ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၁ ရက်သတင်းအနှစ်ချုပ် - မြန်မာမှာ ကမ္ဘာ့ဒုတိယအပြင်းထန်ဆုံးဒရုန်းစစ်ပွဲဖြစ်ပွားနေ
ယူကရိန်း - ရုရှားစစ်ပွဲပြီးရင် မြန်မာဟာ ကမ္ဘာပေါ်မှာ ဒုတိယအပြင်းထန်ဆုံး ဒရုန်းစစ်ပွဲ ဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်တယ်လို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနေရာနဲ့ အချက်အလက်တွေကို မှတ်တမ်းတင်တဲ့ ACLED အဖွဲ့နဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ် (LSE) တို့ ပူးပေါင်းထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။
အာဏာသိမ်းအစောပိုင်းနှစ်တွေမှာ တော်လှန်ရေးအင်အားစုတွေက ဒရုန်းကိုတွင်တွင်ကျယ်ကျယ် သုံးခဲ့ပေမဲ့ အခုတော့ ဒရုန်းဟာ မြန်မာစစ်တပ်ရဲ့ လက်စွဲတော်လက်နက်တစ်ခုဖြစ်လာတယ်လို့ မနေ့ရက်စွဲနဲ့ ထုတ်တဲ့အစီရင်ခံစာမှာထည့်ပြောပါတယ်။
၂၀၂၃ ခုနှစ်ထုတ် ACLED ရဲ့ မှတ်တမ်းအရ မြန်မာစစ်တပ်ရဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေက ၅ ရာခိုင်နှုန်းသာရှိပေမဲ့ ၂၀၂၅ ဇွန်လကစလို့ ၇၁ ရာခိုင်နှုန်းအထိ တစတစမြင့်တက်လာပါတယ်။
အခုအစီရင်ခံစာထွက်တဲ့ အောက်တိုဘာ ၃၁ ရက်မှာ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ဆင်ကူရွာကို ဒရုန်းနှစ်စီးနဲ့ ဗုံးကြဲချခဲ့ရာက ၁၀ နှစ်သား အရွယ် လေးတန်းကျောင်းသား တစ်ဦး သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ကျောင်းသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရခဲ့ကြောင်း ပဲခူးစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့တုန်းကပဲ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ဖူးပွင့်စံရွာမှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြန်မာစစ်တပ်က ကာမီကာဇေအသေခံဒရုန်းနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ပြည်သူတွေမထိခိုက်ပေမဲ့ ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ထုတ်ပြန်ထားပါတယ်။
အခုလို ဒရုန်းအသုံးပြုတာများလာသလို အခုနှစ်နှောင်းပိုင်းထဲ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလာလုပ်နေကြောင်း မြန်မာသုတေသနအဖွဲ့တွေကလည်း ထောက်ပြထားကြပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းမှာတင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးရွာကို မြန်မာစစ်တပ်က Y 12 လေယာဉ်နဲ့ ဗုံးကြဲလို့ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
စစ်တပ်ဘက်က အခုလိုတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာပေမဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေက လျော့ကျလာနေကြောင်း ACLED အဖွဲ့ရဲ့ မနေ့ကထုတ် အစီရင်ခံစာမှာ ထည့်သွင်းပြောပါတယ်။
