ရှမ်းအရှေ့သတ္တုတွင်းတွေ၊ တရုတ်ကြားဝင်လာတဲ့ ထိုင်း-မြန်မာနယ်စပ်အဆိပ်သင့်မြစ်ရေပြဿနာ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ရှမ်းပြည်နယ်အရှေ့ခြမ်းမှာ သတ္တုတူးဖော်လို့ ထိုင်းမြောက်ပိုင်းက မြစ်ရေအဆိပ်သင့်တာကို ဖြေရှင်းမယ့် ထိုင်းရဲ့ခြေလှမ်းက မြန်မာရော တရုတ်နဲ့ပါ ပူးပေါင်းကိုင်တွယ်လိုဟန် တွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆတ်ရဲ့ နေပြည်တော်ခရီးစဉ်မှာလည်း နယ်စပ်က ညစ်ညမ်းရေကိစ္စကို အရေးတကြီးဆွေးနွေးခဲ့တာက မြင်သာတဲ့အရွေ့ပါ။

ထိုင်းမြောက်ပိုင်းစွန်း ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းတဲ့ ကော့ခ် (Kok) နဲ့ စိုင် (Sai) မြစ်တွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ အာဆင်းနစ် (Arsenic) သတ္တုဓာတ်တစ်မျိုး ပါဝင်နှုန်း မြင့်နေပြီး ဒါက မြန်မာရဲ့သတ္တုတွင်းတွေကနေလာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်လို့ ထိုင်းက ထောက်ပြပါတယ်။

ကော့ခ်မြစ်ကို မြန်မာဘက်ခြမ်းမှာ နမ့်ခုတ်ချောင်းလို့ ခေါ်ပါတယ်။ စိုင်မြစ်ကိုတော့ မယ်ဆိုင်ချောင်းလို့ သိကြပါတယ်။

ဒီမြစ်ရေတွေ ညစ်ညမ်းကုန်လို့ ကျန်းမာရေး၊ စိုက်ပျိုးရေးဆိုင်ရာစိုးရိမ်ချက်တွေကို ထိုင်းလူထုနဲ့ အစိုးရဘက်က ထုတ်ပြောနေပေမဲ့ သတ္တုလုပ်ငန်းတွေ အမှန်တကယ်လုပ်ကိုင်နေတဲ့ မြန်မာဘက်ခြမ်းမှာတော့ ဒေသခံတွေရဲ့အသံက တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

"အဖွဲ့အစည်း နယ်မြေတွေလေဗျာ။ ကျွန်တော်တို့ ထုတ်မပြောရဲဘူး" လို့ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်ရွာသားတစ်ဦးက ပြောပါတယ်။

တာချီလိတ်မြို့ခံတစ်ဦးကလည်း "ထိုင်းကတော့ ဒေသခံတွေအသံထွက်ရင်ထွက်နိုင်သလောက် ကျယ်ကျယ်ထွက်တယ်၊ ကျွန်တော်တို့ဆီက ဒါတွေကိုသိလည်း သိသလိုပဲ နေကြရတယ်" လို့ ဆိုပါတယ်။

မိုင်းဆတ်မြို့နယ်က နေရာအများစုဟာ မြန်မာရဲ့အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA) ရဲ့ တောင်ပိုင်း လှုပ်ရှားနယ်မြေ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

"နမ့်ခုတ်ထဲ ရေမကူးကြတော့ဘူး"

၂၀၂၆ နှစ်ကုန်ပိုင်းမှာ နမ့်ခုတ်နဲ့ မယ်ဆိုင်စီးဆင်းရာတကြောမှာ ရွှေနဲ့ မြေရှား တူးဖော်ရေးတွေအပြင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံပါရှိလာတယ်လို့ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အစီရင်ခံစာတွေ ထုတ်ပြန်ထားပါတယ်။

"ကုမ္ပဏီကြီးတွေအပြင် တနိုင်တပိုင် သတ္တုတူးဖော်တာတွေလည်းရှိတော့ ဒီချောင်းတွေတဝိုက် သတ္တုတူးဖော်မှု ဘယ်လောက်ရှိလဲဆိုတဲ့ အရေအတွက်ပြောဖို့ ခက်တယ်" လို့ SHRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောပါတယ်။

