက ပြောပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းအရ မလုပ်မဖြစ် လုပ်ဖို့ လိုတဲ့အတွက် လုပ်ရတာလို့ ဆိုပါတယ်။
မစ္စတာ ဟာတာကီယာမာ သူ့ရာထူးမှာ ဆက်နေနိုင်မလားဆိုတာကို သုံးသပ်စစ်ဆေးပေးဖို့ မြို့တော်ကောင်စီကို ဇနီးဖြစ်သူက ပြီးခဲ့တဲ့ လက ပန်ကြားခဲ့ပြီး မြို့တော်ဝန်ရာထူးကနေ နုတ်ထွက်ဖို့ကသာ အကောင်းဆုံးနည်းဖြစ်လိမ့်မယ်ဆိုပြီး ပြောခဲ့တယ်လို့ Japan Times သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒေသန္တရ စည်းမျဉ်းဥပဒေအရ ရာထူးကနေ နုတ်ထွက်လိုသူ မြို့တော်ဝန်တွေအနေနဲ့ သူတို့ဘာ့ကြောင့် နုတ်ထွက်လိုသလဲ ဆိုတာကို ကောင်စီဥက္ကဋ္ဌထံ အသိပေး အကြောင်းကြားဖို့ လိုပါတယ်။ မိသားစုဝင်တွေကနေ တင်ပြလာတဲ့ နုတ်ထွက်စာက အကျုံးမဝင်ဘူး ဆိုပြီး မြို့တော်အစိုးရအဖွဲ့က ပြီးခဲ့တဲ့လက ပြောခဲ့တယ်လို့ လည်း Japan Times သတင်းစာမှာ ဖြည့်စွက် ဖော်ပြထားပါတယ်။
ဒါ့ကြောင့် မြို့တော်ဝန်ကို ရာထူးကနေ ဖယ်ရှားဖို့ အမြန်ဆုံးနည်းအဖြစ် အယုံအကြည်မရှိ မဲခွဲ ဆုံးဖြတ်တဲ့နည်းကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
သူ့နေရာကို ဆက်ခံမယ့် မြို့တော်ဝန် ရွေးကောက်ပွဲကို လာမယ့် ရက် ၅၀ အတွင်း ကျင်းပဖို့ ရှိပါတယ်။
ဟာချီရိုဂါတာမြို့ ဟာ အကီတာ ခရိုင်မှာ တည်ရှိပြီး လူဦးရေ ၅၀၀၀ လောက် နေထိုင်နေပါတယ်။
အဲဒီမြို့ဟာ ကျယ်ပြန့်တဲ့ စပါးခင်းတွေ ပတ်လည်ဝိုင်းထားပြီး စိုက်ပျိုးရေးနဲ့ စီးပွားဖြစ် ငါးလုပ်ငန်းတွေကြောင့် ဒေသန္တရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတာ ဖြစ်ပါတယ်။