ဒါအပြင် ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးနိုင်ငံစာရင်းမှာလည်း ယူကရိန်းနဲ့ ရုရှားပြီးရင် မြန်မာက အဆင့် ၃ အဖြစ်ရပ်တည်နေကြောင်း ACLED နဲ့ LSE ပူးပေါင်းပြီး ဒီနှစ် ဇန်နဝါရီလတုန်းက ထုတ်ပြန်ထားခဲ့ပါတယ်။
တောင်ကြီးမှာ ပအို၀်းအမျိုးသမီးငယ် နှစ်ဦး အသတ်ခံရမှု တရားမျှတမှုရရေး ပအိုဝ်းအရပ်ဖက်အဖွဲ့တွေ တောင်းဆို
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ထဲက လယ်ကွင်းအနီးမှာ ပအို၀်းအမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရမှုမှာ တရားမျှတမှုရအောင် တာဝန်ရှိတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)က အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ပအိုဝ်းအရပ်ဘက်အဖွဲ့သုံးဖွဲ့က ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ ပအိုဝ်းလူငယ်အစည်းအရုံးနဲ့ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့တို့ပူးပေါင်းပြီး အချက် ၅ ချက်နဲ့ မနေ့က တောင်းဆိုစာထုတ်ပြန်လိုက်တာပါ။
အမှုမှန်ပေါ်ပေါက်ရေးနဲ့တရားမျှတမှုရဖို့ ကျန်ရစ်သူမိသားစုရဲ့ဆန္ဒအတိုင်း ဆောင်ရွက်ပြီး လုံခြုံရေးအာမခံပေးဖို့၊ ပြစ်မှုကျူးလွန်သူကို ထိရောက်ပွင့်လင်းမြင်သာတဲ့နည်းလမ်းနဲ့ အရေးယူဖို့၊ ပြည်သူတွေနေ့စဉ်ကြုံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို PNO/ PNA ခေါင်းဆောင်တွေ တာဝန်ခံဖို့နဲ့ တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
ပအို၀်းအဖွဲ့တွေကတော့ အသက် ၁၉ နှစ်အရွယ် နန်းအောင်ပေါနဲ့ အသက် ၁၅ နှစ်အရွယ် နန်းဟွမ်နွိုးတို့ရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၂၆ ရက်နေ့မှာ တွေ့ရှိခဲ့ရပြီး နန်းအောင်ပေါမှာ အဓမ္မပြုကျင့် ခံရတဲ့လက္ခဏာတွေနဲ့ ပါးစပ်အတွင်း သေနတ်ထည့်ပစ်ခတ်ထားတဲ့ပုံစံနဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရကြောင်း မနေ့က တောင်းဆိုစာမှာ ထည့်ပြောပါတယ်။
နန်းဟွမ်နွိုးနဲ့သေဆုံးပုံနဲ့ပတ်သက်လို့တော့ ထုတ်ပြန်ချက်မှာ ထည့်ပြောတာ မတွေ့ရပါဘူး။ ဒါနဲ့ပတ်သက်လို့အသေးစိတ်သိနိုင်ဖို့အတွက် ပအိုဝ်းအရပ်ဖက်အဖွဲ့တွေကို ဘီဘီစီက ဆက်သွယ်နေပါတယ်။
ပအို၀်းအရပ်ဘက်အဖွဲ့တွေကတော့ အဲဒီဖြစ်စဉ်ကို ပအိုဝ်းပြည်သူ့စစ်(PNA)အဖွဲ့ဝင် ခွန်ကျော်သူရမင်းက ကျူးလွန်ခဲ့တယ်လို့ဆိုပြီး ဒုတိယဗိုလ်မှူးကြီး ကျော်ခေါင်အဖွဲ့က အောက်တိုဘာ ၂၆ ရက်ညမှာပဲ သူ့ကိုဖမ်းဆီးကာ နေရာမှာတင်ပစ်သတ်ခဲ့ကြောင်းတယ်လို့ သူတို့ ထုတ်ပြန်ချက်မှာပြောပါတယ်။