ယေဘုယျအနေနဲ့ ရွှေတူးဖော်မှုတွေ အများဆုံးလုပ်တယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ကုန်း တောင်တန်းပေါများတဲ့ မိုင်းဆတ်မြို့နယ်မှာ မိုင်းဆတ်မြို့၊ မိုင်းခုတ်မြို့နဲ့ မိုင်းတွမ်း ဒေသ ၃ ခုသာ မြေပြန့်လွင်ပြင်တွေ ရှိပါတယ်။ မြို့နယ်ရဲ့အနောက်ဘက်မှာ မိုင်းတုံ၊ မြောက်ဘက်မှာ ကျိုင်းတုံ၊ အရှေ့ဘက်မှာ တာချီလိတ်နဲ့ တောင်ဘက်မှာ ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေပါတယ်။

အထူးသဖြင့် မိုင်းဆတ်နဲ့ တာချီလိတ်ကြားက တောင်ကျရေစီးဆင်းရာတကြော တောတောင် တွေမှာ သတ္တုတူးဖော်မှုတွေများတယ်လို့ စောင့်ကြည့်ရေးအဖွဲ့ရော ဒေသခံတွေဆီကပါ သိရပါတယ်။

ဒါအပြင် Google Earth ရဲ့ နှစ်အလိုက် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းအရလည်း တူးဖော်မှုတွေကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

ဒါကြောင့် မြန်မာမှာ ကိုဗစ်ရော ၂၀၂၁ အာဏာသိမ်းမှုပါမဖြစ်ခင် ၂၀၁၉ ခုနှစ် တရားဝင် ထုတ်ပြန်ချက်တွေနဲ့ SHRF ရဲ့နှစ်အလိုက် အစီရင်ခံစာတွေကို ပြန်စုစည်းပြီးခြေရာကောက်ထားပါတယ်။

မိုင်းဆတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်က ထုတ်ထားတဲ့ ဒေသဆိုင်ရာအချက်အလက်ကိုကြည့်ရင် မြို့နယ်တွင်း သတ္တုနဲ့ ကျောက်မျက်တူးဖော်ထုတ်လုပ်မှု မရှိကြောင်း ဖော်ပြထားပါတယ်။

နမ့်ခုတ်ချောင်းအခြေအနေကတော့ ၂၀၁၉ မှာပဲ ထိုင်းရဲ့သတ္တုတွင်းကုမ္ပဏီ Sahakol ကုမ္ပဏီ က မြန်မာစစ်တပ် စီးပွားရေး ကော်ပိုရေးရှင်းဖြစ်တဲ့ Golden Lake (ရွှေရေကန်) ကုမ္ပဏီ နဲ့ပေါင်းပြီး မိုင်းခုတ် ဒေသမှာ နှစ် ၂၀ စာ သတ္တုတူးဖော်ခွင့်ပေးခဲ့ပါတယ်။

အဲဒီခွင့်ပြုမှုနဲ့အတူ ကျောက်မီးသွေးဓာတ်ပေါင်းဖိုတွေ တည်ဆောက်ခဲ့တယ်လို့ SHRF ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ချိန်မှာတော့ အဲဒီသတ္တုတူးဖော်ရေးတွေ ရပ်ထားပေမဲ့ ပိုက်လိုင်းထဲ စီးလာတဲ့ စွန့်ပစ်ပစ္စည်းတွေက နမ့်ခုတ်ချောင်းရေကို ညစ်ညမ်းစေတယ်လို့ SHRF က ထောက်ပြပါတယ်။

မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ရဲ့အချက်အလက်အရ Myanmar Golden Lake (ရွှေရေကန်) ကုမ္ပဏီဟာ ယာယီရပ်ဆိုင်ထားတဲ့အဆင့်အဖြစ် ဖော်ပြပါတယ်။ ထိုင်းကုမ္ပဏီဘက်ကိုတော့ ဘီဘီစီက မေးမြန်းဖို့ ကြိုးစားနေပါတယ်။

၂၀၂၃ ခုနှစ်ကစလို့ "ဝ" UWSA နဲ့ ချိတ်ဆက်ကာ တရုတ်ကုမ္ပဏီ ၇ ခုက နမ့်ခုတ်တကြောမှာ ရွှေတူးဖော်တာတွေဆက်လုပ်လို့ စွန့်ပစ်ပစ္စည်းတွေ မြစ်ရေထဲ စီးဆင်းမှုဆက်ဖြစ်ခဲ့တယ်လို့ SHRF က ပြောပါတယ်။

