ရုရှားရင်းနှီးမြှုပ်နှံမယ့် ထားဝယ်အထူးစီးပွားရေးဇုန် ဘယ်လောက်လက်တွေ့ကျနိုင်လဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

၁၈ နှစ်ကြာ စီမံကိန်းအဖြစ်သာ ရှိနေသေးတဲ့ တနင်္သာရီတိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ နေပြည်တော်က ထပ်မံကြိုးပမ်းလာပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်တွေက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားကို ဆွဲဆောင်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လမှာတော့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။

ရုရှားရဲ့ Inter RAO ကုမ္ပဏီနဲ့ မြန်မာဘက်က လောင်းလုံးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့ ရုရှားနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဒီစီမံကိန်းကို တနင်္သာရီတိုင်းအတွင်း နယ်မြေထိန်းချုပ်မှုရှိတဲ့ KNU အာဏာပိုင်တွေက ကန့်ကွက်ပါတယ်။

ရုရှားခြေလှမ်းပြင်တဲ့ ဒီစီမံကိန်းကို KNU ဘာကြောင့်ကန့်ကွက်တာလဲ။

ထိတွေ့တိုက်ပွဲနဲ့ စစ်ရေးလှုပ်ရှားမှုရှိနေဆဲ စီမံကိန်းနယ်မြေ

ထားဝယ်အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ဖို့ နေပြည်တော်ဝန်ကြီးချုပ်နဲ့ ရုရှားအာဏာပိုင်တွေ ဆွေးနွေးနေချိန်မှာ စီမံကိန်းလုပ်မယ့်ဒေသမှာလည်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေရှိနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

"ရွာတွေကို မီးရှို့တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ခြေမချနိုင်အောင်အထိလုပ်လာတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနယ်မြေဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ နဘုလယ်တိုက်နယ်ထဲက ရွာတွေကို စစ်တပ်က စစ်ကြောင်းဝင်မီးရှို့တာ၊ ကပ္ပလီပင်လယ်ပြင်ထဲက ရေတပ်သင်္ဘောကနေပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေကို တော်လှန်ရေးဘက်က စစ်ရေးဖော်ဆောင်တာမရှိချိန်မှာ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေကြောင့် နှစ်ဖက်တပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ စစ်ရေးလှုပ်ရှားတဲ့ KNU၊ PDF နဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

တနင်္သာရီတိုင်းထဲက ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ ၄ နယ်မြေနဲ့ ဆက်စပ်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို လက်ရှိနိုင်ငံ‌ရေးအခြေအနေမှာ အကောင်အထည်ဖော်မှာကို" KNUအနေနဲ့ လက်မခံနိုင်ဘူး" မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ဘီဘီစီကိုပြောပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ရေဖြူမြို့နယ်ထဲကနေ လောင်းလုံမြို့နယ်အစပ်အထိ စီမံကိန်းနယ်မြေသတ်မှတ်ထားတာဖြစ်ပါတယ်။ ဒီနှစ်စပိုင်းမှာ နဘုလယ်နဲ့ဆက်နေတဲ့ ကံပေါက်တိုက်နယ်ထဲက ဇာဒီကျေးရွာအုပ်စုကို ဒရုန်း တိုက်ခိုက်တာတွေလုပ်သလို လမ်းပိုင်းနေရာအများအပြားကိုလည်း ဖျက်ဆီးထားတယ်လို့ ဒေသတွင်းမီဒီယာတချို့က ဖော်ပြပါတယ်။

၂၀၂၆ ဇန်နဝါရီကနေ မတ်လအထိ ၃ လအတွင်း စီမံကိန်းနယ်မြေနဲ့ ဆက်စပ်ဒေသမှာ တိုက်ပွဲ ၉ ကြိမ်ဖြစ်ခဲ့တယ်လို့ Investment Monitor နဲ့ Dawie SEZ Watch သုတေသနအဖွဲ့ရဲ့ အချက်အလက်အရသိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိပြီး အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် သေဆုံးသူအချို့ရှိထားတယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။ စီမံကိန်းအရှေ့ဘက် ကလိန်အောင်-ထားဝယ်လမ်းပေါ်က ရလိုင်နဲ့သစ်တိုထောင့်ရွာက အိမ် ၅၈ လုံးလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