ခွန်ကျော်သူရမင်းဟာ ကျူးလွန်သူအစစ်ဟုတ်၊ မဟုတ် အပါအဝင် အခင်းဖြစ်ပွားရာမှာ နောက်ထပ်ပါဝင်သူရှိလားဆိုတာကို အတည်မပြုနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ပအို၀်းအဖွဲ့တွေရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
PNO/ PNA ဟာ ပအိုဝ်းဒေသမှာစစ်မှုထမ်းစုဆောင်းသလို လက်နက်အင်အားဖြည့်တင်းဖို့ ဒေသခံတွေဆီ ငွေကြေးကောက်ခံပေမဲ့ အခုလိုဖြစ်စဉ်မှာတော့ ပွင့်လင်းမြင်သာတဲ့စုံစမ်း စစ်ဆေးမှုနဲ့ အပြစ်ပေးအရေးယူတာမရှိလို့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းတောင်းဆိုနေကြတာပါ။
PNO/ PNA ဘက်က ဒီဖြစ်စဉ်ကို ကိုင်တွယ်နေလားဆိုတာသိနိုင်ဖို့ ပါတီနိုင်ငံရေးကရော စစ်ရေးအရပါ အဖွဲ့တာဝန်ရှိသူ ၃ ဦးထက်မနည်းကို ဘီဘီစီက မေးမြန်းဖို့ကြိုးစားပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
မြန်မာမှာသုံးပြီး လူသိများတဲ့ အလှကုန်နဲ့ အားဖြည့်စာ အတုတွေကို ထိုင်းမှာဖမ်းမိ
လူသိများပြီး မြန်မာမှာလည်း သုံးစွဲနေကြတဲ့ အားဖြည့်စာ၊ အလှကုန်အတုတွေ အပါအ၀င် ရေမွှေးအတုတွေလည်း သိုလှောင်ထားတဲ့ ဘန်ကောက်မြို့က ဂိုထောင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က မနေ့ ၀င်ရောက်စစ်ဆေးပြီး ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးရမိတဲ့အထဲ မြန်မာအွန်လိုင်းဈေးကွက်မှာ နာမည်ကျော်တဲ့ အားကစားသမားနဲ့လေ့ကျင့်ခန်းလုပ်သူတွေ သောက်ဆုံးတဲ့ ပရိုတင်းဖြည့်စွက် Whey ပရိုတင်း၊ Blackmores ငါးကြီးဆီ၊ Cetaphil အလှကုန်ပစ္စည်းတွေအပြင် Lancôme Paris၊ La Mer၊ Dior တို့လို ကမ္ဘာကျော် အမှတ်တံဆိပ်တွေပါ ပါဝင်ပါတယ်။
ဒီပစ္စည်းအတုပေါင်း ၂၆,၁၁၇ ခုကို အာဏာပိုင်က သိမ်းမိခဲ့ပြီး စုစုပေါင်းတန်ဖိုးဟာ ဘတ်ငွေ ၅ သန်းကျော်အထိ ရှိတယ်လို့လည်းသိရပါတယ်။
တရုတ်လုပ်ငန်းရှင်တစ်ဦးက လုပ်ကိုင်ပြီး ထိုင်းဈေးကွက်အတွင်းကို အွန်လိုင်းကနေဖြန့်ချီ ရောင်းချတဲ့ ပစ္စည်းအတုတွေကို သိမ်းဆည်းရမိတာလို့အာဏာပိုင်တွေကပြောကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
"အခု အတုမိတယ်ဆိုတဲ့တံဆိပ်တွေက ပြည်တွင်းမှာ သုံးနေကြတာပဲလေ။ အဲဒီ အားဖြည့်ဆေးတွေဆိုရင် နာမည်ရှိပြီးသား တံဆိပ်ဆိုတော့ ၀ယ်သောက်နေကြတာပဲ'' လို့ ရန်ကုန်မြို့မှာနေတဲ့ နေလူငယ်တစ်ဦးက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေ ဖမ်းမိတဲ့ ကုန်ပစ္စည်းအတုဆိုတာတွေထဲ အသက်အရွယ်ကြီးရင့်သူတွေလည်း အားဖြည့်စာအနေနဲ့သောက်သုံးတဲ့အမှတ်တံဆိပ်တွေ ပါဝင်နေတာကြောင့် အတုအပတွေကို ပိုပြီး သတိထားဖို့ လိုအပ်လာတယ်လို့ ပြည်တွင်းနေ လူမှုကွန်ရက် အသုံးပြုသူတွေက အွန်လိုင်းမှာ မှတ်ချက်ပြုရေးသားနေကြပါတယ်။