ဒါပေမဲ့ အဲဒီတရုတ်ကုမ္ပဏီတွေအကြောင်း အထောက်အထားတိတိပပ မတွေ့ရသေးပါဘူး။

ဒါဟာ ၁၉၉၉ - ၂၀၀၁ ခုနှစ်အတွင်း နမ့်ခုတ်တကြောက တောင်ကုန်းတွေပေါ်မှာ ရာဘာ အများအပြားစိုက်ပျိုးလို့ ဂေဟစနစ်အပြောင်းအလဲရှိချိန်မှာ ရွှေတူးဖော်မှုတွေက ထပ်လောင်း ဖျက်ဆီးနေတယ်လို့ SHRF က ၂၀၂၄ ခုနှစ်ကတည်းက ထောက်ပြပါတယ်။

လက်ကိုင်ဖုန်းနဲ့ ကားတွေထုတ်လုပ်ဖို့လိုအပ်တဲ့ မြေရှားသတ္တု ကို မြန်မာမှာအများအပြား တူးလာတာက နမ့်ခုတ်ချောင်းတကြောကိုလည်း အလွတ်မပေးခဲ့ပါဘူး။

၂၀၂၃ နှစ်လယ်ပိုင်းမှာ နမ့်ခုတ်ရဲ့အရှေ့ဘက် ၄ ကီလိုမီတာအကွာမှာ မြေရှားသတ္တုတူးဖော်မှု စရှိလာပြီး ၂၀၂၄ နှစ်လယ်မှာ ချောင်းရဲ့ ၂ ကီလိုမီတာအကွာမှာ နောက်ထပ်တူးဖော်မှု အသစ်ကို တွေ့ခဲ့ရပါတယ်။

"အဲဒီအနီးတဝိုက်မှာပဲ မြေရှားထုတ်ဖို့ ထပ်လာစမ်းသပ်တာတွေ ရှိနေတယ်" လို့ SHRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဒေသခံတွေဆီကနေ ရရှိထားတဲ့အချက်အလက်ကို ကိုးကားပြီး ဘီဘီစီကို ပြောပါတယ်။

SHRF ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရတော့ ၂၀၂၅ ခုနစ် နို၀င်ဘာလမှာစတင်လည်ပတ်ခဲ့တဲ့ မိုင်းဆတ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်ကြောင့် နမ့်ခုတ် ရေညစ်ညမ်းမှုကို ပိုပြီးဆိုးရွားလာစေပါတယ်။

အဲဒီစက်ရုံကို USWA ပိုင်တဲ့ ၀မ်ဟုန်နေထရယ်လ်အင်နာဂျီ ကုမ္ပဏီ (Wan Hong Natural Energy Co. Ltd) က ဦးဆောင်လည်ပတ်တယ်လို့ ဆိုပြီး DICA မှာလည်း တရားဝင်မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။

စက်ရုံအတွက် သိုလှောင်ထားတဲ့ ကျောက်မီးသွေးပုံတွေနဲ့ မီးသွေးလောင်ကျွမ်းလို့ ထွက်လာတဲ့ ပြာတွေ၊ စိမ့်ထွက်လာမယ့် စွန့်ပစ်အရည်အန္တရာယ်ကို SHRF က ထောက်ပြလာတာပါ။

မြစ်ချောင်းနည်းပါးတဲ့ မိုင်းဆတ်မြို့နယ်အတွက် နမ့်ခုတ်ချောင်းဟာ အဓိကအသက်သွေးကြော ဖြစ်ပေမဲ့ အခုတော့ မကျန်းမာတော့ပါဘူး။ နမ့်ခုတ် နာဖျားနေကြောင်းကို ထိုင်းဘက် ကော့ခ် (Kok) မြစ်အဖြစ်ရောက်သွားချိန်မှသာ စနစ်တကျတိုင်းတာစစ်ဆေးမှုတွေနဲ့ ဖော်ထုတ်နိုင်တာပါ။

"ရေတိမ်သွားပြီ။ ဝါဝါနောက်ကျိကျိနဲ့ဖြစ်ကုန်လို့ ကလေးတွေဆို ရေဆင်းမကူးကြတော့ဘူး။ ငါးတော့ လာရောင်းကြသေးတယ်၊ ကျွန်တော်တို့လည်း အဲဒီကနေရတဲ့ငါးစားတုန်းပဲ" လို့ ဝမ်ဟုန်ရွာခံတစ်ဦးက ပြောပါတယ်။