ဒါအပြင် အရပ်သားတွေကို ဖမ်းဆီးခံရတာကြောင့် မကြာခဏ နေရပ်စွန့်ခွာတိမ်းရှောင်ရတယ်လို့ Dawei SEZ Watch အဖွဲ့ဝင် ဟေတုက ဘီဘီစီကိုပြောပါတယ်။​

"စီမံကိန်းဧရိယာထဲမှာ စစ်တပ်စခန်းတချို့ တပ်စွဲထားတာလည်းတွေ့ရတယ်" လို့ သူကပြောပါတယ်။​

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းကတည်းက အဲဒီဒေသမှာ တပ်စွဲဖို့လုပ်လာတယ်လို့ Myanmar Analysis Group ရဲ့ ၂၀၂၅ အောက်တိုဘာလက အစီရင်ခံစာအရ နားလည်ရပါတယ်။

စစ်တပ်ဟာ ၂၀၂၆ ဇွန်လထဲမှာ မောရဝတီရေတပ်ဌာနချုပ်ကနေ ပါရာမော်တာနဲ့ တက်လာပြီး စီမံကိန်းဆက်စပ်နယ်နိမိတ်က ရွာတွေကို ဗုံး ၁၀ ကြိမ်ထက်မနည်းချတိုက်ခိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် နည်းဗျူဟာ (၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးက ဘီဘီစီကို ပြောပါတယ်။

"တော်လှန်ရေးတပ်တွေဘက်ကိုလည်း ပါရာမော်တာနဲ့ လာပစ်တာရှိတယ်။ ရွာတွေဘက်ပစ်တာတော့ အရပ်သားထိခိုက်သေဆုံးတာရှိတယ်" လို့ သူက ပြောပါတယ်။

စစ်တပ်က ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်မယ့် နဘုလယ်ထဲက ရွာတွေကို ထိန်းချုပ်ထားပြီး ဒီဒေသပြင်ပက ရွာတွေကိုတော့ ထိန်းချုပ်ထားနိုင်တာမရှိပါဘူး။

"စီမံကိန်းဧရိယာထဲကျတဲ့ ရွာတချို့မှာ ဒေသခံတွေရှိပါတယ်။ အရင်က စီမံကိန်းအကောင်အထည် ဖော်ဖို့ဆိုပြီး လုပ်ထားတဲ့ ရှင်းလင်းရေးဆောင်တွေရှိတဲ့ နေရာကိုတော့ ဒေသခံတွေကို ပေးမဝင်ဘူး" လို့ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ အပြောအရ စစ်တပ်နဲ့ တိုင်းအစိုးရအာဏာပိုင်တွေဟာ ဒီနယ်မြေထဲမှာ ဓာတ်အားပေးစက်ရုံအတွက် မြေပြင်ကွင်း ဆင်းကြည့်တာတွေရှိနေတယ်လို့ဆိုပါတယ်။

နည်းဗျူဟာ (၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးက "တချို့ ရုရှားပညာရှင်တွေရယ် စစ်ကောင်စီ တာဝန်ရှိသူတွေကတော့ ရေကြောင်းကနေလာပြီး ဓာတ်အားပေးစက်ရုံလုပ်မယ့်နေရာကို လာကြည့်တာရှိတယ်" လို့ ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၆ ခုနှစ်ထဲမှာ တနင်္သာရီတိုင်းပြင်ပရောက်နေတဲ့ တပ်အင်အားတွေကိုပြန်ခေါ်တာ၊ စစ်မှုထမ်းအင်အားဖြည့်တင်းတာလုပ်ပြီး အင်အားအလုံးအရင်းနဲ့ စီမံကိန်းအတွက်အရေးကြီးတဲ့ အမှတ် ၈ လမ်းမကြီး စိုးမိုးရေးကိုပါ လုပ်ဆောင်နေတာဖြစ်ပါတယ်။