အခုဖြစ်စဉ်ကတော့ ဘန်ကောက်မြို့ နွန်ခမ်း (Nong Khaem) ခရိုင်က ဂိုဒေါင်မှာ အတုပြုလုပ်ထားတဲ့ အားဖြည့်စာနဲ့ အလှကုန်တွေကို သိုလှောင်ရောင်းချနေကြောင်း တိုင်ကြားစာ ရရှိတာကြောင့် ရှာဖွေရာကနေ ဘတ်သန်းနဲ့ ချီတန်တဲ့ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာလို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းမှာ နာမည်ကြီး အလှကုန်တံဆိပ်နဲ့ ဆေး၀ါးအတုတွေကို သိုလှောင်ရောင်းချတာတွေကို အာဏာပိုင်တွေက နှိမ်နင်းနေပေမဲ့ ကုန်ပစ္စည်းအတုတွေကို ဖမ်းဆီးမှုတွေလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းတုန်းကလည်း လူသုံးများတဲ့ နာမည်ကြီးထိုင်းအလှကုန်တံဆိပ်တွေကို အတုထုတ်တဲ့လုပ်ငန်းကို ထိုင်းရဲဝင်စီးနင်းချိန် မြန်မာအလုပ်သမား ၃ ဦးလည်းဖမ်းမိ ခဲ့ပါတယ်။
Vaseline အသားလှခရင်မ်၊ Clear ခေါင်းလျှော်ရည်နဲ့ Garnier အသားလှခရင်မ်အပါအဝင် မြန်မာမှာ လူသုံးများတဲ့ အလှကုန်ပစ္စည်းတွေကို အတုထုတ်လုပ် ရောင်းချတဲ့ ဂိုဒေါင်တချို့ကို အောက်တိုဘာ ၉ ရက်က ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီအလှကုန်အတုထုတ်လုပ်တာကို တရုတ်နိုင်ငံသားတစ်ဦးကလုပ်ကိုင်နေတာဖြစ်ပြီးအဲဒီတရုတ်အလုပ်ရှင်နဲ့အတူ မြန်မာ အလုပ်သမား ၃ ဦးပါ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဒီအလှကုန်တွေကို ထိုင်းက အွန်လိုင်းစီးပွားရေးပလက်ဖောင်းတွေဖြစ်တဲ့ Lazada၊ Shopee နဲ့ TikTokကနေ 9.9 နဲ့ 10.10 လို လျှော့ဈေးနဲ့ အရောင်းမြှင့်တင်တဲ့ကာလမှာ ဈေးပေါပေါနဲ့ရောင်းချနေတာလို့ ဆိုပါတယ်။
KNU နယ်စပ်စခန်းကို စစ်တပ်ဗုံးကြဲ၊ ထိုင်းဘက်ကို ဗုံးစမှန်
ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းထားတဲ့ ဆောလဲထာ စစ်တပ်စခန်းကို မနေ့ညပိုင်းမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲချိန် တစ်ဖက်ခြမ်းမှာရှိတဲ့ ထိုင်းအဆောက်အဦအချို့ ဗုံးစထိမှန်တဲ့အကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဒါအပြင် ကရင်အမျိုးသား ၁ ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ ထိုင်းအစိုးရအဆောက်အဦ ၁၀ လုံးကျော်ပျက်စီးကြောင်း ထိုင်းသတင်းတွေက ဒီနေ့မနက်ပိုင်းဖော်ပြလာတာပါ။
သံလွင်မြစ်ဘေး နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ဆောလဲထာစစ်စခန်းကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း အစောပိုင်းကာလကတည်းက ကရင်အမျိုးသားအစည်းအရုံး (KNU) က သိမ်းယူ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဆောလဲထာစစ်စခန်းရဲ့ တဖက်ကမ်းမှာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အပိုင် မဲ့စန်လက်ကျေးရွာ တည်ရှိပြီး မနေ့ညက လေကြောင်းဗုံးကြဲမှုကြောင့် ရွာက အဆောက်အဦအချို့ ဗုံးစထိမှန်တာနဲ့ အရှိန်ဟပ် ရိုက်ခတ်တာတွေ ဖြစ်ခဲ့တာပါ။