ကော့ခ်မြစ်ထဲက ငါးတွေအနာဖြစ်သလို နမ့်ခုတ်က ငါးအနာဖြစ်နေလားဆိုတာကိုတော့ တိတိကျကျ မသိဘူးလို့သာ သူက တုံ့ပြန်ပါတယ်။

"ရွာက ဝ ထိန်းချုပ်ထားတာပါ။ နမ့်ခုတ်မှာ ရေအဆိပ်ရှိ မရှိ စစ်တာတို့၊ ဘာမှပြောသံမကြားဘူး" လို့ သူက ဆက်ပြောပါတယ်။

မိုင်းဆတ်မြို့မြောက်ပိုင်း တောင်ပေါ်ကနေ စီးဆင်းလာတဲ့ နမ့်ခုတ်ဟာ ထိုင်းမှာ ကော့ခ်မြစ်အဖြစ် စီးဆင်းပြီး မဲခေါင်မြစ်ထဲကို ပေါင်းဆုံပါတယ်။

မယ်ဆိုင်ချောင်းရေကြီးလို့ တာချီလိတ်အိမ်ဈေးကွက်ပျက်

ထိုင်းက သောက်ရေရော စိုက်ပျိုးရေးအတွက်ပါ စိုင်မြစ်ကို အားကိုးသလိုမျိုး မြန်မာက မယ်ဆိုင်ချောင်းကို မှီခိုမှု မများဘူးလို့ တာချီလိတ်ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ သတ္တုတူးဖော်သူတွေရဲ့ခြေဆန့်တာကနေ မလွတ်ကင်းပြန်ပါဘူး။

တာချီလိတ်မြို့ရဲ့ အထက်ပိုင်း မိုင်းဆတ်မြို့နယ်ထဲက မယ်ကြုတ်ဒေသတဝိုက်မှာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ရွှေတူးဖော်မှုတွေ စရှိလာခဲ့ပြီး စွန့်ပစ်ပစ္စည်းတွေဟာ မိုင်းကန်းအထက်ပိုင်းက မယ်ဆိုင် ချောင်းထဲကို စီးဝင်တယ်လို့ SHRF က ထုတ်ပြန်ပါတယ်။

မယ်ကြုတ်ဒေသဟာ မြန်မာစစ်တပ်ရဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ လားဟူတပ် ထိန်းချုပ်နယ်မြေလို့ SHRF က ထောက်ပြပါတယ်။

"မယ်ဆိုင်ချောင်းက တာချီလိတ်ဘက်မရောက်ခင် အထက်ဘက်တကြောမှာ ရွှေတူးတာ အတော်များလာတယ်။ ပအိုဝ်းပြည်သူ့စစ် PNO ပါ ရောက်နေတယ်" လို့ ယိင်းလျန်းဟန် က ပြောပါတယ်။

PNO ဟာ ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့စစ်အဖွဲ့ဖြစ်ပြီး ဦးဆောင်သူတချို့ဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ကြွယ်ဝချမ်းသာပါတယ်။

"တာချီလိတ်အပေါ်ဘက်မှာ ရွှေတူးတာ ပိုလုပ်နေတယ်လို့ကြားပေမဲ့ အဖွဲ့အစည်းတွေရှိတဲ့ နေရာဆိုတော့ ကိုယ်တိုင် မမြင်ဖူးဘူး။ သေချာတာက ချောင်းရေကြီးလာရင် နုန်းတွေက ပေနဲ့ ချီပြီး အမြင့်ကြီးပဲ။ ဒီမှာ နုန်းလာတင်တာပဲ" လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုနှစ်အတွင်း မယ်ဆိုင်ချောင်းရေ မကြာခဏကြီးတာကြောင့် ချောင်းဘေးက တာလော့ရပ်ကွက် အိမ်ဈေးကွက်ပျက်သလို လူစည်ကားခဲ့တဲ့ တာလော့ဈေးလည်း ခြောက်ကပ်သွားခဲ့ပါတယ်။

"နုန်းတင်ရင်က ၁၀ ပေကျော်အထိ ရှိခဲ့တာလေ။ နုန်းတင် မကျန်ရစ်ဘူးဆိုရင်တောင် နုန်းထုက ၄ ပေ လောက်အထိ ကျန်ခဲ့တာပဲ" လို့ သူက ဆက်ရှင်းပြပါတယ်။