KNU ဘက်ကတော့ စစ်တပ်ဟာ အဓိကလုပ်ရမယ့် နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းရမှာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက "စီမံကိန်းကိုအကောင်အထည်ဖော်မယ့် အဖွဲ့အစည်းက စစ်အာဏာရှင်ဖြစ်နေလို့ ပြည်သူ့အတွက်အကျိုးပြုမှာမဟုတ်ဘူး။ စစ်ရေးရည်ရွယ်ချက်အတွက် အင်အားကြီးနိုင်ငံကို ချဥ်းကပ်လုပ်တာလို့ပဲ မြင်တယ်"လို့ ဘီဘီစီကိုပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ထိုင်းနိုင်ငံ နယ်စပ် ကန်ချနာဘူရီခရိုင်၊ ဖူနမ်ရွမ်အထိ ဆက်သွယ်မယ့်လမ်းဟာ KNUနယ်မြေရဲ့ ၉၀ ရာခိုင်နှုန်းကို ဖြတ်သန်းဖောက်လုပ်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒီနယ်စပ်က မြန်မာဘက်ခြမ်းဖြစ်တဲ့ ထီးခီးနယ်စပ်စခန်းဟာ KNU လက်ထဲမှာ ရှိနေတာပါ။

၂၀၂၁ စစ်အာဏာသိမ်းကတည်းက တနင်္သာရီတိုင်းထဲက ဒီစီမံကိန်းကိုစောင့်ကြည့်လေ့လာတဲ့ အရပ် ဘက်အဖွဲ့အစည်းတွေကလည်း မရှိသလောက် ဖြစ်နေတာပါ။

ဒီစီမံကိန်းမစတင်နိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ မြေယာပြဿနာကိစ္စနဲ့ သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမယ့်ကိစ္စကို အဓိကစိတ်ပူတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

"စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ မရှိလို့ စီမံကိန်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ဒေသခံတွေအနေနဲ့ ဘာမှ သေချာရေရေရာရာ မသိရပါဘူး။ အခုလို အခြေအနေမျိုးမှာ စီမံကိန်းကို ရှေ့ဆက်ဖို့ တွန်းလုပ်တာဟာ ဒေသခံတွေအပေါ် ဝန်ထုပ်ဝန်ပိုးနဲ့ စိုးရိမ်ပူပန်မှုတွေပဲပိုပြီး တိုးလာစေတယ်" လို့ သူက ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စတင်ဖို့ နီးပြီလား

စစ်အာဏာသိမ်းပြီးနောက်ပြီး တစ်နှစ်ကျော်ကြာချိန်မှာ ထားဝယ်အထူးစီးပွားရးဇုန်နဲ့ ပတ်သက်တဲ့ သတင်းတွေ ပြန်တွေ့လာရပါတယ်။ ၂၀၂၂ ခုနှစ်စက်တင်ဘာလမှာ ထိုင်းနိုင်ငံနဲ့ စီမံကိန်းအကောင်အထည်ဖော်ဖို့ ညှိနှိုင်းဆွေးနွေးမယ်လို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းကော်မတီက ထုတ်ပြန်လာပါတယ်။

အဲ့ဒီနောက် ၂၀၂၃ ခုနှစ်မေလကစပြီး ထားဝယ်စီးပွားရေးဇုန်ဧရိယာမှာ အဲဒီအချိန်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေစတင်လာတာပါ။ စစ်တပ်က လေကြောင်းပစ်ကူတွေပါ သုံးတဲ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

အဲဒီကာလအတွင်း ထားဝယ်စီးပွားရေးဇုန်ထဲက ၄ နေရာမှာ အခြေစိုက်စခန်း ၄ နေရာ တည်ဆောက်ပြီး အင်အား ၃၀၀ အမြဲဖြည့်တင်းထားတယ်လို့ စီမံကိန်းနယ်မြေကို ၇ လတာစောင့် ကြည့်ခဲ့တဲ့ Investment Monitor-TNI နဲ့ Dawei SEZ Wathchက ၂၀၂၅ မှာထုတ်ပြန်တဲ့အစီရင်ခံစာမှာတွေ့ရပါတယ်။