မဲ့စန်လက်ရွာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Phongpipat Meebenjamas ကတော့ နယ်စပ်ဒေသတဝိုက်မှာ မြန်မာစစ်တပ်က ဒရုန်းနဲ့ စုံစမ်းထောက်လှမ်းတာတွေ ပိုလုပ်လာနေပြီး နယ်စပ်တလျှောက် ၁၀ ကီလိုမီတာအတွင်း ဗုံးကြဲတာတွေမလုပ်ဖို့ ထိုင်းအစိုးရက မြန်မာနဲ့ ဆွေးနွေးသင့်ကြောင်း ထိုင်းသတင်းဌာနကိုပြောပါတယ်။
မဲ့စန်လက်ရွာကျေးလက်ဆေးခန်းရဲ့ ပြတင်းပေါက်မှန်တွေ ကွဲအက်ပြီး မျက်နှာကြက်ပြိုကျခဲ့သလို ရွာအုပ်ချုပ်ရေးရုံးနဲ့ ရွာဘုန်းကြီးကျောင်း အဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ ထိုင်းဘက်က ဓာတ်ပုံနဲ့တကွထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ မြန်မာစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်နိုင်ကြောင်း အာဏာပိုင်တွေက သတင်းကြိုရခဲ့လို့ ဒေသခံတွေကိုအသိပေးဖို့ ကြိုးစားချိန်မှာပဲ ဗုံးနှစ်လုံးကြဲချခဲ့ပြီး ဗုံးတစ်လုံးက မြစ်တဖက်ကမ်းအနီးကို ကျရောက်ပေါက်ကွဲကာ ထိုင်းဘက်မှာပါ ပျက်စီးမှုတွေဖြစ်ခဲ့တာပါ။
အောက်တိုဘာလကုန်ပိုင်းမှာ ထိုင်း - မြန်မာနယ်စပ် မြ၀တီမြို့တောင်ဘက်ပိုင်း မင်းလက်ပံဒေသခံ မြန်မာစစ်တပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထိန်ချိန် တာ့ခ်ခရိုင်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဒေသခံတွေ ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေကြောင့် ထိုင်းစစ်တပ်က မြန်မာဘက်ခြမ်းကိုလည်း မီးကျည်၊ မီးခိုးနဲ့ ပြန်လည်သတိပေးပစ်ခတ်တာလုပ်ခဲ့သလို ထိုင်းဘက်က နယ်စပ်မှာ လုံခြုံရေးတိုးမြှင့် ကင်းလှည့်တာတွေလုပ်နေပါတယ်။
ဒီအချိန်မှာပဲ တာ့ခ်နဲ့ ဆက်စပ်နေတဲ့ မယ်ဟောင်ဆောင်ခရိုင်ဘက်က မြန်မာဘက်ခြမ်းမှာ စစ်တပ်ရဲ့ဗုံးကြဲမှုဖြစ်လာတာပါ။
တဖက်မှာတော့ မြန်မာဘက်က တိုက်ပွဲတွေကြောင့် တာ့ခ်ခရိုင်ထဲက ထိုင်းဒေသခံတွေဟာ လုံခြုံရေးအကာအကွယ်ပေးဖို့ ထိုင်းအာဏာပိုင်တွေကိုတိုက်တွန်းတဲ့ ဆန္ဒဖော်ထုတ်မှု အခုတစ်ပတ်အတွင်း ပြုလုပ်ထားပါတယ်။
ရုရှားဓာတ်ငွေ့ကို ထား၀ယ်ကနေတဆင့် ထိုင်းအထိဖြန့်ဖို့ နေပြည်တော်ဆွေးနွေး
ရုရှားကနေ တင်သွင်းလာတဲ့ LNG ဓာတ်ငွေ့ကို တနင်္သာရီတိုင်း၊ ထား၀ယ်ဒေသကနေတဆင့် ထိုင်းနိုင်ငံအထိ တင်ပို့နိုင်ဖို့ မြန်မာ- ထိုင်း- ရုရှား ၃ နိုင်ငံ ပူးပေါင်းနိုင်မယ့်အကြောင်း နေပြည်တော် လျှပ်စစ်နဲ့ စွမ်းအင်၀န်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