ဝါကျင့်ကျင့်နဲ့ နုန်းထုတွေကို သယ်လာတဲ့ မယ်ဆိုင်ချောင်းဟာ ထိုင်းဘက်ခြမ်း စိုင်မြစ်အဖြစ် ကနေ ရွက် (Ruak) မြစ်နဲ့ပေါင်းသွားပြီး မဲခေါင်မြစ်ထဲကိုပဲ စီးဝင်တာပါ။

ဒါကြောင့် နမ့်ခုတ်နဲ့ မယ်ဆိုင်တကြောက သတ္တုတွင်းတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ ရေထဲပျော်ဝင်မှုဟာ ဒေသတွင်းပြဿနာပါဖြစ်နိုင်တယ်လို့ ထိုင်းသဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်သူတွေက ထုတ်ပြောပြီး ထိုင်းအစိုးရကို ဖြေရှင်းဖို့တိုက်တွန်းနေပါတယ်။

ထိုင်းနဲ့ နေပြည်တော်ပူးပေါင်းမှုက တကယ်ဖြေရှင်းနိုင်မလား

ထိုင်းအစိုးရက နေပြည်တော်ရော ဘေကျင်းနဲ့ပါ ထိတွေ့ပြီးဖြေရှင်းဖို့ကြိုးစားတဲ့ခြေလှမ်းက ကော့ခ်နဲ့ စိုင် ကိစ္စဟာ အမြင့်ဆုံးရေချိန်ကို ရောက်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆတ်ရဲ့ တစ်ရက်တာ နေပြည်တော်ခရီးစဉ်မှာဖွဲ့စည်းခဲ့တဲ့ နှစ်နိုင်ငံပူးပေါင်းအဖွဲ့ရဲ့ဆွေးနွေးပွဲကလည်း နိုဝင်ဘာ ၂၄ ရက်ဆို စတင်ပါတော့မယ်။

အဲဒီအစည်းအဝေးမှာ ထိုင်းမြစ်တွေအစပြုရာ ရေအရင်းအမြစ်မှာ ရေအရည်အသွေး စောင့်ကြည့်ရေးစခန်းတွေဖွင့်နိုင်ဖို့ နေပြည်တော်ကို တိုက်တွန်းဖို့ရှိနေကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေက ထုတ်ပြောထားပါပြီ။

နယ်စပ်ဖြတ်ကျော်မြစ်ရေ အဆိပ်သင့်တာကို ထိန်းချုပ်ဖို့ မြန်မာကနေ ထိုင်းကို၀င်မယ့် သတ္တုတင်ပို့တာအပြင် သတ္တုတူးဖော်ရေးအတွက်သုံးတဲ့ဓာတုကုန်ကြမ်းတွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစားသလို တရုတ်နဲ့ချိတ်ဆက်ပြီးပါ ကိုင်တွယ်ဖို့ ခြေလှမ်းနေပါတယ်။

"ဒီကိစ္စမှာ တရုတ်က မပါလို့မဖြစ်တဲ့အနေအထားပါ" လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့တရုတ်အထူးပြုလေ့လာရေးအစီအစဉ်ဦးဆောင်သူ မနန်းလွင်က ပြောပါတယ်။

မြန်မာက သတ္တုတူးဖော်မှုတွေမှာ တရုတ်လုပ်ငန်းရှင်တွေ လာရောက်လုပ်ကိုင်နေတာဖြစ်ပြီး ထွက်ရှိတဲ့သတ္တုတွေကို တရုတ်ကိုအဓိကတင်ပို့နေတာတွေကြောင့် သုံးနိုင်ငံ ပူးတွဲဖြေရှင်းရမယ့် အခြေဆိုက်တာလို့ သူက ဆက်ရှင်းပြပါတယ်။

အခုခြေလှမ်းတွေဟာ အလုံးစုံ မထိရောက်နိုင်ပေမဲ့ တစုံတရာသက်ရောက်မှု ရှိနိုင်တယ်လို့ SHRF က ယိင်းလျန်းဟန်နဲ့ ISP က မနန်းလွင်တို့က သုံးသပ်ပါတယ်။