ဒီနောက်ပိုင်းတော့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းတဲ့ကိစ္စဖြစ်ပေါ်တိုးတက်တဲ့အခြေအနေကို မသိရဘဲ ၂၀၂၅ မှာတော့ ရုရှားနဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီလို့ အဲဒီကာလက စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံတည်ဆောက်ဖို့အပါအဝင် ထားဝယ်အထူးစီးပွား‌ရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ဖြစ်ပါတယ်။

သုတေသနအဖွဲ့တွေဘက်ကတော့ ထိုင်းနဲ့ ရုရှားတို့ရဲ့ အခန်းကဏ္ဍတွေ၊ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေ၊ စီမံကိန်းအကောင်အထည် ဖော်မယ့် ပုံစံတွေကို အသေးစိတ် မသိရတာကြောင့် ပွင့်လင်းမြင်သာသတင်းထုတ်ပြန်ဖို့လိုအပ်တယ်လို့ Dawei SEZ Watch အဖွဲ့ဝင်ဟေတုက ထောက်ပြပါတယ်။

"ဒေသခံတွေအနေနဲ့လည်း စီမံကိန်းရဲ့ လက်ရှိအခြေအနေ၊ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ သတင်းအချက်အလက် မရရှိကြသေးပါဘူး" လို့ ဟေတုက ဆိုပါတယ်။​

ဇွန် ၅ ရက်က ရုရှား Inter RAO ကုမ္ပဏီနဲ့ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလီမိတက်တို့ လက်မှတ်ရေးထိုးပွဲထုတ်ပြန်ချက်မှာလည်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအပါအဝင် စီမံကိန်းအကြောင်း အသေးစိတ် ဖော်ပြထားတာမရှိပါဘူး။

ဒီစီမံကိန်းအသေးစိတ်ကို ဘီဘီစီက နေပြည်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ဇွန် ၁၉ ရက်အထိပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

စီမံကိန်းအတွင်းပိုင်းဧရိယာတွေကို ဒေသခံတွေ ဝင်ရောက်ခွင့်မရှိတာကြောင့် ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော်ဖို့ မြေနေရာအတိအကျကို မသိရသေးဘူးလို့ ဒေသခံတချို့က ဆိုပါတယ်။

၂၀၁၂ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်က အဲဒီဒေသမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တဲ့ ကျောက်မီးသွေးစက်ရုံတည်ဆောက်မယ်ဆိုတာကို အရပ်ဘက်အဖွဲ့အစည်းတွေကန့်ကွက်တာကြောင့် ဖျက်သိမ်းခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ သုတေသနအဖွဲ့တွေ့ရဲ့ စောင့်ကြည့်လေ့လာချက်အရ စစ်တပ်ဟာ စီမံကိန်းနယ်မြေနဲ့ ဆက်စပ်နယ်မြေကို ရှင်းလင်းတာလုပ်နေသလို တဖက်မှာလည်း ဒေသခံတွေနဲ့ ထိတွေ့ ဆက်ဆံတာ၊ လူထုစည်းရုံးတဲ့လှုပ်ရှားမှုတွေလုပ်တာ တွေ့ရပါတယ်။​

တိုင်းအစိုးရက ဦးစီးပြီး ၂၀၂၅ ခုနှစ်ထဲမှာ ထားဝယ်ကအစိုးရဝန်ထမ်းနဲ့ တက္ကသိုလ်ကျောင်းသား ၂၀၀ ဝန်းကျင်ကို အခြေခံ ရုရှားဘာသာစကားသင်တန်းပေးတာတွေလည်း ရှိခဲ့တာပါ။

"ဒီအခြေအနေကို ကြည့်မယ်ဆိုရင် စီမံကိန်းပြည်လည်စတင်ဖို့ အခြေအနေဖန်တီးနေပြီလို့ သုံးသပ်နိုင်ပါတယ်" လို့ Dawei SEZ Watch အဖွဲ့ဝင်ဟေတုက ကောက်ချက်ချပါတယ်။