ရုရှားဓာတ်ငွေ့ကို ထား၀ယ်ကနေတဆင့် ထိုင်းနဲ့ တရုတ်တို့အပြင် အရှေ့တောင်အာရှတလွှား ပို့နိုင်တဲ့အခွင့်အလမ်းရှိတယ်လို့ဆိုပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပြီး လပိုင်းအကြာမှာပဲ နေပြည်တော်ဘက်က ထပ်ပြောလာတာဖြစ်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံဟာ မြန်မာဓာတ်ငွေ့ကို မှီခိုနေပြီး ၂၀၂၁ ခုနှစ် မြန်မာက စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အနောက်နဲ့ ဥရောပကုမ္ပဏီတွေ ထွက်ခွာသွားတဲ့အခါ ထိုင်းဟာ လက်ရှိမှာ မြန်မာက ဓာတ်ငွေ့တူးဖော်လုပ်ငန်းတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်၀န်ကြီး ဦးကိုကိုလွင်ကတော့ ထားဝယ်ဒေသမှာ သဘာဓာတ်ငွေ့အရည်ပျော်အခြေစိုက်စခန်း (LNG Terminal) တည်ဆောက်မယ်ဆိုရင် စွမ်းအင်အခက်အခဲကို ကျော်ဖြတ်မယ်လို့ဆိုပြီးပြောပါတယ်။
LNG အပါအဝင် လောင်စာဆီ တင်ပို့နိုင်ဖို့ မြန်မာနဲ့ ရုရှားကြား နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ထိုးပြီးဖြစ်သလို ထိုင်းနဲ့ မြန်မာကလည်း လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍပူးပေါင်းဖို့ MoU ထိုးဖို့ ရှိနေတာကြောင့် သုံးနိုင်ငံပူးပေါင်းလုပ်ဖို့ အချိန်ကောင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဦးကိုကိုလွင်ဟာ မနေ့တုန်းက ထိုင်းနိုင်ငံကို ရောက်ချိန် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး Mr. Akanat Promphan နဲ့ ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Maxim Reshetnikov တို့နဲ့ သီးသန့်တွေ့ပြီး သုံးနိုင်ငံပူးပေါင်းဖို့ ဆွေးနွေးခဲ့တာလို့ နေပြည်တော်က သတင်းထုတ်တာဖြစ်ပါတယ်။
အထူးသဖြင့် ရုရှား သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာကိုသယ်ပြီး ထိုင်းနဲ့ မျှဝေသုံးကာ မြန်မာ - ထိုင်း နှစ်နိုင်ငံစွမ်းအင်အခက်အခဲကို ဖြေရှင်းနိုင်မယ်လို့ နေပြည်တော်ဘက်က ဆွေးနွေးခဲ့ပါတယ်။
ထားဝယ်ဒေသကနေတဆင့် မြန်မာနိုင်ငံအတွင်းနဲ့၊ ထိုင်းနိုင်ငံအတွင်းကို သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ သွယ်တန်းပြီးဖြစ်လို့ အဲဒါကို အသုံးချပြီး ထားဝယ်မှာ သဘာဓာတ်ငွေ့အရည်ပျော်အခြေစိုက်စခန်း (LNG Terminal) တည်ဆောက်မယ်လို့ပါ ထည့်ပြောခဲ့ပါတယ်။
နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ သူ့ရဲ့ နိုင်ငံတကာခရီးစဉ်တိုင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လေ့ရှိပြီး တဖက်မှာလည်း ဆယ်စုနှစ်ချီကြာအောင် ရှေ့မဆက်နိုင်တဲ့ ဒီစီမံကိန်းကို ရှေ့တိုးနိုင်ဖို့ ရုရှားနဲ့ အဓိကပူးပေါင်းရေး အကောင်အထည်ဖော်နေပါတယ်။