အထူးသဖြင့် နေပြည်တော်က အဆိပ်သင့်မြစ်ရေ အရေး ဘယ်လောက်ကိုင်တွယ်နိုင်မလဲဆိုတဲ့ မေးခွန်းရှိနေတာပါ။ မြေပြင်ထိန်းချုပ်မှုနဲ့ သတ္တုတွင်းလည်ပတ်နေသူတွေဆီ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေတယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။

အရေးအကြီးဆုံးကတော့ မိုင်းဆတ်ဟာ "ဝ" ရဲ့ တောင်ပိုင်းဒေသဖြစ်တဲ့ ၁၇၁ စစ်ဒေသ လှုပ်ရှားရာနယ်မြေဖြစ်ပြီး နမ့်ခုတ် ချောင်းဘေး ဝမ်ဟုန်ရွာဟာ ဝ တောင်ပိုင်းဗဟိုချက်လည်း ဖြစ်ပါတယ်။

ဝ ရဲ့ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကို ဘီဘီစီက မေးမြန်းချိန်မှာတော့ "သက်ဆိုင်ရာအစိုးရတာဝန်ရှိသူကိုသာ မေးရင် ပိုကောင်းပါမယ်" လို့ တုံ့ပြန်ပါတယ်။

ဒါကြောင့် ထိုင်း ဖြေရှင်းလိုတဲ့ ညစ်ညမ်းရေကိစ္စအတွက် မြေပြင်မှာစိုးမိုးလုပ်ကိုင်နေတဲ့ လက်နက်ကိုင် တပ်အစုံနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ မြန်မာဘက်က ဒေသခံတွေအတွက် ဘယ်လို အကာအကွယ်ပေးမလဲဆိုတဲ့မေးခွန်းတွေကို နေပြည်တော်ကို ဘီဘီစီက မေးမြန်းထားဆဲဖြစ်ပါတယ်။

"တစ်နှစ်ပြီးတစ်နှစ် နမ့်ခုတ်ရေ ဘာဖြစ်မလဲ စိုးရိမ်လာတယ်။ ဒါပေမဲ့ ဘာမှမလုပ်နိုင်သလို ဘာမှလည်း မသိနေရဘူး" လို့ ဝမ်ဟုန်ရွာသားက ဘီဘီစီကို ပြောပါတယ်။

အခုလို မြန်မာရော ထိုင်းဒေသခံတွေပါ စိုးရိမ်နေရတဲ့ အကြောင်းအရင်းကို ပြန်ကြည့်ရင် ၂၀၂၄ ခုနှစ်က တရုတ်ကို ဗဟိုပြုခဲ့တဲ့ စူပါတိုင်ဖွန်း ယာဂီက အကျိုးဆက်တွေလို့ သဘာဝပတ်ဝန်းကျင် အ‌ရေးစောင့်ကြည့်သူတွေရော ဒေသခံတွေကပါ တညီတည်းသုံးသပ်ကြပါတယ်။

ယာဂီရဲ့အရှိန်ကြောင့် ရှမ်းအရှေ့မြောက်ပိုင်းတကြောမှာ တောင်ကျရေတွေ စီးဆင်းသွားခဲ့ပြီး တောင်ပြိုမြေပြိုမှုတွေပါ ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအခြေအနေကြေငာ့် စွန့်ပစ်ထားတဲ့မြေစာပုံတွေပါ မျောပါလာပြီး နမ့်ခုတ်နဲ့ မယ်ဆိုင် ချောင်းတွေ နုန်းကြောင့် တိမ်လာပြီး ချောင်းရေတွေမှာ အာဆင်းနစ်ဓာတ်ပါဝင်နှုန်းမြင့်နေတာကိုပါ ထိုင်းဘက်က ရေအရည်အသွေးမှာ စိစစ်တွေ့ရှိတဲ့အထိ ဖြစ်လာတာပါ။

ထိုင်းဝန်ကြီးချုပ် အနုတင်ကတော့ တရုတ်သမ္မတ ရှီနဲ့ တွေ့ဆုံချိန်မှာလည်း ဒီအဆိပ်ရေကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့လို့ တရုတ်က ဒါကို သိရှိထားပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ မြန်မာမှာသတ္တုတူးဖော်မှုနောက်ဆက်တွဲက ထိုင်း - မြန်မာအပြင် မဲခေါင်မြစ်ရေအထိပါ သက်ရောက်လာနိုင်ခြေနဲ့ပတ်သက်လို့တော့ တရုတ်က တရားဝင် မတုံ့ပြန်သေးပါဘူး။