၂၀၀၈ ခုနှစ်ကစလို့ ထားဝယ်အထူးစီးပွားရေးဇုန်အတွက် သဘောတူစာချုပ်သမိုင်းကိုကြည့်ရင် MoU အဆင့်ကနေ မူဘောင်သဘောတူညီချက် (Frame work Agreement)၊ ဒီထက်ပိုပြီးအသေးစိတ်တဲ့ လုပ်ကိုင်ခွင့်စာချုပ် (Concession Agreement) တွေအထိ ထိုင်းက အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့ဖူးပါတယ်။

အီတာလျံ-ထိုင်းရဲ့ လုပ်ငန်းအကောင်အထည်ဖော်တာ နှောင့်နှေးလို့ဆိုပြီး ချုပ်ဆိုထားတဲ့ ကနဦးစာချုပ် ၉ ခုကို ၂၀၂၁ ဇန်နဝါရီမှာ ရုတ်သိမ်းခဲ့တာပါ။ ရုရှားနဲ့လည်း MoUအဆင့်ကနေ မြေပြင်မှာ ဓာတ်အားပေးစက်ရုံကြီးပေါ်လာတဲ့အထိ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်လို့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းစောင့်ကြည့်ရေးအဖွဲ့တွေကပြောပါတယ်။

ဒီစီမံကိန်းသာ အကောင်အထည်ပေါ်လာခဲ့ရင် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့ ရုရှားအတွက် အာရှဒေသအခြေစိုက်နေရာတစ်ခု ဖြစ်လာနိုင်တယ်လို့သုတေသနအဖွဲ့တွေက သုံးသပ်ထားပါတယ်။ ဒါတင်မက နိုင်ငံတကာ ရေကြောင်းကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ ခြေကုပ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံတည်ငြိမ်နေချိန်မှာတောင် အကောင်အထည်မဖော်နိုင်ခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ လက်ရှိအခြေအနေအောက်မှာ အမှန်တကယ် ဖြစ်ပေါ်လာနိုင်ဖို့ ခက်ခဲတယ်ဆိုတာကို ရုရှားဘက်ကလည်း သဘောပေါက်ထားဖွယ်ရှိကြောင်း Myanmar Analysis Group ရဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရေရှည်အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီစီမံကိန်းဟာ မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကို ပြောင်းလဲပစ်နိုင်တဲ့ အလားအလာရှိပါတယ်။ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပက သင်္ဘောတွေဟာ မြန်မာနိုင်ငံမှာ ကုန်တင်ချပြီး ကုန်းလမ်းကတစ်ဆင့် ထိုင်းနိုင်ငံနဲ့ အခြားအရှေ့တောင်အာရှနိုင်ငံတွေကို ဆက်လက်ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးအကျိုးအမြတ်တွေ ရှိလာနိုင်ပေမဲ့ ဒေသခံတွေကို ဖိအားပေး ရွှေ့ပြောင်းစေမှုတွေ ဖြစ်လာနိုင်တဲ့အပေါ် ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စိုးရိမ်နေဆဲဖြစ်ပါတယ်။

မြေပြင်အခြေအနေအရလည်း လုံခြုံရေးစိန်ခေါ်မှုတွေ မြင့်မားနေဆဲဖြစ်တယ်လို့ ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ သုတေသနအဖွဲ့တွေက ပြောပါတယ်။

"ဒီဒေသဟာ ထိတွေ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့ နယ်မြေဖြစ်လို့ လုပ်ငန်းအကောင်အထည်ဖော်ဖို့ အခက်အခဲတွေရှိနေတယ်။ ရှေ့ဆက် ဘယ်လောက်အထိ လက်တွေ့ဖြစ်လာမလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်ရဦးမယ်" လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီစီမံကိန်းကို နှစ်ရှည်လများ စောင့်ကြည့်လေ့လာလာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ဒေသခံတွေရဲ့ အသံနဲ့ အကျိုးစီးပွားတွေကို အတိတ်ကာလရော လက်ရှိအချိန်မှာပါ အမှန်တကယ် ထည့်သွင်းစဉ်းစားထားရဲ့လားဆိုတဲ့ မေးခွန်းက ဆက်လက်ရှိနေဆဲပဲလို့ ဆိုကြပါတယ်။