အခုနှစ် အောက်တိုဘာလအတွင်းမှာ ဦးမင်းအောင်လှိုင်နဲ့ သူ့လက်ထောက် ဒုသမ္မတ ဦးညိုစောတို့ဟာ ဒေသဖွံ့ဖြိုးရေးလို့ဆိုပြီး ထားဝယ်ခရိုင်ကို မကြာခဏ ခရီးသွားနေသလို စစ်ရေးအရလည်း နယ်မြေပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ကြိုးပမ်းနေပါတယ်။
တဖက်မှာလည်း ထားဝယ်ခရိုင်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်ကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိပြီး လောင်းလုံး၊ သရက်ချောင်းတို့ဘက်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကပဲ သရက်ချောင်းမြို့နယ်၊ သညော်ဆီ(ကညင်ချောင်း) ရွာကို မြန်မာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ပါတယ်။
လွိုင်ကော်အရှေ့ခြမ်း စစ်ရှောင်စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲမှု အမိန့်ပေးသူအဆင့်ဆင့်ကို ဖော်ထုတ်မယ်လို့ IEC ပြော
ကယား (ကရင်နီ) ပြည်နယ်က လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာဖွင့်လှစ်ထားတဲ့ ဝမ်ငေါ့စစ်ရှောင် စာသင်ကျောင်းမှာ ထမင်းစားနေချိန် ဗုံးကြဲခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လေယာဉ်မောင်းနှင်သူတွေနဲ့ အဆင့်ဆင့်ကွပ်ကဲသူတွေကို ဖော်ထုတ်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။
ဝမ်ငေါ့စစ်ရှောင်ကျောင်း ဗုံးကြဲခံရမှုမှာ ကလေးငယ် ၃ ဦး နေရာမှာတင်သေဆုံးခဲ့လို့ တရားမျှတမှုရရေး ဥပဒေကြောင်းအရအရေးယူနိုင်အောင်ဆောင်ရွက်မယ်လို့ လို့ IEC အတွင်းရေးမှူး ၂ ဖြစ်တဲ့ ကိုဗညားခွန်အောင်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မနေ့ အောက်တိုဘာ ၃၁ ရက်ဟာ စနေနေ့ဖြစ်ပေမဲ့ ကရင်နီဒေသကစာသင်ကျောင်းတွေဟာ မြေပြင်အခြေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်အပေါ်မူတည်ပြီး ကျောင်းဖွင့်ခဲ့တာပါ။
စာသင်ကျောင်းဗုံးကြဲခံရလို့ ၃ တန်းကျောင်းသားတစ်ဦး၊ ၅ တန်းနဲ့ ၇ တန်းက ကျောင်းသူ တစ်ဦးစီသေဆုံးခဲ့ပါတယ်။
ဒါအပြင် နောက်ထပ်ကလေးငယ် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ IEC ရဲ့ အချက်အလက်အရ သိရပါတယ်။
"နေ့ခင်း ၂ နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတယ်၊ Y 12 နဲ့ကလည်း အကြိမ်အများကြီး လှည့်ပတ်ပြီးမှ ဗုံးကြဲခဲ့တယ်။ ဒါက မလုပ်သင့်မလုပ်အပ်တဲ့တိုက်ခိုက်မှုဖြစ်တယ်" ကိုဗညားခွန်အောင်က ဆက်ပြောပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေါဆီးအီ နဲ့ လွိုင်နန်းဖ ရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းသုံး ဗုံးကြဲလို့ ကျောင်းသားတွေ သေဆုံးခဲ့ပါတယ်။
အခု ဝမ်ငေ့ါဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်က ဒီနေ့ နိုဝင်ဘာ ၁ ရက်မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။