မေ ၉ ရက် သတင်းအနှစ်ချုပ် - မြန်မာဟာ အာဆီယံတွင်းစည်းလုံးမှုကို စမ်းသပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

မေ ၇ ရက် အာဆီယံထိပ်သီးအစည်းအဝေးပထမရက်မှာတွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေ ၇ ရက် အာဆီယံထိပ်သီးအစည်းအဝေးပထမရက်မှာတွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်
ဖတ်ရန်အချိန်: မိနစ် ၂

မြန်မာ့အရေးဟာ အာဆီယံရဲ့ စည်းလုံးမှု၊ ခိုင်မာမှုနဲ့ ခံနိုင်ရည်စွမ်းတွေအပေါ် အဓိကစမ်းသပ်ချက် တခုဖြစ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ် က ဆွေးနွေးပွဲမှာထည့်သွင်း ပြောခဲ့တဲ့အကြောင်း ထိုင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးတာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရွှေ့ပြောင်းပေးတာလိုမျိုး အပြောင်းအလဲတွေဖြစ်လာတာဟာ အကန့်အသတ်နဲ့ ဆိုပေမဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့အတွက် ကောင်းမွန်တဲ့လက္ခဏာတွေလို့ ဝန်ကြီးချုပ် အနုတင်က အစည်းအဝေးမှာထောက်ပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုတိုးတက်မှုတွေကြောင့် အာဆီယံအနေနဲ့ ပိုပြီးတိကျတဲ့ထိတွေ့ဆောင်ရွက်မှုတွေလုပ်နိုင်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကိုက်ညီတဲ့လမ်းကြောင်းဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အနုတင်ရဲ့ မြန်မာအကြောင်းဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူက မနေ့ မေ ၈ ရက်အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ထပ်ဆင့်ပြောပြခဲ့တာပါ။

ထိုင်းဘက်ကတော့ ဦးဝင်းမြင့်ကို သမ္မတဟောင်းလို့ သုံးနှုန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်ဟောင်းလို့ ဖော်ပြပါတယ်။

ဖိလစ်ပိုင်သမ္မတ မားကိုစ့်ကလည်း မြန်မာမှာပုံမှန်အခြေအနေပြန်ရောက်ရေးကိုဦးတည်ပြီး တိုးတက်မှုတွေရှိလာစေဖို့အတွက် နည်းလမ်းအသစ်တွေရှာနိုင်အောင် အာဆီယံနိုင်ငံတွေကြား သဘောတူညီချက်တခုရထားပြီလို့ မနေ့က ပြောပါတယ်။

"ပိုပြီးတိုးတက်လာတာကိုတွေ့မြင်ချင်ကြောင်းလည်း ကျွန်တော်တို့အကုန်သဘောတူကြတယ်။ လက်ရှိမှာအရွေ့မရှိသလိုဖြစ်နေတဲ့လုပ်ငန်းစဉ်တွေကို ပြောင်းလဲနိုင်မယ့်နည်းလမ်းတွေရှာဖွေဖို့ ကျွန်တော်တို့ပိုကြိုးစားသင့်တယ်ဆိုတာကိုလည်း အကုန်သဘောတူကြပါတယ်" လို့ သမ္မတ မားကို့စ်က အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေနဲ့တွေ့ချိန်မှာ ပြောပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးက အာဆီယံအနေနဲ့ နေပြည်တော်အစိုးရနဲ့ ညှိနှိုင်းနေတဲ့အဓိကအချက်ဖြစ်ပြီး ဒီအချက်အပေါ် အာဆီယံရဲ့ သဘောထားက ပြောင်းလဲမှုမရှိဘူးလို့ပါထည့်ပြောခဲ့ပါတယ်။